သခင်ဗဟိန်း(၁၉၁၇-၂ဝ၁၇) အထ္ထုပ္ပတိ (မိုးမခ) ဇွန် ၂၃၊ ၂၀၁၇
ထွန်းဝင်းငြိမ်း ပြုစုသည်
သခင်ဗဟိန်းကို ၁၉၁၇ ခုနှစ် ဇွန်လ ၂၇ ရက် ဗုဒ္ဓဟူးနေ့တွင် စစ်ကိုင်းခရိုင် အင်းဝမြို့ကိုင်းတန်းရပ်၌ အဘပွဲစားကြီးဦးမှင်၊ အမိဒေါ်ဒေါ်ဦးတို့မှ ဖွားမြင်ခဲ့သည်။ အင်းဝမြို့ မူလတန်းကျောင်းမှ လေးတန်းအောင်မြင်ခဲ့ပြီး၁၉၃၅ ခုနှစ်တွင် မန္တလေးမြို့ အမျိုးသားအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းကိုအင်္ဂလိပ်၊ မြန်မာစာ၊ ရာဇဝင်ဘာသာရပ်များတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ အထက်တန်းကျောင်းသားဘဝမှစ၍ ကျောင်းသားလှုပ်ရှားများတွင် ရှေ့တန်းကပါဝင်ဆောင်ရွက်ခဲ့သည်။
၁၉၃၅-၃၇
တွင် မန္တလေးဥပစာကောလိပ်၌ ပညာဆက်သင်ခဲ့သည်။ ၁၉၃၆-၃၇ တွင် အိုင်အေအထက်တန်းကို ဗမာတနိုင်ငံလုံးပထမရပြီးပါဠိဘာသာဂုဏ်ထူးဖြင့် အောင်ကာ၊ ၁၉၃၅-၃၆
ခုနှစ်၊ မန္တလေးဥပစာကောလိပ် ကျောင်းသားသမဂ္ဂခေါင်းဆောင်အဖြစ် ၁၉၃၆ ကျောင်းသားသပိတ်ကိုဦးဆောင်ခဲ့သည်။ ၁၉၃၇ ခုနှစ် မေလတွင် ပဏ္ဍစ်ဂျဝါဟာလာနေရူး မန္တလေးသို့ လာရောက်သည့် အခမ်းအနားတွင် ဧည့်ခံကော်မတီ၏ သဘာပတိအဖြစ် တင်မြှောက်ခံရသည်။ သခင်ဗဟိန်း ရာပြည့်အခမ်းအနား (ရန်ကုန်) က ထုတ်ဝေဖြန့်ချိမယ့် သခင်ဗဟိန်းအထ္ထုပ္ပတ္တိ ပါဝင်တဲ့
Pumphlet ဖြစ်ပါတယ်။
၁၉၃၇ ခုနှစ်
ဇွန်လတွင် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိခဲ့သည်။ ဘီအေတက်နေစဉ် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည်။ ၁၉၃၈ ခုဧပြီလတွင်ပုသိမ်မြို့၌ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများကွန်ဖရင့်တက်ရောက်ခဲ့သည်။ ဗကသမှထုတ်ဝေသည့် မျိုးညွန့်မဂ္ဂဇင်းအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၃ဝဝ
ပြည့် အရေးတော်ပုံကြီးတွင် ရေနံမြေ အလုပ်သမားသပိတ်တပ်ကြီးသည် မကွေးမြို့တွင်ပိတ်မိနေစဉ်ရန်ကုန်သို့ ချီတက်အရေးဆိုနိုင်ရေးအတွက် ကိုဗဟိန်းခေါင်းဆောင်သည့် ကျောင်းသားများက ဝင်ရောက်ကူညီခဲ့သည်။
သပိတ်တပ်သားများကို တရားဟောနေစဉ် “မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်” ဟု ရဲရဲတောက်စကား ပြောကြားခဲ့သည်။ ပြောခဲ့သည့်အတိုင်း ၁၃၀၀ ပြည့် အရေးတော်ပုံကြီးပေါ်ပေါက်လာပြီးသပိတ်မီးသည် တနိုင်ငံလုံးကူးစက်ကာ မီးဟုန်းဟုန်းတောက်သွားသည်အထိပျံ့သွားခဲ့သည်။ သို့အတွက် ကိုဗဟိန်းနှင့် ကိုဗဆွေတို့ကိုမကွေးမြို့တွင်ဖမ်းဆီးကာ နယ်ချဲ့အစိုးရက ထောင် ၃ လ ချခဲ့သည်။
၁၉၃၉ ခုနှစ်
နှစ်ဆန်း အင်းစိန်ထောင်၌နေရစဉ် ဓနရှင်လောက၊ ကျောင်းသားအရေးတော်ပုံ၊ ကမ္ဘာစစ်နှင့်ဗမာ့နောင်ရေး စသည့် စာအုပ် ၃ အုပ် ရေးသားခဲ့သည်။ နိုင်ငံရေးစာပေသာမက ရသစာပေ၊
ဝတ္ထု၊ ဆောင်းပါးများကိုဒဂုန်မဂ္ဂဇင်း၊ နဂါးနီဂျာနယ်နှင့် လက်ရွေးစင်မဂ္ဂဇင်းတို့တွင် ရေးသားခဲ့သည်။ စာရေးကောင်းသူ အနုပညာအားကောင်းသူအဖြစ် အသိအမှတ်ပြု ကြသည်။
၁၉၃၉ ခု သြဂုတ် ၁၅ တွင် မြေနီကုန်း၊ မြေနုလမ်း၊ အမှတ် ၁၄ ရှိကိုဗဟိန်းအိမ်တွင် သခင်အောင်ဆန်း၊ သခင်ဗဟိန်း၊ သခင်လှဖေ
(ဗိုလ်လကျင်္ာ)၊ သခင်စိုး၊ သခင်ဗိုလ်၊ ရဲဘော်ဘတင် (ရဲဘော်
ဂိုရှယ်)၊ ဒေါက်တာနတ် (ရဲဘော်ထွန်းမောင်) တို့နှင့် အတူ ဗမာပြည်ကွန်မြူနစ်ပါတီကိုစတင်ဖွဲ့စည်းထူထောင်ခဲ့သည်။
ကိုဗဟိန်းသည် ဒုတိယလမ်းစဉ်သမားဖြစ်သော်လည်း နောင်တွင် တတိယ လမ်းစဉ် မှန်ကန်သည်ကိုလက်ခံကာ တော်လှန်ရေးလုပ်ငန်းများတွင် တက်ကြွစွာ လိုက်ပါဆောင်ရွက်ခဲ့သည်။ ပြောင်းလဲလာသည့်ကမ္ဘာ့နိုင်ငံရေး၊ ဗမာ့နိုင်ငံရေးအခြေအနေတို့ကြောင့် ဘီအေ အထက်တန်းစာမေးပွဲကိုမဖြေဆိုတော့ဘဲ ဒို့ဗမာအစည်းအရုံးသို့ဝင်ရောက်ကာ သခင်ဘွဲ့ခံယူခဲ့သည်။
၁၉၄ဝ ခုမတ်လတွင် သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင် ဗဟိန်း၊ သခင်ခင်အောင်၊ သခင်တင်မောင် (ပန်းတနော်)၊ သခင်အုန်းမြင့်တို့ ပါဝင်သောအဖွဲ့သည် အိန္ဒိယနိုင်ငံ ရမ်းဂါး
ညီလာခံသို့ တက်ရောက်ခဲ့သည်။ ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီအပါအဝင် အိန္ဒိယနိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုနှစ်ထဲတွင် ဆရာအတတ်သင်ကျောင်းသူ မခင်ကြီးနှင့် လက်ထပ်ခဲ့သည်။ သခင်ဗဟိန်းသည် ၁၉၄၁
မတ်လ ၁ဝ ရက်တွင် ပဲခူးမြို့၌ကျင်းပသော ပ ဉ္စမအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ဒို့ဗမာအစည်းအရုံးဒုတိယအစည်းအဝေးမှ ဗဟိုမြေအောက်တော်လှန်ရေးအဖွဲ့ (Underground Unit)၏ ဝါဒပြန့်ပွားရေးတာဝန်ခံအဖြစ် တာဝန်ပေးခံရသည်။ ထိုတာဝန်အရအရေးတော်ပုံ၊ ဗမာ့တော်လှန်မှု၊ မီးပွားစာစောင်များကိုကွန်မြူနစ်ပါတီအမည်ဖြင့် လျှို့ဝှက်ဖြန့်ဝေခဲ့သည်။
၁၉၄၁ ခုနှစ်
မေလတွင် ဦးချစ်မောင် အယ်ဒီတာချုပ်လုပ်သည့် မြန်မာ့အလင်းသတင်းစာတွင် ဘာသာပြန်အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ လျှို့ဝှက်တာဝန်များကို ထမ်းဆောင်နေစဉ် ၁၉၄၁ အောက်တိုဘာလတွင် ဗြိတိသျှအစိုးရ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ နယ်ချဲ့အစိုးရ၏ ရန်သူတော် နံပါတ်
(၂) အဖြစ် သတ်မှတ်ခြင်းခံရသူဖြစ်သည်။ ၁၉၄၁-၄၂ တွင် မော်လမြိုင်၊ သာယာဝတီ၊
မန္တလေးထောင်များတွင် အကျဉ်းချခံခဲ့ရသည်။ မန္တလေးထောင်ပွင့်သွားသည့်အချိန်မှ လွတ်မြောက်လာခဲ့သည်။ ထောင်မှလွတ်လာပြီးဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းများကိုဇောက်ချလုပ်ကိုင်ခဲ့သည်။
ဂျပန်ခေတ် ဗမာအစိုးရအဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီး သခင်နုလက်အောက်တွင် ဒုတိယအတွင်းဝန် အဖြစ်ဆောင်ရွက်ခဲ့သည်။ ဂျပန်ခေတ်၌ ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့ ဦးဆောင်သည့် တခုတည်းသော တရားဝင်နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် ရန်ကုန်မြို့ ဂွတ္တလစ်ရပ်ရှိ ဒို့ဗမာဆင်းရဲသားအစည်းအရုံး ဌာနချုပ်သို့ မကြာခဏသွားရောက်လေ့ရှိပြီး ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းများကို လျှို့ဝှက်ဆောင်ရွက်ခဲ့သည်။
ဖက်ဆစ်တော်လှန်ရေးဆောင်ရွက်ရန်သခင်ဗဟိန်းသည် ဇနီးသည် မခင်ကြီး၊ သခင်ဗသိန်းတင်တို့နှင့်အတူ ကွမ်းခြံကုန်းမြို့နယ် အင်းဂလုံးရွာတွင် သခင်စိုးပို့ချသော မာ့က်စ်ဝါဒသဘောတရားသင်တန်းရက် ၂ဝ
ကျော် တက်ခဲ့ကြသည်။ ရန်ကုန်ပြန်ရောက်ပြီး ၁၉၄၄ ခုနှစ် သြဂုတ်လဆန်းတွင် သခင်ဗဟိန်းတို့ ဇနီးမောင်နှံသည် ဖက်ဆစ်တော်လှန်ရေးအတွက် တောင်ငူနယ်သို့ ထွက်ခွာခဲ့ကြသည်။
၁၉၄၄ ခုနှစ်
သြဂုတ်လ ပထမပတ်တွင် ပဲခူးမြို့ စံပြတပ်ရင်း၌ဖွဲ့စည်းခဲ့သော ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖတပလ)
က ဖက်ဆစ်တော်လှန်ရေးအတွက် စစ်တိုင်း (၁ဝ)တိုင်း သတ်မှတ်ခဲ့သည်။ တိုင်းအလိုက်ခေါင်းဆောင်များကိုရွေးချယ်ရာတွင် တိုင်း (၁) အတွက် စစ်ရေးခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံရေးခေါင်းဆောင်အဖြစ် သခင်ဗဟိန်းကို ရွေးချယ်ခဲ့သည်။
သခင်ဗဟိန်းသည်တောင်ငူနယ်တွင် ဖက်ဆစ်တော်လှန်ရေးအတွက် အတွေးအခေါ်၊ သဘောတရားသင်တန်းများကို မရပ်မနားပို့ချခဲ့သည်။ ပို့ချခဲ့သောဘာသာရပ်များမှာ လွပ်လပ်ရေးကြေညာစာတမ်း ၁ နှင့် ၂၊ တော်လှန်ရန် စိုင်းပြင်းကြစို့၊ ကရင်-ဗမာသွေးစည်းရေး၊ ပြောက်ကျား စစ်၏နည်းသစ်များ၊ လျှို့ဝှက်ရေးကို မည်သို့ကျင့်သုံးမည်နည်း စသည့်စာတမ်းများဖြစ်ကြသည်။ သခင်ဗဟိန်း၏ အောင်မြင်သောစည်းရုံးရေးတခုမှာ သူကိုယ်တိုင် ပြုစုရေးသားပြီး သင်ကြားပို့ချခဲ့သည့် “ကရင်-ဗမာသွေး စည်းရေး” စာတမ်းဖြစ်သည်။ ထိုစာတမ်းကြောင့် အရှေ့ရိုးမတွင် ကရင်-ဗမာညီညွတ်ရေးသာမက လူမျိုးစုံသွေးစည်းညီညွတ်ရေး အားကောင်းခဲ့သည်။
သခင်ဗဟိန်းမှာ ရုပ်ရည်သွင်ပြင်အားဖြင့် ခပ်ချောချော ခပ်နုနုဖြစ်သည်။ သူသည် ကျောင်းသား၊ အလုပ်သမားခေါင်းဆောင်တဦးဖြစ်သော်လည်း ကြမ်းတမ်းသော လက်နက်ကိုင်တိုက်ပွဲကို နိုင်နင်းစွာဦးဆောင်နိုင်သည့် စစ်ရေးခေါင်းဆောင်ဖြစ်ကြောင်း တောင်ငူခရိုင်ပြောက်ကျားတိုက်ပွဲများဖြင့် သက်သေပြခဲ့သည်။
အိန္ဒိယနိုင်ငံမှ သခင်သိန်းဖေ (သိန်းဖေမြင့်) လေထီးဖြင့် ချပေးသောစာအုပ်များအနက် “ပြင်သစ်ပြည်လွတ်လပ်ရေးတိုက် ပွဲ”၊ လီနင်ရေး “အစိုးရနှင့် တော်လှန်ရေး”၊ “ဂျူးရင်းအား ချေပချက်” “လုဒွစ်ဖြူးဝါးဘက်” အစရှိသော ကျမ်းများကို ထန်းတပင်မြိ့ုနယ် သရက်တန်း၊
ဂွအိုင် အရှေ့ဘက်တွင်ရှိသောယာတဲများ၌ ဘာသာပြန်ခဲ့သည်။ သူ့ခံနိုင်ရည်ရှိသည်ထက် အဆပေါင်းများစွာ အလုပ်လုပ်ခဲ့သည်။ သူ့နံဘေးတွင် သူ့ချစ်ဇနီးမရှိ။ သူ၏အဖော်မှာကာဘိုင်သေနတ် တလက်သာ ဖြစ်ခဲ့သည်။
ဖက်ဆစ်တော်လှန်ရေးအတွက် “အား”
ဖြစ်စေမည့် တော်လှန်ရေးသဘောတရားများအနက် ဒေသအခြေအနေနှင့် ကိုက်ညီသည့် ပြောက်ကျားစစ်၏နည်းသစ်များမှာ ပင်ကိုယ်ရေး ပြောက်ကျားစစ်သဘောတရားစာတမ်း ဖြစ်သည်။ သခင်ဗဟိန်းသည် တောင်ငူခရိုင် နေရာအနှံ့အပြား၌ ဖက်ဆစ်တော်လှန်ရေးသဘောတရားများကို မနားတမ်းလှည့် လည်ပို့ချခဲ့သည်။ ပြောက်ကျားတပ်များ၏ ဗဟိုဌာနချုပ်ဖြစ်သည့် ဆင်ပချပ်ရွာအနီးတောင်ခြေတွင်ရှိသော စခန်း၌နေထိုင်ကာတော်လှန်ရေးလုပ်ငန်းများကို ညွှန်ကြားခဲ့သည်။
၁၉၄၅ ခုနစ် မတ်လ
၆ ရက်နေ့ညတွင် အထက်ဗမာပြည် တိုင်းမှူးတဦးဖြစ်သည့် ဗိုလ်မှူးဗထူးသည် ဖြူးမြိ့ုနယ် ကြူအင်းရွာ မှာ
သခင်ဗဟိန်းနှင့် လျှို့ဝှက်တွေ့ဆုံကာ တော်လှန်ရေးကိစ္စများကို အသေးစိတ်ဆွေးနွေးခဲ့ကြသည်။ ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲများတွင် ဖတပလအဖွဲ့ကြီး၏ ဦးဆောင်မှုဖြင့် သခင်ဗဟိန်း၊ သခင်သန်းဖေတို့ခေါင်းဆောင်သော ရဲခေါင်ပြောက်ကျားများသည် ဖက်ဆစ်ဂျပန်များကိုအကြီးအကျယ် ချေမှုန်းနိုင်ခဲ့သည်။ သမိုင်းတွင်ရစ်သည့် ထွန်းပြောင်သောအောင်ပွဲများရရှိခဲ့ကြသည်။
ဖက်ဆစ်တော်လှန်ရေးအပြီးတွင် ကွန်မြူနစ်ပါတီဗဟိုကော်မတီဝင် အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ၊ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖတပလ) ဗဟိုဦးစီးအဖွဲ့ဝင်နှင့်ဗမာ ပြည်ကွန်မြူနစ်ပါတီ၏ ပြည်သူ့အာဏာဂျာနယ်အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုသို့ တာဝန်ထမ်းဆောင်နေစဉ် ငှက်ဖျားရောဂါနှင့် ဆင်းရဲပင်ပန်းမှုဒဏ်များ ကြောင့်
ကျန်းမာရေးချို့တဲ့လာသော်လည်း အနားမယူဘဲ ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီ ပူူးပေါင်းရေး၊ ကွန်မြူနစ်ပါတီ နှစ်ခြမ်းမကွဲရေးတို့အတွက် မနားမနေဆောင်ရွက်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းက ကိုဗဟိန်းကိုယုံကြည် အားထားသည်။ သူတပ်မှထွက်ပြီး နိုင်ငံရေးလောကသို့ ခြေစုံပစ်ဝင်မည်ဟု ပိုင်းဖြတ်သောအခါတပ်ကိုလွှဲအပ်ရန် ကွန်မြူနစ်ပါတီမှ သူယုံကြည်စိတ်ချသောကိုဗဟိန်းကိုတောင်းသည်။ ကိုဗဟိန်းမှာ ပါတီလုပ်ငန်း အများအပြားရှိနေသဖြင့် ပါတီကမပေးနိုင်ခဲ့ချေ။ ကိုဗဟိန်းကိုယ်တိုင်ကလည်း စစ်သေနာပတိရာထူးထက် အလုပ်သမားသမဂ္ဂဥက္ကဋ္ဌအဖြစ်ကို ရွေးချယ်ခဲ့သည်။
၁၉၄၆၊ ဖေဖော်ဝါရီ ၂၂ မှ မတ် ၇ ရက် အထိကျင်းပသော ကွန်မြူနစ်ပါတီ၏ ဒုတိယအကြိမ် ကွန်ကရက်အပြီးတွင် သခင်စိုးဦးဆောင်သော ကွန်မြူနစ်ပါတီဗမာပြည် (အလံနီပါတီ) သည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့သည်။ သခင်ဗဟိန်းက သခင်သန်းထွန်း၊ သခင်သိန်းဖေတို့နှင့် အတူ ဗမာပြည်ကွန်မြူနစ်ပါတီ ပေါလစ်ဗြူရိုအဖြစ် ကျန်ရစ်သည်။ ပါတီကွဲပြီးနောက် အကျိုးဆက်မှာ သခင်ဗဟိန်း၏ရောဂါပို၍ ဆိုးလာခဲ့ခြင်းဖြစ်သည်။
သူ့ကိုပါတီမှလည်းကောင်း၊ သူဥက္ကဋ္ဌလုပ်နေသော အလုပ်သမားသမဂ္ဂမှလည်းကောင်း၊ အနားယူခွင့်ပေးထားရလေသည်။ သူသည် မန္တလေးရှိ မိဘရပ်ထံပြန်ပြီး မန္တလေးဆေးရုံကြီးတွင် ဆေးကုသမှုခံယူကာအနားယူရင်း ဂိုဏ်းဂဏဝါဒကို တိုက်ဖျက်သောစာတမ်းကို ရေးနေသေးသည်။ ဆေးရုံတက်နေချိန် စိတ်အနှောက်အယှက်ဖြစ်စရာတွေ့မည်စိုးသဖြင့် သူ့ကိုမည်သည့်သတင်းစာမျှ ပေးမဖတ်ချေ။
သို့သော် ပစ္စည်းထုပ်လာသော သတင်းစာစက္ကူထဲက ၁၉၄၆၊
အောက်တိုဘာ ၁ဝ ရက်နေ့၌ ဖဆပအဖွဲ့ချုပ်ထဲမှ ဗမာပြည်ကွန်မြူနစ်ပါတီကိုထုတ်ပယ်လိုက်သည့်သတင်းကိုတွေ့ရာ အလွန်အမင်းစိတ်ထိခိုက်သွားခဲ့သည်။ သူ့ရောဂါမှာ ပို၍ဆိုးလာပြီး ၁၉၄၆ နိုဝင်ဘာ ၂ဝ
ရက် ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းတွင် မန္တလေးဆေးရုံကြီး၌ ကွယ်လွန်ခဲ့ပါသည်။ ထွန်းဝင်းငြိမ်း ပြုစုသည်။
သခင်ဗဟိန်း ရာပြည့်အခမ်းအနားကျင်းပရေးကော်မတီ (ရန်ကုန်)
0 comments:
Post a Comment