(လူပေါင်စာချုပ်များ) နိဂုံးချုပ်အပိုင်း
 အချုပ်ဆိုရသော် မြန်မာနိုင်ငံ ပဒေသရာဇ်ခေတ်တွင် လူကို ကျွန်အဖြစ်ပေါင်၍ 
ငွေချေးသည့်ဓလေ့ရှိခဲ့သည်။ ငွေကြေးအခက်အခဲ ရှှိသည့်အခါတွင် လည်းကောင်း၊ 
စားသုံးရန်မရှိသည့်အခါတွင် လည်းကောင်း၊ ပေါင်ရန် ရွှေ၊ မြေ မရှိသူများ၊ 
အပေါင်ပစ္စည်းလွတ် ငွေချေးနိုင်စွမ်း မရှိသူများက လူကိုပေါင်ရသည်။ 
လူတဦး၏ပေါင်ကြေးသည် အများအားဖြင့် ၂၅ိ မှ ၇၅ ိ အတွင်းဖြစ်ရာ ယခုအနေနှင့် 
ကြေးနည်းသည်ဟုထင်ရသော်လည်း ဆီတပိသာ ၅ူး(ငါးမူး)၊ စပါးတစ်တင်း၁ိ၊ ၂ူး၊ ၁ဲ 
(တစ်ကျပ် ၂ မူး တစ်ပဲ) ဈေးရှိသည့်အချိန်ကဖြစ်သည်ကို သတိမူရပါမည်။ 
 လူကိုပေါင်နှံရာတွင် ပေါင်သူနှင့်အပေါင်ခံသူတို့ သဘောတူစာချုပ်ကို 
သေချာစွာချုပ်ဆိုကြပါသည်။ ထိုစာချုပ်ပါအချက်များအရ အပေါင်သွင်းထားသူသည် 
အစေမခံပဲ ထွက်ပြေးတိမ်းရှောင်ခဲ့လျှင် အာမခံသူက ပေါင်ကြေးငွေကို 
ပေးလျော်ရပါမည်။ သို့မဟုတ် လူစားသွင်းပေးရမည်ဖြစ်၍ 
ငွေရှင်အတွက်နစ်နာရန်မရှိပေ။ ငွေများများရလိုသူများက 
လူများများအပေါင်သွင်းရ၍ လည်းကောင်း၊ လူများများ အပေါင်မသွင်းနိုင်ပါက 
လူတဦးကိုပင် တန်ရာတန်ကြေးနှင့်ပေါင်၍ နောက်ထပ်ငွေကို ၁ဝိ လျှင် တလ အတိုး 
ငါးမူးနှင့် ချေးငွေယူ၍ ငွေရှင်အတွက် အတိုးရပါသည်။ စပါးချေးလျှင်လည်း အတိုး
 ၅ဝ ရာနှုန်းရပါသည်။ 
 ထိုအတိုးနှုန်းများဖြင့် ချေးယူကြသော ဆင်းရဲသားများတွင် အတိုးရောအရင်းပါ 
ပြေလည်အောင်ဆပ်နိုင်သူ ရှားမည်ထင်ပါသည်။ လူပေါင် စာချုပ်များတွင် 
ရွေးနှုတ်ပြီးကြောင်းမှတ်သားသည်ကို တဦးစနှစ်ဦးစသာတွေ့ရသဖြင့် 
မရွေးနိုင်တော့သည့်သူများသည် ရာသက်ပန်အစေခံ၍ ကျွန်အဖြစ်ဖြင့် 
ဘဝဆုံးကြရသည်ဟု ယူဆရန်ရှိပါသည်။ သခင်က ရက်စက်စွာခိုင်းစေသဖြင့် လည်းကောင်း၊
 လွတ်မြောက်ရန် လမ်းမမြင်၍ လည်းကောင်း ကျွန်များ 
အကြိမ်ကြိမ်ထွက်ပြေးကြသည်ဟုထင်ပါသည်။ သို့ထွက်ပြေးသော်လည်း ငွေရှင်တွင် 
အရှူံးမရှိပါ။ အမှုဖွင့်၍ ပေါင်ကြေးငွေကို လည်းကောင်း၊ လူစားကို လည်းကေင်း 
တောင်းယူနိုင်ပါသည်။ ရတနာပုံနေပြည်တော်တွင် ကျွန်မှုကို လွှတ်တော်က 
စီရင်သည်ကို တွေ့ရသည်။
 အချို့ ငွေကြေးကျပ်တည်းသူများသည် ငွေရှင်တဦးတည်းကိုပင် သားသမီး သုံးလေးဦး 
တပြိုင်တည်းပေါင်သကဲ့သို့ တချို့ကလည်း ငွေရှင်တဦးစီခွဲ၍ ပေါင်နှံကြသည်။ 
လက်ရှိအိမ်တွင်မပျော်ပိုက်ပါက သခင်အသစ်ရှာ၍ ပြောင်းလဲကျွန်ခံကြသည်ကို 
လည်းကောင်း၊ လူစားသွင်းကြသည်ကို လည်းကောင်း တွေ့ရပါသည်။ 
သာမန်ဆင်းရဲသားများသာ လူကိုပေါင်သည်မဟုတ် မင်းမှုထမ်းတချို့သည်လည်း 
ငွေရှင်ထံ သားမယားကိုပေါင်နှံ၍ ငွေချေးကြသည်။ 
 ပေါင်နှံသူနှင့်အပေါင်ခံသူ နှစ်ဦးသဘောတူစာချုပ်တွင် ရှင်မပွား သေမဆုံး 
အပေါင်ဝယ်ယူသည်ဟု ထည့်သွင်းချုပ်ဆိုထားခြင်းဖြင့် အပေါင်သွင်းထားသူ 
ကျွန်ခံရင်း သေဆုံးသွားသော်လည်း ငွေရှင်သည် ပေးထားသည့်ပေါင်ကြေးငွေ 
မဆုံးပါ။ အချို့ငွေရှင်က စာချုပ်တွင် သုံးနှစ်သုံးသီး စေခိုင်းပြီးမှ၊ 
လေးနှစ်လေးသီး စေခိုင်းပြီးမှ၊ ငါးနှစ်ငါးသီး 
စေခိုင်းပြီးမှရွေးနှုတ်ပါမည်ဟု အာမခံချက်ယူထားလိုက်သဖြင့် 
ကျွန်အဖြစ်အပေါင်သွင်းထားသူအား နှစ်စေ့သည်အထိ ခိုင်းစေနိုင်သည်။ 
ငွေကြေးအခက်အခဲကြောင့် လူကိုအပေါင်သွင်း၍ ငွေချေးရာနှိုက် 
ငွေကြေးပြေလည်သည့်အခါ ချက်ခြင်းမရွေးနိုင်ဘဲ အထက်ပါသဘောတူညီချက်ကြောင့် 
သတ်မှတ်သည့်နှစ်စေ့အောင်စောင့်ဆိုင်းကာ အခိုင်းအစေခံရခြင်းသည် 
အပေါင်ခံသူအတွက် အသာစီးရသလောက် ပေါင်သူအတွက် နစ်နာလှပါသည်။
 ခိုင်းပိုင်ခွင့်နှင့်ပတ်သက်၍လည်း အပေါင်သွင်းထားသည့်ကျွန်အား ဓား၊ ဖလား 
ကွဲရှပျောက်ဆုံးခွင့်ပြုသည်မှအပ ထိုကျွန်ကိုရိုက်နှက်ဆုံးမ ပိုင်ခွင့်၊ 
ခိုင်းစေရာတွင် အသက်အန္တရာယ်ကို မငဲ့ကွက်ဘဲ ခိုင်းပိုင်ခွင့်၊ ခိုင်းစေရင်း
 အန္တရာယ်ကျရောက် သေဆုံးပါကလည်း သခင်တွင် တာဝန်မရှိသဖြင့် 
လူပေါင်စာချုပ်ပါသဘောတူညီချက်များသည် ငွေရှင်ကိုသာအကျိုးပြုလျှက် 
ပေါင်နှံသူဆင်းရဲသားများ နာဘက်ကချည်း ဖြစ်ပါသည်။
 လူကို ကျွန်အဖြစ်ပေါင်၍ ငွေချေးသည့်စနစ်သည် အမျိုးသားမြန်မာနိုင်ငံတွင် 
ကုန်းဘောင်ခေတ်နှောင်းပိုင်းအထိ ရှိခဲ့ပါသည်။ ဗြိတိသျှ မြန်မာနိုင်ငံတွင် 
အစိုးရက ၁၈၅၂ တွင် ကျွန်စနစ်ဖျက်သိမ်းခဲ့သည်။ သီပေါမင်းက ၁၁ ဇွန်၊ ၁၈၈၃ 
ညဉ့်ညီလာခံတွင် သူတပါးအိမ်နှိုက် ကျွန်ခံနေရသူများကို 
အပေါင်ကြေးပေးဆပ်၍ရွေးနှုတ်ပြီး သာသနာ့ဘောင်သို့သွပ်သွင်းချီးမြှင့်မည်ဟု 
အမိန့်ရှိခဲ့သည်။ ၁၃ ဇွန်၊ ၁၈၈၃ တွင် သူတပါးနေအိမ်နှိုက် 
လူပေါင်စာချုပ်ဖြင့် ကျွန်ခံနေရသူ ယောက်ျား၊ 
မိန်းမများ၏စာရင်းကိုကောက်ယူလျှက် လူပေါင်စာချုပ်များကို 
လွှတ်တော်သို့တင်သွင်းစေကာ အပေါင်ကြေးငွေ ၄ဝဝဝဝိ (ကျပ်လေးသောင်း) 
ထုတ်ဆပ်၍ရွေးပေးသည်။ ရွေးနှုတ်၍ရသည့် ကျွန်ယောက်ျား ၂၄ဝ ကို ၁၆ ဇူလိုင်၊ 
၁၈၈၃ တွင် သာသနာ့ဘောင်သို့ သွပ်သွင်းချီးမြှင့်ပါသည်။ သီပေါမင်းသည် 
နေပြည်တော်အနီးတဝိုက်ရှိကျွန်းများကိုသာ ရွေးနှုတ်နိုင်ဟန်ရှိပါသည်။ 
မြန်မာမင်းပိုင်နက် အမျိုးသားမြန်မာနိုင်ငံတွင် ၁၈၈၅ ခုနှစ်အထိ 
ကျွန်စနစ်တည်ရှိဆဲဖြစ်ပါသည်။
(ၿပီးပါၿပီ)
(ၿပီးပါၿပီ)
 (စာသမားတိုက်စိုး၊ မွေးနေ့လက်ဆောင်စာစု စာအုပ်မှ 
အငြိမ်းစားသမိုင်းပါမောက္ခ၊ ရန်ကုန်တက္ကသိုလ် မြန်မာ့သမိုင်းအဖွဲ့ဝင် 
ဒေါ်အုံးကြည်ရေးသားသည့် လူပေါင်စာချုပ်များဆောင်းပါး ဖြစ်ပါတယ်။ 
ကျနော်ဖတ်ပြီး စိတ်လည်းမကောင်း စိတ်လည်းဝင်စားတာနဲ့ 
အခြားသူတွေပါဖတ်ရအောင်စာရိုက်တင်ပေးတာပါ။  ။မျိုးမြင့်ချို

 
 
 










0 comments:
Post a Comment