Sunday, February 2, 2020

မှိုင်းနှင့် ဗန်းမော်တင်အောင် မောင်မောင်အေး (စစ်ကိုင်း)

0 comments
မှိုင်းနှင့် ဗန်းမော်တင်အောင် မောင်မောင်အေး (စစ်ကိုင်း)
ဗန်းမော်တင်အောင်သည် စစ်ပြီးခေတ်တွင် ထင်ရှားလာသော စာရေး ဆရာတစ်ယောက်ဖြစ်သည်။ ကျွန်တော်တို့သည် သူ၏ ပြောင်မြောက် လှသော စကားလုံးများကို သဘောကျသည်။ နှစ်သက်စွဲလမ်းခဲ့ကြသည်။ ဘုန်းမောင် တစ်ယောက်ထဲ(တည်း)ရယ်၊ လွမ်းရစ်တော့ သက်လှယ်ရယ်၊ ရေမြေဆုံးစေ တော့ကွယ်၊ ဆန့်ကျင်ဘက်၏ သမီးပျို။ ကျွန်တော်တို့ကို ဗန်းမော်တင်အောင် ဝတ္ထုများက ညှို့ယူဖမ်းစား ထားသည်။ ကျွန်တော်တို့ ကျောင်းသားလူငယ်စာ ဖတ်ပရိသတ်က ဗန်းမော်တင်အောင်ပရိသတ်။
ကျွန်တော်စာဖတ်စအရွယ်က ဝတ္ထု(ရသစာပေ)တို့ တော်လှန်ရေးစာပေတို့ ခေတ်စားသည်။ လွတ်လပ်ရေးရခါစအချိန်၊ ကိုလိုနီနိုင်ငံများ နိုးထလာသော အချိန်ဖြစ်သည်။ ထို့ကြောင့် ဗန်းမော်တင်အောင်တို့ ဂေါ်ကီတို့၏ ဝတ္ထုများ ခေတ်စားသည်။ တွင်ကျယ်သည်။ ယင်းတို့၏ လွှမ်းမိုးခြင်းခံရသည်။ အချစ်ရေး စစ်ရေး တော်လှန်းရေး။ ယခုအချိန်တွင် ထိုသို့မဟုတ်တော့ပေ။ နှစ်ပေါင်း ငါးဆယ်ခြောက်ဆယ် ကွာခြားသွားပြီ။ ခေတ်တွေစနစ်တွေလည်း ပြောင်းလဲ သွားလေပြီ။ ရသစာပေထက် သတင်းက ရှေ့တန်းရောက်လာသည်။ လူတွေ က အချိန်တိုင်းလိုလို သတင်းကို နားစွင့်နေကြသည်။ အပြောင်းအလဲကို မျှော်လင့်နေကြသည်။ ငြိမ်းချမ်းရေး တရားမျှတရေးနှင့် ပွင့်လင်းရေး တို့ကို တောင့်တနေကြသည်။ ထို့ကြောင့် စာပေလောကတွင် ဂေါ်ကီနေရာမှာ အာရင် ဘတ် (၁၈၉၁-၁၉၆၇)ဝင်ရောက်လာသည်။ သူက အသက်ရှင်နေထိုင်လိုသူ၊ သတင်းသမား၊ ငြိမ်းချမ်းရေးသမား။
စာဖတ်သက်နုစဉ်က စွဲလမ်းနှစ်သက်ခဲ့သော စာများ စာရေးဆရာများ စိတ်အာရုံခံစားမှုများသည် နောက်စာဖတ်သက်ရင့်လာသောအခါ တစ်စတစ်စ မှုန်ဝါးစေတတ်ပါသည်။ သို့သော် မေ့ပျောက်၍ကား မရပါ။ မှန်သည်။ ကျွန်တော်သည် ငယ်စဉ်က စွဲလမ်းနှစ်သက်ခဲ့သော ဗန်းမော်တင်အောင်နှင့် ဗန်းမော်တင်အောင် စာများကို မေ့ပျောက်လို့မရပါ။ ကျွန်တော်၏ စိတ်အာ ရုံထဲတွင် စွဲထင်နေပါသည်။
အကယ်၍သာ ဗန်းမော်တင်အောင် အသက်ထင်ရှားရှိနေခဲ့လျှင် ၂ဝ၁ဝ ပြည့်နှစ်တွင် အသက် ၉ဝ ပြည့်ပြီ။ (ဗန်းမော်တင်အောင်သည် အသက် ၅၈ နှစ်အရွယ် ၁၉၇၈ တွင် ကွယ်လွန်ခဲ့သည်။) ကျွန်တော်သည် ဗန်းမော် တင်အောင်၏စာပေ ဂုဏ်ကျေးဇူးများကို သတိရအောက်မေ့နေမိပါသည်။ သူ၏ လက်ရာများအနက် မြိုင်ဝတ္ထုကို အကြိုက်ဆုံး။ သူ့ဘဝတစ်စိတ်၊ တစ်ပိုင်းကို ထင်ဟပ်ရေးသား ထားခြင်းဖြစ်သည်။ မြိုင်ဝတ္ထုတွင် ဇာတ်လိုက် က သတင်းစာဆရာကိုတင်ဦး။ ကိုတင်ဦးက ဗန်းမော်တင်အောင်၏ နာမည် ရင်း။ ကိုတင်ဦးက စာသမား၊ သတင်းသမား။ သူ့စာကြည့်ခန်းတွင် စာအုပ် တွေက ဒလပုံ။ နံရံလေးဘက်မှန်ဗီရိုတွေနှင့်အပြည့်။ ကျွန်တော်တို့က ကိုတင် ဦး၏ စာကြည့်ခန်းကို စိတ်ကူးနှင့်လွမ်းခဲ့ရသည်။ အားကျခဲ့ရသည်။ ကိုတင်ဦး ချစ်သူက မြိုင်။ မြိုင်က အိပ်ရာဝင်ခါနီး ရှယ်လီကဗျာ မဖတ်ရရင် အိပ်မပျော်သူ။
ကိုတင်ဦးက ကဗျာချစ်သူမြိုင်ကို သခင်ကိုယ်တော်မှိုင်းလေးချိုးပေါင်းချုပ်ကြီး ချစ်သက်လက်ဆောင်ပေးလိုက်လေသည်။ ကျွန်တော်တို့ လူငယ်တွေ အရမ်းသဘောကျသွားသည်။ နှစ်ထောင်းအားရသွားသည်။ ကျွန်တော်တို့ စာရူး ကဗျာရူးအချင်းချင်းတွေ့လျှင် ဗန်းမော် တင်အောင်၏ ဇာတ်လိုက်တွေ အကြောင်း ပြောလို့မဆုံးတော့။ ဗန်းမော်တင်အောင်သည် ဇာတ်လမ်းထက် ဇာတ်ကောင်စရိုက် သရုပ်ဖော် ပိုကောင်းသည် ထင်သည်။ သူက ဂေါ်ကီဟု ဆိုလျှင် ကျွန်တော်တို့ကလည်း ဂေါ်ကီ၊ သူက ကွိဟုဆိုလျှင် ကျွန်တော်တို့ ကလည်း ကွိ၊ သူက ပါမောက္ခအုန်းကျော်ဟုဆိုလျှင် ကျွန်တော်တို့ကလည်း ပါမောက္ခအုန်းကျော် ဖြစ်ခဲ့ရသည်။ ဗန်းမော်တင်အောင်သည် လူငယ်စာဖတ် ပရိသတ်အပေါ်တွင် သြဇာအရှိန်အဝါကြီးမားသူပါတကား။
ဗန်းမော်တင်အောင်သည် သတင်းစာလုပ်ငန်းများကိုလည်း စိတ်ဝင်စား သူ စိတ်အားထက်သန်သူဖြစ်၏။ သူက သတင်းစာဆရာတို့၏ ဘိုးအေကြီး မှိုင်းသခင်ကို သဘောကျသည်။ ဂျာနယ်ကျော်ဦးချစ်မောင်နှင့် မဟာဆွေတို့ ကို အားကျသည်။ ထို့ကြောင့် လင်းယုန်ဂျာနယ်နှင့် လင်းယုန်သတင်းစာကို ထုတ်သည် ထင်သည်။
၁၉၅၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့)တွင် လင်းယုန် သတင်းစာကို ပြန်ထုတ်သည်။ (ပထမအကြိမ်က ၁၉၅၁)။ မှိုင်းက ဆုတောင်း ပတ္ထနာလေးချိုးကြီးဖွဲ့ဆို၍ သဝဏ်လွှာပါးလိုက်လေသည်။ ခံစားကြည့်ပါ။
နေတစ်စင်းပုံ ကမ္ဘာလင်းစေမည့်
ရွှေလင်းယုန် စာသတင်းဆီသို့
အရာရာလင်းစေဖို့ အင်းအနို့တို့ခေတ်မှာ
ဆရာမကင်းသူက
ယင်းသို့ ပို့မေတ္တာ။
ဆရာ့အဖြစ် ပြောရမှာဖြင့်
မြန်မာ့ခေတ် နှမြောစရာပေပေါ့နော်
နောက်သောအခါ ဟိုတစ်ကွေ့တွင်ဖြင့်
အမေ့မောင် ထေရ်ရဟန်းတို့နှင့်
ပြည်မန်းစာသင်စဉ်က
မဟာဝင်တွေရဲ့ အညာတစ်ခွင်မှာ
ပါစင်မင်္ဂလာဖမ်းချိန် အခြေမလှလိုက်ပုံက
(နေ)(လ)နှစ်ဆောင်ပါတော်မူသည့် အခိုက်တွေဖြင့်
ရွှေမြတောင်သာတဲ့တိုက်ဆီက
ကတိုက်ကရိုက်သာ
ဆရာမြင်လိုက်ရသည်တစ်ကြောင်း။
၎င်းပြင်တစ်ခန်း
မန်းအပျက်တွင်ဖြင့် ပုခန်းထွက်ပြီ
အကြမ်းဖက်ကရော့ မဟဲ့လို့
ငမ်းငမ်းတက်သရေယိုအောင်
နန်းဆက်အမွေကိုလည်း တွေးမိတဲ့ပြင်
သဌေးပြောစရာ တွေးတောကာမရနိုင်တဲ့
ကျေးတောအညာမှာ ရှေးသောအခါသမယဆိုတဲ့
သာသနာ့ဒါယကာ ရှိစဉ်တုန်းဆီက
မြန်မာများအခါမှာ (ဝိ)ချင်တဲ့ အလုံးတွေနှင့်
မဟာ ပထမ ပထမက ဝိရွင္တုိ႔ ထုံးလုိပ
အလုံးစုံ အကျော်ပြန်လို့မို့
ဆရာတော်အခေါ်ခံ-တံဆိပ်အရာလဲမှန်းမိတဲ့အပြင်
မဟော်သဏ္ဌာန် အတိတ်ဆရာထမ်းမယ်လို့
ကြိုးပမ်းကာ နေမရော်တည့်
ရွှေပြည်တော် မကိုဋ်မန်းတွင်မှ
သိုက်ကန်း တစ်ခါကြုံလို့မို့
ရာဇဂုဏ် တံခွန်မလှစ်နိုင်တဲ့
ကျွန်ခေတ် လူရာ မဝင်ချင်သနဲ့
တစ်ဆူဆရာအရှင် တရားပြည့်က မထူးပြီလို့
သူဇာအသွင် အများတပည့် အနူးတို့နှင့်
ထူပါဝင် ဘုရားရှိသမျှ ဖူးပါလို့
အရူးဘဝ သံသရာမှာနော်ကွယ်
နှစ်ဦးနှစ်ဝ တစ်ဦးနှင့်တစ်ဦး မျှတကြပါစေလို့
ဦးခ်ပန္ထြာ။
ဘူတာရုံ ဆိုက်ကားနီးတွင်မှ
ပူဗျာအဟုန်ရှိုက်ခါ-ရှိုက်ခါနဲ့ ညည်းလောက်အောင်
အမိုက်(ဗမာ)တည်းဟူသော (သခင်)နှစ်ဖြာ
အၾကင္သခၤါရာ အနတၱသေဘာ
အကြင်မနာပ သတ်ကြဖြတ်ကြသကော။
သူတုိ႔တြက္တာ
ပူဖို့ခက်ပါသဖြင့်-အထက်ခါပဝေဏီကဲ့သို့
အဝေညီညီနဲ့ အမွေမီကြမယ့်
အေ-ဘီ-စီ အမောင်တပည့်တို့ကိုဖြင့်
မေသမီ ေနာင္ကဝိရယ္က
အောင်ဘိသေ ရေစင်ဖျန်းပါလို့
မဏ္ဍပ်နှင့်ပလ္လင်မှာနော်ကွယ်
ဗန်းအထပ်ထပ် ကမ္မဋ္ဌာန်းတပ်တွေနဲ့
နန်းအပ်ခဲ့ချင်-ဆိုသည်နှင့် မညီပြန်သဖြင့်
ဤအခါတစ်ခါ လှစ်ကာ ပြလိုက်မကွယ်
(သစ္စာဓမ္မ၊ ဝီရိယနှင့်စာဂဟူသည်
ရန်သူအောင်မှု၊ ကြောင်းလေးခု)ရဲ့ပြင်
အလေးပြုစရာ အရေးကြီးပြီမို့
သွေးစည်းစရာ၊ သွေးသောက်ဖွဲ့ကာ
တကယ်ညှိစရာ၊ တပည့်တကာ၏
ဇိနာတိ ဇိနာတိဆိုတဲ့ ဗြဟ္မာစိုရ်နဲ့
ထိုတကယ့် စိတ်မနောတွေကြောင့်
သြဒိဝါတပတိ အာဒိစ္စော။ ။
ဗန်းမော်တင်အောင်သည် မှိုင်းကြီး၏ စာပေထီးရိပ်ကို ဝင်ရောက်ခိုလှုံ ခဲ့သူပါတကား။ ရွှေကိုင်းသား၊ ဒဂုန်တာရာ၊ သခင်မြသန်း။ မောင်နေဝင်း၊ မြသန်း(တင့်)နှင့် ကဗျာဆရာဒေါင်းနွယ်ဆွေတို့သည် လင်းယုန်ဝိုင်းတော်သား များဖြစ်သည်။ ဒဂုန်တာရာက ဗန်းမော်တင်အောင်၏ အနီးကပ်ဆုံးစာပေမိတ်ဆွေ။ ပင်တိုင်ဆောင်းပါးရှင်။ လင်းယုန်မောင်မောင်၊ လင်းယုန်သစ်လွင်နှင့် လင်းယုန်ဘဝင်းတို့က လင်းယုန် စာပေစင်မြင့်မှ ထင်ရှားလာသူများ၊ လင်းယုန် အဖွဲ့သားများ။
ဗန်းမော်တင်အောင်သည် ရသစာပေဘက်မှာရော သတင်းဘက်မှာပါ ဖြန့်ကြက်ခဲ့သူ စာနယ်ဇင်းသမားပါတကား။ မှန်သည်။ မြန်မာနိုင်ငံ စာနယ် ဇင်းခေတ်ဦးတုန်းကလည်း မှိုင်း၊ လယ်တီပဏ္ဍိတဦးမောင်ကြီး၊ ပီမိုးနင်း၊ ရွှေဥဒေါင်း၊ သူရိယဦးသိန်းမောင်၊ ဒီးဒုတ်ဦးဘချိုနှင့် ဆရာဇေယျတို့သည် ရသစာပေဘက်မှာရော သတင်းဘက်မှာပါ ဖြန့်ကြက်ခဲ့ကြသူများပင်ဖြစ်၏။ သူ့ထက်အနည်းငယ်စောပြီး နောင်တွင် သူနှင့်ခေတ်ပြိုင်ဖြစ်ခဲ့ကြသော ဂျာနယ် ကျော်ဦးချစ်မောင်၊ မဟာဆွေ၊ ဒဂုန်ခင်ခင်လေး၊ ဇဝန၊ လူထုဦးလှ၊ မောင် ထင်၊ သိန်းဖေမြင့်၊ ညိုမြနှင့် ဒဂုန်တာရာတို့လည်း ထိုသို့ပင် ဖြန့်ကြက်ခဲ့ကြ သူများပင် မဟုတ်ပါလော။ သူသည် ဆရာ့ဆရာကြီးများ လျှောက်လှမ်းခဲ့သော လမ်းကို ဆက်လျှောက်သူပါတကား။
ဗန်းမောင်တင်အောင်သည် သူပုန်ကြီး၊ ပြည်တွင်းစစ်၊ အမေနှင့် ပြည် တော်သာ ခင်ခင်ဦး ဝတ္ထုတို့ ရေးသားသောကြောင့် အဖမ်းခံရသည်။ ထောင် ခုနစ်နှစ်ကျသွားသည်။ စာပေရေးသားမှုကြောင့် ဖဆဆိုရှယ်တို့ခေတ်တွင် ဗွေဆော်ဦးအဖမ်းခံရသည်ထင်သည်။ ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရသည်။ နောက်ဆုံးတွင် ကိုကိုးကျွန်းအထိပင် ရောက်သွားသည်။ (စုစုပေါင်း ထောင် ဆယ့်သုံးနှစ် ကိုကိုးကျွန်းတွင် မိတ်ဟောင်းဆွေဟောင်းစာသမား၊ နိုင်ငံရေး သမားတို့နှင့် ပြန်လည်ဆုံစည်းခဲ့ရသည်။ မြသန်းတင့်၊ လေထီးအုန်းမောင်၊ ဗိုလ်ချုပ်အစ်ကိုဦးအောင်သန်း။
ဗန်းမော်တင်အောင်သည် ရုရှားစာရေးဆရာဂေါ်ကီနှင့် အမေရိကန်မှ ဂျက်လန်ဒန်တို့ကို သဘောကျဟန်တူသည်။ စောစောပိုင်းက သူ့ဝတ္ထုများ တွင် ဂေါ်ကီပုံရိပ်များ ထင်ဟပ်နေသည်။ နောက်ပိုင်းတွင် ဂျက်လန်ဒန်သူ သည် အချစ်ဝတ္ထုအရေးကောင်းသူဖြစ်၏။ နိုင်ငံရေး၊ ဒဿန၊ လူမှုရေးသိပ္ပံ၊ သမိုင်း၊ အတ္ထုပ္ပတ္တိ၊ ဘာသာပြန်၊ ခရီးသွားစာပေ၊ ဝေဖန်ရေး စသည်ဖြင့် စာပေပုံသဏ္ဌာန်အမျိုးမျိုး ရေးသားခဲ့သူဖြစ်သည်။ ရန်ကုန်ထောင်ထဲတွင် နေစဉ်က မြန်မာနိုင်ငံတော်သမိုင်းနှင့် ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်းတို့ကို ရေးသားပြုစုခဲ့သည်။ သူ၏ဂုဏ်သတင်းလည်း သင်းပျံ့သွားလေသည်။ ဗန်း မော်တင်အောင်သည် ဆရာမှိုင်း၊ ဆရာကျားတို့လို သမားရိုးကျသမိုင်းအမြင်ရှိ သူ၊ မြန်မာသမိုင်းနိုင်ငံခြားသားတို့ ဝင်ရောက်စွက်ဖက်သည်ကို လက်မခံလိုသူ၊ တကောင်းသမားပါတကား။ (စာဆိုတော်ဝတ္ထုကြီးဖြင့် တံခွန်စိုက်ခဲ့သူ ဒဂုန်ခင် ခင်လေးကလည်း ဗန်းမော်တင်အောင်လို တကောင်းသမား။)
ဗန်းမောင်တင်အောင်သည် လူချစ်လူခင်ပေါများသူဖြစ်၏။ လူငယ်ပရိ သတ်က ဒုနဲ့ဒေး။ ဧည့်သည်တွေလာလွန်းလို့ ပုန်း၍ပင် စာရေးရသည်ဟု အဆိုရှိသည်။ အပေါင်းအသင်းဆံ့သူပါတကား။ သို့သော် ယုံကြည်ချက်နှင့် ပတ်သက်လာလျှင် ခိုင်မာသူ သဘောထားတင်းမာသူ ဖြစ်၏။ ကမ္ဘာအေးစာပေ ညီလာခံတွင် သဘာပတိသိန်းဖေမြင့်နှင့် ထိပ်တိုက်တိုးခဲ့ရသည် မဟုတ်ပါ လော။ ညီလာခံပြီးသည့်တိုင် သိန်းဖေမြင့်က ဆက်လက်ထိုးနှက်တိုက်ခိုက် နေသေးသည်။ ဗန်းမော်တင်အောင်က အမှုမထားတော့ပေ။ သူ့လမ်းသူ ဆက်လျှောက်သွားသည်။ (ဟောနှင့်လုစ်တို့၏ နောက်လိုက်တစ်ဦးက သူ့သမိုင်း စာအုပ်ကို ထိုးနှက်တိုက်ခိုက်တုန်းကလည်း ထိုသို့ပင်ဖြစ်၏။)
ဘာသာပြန်တို့၏ ဖခင်ကြီးဟု တင်စားခေါ်ခဲ့ကြသော ရွှေဥဒေါင်းကမူ ဗန်းမော်တင်အောင်ကို များစွာ သဘောကျသည်။ နှစ်ခြိုက်သည်။ သူ၏ တစ်သက်တာမှတ်တမ်းတွင် ချီးကျူးဂုဏ်ပြုထားသည်ကို တွေ့ရ၏။ ရွှေဥဒေါင်း သည် တော်တော်တန်တန် ပုဂ္ဂိုလ်ဆိုလျှင် သိပ်ဘဝင်ကျသူမဟုတ်။ သဘော တွေ့သူမဟုတ်ပေ။ အလွန်တရာနှစ်သက် သဘောကျမှသာ ချီးကျူးသည်။ ဂုဏ်ပြုသည်။ ဗန်းမော်တင်အောင် ကံထူးလေစွ။
ဗန်းမော်တင်အောင်သည် သူသိမိလိုက်သော စာသမား သတင်းသမား တို့အကြောင်း မှတ်တမ်းတင်ခဲ့သည်။ အမျိုးသားစာဆိုကြီးမှိုင်း တိုင်းပြည် အတွက် စွန့်လွှတ်အနစ်နာခံပုံ၊ ဇွဲသတ္တိရှိပုံ၊ ချို့ချို့ငဲ့ငဲ့ရှိပုံတို့ကို မှတ်တမ်းတင် သည်။ ပီမိုးနင်းနှင့် မဟာဆွေတို့၏ ဝမ်းတစ်ထွာနှင့် ယမကာအကြောင်း၊ ရွှေစကြာဦးစိုးမြင့်၏ ဆန်တွင်းနက်လှသည့်အကြောင်း၊ သော်တာဆွေ၏ အိမ် ထောင်ရေးဘဝနှင့် ယမကာအကြောင်း စသည်တို့ဖြစ်သည်။ ခံစားရပါတကား။
သော်တာဆွေကလည်း သူနှင့်ခေတ်ပြိုင်စာပေသမားတို့၏ ရုပ်ပုံလွှာများ ကို တစေ့တစောင်းရေးသည်။ သူ့ဘဝဇာတ်ကြောင်းထဲ ဆွဲသွင်းသည်။ (ကျွန် တော့်မိခင်က ''ပြောရဦးမယ်မမြရီရေ''ဆိုသော စာမျိုးကို သဘောကျသည်။ သော်တာဆွေပရိသတ်။ ဖခင်ကဦးသိန်းဖေမြင့်ပရိသတ်။ အစ်မတွေက ခင်နှင်း ယု။) စောစောပိုင်းတွင် သော်တာဆွေသည် ဟာသဘက်သရော်စာဘက်တွင် အရေးများသည်။ အားသန်သည်။ သို့သော် အနောက်ပိုင်းတွင် (ဘဝထိုထို) ဘဝသရုပ်ဖော်ဘက်ရောက်သွားသည်။
သော်တာဆွေ၏ ဘဝဇာတ်ကြောင်းထဲတွင် မြသန်းတင့်နှင့် ဗန်းမော် တင်အောင်တို့လည်း ပါပါတကား။ သူ၏ သရော်စာများမှာ နာလိုခံခက်ဖြစ် သော် ဗွေမယူခဲ့ကြ၊ ခွန်းတုံ့မပြန်ခဲ့ကြပေ။ ရယ်မောပြီး ခွင့်လွှတ်ခဲ့ကြသည်။ တချို့က မြသန်းတင့်နှင့် ဗန်းမော်တင်အောင်တို့သည် သော်တာဆွေကြောင့် နာမည်ကြီးလာရသလိုလို ပြောကြသည်။ မဟုတ်ပါ။ ယင်းတို့သည် စာပေ အရှိန်အဝါရှိသူ၊ စာဖတ်ပရိသတ်ရှိသူများပင်ဖြစ်၏။ ကိုယ်ပိုင်အရည်အချင်း၊ ကိုယ်ပိုင်ဟန်ရှိသူများ၊ စာအရေးကောင်းသူများ ဖြစ်သည်။ ယင်းတို့၏ စာများ က သက်သေခံနေသည် မဟုတ်ပါလော။
ဗန်းမော်တင်အောင်သည် စာပေရေးသားခြင်းဖြင့် အသက်မွေးဝမ်း ကျောင်းပြုသူဖြစ်သည်။ အသက် ၅၈ နှစ်အရွယ်တွင် စာရေးဆရာ ပဂေးကြီး ပီမိုးနင်း၊ မဟာဆွေနှင့် ရွှေစကြာဦးစိုးမြင့်တို့နောက်သို့ လိုက်သွားလေသတည်း။
သခင်ကိုယ်တော်မှိုင်းသည် လွတ်လပ်ရေးခေတ်တိုင်းပြည်တွင် အရေးတကြီးလိုအပ်နေသော ငြိမ်းချမ်းရေး၊ မျှတရေး၊ ပွင့်လင်းရေးတို့ကို အလေး ပေးဖွဲ့ဆိုခဲ့သော အမျိုးသားစာဆိုကြီးဖြစ်သည်။ ဗန်းမော်တင်အောင်၏ လင်းယုန်ဂျာနယ်နှင့် သတင်းစာတွင် ကဗျာမည်မျှ ဖွဲ့ဆိုခဲ့သည်ကို အတိအကျ မသိရပေ။ လင်းယုန်သတင်းစာ ပထမအကြိမ်ထုတ်စဉ်က ''ပင်းယနှင့်စစ်ကိုင်း''ဟူသော ကဗျာဖွဲ့ဆိုခဲ့သည်။ ကဗျာတွင် မှိုင်းက ကိုယ့်အချင်းချင်း ညီညွတ်မှု မျှတမှု မရှိလျှင် မိမိတို့သာ ပြိုလဲပျက်စီးရမည်၊ ကျဆုံးရမည်ဖြစ် ကြောင်း ရာဇဝင်နှင့်ချီ၍ ဖော်ပြထားသည်။ သတိပေးနှိုးဆော်ထားသည်။ သံဝေဂရဖွယ်ပါတကား။ ခံစားကြည့်ပါ။
သာပါစေ သာပါစေနဲ့
မြန်မာတွေ မျှော်ကာတမိကြတဲ့
အညာမလေ သော်တာ(လ)တရှိလိုပ
အထိကရ ဗမ္ဗူဓဇ ဗဟိုမကွယ့်
မင်းသမ္မတမည်
ဝိဇယပူရဆိုတဲ့ ပဟိုရ်နဲ့
ထိုတကယ့် ပင်းယပြည်။
ဗမာ သူတစ်မင်းရယ်လို့
အစစပူပြင်းတဲ့ နရသူမင်းကလဲ
မြန်မာ့ အတူတူချင်းကိုပင်
အငြူစူပြင်းစွာ တေဇောအရှိန်နှင့်
မြေပထဗျာ ဘူမိန်တည်းဟူသော
ဇေယျာပူရိန်မှာ စစ်ပင်တောင်ကိုင်းရတဲ့
စစ်ကိုင်းစံ စောရွှေမှောက်ပေပ
''မင်းပြောက်''ကို မနာလိုတိုရှည်နဲ့
အညာတစ္ခုိမေလ
''မိုးကောင်း''ထိုတစ်ပြည်ကို စားပေတဲ့
''သိုကြည်ဘွား''ရှမ်းရှင်ဘုရင်ကို
ကမန်းကတန်း အလျင်ပင့်ခေါ်မှာ၍
မသင့်မတော်စွာ အကျင့်ရိုင်းငယ်နှင့်
စစ်ကိုင်းပြည် အကျော်အမော်ကို
အကြည်တော်သာ အတိအကျရလျှင်ဖြင့်
ရှိသမျှအရာရာ အကာဖြတ်ပါလို့
အနှစ်ကို ယူတော်မူပါ ယူတော်မူပါနှင့်
တပူပူတဆာဆာ
တောင်းပန်တဲ့အတွက်ကယ်ကြောင့်
အကြောင်းမတန်
စစ်မက်တညီတညာ ချီလာပြီး
အနှီတစ်ခါ ''သာယာဝိုင်း''ပေတဲ့
စစ်ကိုင်းရတဲ့ပြင်
သမိုင်းလှတဲ့ ပင်းယပိုင်သူ ''နရသူ''နှင့်
ဆင်ဖြူဆင်မည်း အစီစီးတွေနဲ့
သမီးရတနာ မြေးတော်ပဏ္ဏာ
ကြီးတော် ကညာတွေကိုပါ အကုန်ယူလို့မို့
ရဂုံဇမ္ဗူမှာ တစ်နန်းတည်သည့်
ရှမ်းပြည်တိုင်းဆီသို့
ရိုင်းသနဲ့ အဝေမညီတယ်နော်ကွယ်
မဆိုင်းသနဲ့
ကိုင်းလဟဲ့လို့ ကိုင်းလဟဲ့လို့
စိုင်းခဲ့လေသည်။
တကျက်ကျက်ပူသူ ဆူသူတွေရဲ့
တကယ်မူ ကယ်သူရယ်လို့ ကိုးသော်လဲ
အနွယ်မတူလျှင် ဘယ်လူမျိုးသော်မှ
အုပ်စိုးတဲ့ မြန်မာပြည်
မဟာနဒီမှာဖြင့် မြုပ်ကြရမည့်
သမုဒြ အပြင်ကျယ်လှိုင်း
မသာမကြည်ဖြင့်
ဒုက္ခပင်လယ်လှိုင်း။
သို့မို့ကြောင့်သာ
အနို့လို မဖြောင့်ဗျာပါနှင့်
တို့မှာကို တမှောင့် မသာမယာ
နှစ်ဘက်မီးကိုဖြင့်
တစ်ချက်တည်းရှင်းအောင် ကြဉ်းဆောင်ကြပါမှ
မြန်မာ့များ ပြည်တစ်ဖန်
သာသနာ အမွေခံဖြစ်မယ်လို့
ရှေးခေတ်ရာဇဝင်နှင့်
ဆရာသခင် အထွေထွေနှင်းလိုက်မကွယ့်
ပြည်အတွင်းတွင်ဖြင့်
အသရေ တဝင်းဝင်းနှင့်
အခြေအနေ မဖျင်းစေဖို့
နေတစ်စင်းပုံ အထက်လင်းပေတဲ့
ရွှေ ''လင်းယုန်'' မဂ္ဂဇင်းဆီက
လက်ငင်းကြေညာစေဖို့
ချက်ချင်းဝေသာစေလို့
ပြည်ရွာမှာလေ
ပြန့်စရာ ဖြန့်ကာ နှင်းလိုက်ပေတော့
မင်းသမ္မတ နှစ်ဂိုဏ်း
အဖျင်းဘဝတွင်ဖြင့် အတင်းအဓမ္မ
မမျှတမူ၍ ရိုင်းတာနဲ့
အချင်းချင်း ခွကျပြီး
သတင်းမလှခဲ့တဲ့
ပင်းယနှင့်စစ်ကိုင်း။ ။
မှိုင်းဖွဲ့ဆိုခဲ့သော ပင်းယနှင့်စစ်ကိုင်းရာဇဝင်လာအတိုင်း နောင်ဆယ် နှစ်အကြာတွင် ကြုံတွေ့ခဲ့ရသည်မဟုတ်ပါလော။ ပြိုလဲပျောက်ကွယ်ခဲ့ရသည် မဟုတ်ပါလော။ စာဆိုကြီး၏ ကဗျာသည် စွမ်းပကားကြီးမားလှပါတကား။ ပြေးကြည့်သည်ထက်ပင် မှန်နေပါတကား။
၁၉၅၄ ခုနှစ်လောက်က သခင်ကိုယ်တော်မှိုင်းသည် ပုဂံညောင်ဦးသို့ ဘုရားဖူးသွားချင်နေသည်။ သွားဖို့ကလည်း မလွယ်။ လမ်းပန်းဆက်သွယ်ရေး ကလည်း မကောင်းလှသေး။ မငြိမ်မသက် ဖြစ်နေသေးသည်။ အသက်က လည်း ရှစ်ဆယ်ပြည့်ဖို့ တစ်နှစ်သာလိုတော့သည်။ သွားရေးလာရေးကမလွယ်။ ဇရာဖိစီးနေပြီ။ လေယာဉ်ကလည်း မပေါက်။ ခြေကျင်လည်းမလျှောက်နိုင်။ ပုဂံသို့ ဘုရားဖူး တစ်ခေါက်မှရောက်ပါတော့မည်လောဟု စိုးရိမ်နေသည်။ သံဝေဂရနေသည်။ ထို့ကြောင့် သံဝေဂကဗျာ ဇရာဒုက္ခဘွဲ့ မဟာလေးချိုးကြီး ကို ဖွဲ့ဆိုခဲ့လေသည်။ ခံစားကြည့်ပါ။
သက္ကရာဇ်ကယ်နှင့်
အသက်စစ်လိုက်တော့
သက်ရှစ်ဆယ် တစ်ခုယုတ်အတွင်းတွင်မှ
တက်ခေတ် တက်ခေတ်နှင့်
အဖက်ဖက် ညစ်ချင်တဲ့
(င်္ေျခငျအ) ဖက်ဆစ်သဖွယ်
ယခုတစ်သုတ် မင်းတွင်ဖြင့်
သပြု-ကျွန်ုပ်မကင်းသူတို့နဲ့
ဘုရားထဲ တရားပွဲသဘင်
ဘယ်သူ့အရှုပ်အချင်းကိုမှ
ကြားလဲ မကြားချင်။
ဘုရားအလုပ်တရားအလုပ်ကိုဖြင့်
အားထုတ်မယ် ကြံစည်ပေမယ့်
မြန်ပြည်မလေ ငါတို့ လွတ်လပ်ရေးဟာက
ဖွတ်ဒြပ်သေးသေး
တစ္ဆေရစ်သနှယ်
ဝဋ်ဇာတ်ကြွေးတွေ
ဗရဗွေ ဗရဗျစ်ကယ်နှင့်
မမွေးခင် ကြွေးတင်တဲ့ ခေတ်ပေမို့
အိပ်ရာမှာတောင် လိပ်ပြာလစ်တော့မလို့
ထိတ်ထိတ်ပျာပျာ စိတ်မှာလဲညစ်ပြန်တော့
တစ်နှစ် ဟိုတစ်နွေက
''အေနလွလွ အေသလွလွ
နေမပ သေမပဆိုတဲ့
ဇေယျ ပဗ္ဗတံ ခေတ်သာတဲ့တောတွင်ဖြင့်
ကေဝလ ကပ္ပံ ချစ်စရာတပည့်ပေါချိန်မို့
တစ်နှစ်တစ်ခါ လှည့်မကောတွေနှင့်
တောမလဲ တောရပီပီ
မေတ္တာရဲ့ သဘောတွေနဲ့
ဟောလဲ ဟောလှပြီ''
ဆိုတဲ့ ထိုအဖွဲ့အနွဲ့အတိုင်းသာပ၊ ကသိုင်းအကွက်လှတဲ့ စစ်ကိုင်းဘက် က၊ အမြင်မနီးပေဘူး၊ ခင်ကြီးတွေချိုးထောင်တဲ့၊ ဝါးပိုးမြောင် ကိုးချောင်ပြောင်း ချင်တဲ့ပြင်။
''ထနောင်း မဖူးတဖူးမှာပေါ့
ချောင်းဦးဆရာ ရောက်ပြန်တော့
သဒ္ဓါပေါက် သူတို့က
ပြောင်းဖူးခြောက်တွေ လှော်ကာကပ်ပြန်သနဲ့
တော်ရာဇရပ်မှာ တစ်ဝါဆိုလို့မို့
အညာတစ်ခို အထက်ကျေးဆီက
လက်ရွေးစင် သခင်တပည့်အပေါင်း
သူတော်ကောင်းတို့နှင့်
ဆောင်းအကုန် နွေအပေါက်တွင်ဖြင့်
အကြေအောက်မကျန်
တစ်သောင်း ဒီဇမ္ဗူကြည့်မယ်လို့
ပြည်ပေါက္ကန်အလောင်းစည်သူတို့ လှည့်သလိုမှ
မလှည့်ရခင်က''
ဆရာတပည့် သခင်လို့ ပြောရပေမယ့်၊ တချို့သော သခင်တွေ ကလီကမာ နှင့်၊ မညီညာသဖြင့် အပြည်ပြည်အရွာရွာ၊ ဆရာမကြွနိုင်တဲ့ပြင်၊ တောရဂူ မဝင်နိုင်တယ်နော်ကွယ်…
အဟောဝတ အဟောဝတနဲ့ မောလဲ မောလှပေါ့ဟဲ့လို့၊ သောကပူပင်။ ထို့ပြင် တစ်ခါဆရာပင်လျှင် ရေးစီခဲ့တဲ့၊ တေးဂီတအညွှန်းအချီး၌…
''အလွန်ချီးလောက်အောင်
ချွန်လည်း ချွန်သတည်းဆိုတဲ့
ဝန်ကြီးအလုပ် အဝေညီညီနှင့်
(ABC) အေဘီစီ အမောင်တပည့်တို့ကိုဖြင့်
မေသမီ ေနာင္ကဝိရယ္က
အောင်ဘိသေ ရေစင်ဖျန်းပါလို့
မဏ္ဍပ်နှင့် ပလ္လင်မှာနော်ကွယ်
ဗန်းအထပ်ထပ် ကမ္ဗဋ္ဌာန်းတပ်တွေနှင့်
နန်းအပ်ခဲ့ချင်''
ဟူသည်နှင့်အညီ၊ ဤမည် ထိုမည်သော တို့ဗမာမြေအပြင်မှာ၊
ပြည်ခွင်ဘုရင်နဲ့ တစ်နန်းကိုဖြင့်
မသေခင် မြင်ခဲ့စမ်းချင်သနဲ့
အကြင်တပည့်တပန်းတွေနှင့် လုပ်မကွယ်ပြင်
စုတ်ပဲ့တဲ့ သခင်ကြောင့် ပြည်တော်မသာသေး
ဦးထုပ်နဲ့ သခင်ဖအေတွေ တမှောင့်ပေမို့
ပထဝီပေါ် အနှီသော်ဆိုတဲ့
ကမၻာမေအး။
ရှေးသောအခါတွင်
ကျေးတော့ အညာတစ်ခွင်တစ်ပြင်မှာဖြင့်
ရာဇဝင်အတန်တန် မောက်ခဲ့တဲ့
ပုဂံရောက်သော်လဲ
အနောက်ပြန် တက္ကသိုလ်တပည့်များရယ်နှင့်
နားရက်မရှိအောင် ကုလားဆဲရတဲ့
တရားပွဲတွေကလဲ များတာကြောင့်
ဘုရားတောင်ဝအောင်မဖူးခဲ့ရတာမို့
ကမူးရှူးထိုးနဲ့
အရူးတစ်မျိုးရဲ့သဏ္ဌာန်အလို မပြီးဘူးဟဲ့လို့
တဖိုဖိုညည်းညည်းပြီး
အုိႀကီးအုိမွတစ္ခါ
ဆရာအလုပ္မရွိမူ၍
မရဏာနုဿတိ-ဘာဝနာစခန်း
မသာကမ္မဋ္ဌာန်းနှင့်စီးဖြန်း၍
ထီးနန်းမှမကျန်ခဲ့တဲ့
ပုဂံရောက်ချင်သမင့်လဲ
ဝေဟင် လေယာဉ်မပေါက်တဲ့ပြင်
မြေပြင် ခြေကျင်လဲ မလျှောက်နိုင်သဖြင့်
စိတ်အကြံဓိဋ္ဌာန် မပြောက်မူ၍
နောက်တစ်ဖန်
(ယခင်အပွဲပွဲ စွန့်ခဲ့တဲ့ သခင်ရဲညွန့်တို့ရဲ့)
ပေါက္ကန်မှ ရောက်ပါတော့မလားလို့
အသြားအလာ
များစွာမှ ကြောက်ကြောက်ပြီး
မူးနောက်မူးနောက်နဲ့
ဒူးဒကောက်ကလဲ ပျော့တော့
အေလွ်ာက္မွလဲ မေပါ့ကာမွ
တရားအထူးပေါလျှင်ဖြင့် အေးမှာပေါ့လို့
(အို-သခင်ရဲညွန့်ရဲ့)
တစ်ခေါက်တော့ဖြင့် ဘုရားဖူးရောက်ချင်သေး။
လွတ်လပ်ရေးခေတ်ဦးက အခြေအနေကို ထင်ဟပ်ဖွဲ့ဆိုထားသော ကဗျာ တစ်ပုဒ်ပါတကား။
ဗန်းမော်တင်အောင်သည် မှိုင်းဝါဒီတစ်ဦးဖြစ်သည်။ မှိုင်းထက်အသက် ၄၅ နှစ်ငယ်သည်။ သူက ညီညွတ်ရေးသမား၊ ငြိမ်းချမ်းရေးသမား။ မှိုင်းတို့ ငြိမ်းချမ်းရေးအဖွဲ့အတွင်းရေးမှူး။ မှိုင်းနှင့်နီးနီးကပ်ကပ်ရှိသည်။ နယ်လှည့် ငြိမ်းချမ်းရေးတရားပွဲများတွင် လိုက်ပါရသည်။ မှတ်တမ်းတင်ရသည်။ မှိုင်း ၈၇ နှစ်မြောက်မွေးနေ့ လူထုသတင်းစာ (အထူးထုတ်)တွင် ဖော်ပြခဲ့သည်။ လွန်ခဲ့သော ၄၈ နှစ်၊ စာဆိုကြီး အသက်ထင်ရှားရှိစဉ်ကပါတကား။ စာဆိုကဝိ ကြီးပုံက တခမ်းတနား။ သတင်းစာမျက်နှာဖုံးအပြည့်။ ပန်းချီကျော် ပေါ်ဦးသက်၏ လက်ရာ။ ထို့ပြင် ရွှေကိုင်းသား၊ မောင်နေဝင်း၊ လူထုဒေါ်အမာ၊ ဝိဓူရသခင် ချစ်မောင်၊ ကြည်လင်၊ မောင်သိန်းနိုင်နှင့် မောင်မောင်အေး(စစ်ကိုင်း)တို့၏ စာကဗျာများလည်းပါသည်။ ပေါ်ဦးသက်၏ ပန်းချီလက်ရာများနှင့် ဝေဝေဆာ ဆာ။ လူငယ်သုတေသီတို့ အလွယ်တကူလေ့လာနိုင်အောင် ဗန်းမော်တင်အောင် ၏ ''အဘိုးကြီးအိုခါးကုန်းကုန်းမသေပါနဲ့အုံး''ဟူသော စာမွန်ကို မျှဝေပေး လိုက်ပါသည်။
''အိုမင်းမစွမ်းဆိုတဲ့ တို့ဗမာစကားဟာ တယ်မှန်သကွယ်''
ဝါကျတစ်ခုတော့ ဆုံးသွားပြီဖြစ်သော်လည်း အကြောင်းအရာတစ်ခုအနေ နှင့်တော့ကား မဆုံးသေးချေ။ အဘိုးကြီးအိုသည် ကွမ်းဖတ်ကလေးများကို မြုံ့ရင်း အနားယူနေပုံပေါ်သည်။
''လူတွေဟာ အိုမင်းလာပြီဆိုမှဖြင့် ဘာမှမစွမ်းတော့ပါဘူးကွာ''
နောက်ဝါကျတစ်ခုကို ဆက်ပြန်သည်။ သို့ရာတွင် အကြောင်းအရာသည် မဆုံးသေးချေ။ ကွမ်းသွေးကို ထွေးခံထဲသို့ ထွေးရင်း အနားယူနေရပြန်သည်။
''အဲသတော့ မောင်တို့လူငယ်တွေ အချိန်ရှိတုန်း လုပ်စရာ ကိုင်စရာရှိတာ တွေကို လုပ်ကြကိုင်ကြမှဖြစ်မယ်'' သည်တော့မှပင် အကြေင်းအရာသည် ဆုံးလေ၏။
မိမိကိုယ်ကိုမိမိ သံဝေဂယူနေဟန်ရှိသော အဘိုးကြီးအိုသည် ယခုတ လော ကျွန်တော်တို့ လူငယ်များနှင့် တွေ့ရသောအခါတိုင်းလိုလို အထက်ပါ အတိုင်း တုန်တုန်ယင်ယင်ဖြင့် သြဝါဒပေးကာ တိုက်တွန်းပြောဆိုခြင်း ပြု လေ့ပြုထရှိသည်။ ဟုတ်ပေလိမ့်မည်။ ၁၃၂၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက်၊ အင်္ဂါနေ့တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် အသက် ၈၆ နှစ်ပင် ပြည့်ခဲ့လေပြီ။
လွန်ခဲ့သော သုံးလေးနှစ်လောက်က ဆရာကြီးသည် ထိုကဲ့သို့ စိတ်အား လျှော့သော စကားမျိုးကို ပြောဆိုလေ့ ပြောဆိုထမရှိချေ။
''ဆရာမသေခင် တိုင်းပြည်ကြီး ငြိမ်းချမ်းသာယာပြီး ဆရာ့တပည့်တွေ သင့်သင့်မြတ်မြတ်ဖြစ်တာကို ကြည့်သွားမြင်သွားချင်သေးသကွာ''
ဆရာကြီးသည် သူ၏ အာသာဆန္ဒကို အထက်ပါအတိုင်း တဖွဖွပြော ဆိုတတ်လေသည်။ တိုင်းပြည်ကြီး လွတ်လပ်ရေးကြေညာပြီးနောက် မိမိတို့ အမျိုးသားအချင်းချင်း လက်နက်ကိုင်တိုက်ခိုက်လျက်ရှိကြသော ပြည်တွင်းစစ် ပွဲကြီးနှင့် ပတ်သက်၍ ထိုအဘိုးကြီးအိုသည် အလွန်တရာ စိတ်မချမ်းမြေ့ ဖြစ်နေဟန်ရှိပေသည်။ ဆရာကြီးသည် ထိုသို့ ဆန္ဒရှိရုံမျှနှင့်သော်လည်းကောင်း၊ ပြောဆိုရုံမျှနှင့်သော်လည်း ကောင်း၊ မဟုတ်သေးဘဲ သူ၏ဆန္ဒကို အကောင် အထည်ပေါ်လာအောင်နှင့် အခိုင်အမာဖြစ်လာအောင်လည်း မရပ်မနား သွား လာ လုပ်ဆောင်လျက်ရှိပေသည်။
အသက် ၈ဝ ကျော်လာခဲ့ပြီးကာမှ ထိုအဘိုးကြီးအိုသည် ''လူလည်း တစ်ထွေ၊ ရေလည်းတခြား''ဆိုသော ရခိုင်ပြည်သို့ ကုန်းတစ်တန် ရေတစ်တန် လေတစ်တန် သွားရောက်ခဲ့ပေသည်။ မြန်မာနိုင်ငံတော်၏ တောင်ဘက်စွန်းဖြစ် သော ရေး၊ မြိတ်၊ ထားဝယ်နယ်များသို့လည်း တကူးတကန့် သွားရောက်ခဲ့ရ လေသည်။ ဤကဲ့သို့ တောင်ဘက်စွန်းအရပ်ဒေသများမှတဖန် မြောက်ဘက် စွန်းဖြစ်သော ကချင်ပြည်နယ် မိုးညှင်းသို့လည်း စွန့်စွန့်စားစား ခရီးသွားခဲ့ သည်။ ရာသီဥတုဒဏ်ပြင်းလှသော မကွေး၊ မင်းဘူး၊ မြင်းခြံနှင့် ပခုက္ကူ စ သည့် မြေလတ်ပိုင်းဒေသများသို့လည်း အသက်အရွယ်နှင့် မလိုက်အောင် ဆင်းရဲဒုက္ခခံကာ ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးအတွက် လှည့်လည်ဟောပြောခဲ့ပေသည်။
''ကမ္ဘာဆိုတာ တို့တိုင်းပြည် တစ်ပြည်ထဲ မဟုတ်တော့ ကမ္ဘာကြီးတစ်ခု လုံး ငြိမ်းချမ်းသာယာမှ တို့တိုင်းပြည်လဲ ငြိမ်းချမ်းသာယာ နိုင်တော့ မပေါ့ကွယ်''
ကမ္ဘာ့လက်နက်နိုင်ငံကြီးများက သူ့ထက်ငါ အပြိုင်အဆိုင် လက်နက် တပ်ဆင်ကာ အဏုမြူနှင့် ဟိုက်ဒရိုဂျင်ဖုံးကြီး ဗုံးငယ်များကို လူသိ ရှင်ကြား စမ်းသပ်ဖောက်ခွဲနေကြသောအချိန်တွင် ထိုအဘိုးကြီးအိုသည် အထက်ပါ အတိုင်း ပြောဆိုလေသည်။ ထိုသို့ပြောဆိုရုံမျှသာလျှင် မဟုတ်သေး။ လက်နက်လျော့ပေါ့ရေး အဏုမြူဗုံးပိတ်ပင်ရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတို့အတွက် ထိုအဘိုးကြီးအိုသည် ကမ္ဘာ့ငြိမ်းချမ်းရေး တို့အတွက် ထိုအဘိုးကြီးအိုသည် ကမ္ဘာ့အတိုင်းအတိုင်း အပြည်ပြည်သို့ လှည့်လည်ကာ စွမ်းစွမ်းတမံလုပ် ဆောင်ခဲ့ပေသည်။ ဇရာထောင်း နေသည့် ကြားမှပင် ပေသုံးသောင်းထက် မနည်းသော အာကာသတွင် လေဟုန်ကို စီးနင်းကာ ရေခဲနေသော အရပ် ဒေသများသို့လည်း သက်စွန့်ဆံဖျား သွားရောက်လျက် ကမ္ဘာစစ်မီးကြီးကို တားဆီးခြင်း ပြုခဲ့သည်။
ဆရာကြီး၏ ယင်းသို့ စွမ်းဆောင်မှုကို ငြိမ်းချမ်းရေး လိုလားနေကြသော နိုင်ငံတကာမှ ပြည်သူများက လေးလေးစားစား အသိအမှတ်ပြုကြ သည်။ ထိုအဘိုးကြီးအိုကို နိုင်ငံတကာငြိမ်းချမ်းရေးဆုဖြင့်လည်း ဂုဏ်ပြုပူဇော်ကြ လေသည်။ အနောက်တိုင်းမှ ကျော်ကြားထင်ရှားလှသော တက္ကသိုလ်ကြီးတစ်ခု ကလည်း ရိုသေလေးစားအပ်သော ထိုကမ္ဘာ့ကျေးဇူးရှင်ကြီးအား ''ဒေါက်တာ'' ဘွဲ့ဖြင့် ရိုရိုသေသေပြုလေသည်။
ယင်းသို့ကမ္ဘာ့အနိုင်နိုင်ငံနှင့် ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးကြကုန်သော လူသားတို့က ထိုအဘိုးကြီးအိုအား ကမ္ဘာ့ငြိမ်းချမ်းရေး ခေါင်းဆောင်ကြီး တစ်ဦး အနေနှင့်လည်းကောင်း၊ လူသားတို့၏ ကျေးဇူးရှင်ကြီး တစ်ဦး အနေနှင့်လည်း ကောင်း၊ ရိုသေသမှုပြုနေကြသော်လည်း ဤပြည် ထောင်စု မြန်မာနိုင်ငံတော်၌ မူကား၊ ထိုပုဂ္ဂိုလ်ကြီး၏ ဂုဏ်ကျေးဇူးတရား၊ မေတ္တာတရားနှင့် စေတနာတို့ကို ယနေ့တိုင် လက်ခံခြင်းမပြုနိုင်ကြ သော သူများရှိနေပေသေးသည်။ ဤတိုင်း ပြည်လွတ်လပ်ရေးမရမီက ထိုအဘိုးကြီးအိုသည် ကိုလိုနီဆန့်ကျင်ရေး အမျိုး သားလွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ကြသော မြန်မာနိုင်ငံပြည်သူများဘက်မှ အစဉ်တစိုက် ရပ်တည်ကာ မယိမ်းမယိုင် ဦးဆောင်မှုပေးခဲ့သော မျိုးချစ် ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်ပေသည်။ ဤတိုင်းပြည်လွတ်လပ်ရေး ကြေညာပြီး နောက် ဖြစ်ပွားလာခဲ့သော ပြည်တွင်းစစ်မီးကို ငြိမ်းအေးစေလျက်၊ ပြည်တွင်း ငြိမ်းချမ်းရေးကို ပြန်လည်တည်ဆောက်ရန် ခါးကုန်းကုန်းနှင့်ပင် သွားလာလုပ် ဆောင်နေသော ထိုအဘိုးကြီးအိုအား အမနာပ ပြောဆိုသူများက ပြောဆိုလျက် အုတ်ခဲကျိုးများနှင့် ပေါက်သူများလည်း ရှိခဲ့ကြလေသည်။ ထိုမျှသာလျှင် မဟုတ်သေး၊ အလံနက်ထူကာ သံပုံးတီးလွှတ်သူများလည်း ရှိခဲ့ကြသည်။
သို့ရာတွင် ဆရာကြီးသည် စိတ်အားလျော့ခြင်း မရှိချေ။ စိတ်ပျက်ခြင်း လည်း မရှိခဲ့ချေ။
''ငြိမ်းချမ်းရေးအလုပ်ဟာ အင်မတန်ကုသိုလ်ရတဲ့ အလုပ်ကွယ့်။ လူလဲ ကြိုက် နတ်လဲကြိုက်တဲ့ အလုပ်ပဲ''
၁၉၅၉ ခုနှစ်နောက်ပိုင်းတွင် ဆရာကြီး၏ ကျန်းမာရေးသည် သိသိသာ သာကြီး လျော့ပါးပျက်စီးစပြုလာသည်။ ဇရာဖိစီး၍လည်း ဖြစ်မည်။ စိတ်မချမ်း မသာ၍လည်း ဖြစ်သည်။ ၁၉၆ဝ တွင် ဆရာကြီးသည် ¤င်း၏ သမားတော် ဒေါက်တာဆင်ဖိုးနှင့် ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံတော်သို့ ဆေးကုသရန် သွားရောက်ခဲ့ရလေသည်။
၂ဝ ရာစုခေတ် စာနယ်ဇင်းလောကတွင် သခင်ကိုယ်တော်မှိုင်းနှင့် ဗန်း မော်တင်အောင်တို့သည် အထင်ကရ စာရေးဆရာ သတင်းစာဆရာများ ဖြစ်သည်။ မှိုင်းက သူရိယသတင်းစာ၊ ဗန်းမော်တင်အောင်က လင်းယုန်သတင်း စာ။ သူရိယက ၁၉၁၁ ခုနှစ်၊ လင်းယုန်က ၁၉၅၁ ခုနှစ်။ နှစ်ပေါင်း ၄ဝ ကွာပါတကား။ သူရိယက အင်္ဂလိပ်ကိုလိုနီခေတ်၊ လင်းယုန်ကလွတ်လပ်ရေး ခေတ် ဖဆဆိုရှယ်တို့ခေတ်။
ဗန်းမော်တင်အောင်သည် လင်းယုန်ဂျာနယ်ကို ၁၉၅ဝ ပြည့်နှစ်တွင် စတင်ထုတ်ဝေသည်။ လင်းယုန်သတင်းစာကိုမူ ၁၉၅၁ ခုနှစ်ရောက်မှ ထုတ် သည်။ လင်းယုန်သတင်းစာထုတ်ပြီး တစ်နှစ်အကြာတွင် အဖမ်းခံရသည်။ ဂျာနယ်ရော သတင်းစာပါ ရပ်ဆိုင်းသွားသည်။ ရန်ကုန်ထောင်ထဲတွင် လေထီးအုန်းမောင်၊ လေထီးချစ်ကောင်း၊ စာရေးဆရာရွှေဓား၊ ဆန်းညွန်ဦး-ဦးလှခင်)၊ လူထုဦးလှ စသော တော်လှန်ရေးသမား စာသမားများနှင့် ဆုံ စည်းခဲ့ရသည်။ ဆဋ္ဌမသဂါယနာတင်လျှော့ရက်များကြောင့် ငါးနှစ်သာနေခဲ့ရ သည်။ ထူးခြားသည်မှာ ဗန်းမော်တင်အောင်တို့အဖွဲ့ ရန်ကုန်ထောင်ထဲမှာ ရှိနေစဉ်က ပထမဦးဆုံးအကြိမ်စာဆိုတော်နေ့ အခမ်းအနားကျင်းပခြင်းပင် တည်း။ မှိုင်းတက်ရောက်ခဲ့ပါတကား။
၁၉၅၇ ခုနှစ်တွင် လင်းယုန်ဂျာနယ်ကို ပြန်လည်ထုတ်ဝေသည်။ ထို့နောက် တစ်နှစ်အကြာတွင် လင်းယုန်သတင်းစာကို ထုတ်သည်။
ထိုအချိန်က အာဏာရဖဆဆိုရှယ်တို့ နှစ်ခြမ်းကွဲနေသည့်အချိန်၊ နိုင်ငံ ရေးလှိုင်းလေပြင်းထန်နေသည့်အချိန်ပါတကား။ တောဘက်မှာလည်း ရောင်စုံ သူပုနိတွေရှိနေသေးသည်။ ပြည်သူတို့လောနေသည်။ ထို့ကြောင့် မှိုင်းက ရာဇဝင်လာ ''ပင်းယနှင့်စစ်ကိုင်းကဗျာ''၊ ''သံဝေဂကဗျာ''နှင့် ''ဆုတောင်း ပတ္ထနာလေးချိုးကြီး''တို့ကို ဖွဲ့ဆိုခဲ့ခြင်း ဖြစ်ပါသည်။ ခေတ်ပြိုင်ခံစားမှု ကဗျာ များပါတကား။ ဗန်းမော်တင်အောင်၏ ''အဘိုးကြီးအို ခါးကုန်းကုန်း''ကလည်း ခေတ်ပြိုင်ခံစားမှုစာ။ ယခုခေတ်စာပေဝေါဟာရစကားနှင့် ပြောရလျှင် နှစ်ဦး စလုံး မော်ဒန်သမားများဟု ဆိုချင်သည်။ မှိုင်းကမော်ဒန် ကဗျာဆရာ၊ ဗန်းမော်တင်အောင်က မော်ဒန်စာရေးဆရာ။
မောင်မောင်အေး (စစ်ကိုင်း)
ပိတောက်ပွင့်သစ်၊ ဇူလိုင် ၂ဝ၁ဝ

0 comments:

Post a Comment