လူတွေ
အကြိုက်မညီနိုင်တဲ့ကိစ္စတခု ချပေး၊ လူတွေက မကျေနပ်တော့ အရေးဆို ဆန္ဒပြ၊
ဒီတော့မှ အသာပြန်ဆုတ်ပေး၊ အဲ့သလိုလုပ်ရင်း
လူထုဆန္ဒလိုက်လျောတဲ့အစိုးရဆိုတံပုံ ပေါ်အောင်ဖော်ပြီး လုပ်နေတာလို့
ပြောသံတွေလည်း မနည်း ကြားရပါတယ်။ ကျနော်တော့ အဲ့သလိုမထင်သလို မြင်လည်း
မမြင်မိပါ။ ဥပမာ လတ်တလောပြရရင် အစိုးရဝန်ထမ်းလူကြီးတွေ ကားပါမစ်ကိစ္စနဲ့
ကျောင်းချိန်တွေတိုးတဲ့ကိစ္စ။ ကျနော်တွေးမိတာတော့ အစိုးရက
တကယ်လုပ်ဖို့ကြံတာချည်းပါပဲ။
ကားပါမစ်ကိစ္စက လူကြားမကောင်းအောင်ဖြစ်တာမှန်ပေမယ့် ပညာရေး(ကျောင်းချိန်တိုး)ကိစ္စကတော့ သေချာနားမလည်တော့ အကောင်းအဆိုး မပြောနိုင်ပါ။ ထားပါတော့ ကိစ္စနှစ်ခုစလုံး မသင့်တော်ဘူးလို့ပဲ။ မသင့်တော်လို့မှ လူတွေဆီက အသံထွက်လာတာမဟုတ်လား။
ကားပါမစ်ကိစ္စက လူကြားမကောင်းအောင်ဖြစ်တာမှန်ပေမယ့် ပညာရေး(ကျောင်းချိန်တိုး)ကိစ္စကတော့ သေချာနားမလည်တော့ အကောင်းအဆိုး မပြောနိုင်ပါ။ ထားပါတော့ ကိစ္စနှစ်ခုစလုံး မသင့်တော်ဘူးလို့ပဲ။ မသင့်တော်လို့မှ လူတွေဆီက အသံထွက်လာတာမဟုတ်လား။
အစိုးရက ရမလားလို့ သွေးတိုးစမ်းကြည့်တာသက်သက်လောက်တင် ဟုတ်ပုံမရပါဘူး။
တိုးကြည့်တာ နေမှာပါ။ သွေးတိုးစမ်းတာက အစပိုင်းလေးမှာတင် အခြေအနေ
ဟန်ပုံမပေါ်ရင် အသာလေး မသိမသာ ဟန်မပျက်ပြန်နေလိုက်ရုံပါ။ တိုးကြည့်တာက
စမ်းရုံသက်သက်ထက်ပိုပါတယ်။ တိုးကြည့်မယ်၊ ရသလောက် ဆက်တိုးကြည့်မယ်၊
ရတဲ့နေရာအထိ တိုးကြည့်ပြီး တိုးလို့ရသလောက်နေရာမှာရပ်ထားပြီး ထစ်ထားတယ်။
ပြန်တော့မဆုတ်ဘူး။ နောက် အခြေအနေပေးလာလို့ ဆက်တိုးလို့ရရင်
အဆုံးအထိတိုးသွားမယ်။ ဒါက တိုးကြည့်တဲ့သဘောပါ။ နိုင်ငံရေးမှာ
လုပ်လေ့ရှိပါတယ်။
ခု ကားပါမစ်ကိစ္စလည်း ဒီသဘောလို့မြင်ပါတယ်။ တိုးလို့ရနေသရွေ့
မသိမသာဆက်တိုးနေရင်းက ခနတန့်ထားပြီး ခနထစ်ထားပြီး အခြေအနေ
အကဲခတ်နေတုန်းမှာပဲ လူထုက တွန်းတွန်းတိုက်တိုက် အုံနဲ့ကျင်းနဲ့ ဖိချတော့မှ
အသာပြန်လျှိုနေတာပါ။ ဒါတောင် ကားပါမစ်ကိစ္စက အပြီးအပြတ်
အလျှော့ပေးနောက်ဆုတ်သွားတာ မဟုတ်သေးပါ။ ထစ်ထားပြီး ဆိုင်းထားပြီး
အချိန်စောင့်နေပါတယ်။ အဆင်ပြန်ပြေလောက်ပြီ ပြန်ရလောက်ပြီဆို
ပြန်တိုးပါလိမ့်မယ်။ ဒီတခါတိုးရင် အခုတိုးတာထက် ပိုပရိယယ်ကြွယ်ကြွယ်
ပိုညင်ညင်သာသာတိုးမှာပါ။
ရွေးကောက်ပွဲလည်း မဝေးတော့ပါ။ ဒီမိုကရေစီနိုင်ငံ(လို့ပဲထားပါ)တွေမှာ
အစိုးရတွေ
သက်တမ်းတခုမှာမဲနိုင်ပြီးတာနဲ့ အရင်ဆုံးလုပ်တဲ့အလုပ်က
နောက်သက်တမ်းတခုမှာ မဲအနိုင်ရရေးပါ။ သက်တမ်း တခုနဲ့တခုကြားမှာ Check and
Balance တွေ နောက်လာမယ့်ရွေးကောက်ပွဲ အောင်နိုင်ရေးတွေလုံးပမ်းရင်း
အတိုက်အခံတွေနဲ့ သူတို့ကြားက သူတို့ကိစ္စတွေ သူတို့ရှင်းကြ၊
သူတို့ပြဿနာသူတို့ရှင်းကြတာနဲ့ အချိန်ကုန်တာပါ။ လူထုက(များသောအားဖြင့်)
နတ်ကရာ ကျီးမော့ ဒါမှမဟုတ်လည်း နတ်ကရာကြည့်မောပါ။
ခု ကားပါမစ်ကိစ္စလည်း အလားတူပါ။ စစ်အုပ်စုရဲ့ဗျူရိုကရေစီယန္တယားကြီးကို
ဂုတ်ခွစီးထားတဲ့ ဗျူရိုကရက်ကြီးတွေကို လာဘ်ထိုးတာပါ၊ မျက်နှာချိုသွေးတာပါ။
စစ်ဗျူရိုကရေစီယန္တယားကြီးကို ဖြိုချဖို့မပြောနဲ့ တွန်းလှန်
ပယ်ရှားလို့တောင်မရလေတော့ လာဘ်ထိုးတဲ့နည်းနဲ့ ချောဆီသွင်းပြီး အပျော့ဆွဲ
ဆွဲဖို့ အကြံအဖန်လုပ်တာပါ။
အစိုးရဘယ်လိုပြောင်းပြောင်း ဘယ်လောက်ပြောင်းပြောင်း စစ်တပ်၊ ရဲတပ်၊
အကျဉ်းထောင်၊ တရားရုံးဆိုတဲ့ လူတန်းစားဖိနှိပ်ရေးကိရိယာတွေကို
အမိန့်မပေးနိုင်ရင်၊ ဗျူရိုကရေစီယန္တယားဟောင်းကြီးကိုမဖြိုချ
မဖယ်ရှားနိုင်ရင် တက်လာသမျှအစိုးရ ဘာမှလုပ်မရပါ။ အာဏာ
လုပ်ပိုင်ခွင့်တွေနဲ့နေသားတကျလည်းရှိနေတဲ့ လုပ်စားရင်း အံလည်းခွနေတဲ့
လုပ်လည်းလုပ်တတ် ညစ်လည်းညစ်တတ် အစိုးရကို
ပညာလည်းပြတတ်တဲ့ဗျူရိုကရက်ကြီးတွေက အစိုးရအုပ်ချုပ်ရေးယန္တယားကြီးကို
စီးပိုးထားတာပါ။ ဒါကို ကားပါမစ်နဲ့ ချော့မြှူလဘ်ထိုးပြီး
မျက်နှာချိုသွေးတာပါ။ လူတွေတကယ်မပြောကြ မဆိုကြ မကန့်ကွက်ကြရင်
တကယ်လုပ်ဖို့ကြံတဲ့အကြံအစည်ပါ။
လူတွေမကြိုက်နိုင်မယ့် ပြဿနာတခုကို သိသိနဲ့တမင် အစဖော်ပေးလိုက်၊ လူတွေ
ပူညံပူညံလုပ်လာရင် ပြန်ဆုတ်လိုက်လုပ်ပြီး
လူထုဆန္ဒကိုလိုက်လျောတဲ့အစိုးရပုံဖမ်းနေတာမဟုတ်ပါ။ ကာလပေါ်စကားနဲ့ပြောရရင်
အစ်ရှူးပြဿနာ မဟုတ်ပါ။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၄၊ ၂ဝ၂ဝ
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၄၊ ၂ဝ၂ဝ
0 comments:
Post a Comment