(ခွေးစကား)
ကျနော့်တွင် ခွေးလေး ၂ ကောင်ရှိသည့်အကြောင်းနှင့် သူတို့အား တိရိစ္ဆာန်စွန့်ပစ်ဂေဟာမှ ကောက်ယူမွေးမြူခဲ့ကြောင်း ပြောခဲ့ဖူးပါသည်။ ထိုမျှမက ထို ၂ ကောင်၏ အကျင့်စရိုက်ကလေးများနှင့် မတူသည့်သဘာဝလေးများကိုလည်း ကွက်ကွက်ကွင်းကွင်း ပြောခဲ့ဖူးပါသည်။
ကျနော့်တွင် ခွေးလေး ၂ ကောင်ရှိသည့်အကြောင်းနှင့် သူတို့အား တိရိစ္ဆာန်စွန့်ပစ်ဂေဟာမှ ကောက်ယူမွေးမြူခဲ့ကြောင်း ပြောခဲ့ဖူးပါသည်။ ထိုမျှမက ထို ၂ ကောင်၏ အကျင့်စရိုက်ကလေးများနှင့် မတူသည့်သဘာဝလေးများကိုလည်း ကွက်ကွက်ကွင်းကွင်း ပြောခဲ့ဖူးပါသည်။
 အငယ်ကောင်ရော့ကီက အစားမက်သလောက် အကြီးကောင်အဇ္ဇီက အကစားမက်ပါသည်။ တခါတလေ 
သူတို့ မုတ်ဆိတ်ပျားစွဲပြီး အမဲရိုးအစစ်များ 
ဖောချင်းသောချင်းရှိသည့်အခါမျိုးတွင် အငယ်ကောင်က တချောင်းပြီးတချောင်း 
ပြောင်းပြောင်းကာ ကောင်နိုးရာရာ လိုက်လိုက်ကိုက်သော်လည်း အကြီးကောင်ကမူ 
တချောင်းဆိုတချောင်း စွဲစွဲမြဲမြဲကိုက်လေ့ရှိပါသည်။ ယခု ကျနော် 
အမဲရိုးရပုံရနည်းနှင့် သူတို့အားအစားအသောက်ကျွေးပုံကို 
စကားထား၍ပြောချင်ပါသည်။
 ကျနော်တို့ဖို့တ်ဝိန်းမြိ့ုကလေးတွင် ဗမာပြည်ဖွားများ 
သောင်းဂဏန်းနီးနီးရှိပါသည်။ ကျော်လျှင်ကျော်နိုင်သော်လည်း 
ထို့ထက်တော့မလျော့ပါ။ ထိုသူများအနက် အစ္စလာမ်ဘာသာဝင်အများစုမှာ 
ကျနော်နေသည့် မြိ့ုတောင်ဘက်ပိုင်းတွင် အနေများပါသည်။ အမေရိကန်မြို့တွေ၏ 
ထူးခြားချက်မှာ မြိ့ုတိုင်းလိုလိုတွင် တောင်ဘက်ပိုင်း၌ 
ချို့တဲနွမ်းပါးသူများနှင့် အာဖရိကန်အမေရိကန်များ အနေများပါသည်။ 
လူအမျိုးလည်း ပိုစုံပါသည်။ ထို့ကြောင့် မြိ့ုတောင်ဘက်ပိုင်းတွင် 
နိုင်ငံတကာအစားအသောက်များ အလျှံပယ်ဝယ်၍ရသလို ဈေးလည်း အလွန်သင့်ပါသည်။။ 
Cultural Diversity ပိုဖြစ်သည်ဟုပြောရမည်ထင်ပါသည်။ 
 မြန်မာပြည်ဖွား အစ္စလာမ်ဘာသာဝင်အများစု ဖို့တ်ဝိန်းမြိ့ုတောင်ဘက်အခြမ်း၌ 
အနေများရခြင်းမှာ အခြားအကြောင်းအရာများထက် သူတို့ဝတ်ပြုရာဗလီကျောင်းရှိသလို
 ကလေးများအတွက် အာရဗီစာသင်ပေးသည့် 
ကျောင်းကလေးများရှိခြင်းကြောင့်လည်းဖြစ်ပါသည်။ ထို့ကြောင့် 
အစ္စလာမ်ဘာသာဝင်မိသားစုများပိုင်သည့်ကုန်စုံဆိုင်နှင့် 
စားသောက်ဆိုင်များရှိနေသည်မှာလည်း ထူးဆန်းသည့်အကြောင်း မဟုတ်တော့ပါ။ 
အစ္စလာမ်ဘာသာဝင်တို့သည် သူတို့၏ယုံကြည်မှုအရ အသေသား စားဓလေ့မရှိကြပါ။ အမဲ 
ဆိတ် သိုး ကြက် ဘဲ စသည်တို့အား ဟလ္လာလ် Scarified လုပ်ပြီးမှစားပါသည်။ 
ထိုဟလ္လာလ်သားသည် အခြားဆိုင်များထက် ဈေးအတန်ငယ်ပိုသော်လည်း 
ထိုဆိုင်များတွင်သာအရများသဖြင့် ဝယ်သူတို့မတွန့်မတို ဝယ်ကြပါသည်။
 ကျနော်တို့ အင်ဒီယားနားပြည်နယ်တွင် အားမစ်ရှ် Amish ရွာများရှိပြီး 
ဖို့တ်ဝိန်းမှ နာရီဝက် ၄၅ မိနစ်လောက်မောင်းလျှင် အားမစ်ရှ်ရွာများ 
ရောက်ပါသည်။ ကျနော် သူတို့အကြောင်း သုံးလေးပုဒ်ခန့် ရေးဖူးပါသည်။ 
ထိုရွာများတွင် ကြက် ဝက် နွား မြင်း ဆိတ် သိုး ဘဲငန်းစသည်တို့ မွေးပါသည်။ 
အကောင်လိုက်ရောင်းပြီး ဈေးလည်းအလွန်ချိုပါသည်။ ထို့ကြောင့် 
ဗမာပြည်ဖွားအစ္စလာမ်ဘာသာဝင်များက နွေဦးပေါက် နွေနှင့် 
ဆောင်းဦးပေါက်များတွင် ထိုရွာများသို့သွားကာ နွား ဆိတ် သိုး ကြက် 
ဘဲငန်းစသည်တို့ဝယ်ကာ ထိုရွာများ၌ ပေါ်ကာ လေးဘက်ချခုတ်ထစ် ပိုင်းတစ်ပြီး 
အိမ်ပြန်သယ်သယ်လာကြပါသည်။ တနွေလုံးနှင့် တဆောင်းဦးပေါက်စားပြီးနောက် 
အထုတ်များထုတ်ကာ Deep Freezers တွင် လှောင်၍ တဆောင်းစာသိုမှီးကြပါသည်။ 
ထိုသို့ကိုယ်တိုင်ပေါ်စားသဖြင့် အသားလည်း လတ်လတ်ဆတ်ဆတ်စားရသလို 
အကုန်အကျလည်း နည်းကာ တွက်ခြေလည်းကိုက်ကြပါသည်။ ဆိတ်တကောင် ၃ ရာ ဆိုပါက ၃ 
ဦးစပ်ပေါ်ပြီး သုံးပုံ ပုံကာ ဆုံစားမျှစား ကြပါသည်။ ဝိုင်းလုပ် ဝိုင်းစား 
ဆန်ပါသည်။ သူတို့ရသည့် တရာဖိုးဝေပုံကျမှာ ဆိုင်တွင်ဝယ်စားပါက ၂ 
ရာဝန်းကျင်ခန့်ကျပါသည်။ မိမိဘာသာတယောက်တည်း သွားပေါ်ပြီးမှ အချင်းချင်း 
ပြန်ရောင်းသည်လည်း ရှိပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဆိုင်တွင်ဝယ်စားရသည်ထက် 
ဈေးသက်သာကာ လတ်ဆတ်ပြီး ဝမ်းတွင်းသားများလည်း လှိုင်လှိုင်စားကြရပါသည်။
 ကျနော်က သူတို့ နွား ဆိတ် သွားပေါ်သည့်အခါ တခါတရဲ သူတို့ထံမှ 
အသားဝယ်စားတတ်ပါသည်။ စားအိုးသေးသဖြင့် ၅ ဆယ်ဖိုးလောက် ဝယ်ထားလျှင် 
တမေ့တမြောစားရပါသည်။ သူတို့ ထိုသို့ အမဲပေါ်သွားလျှင် ကျနော်က 
အသားနွှင်ယူပြီး ပစ်ခဲ့မည့်အရိုးကြီးများထဲမှ တချောင်း နှစ်ချောင်းလောက် 
ယူလာပေးရန်ပြောရပါသည်။ သူတို့ကလည်း မငြီးမငြူယူလာပေးပါသည်။ တယောက်ဆိုလျှင် 
အသားများစွာ ကပ်ကျန်နေသေးသည့် ခါးရိုးလိုအရိုးများပင် ကျနော့်အား 
အလကားပေးပါသည်။ ထိုခါးရိုး ပေါင်ရိုးများကို စက်ဖြင့်ပိုင်း၍ 
အိုးကြီးများတွင် အရိုးမြည့်သည်အထိပြုတ်ကာ 
နော်လာခန်ဂျီခေါ်အမဲရိုးစွပ်ပြုပ်လုပ်သောက်ပါက အလွန်အရသာရှိပြီး 
ခွန်အားလည်းဖြစ်စေပါသည်။ ထိုအရိုးလိုအရိုးများ ကျနော့်အား အလကားပေးသည့်အခါ 
ကျေးဇူးတင်ရပါသည်။
 ကျနော်က ရလာသည့် အရိုးကြီးများအား လွှစက်ဖြင့် အလောတော်အရွယ်ပိုင်းဖြတ်ကာ 
အကျယ်  ၃ထွာဆိုင်၊ တတောင်ကျော် ဇောက်ရှိသည့် အိုးထဲထည့်ကာ 
ဆားဆနွင်းများဖြင့် အသားကြေကာ ရိုးတွင်းချဉ်ဆီများ   အကုန်ကျသည်အထိ 
ပြုတ်ပါသည်။ ထိုအသားပြုတ်ရည်မှာ ဂျင်း စပါးလင် ကြက်သွန်ဖြူ နာနတ်ပွင့်စသည့်
 ဟင်းခပ်အမွှေးအကြိုင်များ ထည့်လိုက်လျှင် တအိမ်လုံးမွှေးမဆုံးပါ။ 
သောက်၍လည်း အလွန်ကောင်းပါသည်။ ပေါင်မုန့် နံပြားစသည်တို့နှင့် 
လိုက်ဖက်သဖြင် ကျနော်တို့လင်မယားလည်း တခါတခါ ထိုသားပြုတ်ရည် 
လုပ်သောက်ကြပါသည်။ ထိုသားပြုတ်ရည်မျိုးသောက်တိုင်း ရာဟုလာသံကိစ္စည်းရေးသည့်
 ဗော်လဂါမှဂင်္ဂါသို့စာအုပ်ပါ ဗြဟ္မဏတို့ခေတ်က အမဲသားပြုတ်ရည် သားပြွမ်းရည်
 နွားကလေးသားချိုချိုတို့ကို အားပါးတရသုံးဆောင်လေ့ ရှိကြကြောင်းနှင့် 
နှောင်းပိုင်းကာလများရောက်မှ ဟိန္ဒူအမျိုးသားတို့ အမဲသားရှောင်ကျဉ်သည့်အလေ့
 ဝင်လာကြောင်းကိုရေးသားထားသည်ကိုလည်း ပြန်အမှတ်ရမိပါသည်။ အလားတူပင် 
အမဲသားမစားရေး အမဲသားရှောင်ကျဉ်ရေး တိုင်းပြည်ပတ် တရားဟောတော်မူခဲ့သော 
လယ်တီဆရာတော်ဘုရားကြီးလည်း စိတ်မှတ်ထဲဝင်လာပါသည်။ ထို့နည်းတူ 
အမဲသတ်လိုင်စင် ကိုင်ထားကြသည့် မဘသ အစွန်းရောက်ဘုန်းကြီးများနှင့် 
ပါဏာတိပါတာကံအကြောင်းလည်း စိတ်ကရောက်ပါသည်။
 ကျနော်က ဟင်းခပ်အမွှေးအကြိုင်မပါသည့် သားပြုတ်ရည်ကို ခွေးလေးများအား 
ထမင်းနှင့် နယ်ဖတ်ကျွေးပါသည်။ အရည်ချည်းတော့ ဘယ်သောအခါမှ မတိုက်ပါ။ 
အသားကလည်းလည်း လတ်လတ်ဆတ်ဆတ် လေးလေးပင်ပင်ဆိုတော့ သူတို့ 
အလွန်ကြိုက်ကြပါသည်။ ခွေးစာအစားထိုးကျွေးသည့်သဘော 
ပိုက်ဆံချွေတာရာရောက်သည့်အပြင် အာဟာရတန်ဖိုးလည်းကြီးပါသည်။ သူတို့လည်း 
သားပြုတ်ရည် တန်ခိုးကြောင့် ကျန်းမာဝဖြိုးကြပါသည်။ နွေဆိုလျှင် 
နှစ်ကောင်လုံး တသွေးတမွေး ဖင်တလုံး တင်တလုံးနှင့် ဝဝကစ်ကစ်လေးတွေ 
ဖြစ်နေကြပါသည်။ တခါများ ကိုယ်အလေးချိန်တက်လာသဖြင့် သူတို့ဆရာဝန်က 
အမဲစွပ်ပြုတ်မကျွေးရန် တားဖူးပါသည်။ အသားပြုတ်ရည်ကို ထမင်းနှင့် 
နယ်ကျွေးသလို အရိုးများလည်း သူတို့ကိုက်ရပါသည်။ ဆိုင်တွင် Raw Hide 
ဆိုသည့်အရိုးတုများဝယ်၍ရသော်လည်း ဈေးကြီး ပါသည်။ နောက်ပြီး သူတို့ 
ကိုက်ဝါးစားပစ်လိုက်လျှင်လည်း ခနနှင့်ကုန်ပါသည်။ ရေရှည်တွင် မတတ်နိုင်ပါ။
 ခွေးလေးတွေ အမဲရိုးအမာကြီးအား မရမက ကိုက်ဖဲ့နေသည်ကိုတွေ့တိုင်း လူ၏ 
ကာမတဏှာ ကိလေသာစိတ်(လိင်စိတ်)နှင့်နှိုင်းကာ ဆုံးမ စကားဆိုသည်များကိုလည်း 
ပြန်ကြားယောင်မိပါသည်။ ထိုသူတို့အဆိုတွင် ခွေးသည် အသားစမှမရှိ 
ဘာအရသာမှမရှိတော့သည့်အမဲရိုးအား သူ့လျှာဖြင့်လျှက်ကာ 
တံတွေးဖြင့်စွတ်စိုစေပြီး ထိုမရှိသည့်အရသာကို မက်မက်မောမောခံစားနေသည့်သဘော 
ပြောခြင်းဖြစ်ပါသည်။ ထိုသို့ ပြောဖြင်းမှာ ဆိုဆုံးမဖြင်းထက် လူ၏ကိလေသာစိတ် 
ကာမစိတ်(လိင်စိတ်)တောင့်တမှုကို အမဲရိုးကိုက်သည့်ခွေးနှင့်နိုင်းကာ 
ချိုးချိုးဖဲ့ဖဲ့ စကားတင်းဆိုခြင်းဟု ကျနော်က မှတ်ယူမိပါသည်။ 
မခိုင်းနှိုင်းကောင်းသည်ကို မသိသားဆိုးရွားစွာခိုင်းနှိုင်းခြင်းဟုလည်း 
မြင်ပါသည်။ 
 အမှန်က ခွေးသည် အမဲရိုးကိုကိုက်ရခြင်း၌ အကြောင်း ၂ မျိုးရှိပါသည်။ 
တမျိုးမှာ အစားအရသာခံရန်ဖြစ်ပြီး နောက်တမျိုးမှာ 
သွားကျန်းမာရေးအတွက်ဖြစ်ပါသည်။ သွားကျန်းမာရေးဆိုရာ၌ ၂ ခုရှိပြန်ပါသည်။ ပထမ
 တခုမှာ သွားများ ကြံ့ခိုင်သန်စွမ်းနေရန် အားရှိ တောင့်တင်းနေစေရန်ဖြစ်ပြီး
 နောက်တခုမှာ သွားစွယ် သွားတက်များ လိုသည်ထက်ပိုမရှည်လာစေရန် ဖြစ်ပါသည်။ 
ထို ဒုတိယအကြောင်းက ပိုအရေးပါပါသည်။ အရိုးအမာများ မကိုက်ရသဖြင့် 
သွားစွယ်သွားတက်များ ရှည်ထွက် ချွန်တက်လာပါက ထိုအစွယ်အတက်များ အထက်အောက် 
သွားဖုံးများနှင့်ထောက်ကာ သွားဖုံးအနာဖြစ်ခြင်း 
ရေစီးကမ်းပြိုလိုက်ခြင်းများဖြစ်ပါသည်။ ထို့ကြောင့် ခွေးများသည် 
အရိုးမာများကို တမင့်ကိုကိုက်ပေးနေရသည်ဟု 
တိရိစ္ဆာန်ဆရာဝန်ကရှင်းပြဖူးပါသည်။ ထိုအခြင်းအရာကို လူ့ကိလေသာ 
ကာမတဏှာတို့အကြောင်းနှင့် ခိုင်းနှိုင်းပြောသူများ သိဟန်မတူကြပါ။ သိလျှင် 
ဘာပြောကြမည်ကိုလည်း ကျနော် မသိပါ။
 တကယ်တော့လူတွင် ကာမတဏှာပြောပြော ကိလေသာစိတ်ဆိုဆို ထိုစိတ်ရှိခြင်းနှင့် 
ထိုစိတ်တောင့်တတပ်မက်ခြင်းမှာ ရှိကောင်းသောအရာ ဖြစ်ပါသည်။ 
အလွန်အကျွံဖြစ်ခြင်းမဖြစ်ခြင်းဟု ဆိုရာ၌လည်း အလွန်အကျွံနှင့် အလောတော်ကို 
ဘာနှင့်တိုင်း၍ ဘယ်သူကဆုံးဖြတ်မည်မှန်း ကျနော်မသိပါ။ ကျနော် 
မသိသည့်ကိစ္စကို ဘာမှမပြောလိုသော်လည်း လူတွင် အနုပညာ၊ 
နိုင်ငံရေးနှင့်လိင်စိတ်ဆိုသည်မှာ မရှိမဖြစ်ကိစ္စများ ဖြစ်ကြောင်းနှင့် 
လူသားဖြစ်တည်မှုနှင့် လောကတည်တန့်မှုတို့အတွက် 
အရေးကြီးသည့်အရာများဖြစ်ကြောင်းတော့ ကျနော်ပြောနိုင်ပါသည်။
မျိုးမြင့်ချို ဖေဖော်ဝါရီ ၁၄၊ ၂ဝ၂ဝ
မျိုးမြင့်ချို ဖေဖော်ဝါရီ ၁၄၊ ၂ဝ၂ဝ

 
 
 










0 comments:
Post a Comment