Sunday, February 9, 2020

လူပေါင်စာချုပ်များ(၂)

0 comments
လူပေါင်စာချုပ်များ(၂)
ပေါင်နှံသူသည် လူကိုတန်ဖိုးသတ်မှတ်၍ပေါင်နှံသော်လည်း အပေါင်ခံသူထံမှငွေကိုမယူပဲ စပါးကိုယူသည်လည်းရှိပါသည်။ စပါးချေးရာတွင် ပြန်ဆပ်သောအခါ ကြွက်စာပါထည့်၍ဆပ်ရပါသည်။ စပါးဆယ်တင်းလျှင် ကြွက်စာတတင်းနှုန်းပေးရပါသည်။ ငွေအစား စပါးယူသောအခါ ပေါင်ကြေးငွေကို ထိုအချိန်ကစပါးပေါက်ဈေးနှင့်တွက်၍ စပါးကိုပေးရပါသည်.။ 

(၅)ပေးဆပ်ရမည့်ကြွေးများ၍ ငွေရှင်က ပေးဆပ်ရန် အကြိမ်ကြိမ်တောင်းခံသည့်အခါ မပေးဆပ်နိုင်ပါက လူတစ်ဦးမက အပေါင်သွင်းရပါသည်။
မိမင်းဝါသည် ၂၇ ဇွန်၊ ၁၈၅၁ တွင် ဘဏ္ဍာစိုး စာရေးတော်ကြီးမင်းက ကြွေး ၁၂၃ိ ၂ူး၊ ၁ဲ(တစ်ရာနှစ်ဆယ့်သုံးကျပ်၊ ၂ မူး၊ တစ်ပဲ) ပေးဆပ်ရန် တောင်းသဖြင့် သားသမီးငါးယောက်ကို တပြိုင်တည်း ဘဏ္ဍာစိုးစာရေးတော်ကြီးထံ ကျွန်အဖြစ်သွင်းရပါသည်။ ကြွေး ၁၂၃ိ၊ ၂ူး၊ ၁ဲ တင်ရှိ ရသည်မှာလည်း ချေးယူစားသုံးသည့် ငွေ ၃ဝိ၊ မောင်သောင်က ချေးငွေ ၇ိ၊ ချေးယူစပါးတင်း ၃ဝ၊ အတိုး ၁၅ တင်း၊ စုစုပေါင်း ၄၅ တင်း၊ တတင်းလျှင် ကျေးရွာပေါက်ဈေး တစ်ကျပ်၊ ၂ူး၊ ၁ဲဈေးနှင့် ကျသင့်ငွေ ၅၆ိ၊ ၂ူး၊ ၁ဲ(ငါးဆယ့်ခြောက်ကျပ် နှစ်မူး တစ်ပဲ)၊ ထိန်းကျောင်းရင်း ပျောက်ဆုံးသည့်မြင်းမသားအမိ ၃ဝိ၊ စုစုပေါင်း ငွေချိန် ၁၂၃ိ၊ ၂ူး၊ ၁ဲဖြစ်၍ ထိုငွေကိုမဆပ်နိုင်သဖြင့် သမီး မိမင်းတိုး၊ မိကာမယ်၊ မိရွှေမြင်နှင့် သား ငရဲမှန်၊ ငကျော်ရာတို့ မောင်နှမငါးယောက်ကို ကျွန်အဖြစ် ဘဏ္ဍာစိုးစာရေးတော်ကြီးမင်းထံ သွင်းလိုက်ရပါသည်။


(၆) ငွေများများချေးလိုသော်လည်း လူများများအပေါင်မသွင်းနိုင်သူများက လူတယောက်ကို တန်ရာတန်ကြေးနှင့်အပေါင်သွင်းပြီး နောက်ထပ် လိုသောငွေကို ၁ဝိ လျှင် တစ်လ ၅ူး(ငါးမူး)တိုးနှင့် ချေးယူရပါသည်။ (ထိုစဉ်ကသုံးသည့် ကျပ်သည် အလေးချိန်ကျပ်သားဖြစ်ပြီး ငွေ ၁ဝိ ဆိုသည်မှာ ငွေသား တစ်ဆယ်ကျပ်သားဖြစ်ပါသည်။ အတိုး ၅ူးမှာလည်း ငွေ၅ူးသားဖြစ်ပါသည်။ မင်းတုန်းမင်း ၁၈၅၃-၁၈၇၈ လက်ထက် ရောက်မှသာ ဒင်္ဂါးကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာသောကြောင့် ယခု ကျပ်သုံးနည်း သုံးစွဲလာပါသည်။ တလုပ်မြိ့ုစီရင်စု ပန်းညိုရွာသူကြီးက သားကို ဘဏ္ဍာစိုးစာရေးတော်ကြီးထံ ၁၆ စက်တင်ဘာ၊ ၁၈၆၄ တွင် ငွေ ၅ဝိ နှင့်အပေါင်သွင်းလျှက် နောက်ထပ်လိုငွေ ၇၅ိ ကို ၁ဝိ လျှင် တစ်လ ၅ူးတိုးနှင့်ချေးယူ၍ ထိုအလွတ်ချေးငွေကို ယူသည့်နေ့မှ ၈ လပြည့်နေ့တွင် အရင်းရောအတိုးပါ ပေးဆပ်ပါမည်ဟု အာမခံရပါသည်။

အချို့က လူကိုပေါင်၍ ငွေချေးသည့်အခါတွင် ငွေရှင်တဦးတည်းသို့ အပေါင်မသွင်းပဲ အခြားငွေရှင်သို့ပါ ခွဲ၍အပေါင်သွင်းပါသည်။ ရွယပုလဲရွာနေ ငယ၊ အရီးမိနှင်းငုံတို့က ၉ ဇွန်၊ ၁၈ဝ၇ တွင် သား ငအောင်ညိုကို မောင်လှေထံ ၅၇ိ၊ ၅ူး၊ ၁ဲနှင့်ပေါင်၍ ထိုနေ့နှိုက်ပင် ငယ၊ အရီးမိနှင်းငုံတို့သည် သမီး မိစောကို ကျောင်းအမကြီး မယ်အုန်းစက်ထံ ၇၅ိ၊ ၉ူး၊ ေ၃ွး(ခုနှစ်ဆယ့်ငါးကျပ်၊ ကိုးမူး၊ သုံးရွေး)နှင့် ပေါင်ပါသည်။
ငွေလိုလျှင် လူကိုပေါင်သူများရှိသကဲ့သို့ ပေးဆပ်ရမည့်ကုန်ပစ္စည်းကို မပေးဆပ်နိုင်၍ လူကိုအပေါင်သွင်းရသူများလည်းရှိပါသည်။ မင်းရွာမှ လုပ်သားမောင်ဖြူက ဘဏ္ဍာစိုးစာရေးတော်ကြီးထံ ဆီ ၃၃၅ ပိသာ၊ ၁၅ သြဂုတ်၊ ၁၈၆၄ တွင် ပေးသွင်းရန်ရှိသည်ကို မပေးသွင်းနိုင်သဖြင့် ဆီပိသာ ၁ဝဝ အတွက် လက်ရှိပေါက်ဈေးနှင့် သား ငနိုင်ကို ကျွန်အဖြစ်သွင်းထားပြီး ကျန် ဆီ ၂၃၅ ပိသာကို မတ်လ ၁၈၆၅ တွင် ပြေကုန်အောင်ပေးဆပ်ပါမည်ဟု စာချုပ် ချုပ်ပါသည်။

ပွဲစားထံမှ လက်ဖက်ချေးယူပြီး လက်ဖက်ကိုပြန်မဆပ်နိုင်သည့်အခါ သားကို အပေါင်သွင်းရသည်လည်းရှိပါသည်။ မောင်ချစ်သူက ပွဲစား မောင်ကြိုင်ပွင့်ထံမှ လက်ဖက် ၁၂၂ ပိသာ ချေးယူထားပါသည်။ မောင်ကြိုင်ပွင့်က ချေးယူသည့်လက်ဖက်ခြောက်ကို ပြန်တောင်းသောအခါ လက်ဖက်ကိုမပေးပဲ လက်ဖက်ဖိုးငွေကိုသာပေးပါရစေ၊ လက်ဖက်ဖိုးကျသင့်ငွေအတွက် သား ငရန်ကို နွေ၊ မိုး၊ ဆောင်း ကျွန်ခံပေးပါမည်ဟု ဆိုပါသည်။ ထိုအဆိုကို ပွဲစားမောင်ကြိုင်ပွင့်ကသဘောတူသဖြင့် ၂၁ မေ၊ ၁၈ဝ၆ တွင် စာချုပ် ချုပ်ဆိုပါသည်။

လူပေါင်သူများသည် သာမန်ဆင်းရဲသားများမဟုတ်ဘဲ၊ မင်းမှုထမ်းများလည်း ပါဝင်ပါသည်။ ၂၅ စက်တင်ဘာ၊ ၁၈၄၂ တွင် ထိန်ကန်ရွာသူကြီး မောင်ရွှေပေက ငွေအသုံးလို၍ သံတော်ဆင့်မင်း မင်းလှမင်းကျော်ထံမှ ငွေ ၆ဝိ ကို တစ်လ ၅ူးတိုးနှင့် ချေးယူ၍ ၂ နှစ်အကြာတွင် အတိုးရော အရင်းပါပေးဆပ်ရန် သံတော်ဆင့်မင်းကတောင်းသည့်အခါ ထိန်ကန်သူကြီးသည် ပေးဆပ်နိုင်ခြင်းမရှိပေ။ ငွေ မပေးဆပ်နိုင်မီအတွင်း လူငယ် ငအေးကို အစေခံနေပါစေမည်ဆို၍ ငအေးကိုကျွန်အဖြစ်သွင်းပြီး ငွေချေးယူပါသည်။ တစ်လလျှင် ၅ူးတိုး၊ အမျှော် ၁ိ၊(တစ်ကျပ်)နှင့် မောင်ရွှေပေ ချေးယူခဲ့သည့် ငွေ ၆ဝိ သည် အတိုးရောအရင်းပါ ၁၂ဝိ ကျသင့်၍ ထိုအချိန်တွင် မပေးဆပ်နိုင်သောကြောင့် ထိန်ကန်သူကြီး ကတော် မိမင်းယဉ်က ထိုငွေနှင့် သူမအားအပေါင်ခံပါ ကျွန်အဖြစ် သံတော်ဆင့်မင်းထံအစေခံပါမည်ဆိုသဖြင့် သံတော်ဆင့်မင်းက ၂၉ ဒီဇင်ဘာ၊ ၁၈၄၄ တွင် စာချုပ် ချုပ်၍ ထိန်ကန်သူကြီးကတော်ကို ကျွန်အဖြစ်သိမ်းယူပါသည်။ ထိုစာချုပ်တွကင် အသိသက်သေများသည် ဗြဲတိုက်သံဆင့် နေမျိုးဇေယျ၊ လက်ဝဲဝင်းစာရေး မောင်ပြေ၊ ဒိုင်းတော် ငရွှေခို၊ ဘွားဘက် ကျော်ငသိုင်းတို့ဖြစ်ပြီး စာချုပ်ရေးသူသည် ဗြဲတိုက်သံဆင့် နေမျိုးသင်္ခသူဟု မှတ်သားထားပါသည်။
အလားတူပင် ချောင်းဦးဆယ်ရွာမှ သွေးသောက်ကြီး သမန္တကျော်သူသည် လယ်မှုအတွက် ငွေလိုသဖြင့် သား ငမြတ်ရာကို သံတော်ဆင့် မဟာမင်းထင်ကျော် ထံ ငွေ ၃၅ ိ နှင့် ၃၁ သြဂုတ်၊ ၁၈၄၉ တွင် ပေါင်နှံပါသည်။ ထိုနည်းတူပင် မြောက်မာရဘင်အမှုထမ်း ငရွှေကြာသည် သား ငကျော်စံကို ဘဏ္ဍာစိုးစာရေးတော်ကြီးထံ ငွေ ၆ဝိ နှင့် ၈ ဇူလိုင်၊ ၁၈၅၅ တွင် ပေါင်လျှက် ထိုနှစ် ၁၇ ဇူလိုင်၊ ၁၈၈၅ တွင် ချွေးမဖြစ်သူ မိမိန်းမ (ငစံကျော်ဇနီး)ကို ၄၉ိ၊ ၄ူး(လေးဆယ့်ကိုးကျပ် လေးမူး)နှင့် ဘဏ္ဍာစိုးစာရေးတော်ကြီးထံပင် ထပ်ပေါင်ကာ အိမ်ထောင်စုံစေခိုင်းပါဟု စာချုပ် ချုပ်ပါသည်။ ထို့ကြောင့် ဆင်းရဲသားများသာ လူကိုပေါင်သည်မဟုတ် မင်းမှုထမ်းအချို့လည်း ဇနီး သားသမီးများကိုပေါင်၍ ငွေချေးသည်ကို တွေ့ရပါသည်။

ငွေရှင်တစ်ဦးထံ အစေကျွန်ခံနေရာမှမပျော်ပိုက်၍ အခြားတစ်ဦးထဲပြောင်း၍ ကျွန်ခံသည်လည်းရှိပါသည်။ ထိုအခါ ပထမငွေရှင်ထံရွေးနှုတ်ရန် နောက်ငွေရှင်ထံမှအပေါင်ငွေယူ၍ ရွေးနှုတ်ရပါသည်။ အချို့ငွေရှင်က ငွေကြေးတတ်နိုင်၍ ကျွန်အဖြစ်မှလွတ်မြောက်ရန်ရွေးနှုတ်သည်ကို ယူရင်း ငွေပမာဧ(ကြေးရင်း)နှင့်ပင် ရွေးခွင့်ပြုသော်လည်း သူတစ်ပါးထံပြောင်း၍အစေခံရန်ရွေးနှုတ်ပါက ယူရင်းငွေနှင့်အရွေးမခံဘဲ ထပ်ဆောင်းငွေ(ကြေးလိုက်လက်ဆောင်)နှင့်ရွေးမှ အရွေးခံပါသည်။
လူကိုပေါင်ရာတွင် ပေါင်သူနှင့်အပေါင်ခံသူနှစ်ဦးတို့ သဘောတူကတိကဝတ်ထား၍ စာချုပ် ချုပ်ရာနှိုက် လူပေါင်စာချုပ်တွင် မြေပေါင်စာချုပ်ထက် ထူးခြားသည်မှာ အာမခံသူ တပါတည်းပါရခြင်းဖြစ်ပါသည်။ လူသည် သက်မဲ့မြေကြီးနှင့်မတူပဲ ထားရာတွင် မနေသည့်သူများရှိတတ်၍ အာမခံသူပါရခြင်းဖြစ်ပါသည်။ အာမခံသူက ယခုအပေါင်ထားသူသည် အစေမခံဘဲ တိမ်းရှောင်ထွက်ပြေး ကပ်ခိုနေခဲ့လျှင် ပျက်ကွက်သည့်လုပ်အားခနှင့်တကွ ပေါင်ကြေးငွေကိုပေးဆပ်ပါမည်ဟု အာမခံရပါသည်။ တခါတရံ ပေါင်နှံထားသူ ထွက်ပြေးပါက မည်သူ့ကို အစားသွငိးပေးပါမည်ဟု အာမခံရသည်လည်းရှိပါသည်။
ထို့ပြင် အပေါင်ထားသူအား အရှင်သူဟောင်း မင်းနှုတ်စိုးယူ မရှိစေရပါ။ ရှိပါက ပေါင်ကြေးငွေကို လျော်ပါမည်ဟုလည်း တာဝန်ယူရပါသည်။ အရှင်သူဟောင်း မင်းနှုတ်စိုးယူဆိုသည်မှာ ယခုပေါင်နှံသူမှာ လွတ်လပ်သူမဟုတ်ဘဲ အခြားတပါးသူ၏ကျွန်ဖြစ်ခဲ့လျှင် အရှင်သခင်ဟောင်းက အမှုလုပ်လျှက် ပြန်လည်ခေါ်ယူခြင်းဖြစ်ပါသည်။ အပေါင်ထားသူသည် အများနည်းတူလုပ်နိုင်ကိုင်နိုင်သည့်အင်အား မရှိပါက လုပ်ကိုင်နိုင်မည့်သူနှင့် လဲလှယ်လုပ်ဆောင်ပါစေမည်ဟု အာမခံရသူသည်လည်းရှိပါသည်။(စာသမားတိုက်စိုး၊ မွေးနေ့လက်ဆောင်စာစု စာအုပ်မှ အငြိမ်းစားသမိုင်းပါမောက္ခ၊ ရန်ကုန်တက္ကသိုလ် မြန်မာ့သမိုင်းအဖွဲ့ဝင် ဒေါ်အုံးကြည်ရေးသားသည့် လူပေါင်စာချုပ်များဆောင်းပါး ဖြစ်ပါတယ်။ ကျနော်ဖတ်ပြီး စိတ်လည်းမကောင်း စိတ်လည်းဝင်စားတာနဲ့ အခြားသူတွေပါဖတ်ရအောင်စာရိုက်တင်ပေးတာပါ။ စိတ်ဝင်စားရင် ကွန်မန့်ထားခဲ့ပါ။ ဆယ်ဦးလောက် စိတ်ဝင်စားတယ်ဆို ဆက်ရိုက်ပြီးတင်ပေးပါ့မယ်။ ဒါက ဒုတ်ယပိုင်းပါ။ မျိုးမြင့်ချို)

0 comments:

Post a Comment