(စပရင်းရိုးလ်)
Spring Roll လုပ်စားရအောင်ဆိုကာ ဇနီးသည် ဗမာကုန်စုံဆိုင်မှ အသီးအရွက်များ ဝယ်လာပါသည်။ ကျနော်က စားသာစား၍လုပ်လည်း မလုပ်တတ်၊ လုပ်လည်းမလုပ်နိုင်။ သူလုပ်နေတာ ဘေးကထိုင်ကြည့်ရင်း မင်းလိုတဲ့အခါပြောလေ ငါလုပ်ပေးနိုင်တာရှိလုပ်ပေးပါ့မယ်ဟု လေပြေထိုးတော့ ကိုယ့်ဘာသာသွားထိုင် စာဖတ်နေ ငါ့ဘာသာ ကြည့်လုပ်လိုက်မယ်ဆို၏။ အမှန်က သူလည်း ဒီလောက် လုပ်တတ်တာမဟုတ်။ တခါမှလည်း အိမ်မှာလုပ်စားဖူးသည်မရှိ။ ညီမအိမ်သွားရင်း တခေါက်သား Spring Roll နှင့်တည့်တည့်တိုးသဖြင့် သူရောကျနော်ပါ တနင့်တပိုးစားခဲ့ကြ၏။ စားပြီးတော့ သူက မပြီး။ လုပ်နည်းမေးကာ အိမ်မှာလုပ်စားရအောင်ပြော၏။ ဤသို့ အကြောင်းက အိမ်မှာလုပ်စားရန်ဖန်လာ၏။
သူ လှီးချွတ်နေတုန်းကျနော်က ကြက်ကလေးတွေ အစာထွက်ကျွေးပြီးပြန်အဝင် အပြင်မှာအေးလိုက်တာကွာ ရေခဲမှတ်အောက် ဘယ်လောက်တောင် ကျနေလဲမသိဘူးဟုပြောတော့ သူ့ဆီက ကျွတ်ကျွတ် ကျွတ်ကျွတ်နှင့် စုပ်သပ်သံထွက်လာ၏။ ဓားထိပြီမဟုတ်လားဆိုတော့ အင်းတခွန်းပြောပြီး လက်ကို ရေပိုက်ခေါင်းအောင်ထိုးထည့်ကာ ရေဆေး၏။ သွေးညှစ်ချ၏။ ပြီးတော့ ခြောက်အောင်သုတ် အရက်ပျံပွတ်ကာ ဆေးပလာစတာကပ်၏။ ကျနော်က ထားလိုက်တော့ နင့် စပရင်းရိုးလ်၊ နောက်မှလုပ်စားလည်းစား၊ မစားလည်း ငါ့ညီမကိုပေးလိုက်မယ်၊ သူလုပ်ပေးတော့ စားတာပေါ့လေဟုဆိုတော့ လက်ကိုအသာခါရင်း ရတယ် နည်းနည်းလေးရှပ်ထိသွားတာ ဘာမှမဖြစ်ဘူး လုပ်မယ်ဟုဆိုကာ ဆက်လုပ်၏။ ကျနော်လည်း လက်နားနီးရာစာတအုပ်နှင့် ဧည့်ခန်းတွင်ထိုင်၏။ မီးဖိုချောင်က တတောက်တောက် တတက်တက် လှီးသံချွတ်သံ၊ တချက်တချက် ခွေးလေးတွေ၏ ဟောင်သံ တဝုတ်ဝုတ်၊ တင်းဆင်းကြက်မကြီး၏ ကတော်သံ တတော်တော်မှတပါး အိမ်လုံးဆိတ်ညံလျှက်။
ရပြီ နင် မြည်းစမ်းကြည့်မလား လာခဲ့လေဆိုဖြင့် မီးဖိုချောင်သွားတော့ Counter Top ပေါ်က ပန်းကန်ပြားအပက်ကြီးထဲတွင် လိပ်ပြီးသား စရင်းရိုး ၂ ခု နှင့် တို့စားရန်အချဥ်ရည်တခွက်ချထားတာ မြင်၏။ စားကြည့်လေ အလိပ်တော့ကြီးတယ်ဟုပြောရင်း တယောက်တလိပ်စီယူကြ၏၊ သူ့ အလိပ်တွေက ကြီးရုံမက လိပ်ထားတာကလည်း တင်းတင်းရင်းရင်းမရှိ၊ ပွယောင်းယောင်း၊ ကျနော့်ညီမလုပ်သည့် အလိပ်တွေနှင့် တခြားစီပင်၊ ပြောလိုက်လျှင် စိတ်မကောင်းဖြစ်သွားမလားတွေးပြီး ဘာမှမပြောပဲ အလိပ်ကို အချဥ်ရည်နှင့်တို့ပြီး တကိုက်စာ ကိုက်ချလိုက်၏။ အထဲကအစာတွေက ရှေ့သွားတွေနှင့်တင် မပြတ်၊ တင်းခံနေ၏။ ပါးစောင်အထိ ထိုးသိပ်ကာ အံသွားဖြင့် ကိုက်ပြီးကြိတ်ဖြတ်လိုက်တော့မှ မသပ်မရပ်တွေနှင့် အလိပ်လည်းပြတ်၏၊ အထဲက အဆာပလာတချို့လည်း ဘေးထွက်ကြကုန်၏။
ငါ အဆာတွေလှီးတာ ကြီးပြီး ရှည်လည်းရှည်သွားတယ်၊ ပြီးတော့ အလိပ်လည်း ကြီးသွားတယ်၊ ကျစ်လည်း မကျစ်ဘူးနော်ဟုပြောရင်း သူ့ဘာသာ သဘောကျသလို တဟီးဟီးရယ်တော့ ကျနော် ကျွဲမြီးတို၏။ နင်က ရယ်နေ ငါ့ကြည့်ပါဦး၊ ဒီမှာ အကုန်ပွတကုန်ပြီဆိုမှ အရယ်ရပ်ပြီး ဆောရီးဆောရီးနှင့် အောက်ကျတာတွေ လိုက်ကောက်၏။ အရသာက ကောင်း၏။ အဆာတွေကလည်း လတ်ဆတ်တော့ ကျိုးကျိုးကြွပ်ကြွပ် နေ၏။ အချဥ်ရည် စပ်ထားတာလည်း မဆိုး။ ဗိုက်ဆာဆာနှင့် နောက်တလိပ် လိပ်ခိုင်းပြီး ထပ်စားလိုက်၏။ သည်အလိပ်လည်း အလိပ်ကြီးပင်။
Spring Roll ကို ဘယ်အချိန် ဘယ်သူကစပြီးတည်ထွင်စားသောက်ခဲ့မှန်း ကျနော်မသိသော်လည်း ကြိုက်တော့ ကြိုက်၏။ အမှန်ဆိုရလျှင် စပရင်းရိုးလ်ဆိုသည်ကို ဒီရောက်မှ ကြားလည်းကြားဖူးသလို စားလည်းစားဖူးတာဖြစ်၏။ စ ပရင်းရိုးလ်ကိုလိပ်သော ဂျုံသား အကြည်နုနုပါးပါးလွှာလွှာမှာ မသိလျှင် ပလက်စတစ်အပျော့လိုလို ရာဘာအကြည်သားပါးပါးလွှာလွှာလို ခတ်တုန်တုန် ခတ်ပျော့ပျော့လေးနှင့် စေးစေးကပ်ကပ်လေးနေ၏။ အလိပ်အရွယ်အစားလိုက် လိပ်ဖက်အကြီးအသေးကွာ၏။ ထို လိပ်ဖက်လေးတွေက အထုတ်လိုက်လာပြီး တထုတ်လျှင် အရွက် အစိတ်ခန့်ပါ၏။ မလိပ်ခင် ထိုလိပ်ဖက်အထပ်ကလေးမှ တရွက်ချင်းကို ဖြည်းဖြည်းစီခွာပြီး ရေအေးအေးတွင် အချပ်လိုက်ကလေး ၅ စက္ကန့်ခန့် စိမ်ရ၏။ ရေစိမ်လိုက်လျှင် ပလပ်စတစ်သားလို ကြည်ကြည် တုန်တုန် ပါးပါး အိအိလေးဖြစ်သွား၏။ ထို ထွာဆိုင်မရှိတတ်ရှိတတ် အိအိတုန်တုန် အကြည်သားပါးလွှာလေးကို အပြင်ညီတခုပေါ်တင်ပြီး အနားလေးတွေမှ တင်းတင်းဆွဲကာ အသာအယာဖြန့်ရ၏။
ပြီးမှ အလောတော်လှီးထားသည့် ဆလတ်ရွက်ကလေးကို အလည်တည့်တည့်တွင်ဖြန့်ခင်းကာ သခွားသီးအချောင်းလေးတွေ၊ ထောပတ်သီးအချောင်းလေးတွေ၊ မုန်လာဥနီအချောင်းလေးတွေ၊ ပဲပင်ပေါက်လေးတွေ၊ ကြက်သွန်မိတ်လေးတွေ၊ ချီးစ်အတောင့် အချောင်းလေးတွေ၊ ပြုတ်ထားသည့်ဆန်ကြာဆံလေးတွေနှင့် ရေနွေးဖျော အခွံသင် နှစ်ခြမ်းခွဲထားသည့် ပင်လယ်ပုဇွန်ဘော့ချိတ်လေးတွေထည့်ကာ အောက်ခံဖက်ရွက်ကလေးကို အသာခေါက်ယူပြီး တဘက်ခြမ်းမှ စအုပ်လိုက်ရ၏။ ပြီးလျှင် ထိပ် ၂ ဘက်မှ အစကို အတွင်းဘက် ခေါက်သိမ်းသွင်းပြီး ထိပ်၂ ဘက်ပိတ်ကာ နံပြားထဲ ပဲပြုတ်ထည့်လိပ်သလို လိပ်ရ၏။ လိပ်နေချိန်တွင် အထဲကအဆာတွေ ဘေးဘီထွက်မလာရန် အလိပ်ညီပြီး ကျစ်နေရန်မှာမူ လက်အချိန်အဆနှင့် ကျွမ်းကျင်မှုလို၏။ အတွေ့အကြုံလို၏။ စိတ်ရှည်ပြီး အနုပညာစိတ်အခံရှိကာ အလှအပကြိုက်တတ်သူဖြစ်ရန်ပါ လိုမည်ထင်၏။
ဤသို့ဆိုလိုက်သဖြင့် စပရင်းရိုးလ်လိပ်သူတိုင်း စိတ်ရှည် အလှအပကြိုက်ကာ အနုပညာအခံရှိသူများချည်းဟု မဆိုလိုသော်လည်း ထိုအရာများမရှိလျှင်တော့ ဘယ်လိုမှ လှပ အသွေးအရောင်စုံကာ အရသာရှိပြီး လက်ထဲကိုင်စားရအဆင်ပြေမည့် စပရင်းရိုးလ်တခု ဖြစ်လာလိမ့်မည်မဟုတ်ကြောင်းတော့ တပ်အပ်ပြောဝံ့ပါသည်။
စပရင်းရိုးလ်တလိပ်ကိုကြည့်လိုက်လျှင် ပလပ်စတစ်သားလိုကြည်နေသည့် ဖက်လိပ်ကလေးမှ အတွင်းသို့ဖောက်ထွင်းကာ မုန်လာဥနီ၏အနီနှင့် ပုဇွန်ဆီရောင်၏အနီ၊ သခွားသီးအစိမ်း၏ အစိမ်းနှင့် ကြက်သွန်မိတ်၏အစိမ်း၊ ထောပတ်သီး၏နို့နှစ်ရောင်နှင့် ချီးစ်အတောင့်လေး၏နို့စိမ်းရောင်၊ ပဲပင်ပေါက်နှင့် ကြာဆံ၏အဖြူရောင်များ လှပစွာရောယှက်လျှက် ဆေးရောင်စုံပန်းချီကားတချပ်လို လှပနေ၏။ အလွန်ကျွမ်းကျင် စိတ်ရှည်သည့်အနုပညာရှင် တယောက်ကဖန်တီးလိုက်သည့် အနုပညာပစ္စည်းတခုလိုပင် မစားရက်စရာဖြစ်၏။ ထိုသို့အလားတူသည့် မျက်စေ့ပသာဒဖြစ်မှုနှင့် စိတ်တွင်ရသည့်အရသာမှာ စပရင်းရိုးလ်နှင့် ဆူရှီးတို့တွင် သွားတူနေသည်ဟု ကျနော်ကထင်၏။ ဆူရှီးက ပို၍ အရောင်အသွေးစုံ အရသာစုံကာ ပို၍ရှုမညီးစရာဖြစ်သည်ဟုဆိုလာလျှင် တွင်တွင်မငြင်းလိုသော်လည်း စပရင်းရိုးလ်က ပို၍ ကျန်းမာရေးနှင့်ညီညွတ်သည်ဟု ကျနော် စောဒက တက်မိမည်လား မပြောတတ်ပါ။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၂၀၊ ၂၀၂၀
0 comments:
Post a Comment