(လူပေါင်စာချုပ်များ) တတိယပိုင်း
ပေါင်သူနှင့်အပေါင်ခံနှစ်ဦး၏သဘောတူညီချက်တွင် ပေါင်သည့်သူကို ရှင်မပွား
သေမဆုံးအပေါင် ဝယ်ယူသည်၊ ရှင်ပွား သေဆုံးအပေါင် ဝယ်ယူသည်ဟု
အချို့စာချုပ်များတွင် ထည့်သွင်းချုပ်ဆိုပါသည်။ ထိုအချက်များသည်
နှစ်ဦးစလုံးအတွက် အရေးကြီးသည့်အချက်များ ဖြစ်သည်။
ရှင်မပွား သေမဆုံးဆိုသည်မှာ ကျွန်အဖြစ်ပေါင်နှံခြင်းခံရသူသည်
အစေကျွန်ခံနေစဉ်အတွင်း အိမ်ထောင်ကျ၍ ကလေးရလျှင်သော် လည်းကောင်း၊
ထိုကလေးများသည် အပေါင်ခံသူနှင့် မည်သို့မျှမဆိုင်၊ ပိုင်ဆိုင်ခွင့်မရှိပေ။
ကျွန်အသက်ရှင်နေသော်လည်း ယင်းထံမှ အတိုးအပွား မရနိုင်ပေ။ ထို့ကြောင့်
ရှင်မပွားဟု ဆိုပါသည်။ သေမဆုံးဆိုသည်မှာ ကျွန်ခံနေစဉ်အတွင်း သေဆုံးသွားပါက
ကိုယ်ဖိုးငွေနှင့် တကွ လုပ်ခွန်ပါ မဆုံးစေရဘဲ သေဆုံးသူအစား
အခြားတဦးကိုပေးရခြင်းဖြစ်သည်။
ငါးစည်ကျောင်းအမထံတွင် ကျွန်ခံနေသည့် မောင်အောင်သ သည် ကျွန်ခံရင်း ၂၉
စက်တင်ဘာ၊ ၁၈၈၂ တွင် သေဆုံးသွားသဖြင့် မောင်အောင်သ၏နေရာတွင် သူ၏သား
ငသက်ဦးကို ငါးစည်ကျောင်းအမထံအစားသွင်း ကျွန်ခံစေပါသည်။
ရှင်ပွားသေဆုံးဆိုသည်မှာ ကျွန်ခံနေစဉ်အတွင်းရရှိသည့်ကလေးများကိုပါ
အပေါင်ခံသူကပိုင်ဆိုင်လျှက် ကျွန်ခံနေစဉ်သေဆုံးပါကလည်း နောက်ထပ်လူစားပေးစရာ
မလိုပေ။ အစေကျွန်ခံသူသည် အမျိုးသမီးဖြစ်လျှက် ကျွန်မခံမီကသန္ဓေပါလာပါက
ကလေးသည် လွတ်လပ်သူပင်ဖြစ်ပြီး အပေါင်ခံသူက ကျွန်မပြုနိုင်ပေ။
ကျွန်ခံနေစဉ်အတွင်းရရှိသည့်ကလေးသည် မရွေးနှုတ်နိုင်သမျှ မိဘကဲ့သို့ပင်
ကျွန်ပြုခြင်းခံရပါသည်။
ငချိုဆိုသူသည် ၁၈၇၆ ခုနှစ်တွင် သူကောင်းမ
မခိုင်၏ကျွန်အဖြစ်မှလွတ်လိုသဖြင့် ကိုယ်ဖိုးငွေ(ပေါင်ကြေး)၁၂ဝိ
ပေးရန်ရှိသည့်အနက် ၁ဝဝိ ကိုပေး၍ ကျွန်အဖြစ်မှလွတ်စေခဲ့ပါသည်။
ငချိုကျွန်ဖြစ်ရသည်မှာ အဖိုးဖြစ်သူက သူကောင်းမ မခိုင်ထံ ရှင်ပွားသေဆုံး
သဘောတူညီချက်ဖြင့် ကျွန်ခံရာမှ ငဘူး(ငချို၏ဖခင်) ကိုမွေးသဖြင့် ငဘူးပါ
ကျွန်ပြုခြင်းခံရပါသည်။ ငဘူးသည်လည်း ကျွန်ခံနေစဉ်နှိုက်ပင် အလွတ်သူ
မိဘူးနှင့် သင့်မြတ်၍ ငချိုကိုမွေးဖွားရာ ငချိုပါဆက်၍ ကျွန်ပြုခံရပါသည်။
သုံးဆက်တိုင်တိုင် ကျွန်ခံပြီးဖြစ်သဖြင့် ပေးရန်ရှိသည့်အပေါင်ကြေး ၁၂ဝိကို
၁ဝဝိ နှင့်ရွေးနှုတ်ခွင့်တောင်း၍ မိမိကိုယ်ကိုယ် ရွေးနှုတ်ခြင်းဖြစ်ပါသည်။
လူပေါင်စာချုပ်များတွင် ရွေးနှုတ်ခွင့်ကို ကျွန်အဖြစ်
နှစ်ကာလမည်မျှုစေခိုင်းခြင်းခံပြီးမှ ရွေးနှုတ်ခွင့်ပေးမည်ဟု
ကန့်သတ်ချက်ထားတတ်သည်။
ဥပမာ- ရွေးယူလိုသော် သုံးနှစ်သုံးသီး စေခိုင်းပြီးမှ ရွေးနှုတ်ပါမည်။
လေးနှစ်လေးသီးစေခိုင်းပြီးမှ ရွေးနှုတ်ပါမည်။
ခြောက်နှစ်ခြောက်သီးသေခိုင်းပြီးမှ ရွေးနှုတ်ပါမည် ဟု ရံဖန်ရံခါတွေ့ရပါသည်။ ပေါင်နှံသူသည် ငွေကြေးပြေလည်လာ၍ ရွေးနှုတ်နိုင်သည့် တိုင်အောင် အထက်ပါကန့်သတ်ချက်များကို သဘောတူခဲ့သဖြင့် မရွေးနှုတ်နိုင်ဘဲ သတ်မှတ်နှစ် စေ့သည်အထိ စောင်းဆိုင်းရပါသည်။ ထိုအချက်သည် ငွေရှင်အတွက် အသာစီးရသလောက် ပေါင်နှံသူဆင်းရဲသားအတွက် ထိခိုက်နစ်နာလှပါသည်။
ဥပမာ- ရွေးယူလိုသော် သုံးနှစ်သုံးသီး စေခိုင်းပြီးမှ ရွေးနှုတ်ပါမည်။
လေးနှစ်လေးသီးစေခိုင်းပြီးမှ ရွေးနှုတ်ပါမည်။
ခြောက်နှစ်ခြောက်သီးသေခိုင်းပြီးမှ ရွေးနှုတ်ပါမည် ဟု ရံဖန်ရံခါတွေ့ရပါသည်။ ပေါင်နှံသူသည် ငွေကြေးပြေလည်လာ၍ ရွေးနှုတ်နိုင်သည့် တိုင်အောင် အထက်ပါကန့်သတ်ချက်များကို သဘောတူခဲ့သဖြင့် မရွေးနှုတ်နိုင်ဘဲ သတ်မှတ်နှစ် စေ့သည်အထိ စောင်းဆိုင်းရပါသည်။ ထိုအချက်သည် ငွေရှင်အတွက် အသာစီးရသလောက် ပေါင်နှံသူဆင်းရဲသားအတွက် ထိခိုက်နစ်နာလှပါသည်။
စာချုပ်စဉ်က အိမ်တက်အစေခံကျွန် ဝယ်ယူသည်ဟုသဘောထားပါက
ကျွန်အဖြစ်အသွင်းခံရသူသည် အပေါင်ခံသူငွေရှင်၏အိမ်တွင် နေထိုင်လျှက်
ခိုင်းသမျှလုပ်ပေးရပါသည်။ အကယ်၍ ငွေရှင်၏အိမ်သို့ လိုက်၍မနေလိုပါက စာချုပ်
ချုပ်စဉ်ကပင် ကိုယ်ဝင် မလုပ်ဆောင်ပါရစေနှင့်ဟု ကြိုတင်ပြောဆိုထားရပါသည်။
အချို့က အပေါင်ခံသူ၏အိမ်သို့ လာရောက်မနေဘဲ အမျိုးသမီးဖြစ်ပါက တလလျှင် စပါး
၁၅ တင်း ထောင်းဖွတ်ပေးပါမည်ဟု လည်းကောင်း၊ အမျိုးသားဖြစ်ပါက တနှစ်လျှင်
လုပ်ခွန်စပါးတင်း ၂ဝ ပေးသွင်းပါမည်ဟု လည်းကောင်း
သဘောတူညီချက်ထားရှိကြသည်လည်း ရှိပါသည်။
အပေါင်ခံသူက ကျွန်အဖြစ်သွင်းထားသူအား ခိုင်းပိုင်ခွင့်နှင့်ပတ်သက်၍လည်း
စာချုပ် ချုပ်ဆိုစဉ်ကပင် ထည့်သွင်းချုပ်ဆိုထားသည်ကို စစ်ကိုင်းတိုင်း
မုံရွာမြိ့ုနယ် လယ်ဇင်ရွာမှ ၁၇၉၅ ခုနှစ်ရေး စာချုပ်များတွင်တွေ့ရပါသည်။
ခိုင်းစေရမည်မှာ မြစ်ကူးချောင်းခြား၊ ခရီးနီးဝေး၊ ညဉ့်အိပ်ညဉ့်နေ
ခိုင်းပိုင်စေ၊ အဆိပ်အတောက် စားပိုင်စေ၊ ဓား ဖလား ကွဲရှပျောက်ပိုင်စေ၊
တံဖျာကြိမ်လုံး ဆုံးမပိုင်စေဟု စားချုပ်များတွင် ထည့်သွင်းချုပ်ဆိုကြပါသည်။
အဓိပ္ပါယ်မှာ ငွေရှင်က အပေါင်ခံထားသည့်ကျွန်အား
မြစ်ချောင်းကိုဖြတ်ကျော်ရမည့်ခရီးဖြစ်စေ၊ ခရီးနီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ၊
ညဉ့်အိပ်ညဉ့်နေ စေခိုင်းနိုင်သည်။ ဤသို့စေခိုင်း၍ ကျွန် တစုံတခုဖြစ်ခဲ့သော်
သခင်တွင်အပြစ်မရှိပေ။ နိမ့်သည့်သစ်ပင်ကို လည်းကောင်း၊
မြင့်သည့်သစ်ပင်ကိုလည်းကောင်း တက်ခိုင်းပိုင်ခွင့်ရှိသည်။
ထိုသို့တက်ခိုင်း၍ မတော်တဆလိမ့်ကျသေဆုံးပါက သခင်တွင်အပြစ်မရှိပေ။
အဆိပ်အတောက် စားသောက်ပိုင်စေဆိုသည်မှာ သခင်ကကျွေးသည့်အစားအစာသည်
အခန့်မသင့်၍ အဆိပ်ဖြစ်ပြီး ကျွန်သေဆုံးပါက သခင်တွင်အပြစ်မရှိဟု
ဆိုလိုပါသည်။ ဓား၊ ဖလား ကွဲရှပျောက်ပိုင်စေဆိုသည်မှာ ကျွန်သည်
လုပ်ရင်းကိုင်ရင်း အသုံးအဆောင်ပစ္စည်းများ ကွဲရှပျက်စီးပျောက်ဆုံးခဲ့သော်
သခင်ကအပြစ်မယူဘဲ ခွင့်လွှတ်ရန်ဇြစ်၍ သခင်က ကျွန်ကိုလိုက်လျောခြင်းဖြစ်သည်။
တံဖျာကြိမ်လုံး ဆုံးမပိုင်စေဆိုသည်မှာ အစေခံသူသည် မသိ၊ မလိမ္မာလျှင်
လည်းကောင်း၊ မနာခံလျှင် လည်းကောင်း၊ ဆိုးသွမ်းလျှင် လည်းကောင်း၊
တံဖျာကြိမ်လုံးတို့ဖြင့် ရိုက်နှက်ဆုံးမပိုင်ခွင့်ရှိခြင်းဖြစ်သည်။
၂၂ အောက်တိုဘာ ၁၈၆၄ တွင် ရတနာပုံနေပြည်တော် ပုလွေတန်းရပ်မှ မိမဲက
စာရေးတော်ကြီး မင်းကျော်မင်းထင်ထံ သမီး မိသစ်နှင့် မိနှစ်တို့ကို
၁၅ဝိနှင့်ပေါင်စဉ်က အခြားလူပေါင်စာချုပ်များထက် ထူးကဲစွာပင်
သမီးနှစ်ယောက်အား ကျော်ပိုင်နင်းပိုင်၊ သိမ်းပိုက်ပိုင်စေ၊ စေခိုင်းရာ
နာခံလုပ်ကိုင်နေထိုင်စေပါမည်ဟု
သဘောတူညီချက်ထားသည်ကိုတွေ့ရသည်။(စာသမားတိုက်စိုး၊ မွေးနေ့လက်ဆောင်စာစု
စာအုပ်မှ အငြိမ်းစားသမိုင်းပါမောက္ခ၊ ရန်ကုန်တက္ကသိုလ်
မြန်မာ့သမိုင်းအဖွဲ့ဝင် ဒေါ်အုံးကြည်ရေးသားသည့်
လူပေါင်စာချုပ်များဆောင်းပါး ဖြစ်ပါတယ်။ ကျနော်ဖတ်ပြီး စိတ်လည်းမကောင်း
စိတ်လည်းဝင်စားတာနဲ့ အခြားသူတွေပါဖတ်ရအောင်စာရိုက်တင်ပေးတာပါ။
စိတ်ဝင်စားရင် ကွန်မန့်ထားခဲ့ပါ။ ဆယ်ဦးလောက် စိတ်ဝင်စားတယ်ဆို
ဆက်ရိုက်ပြီးတင်ပေးပါ့မယ်။ ဒါက တတိယပိုင်းပါ။ မျိုးမြင့်ချို)
0 comments:
Post a Comment