“တောင်းပွဲ တိုက်ပွဲ”
ဖဆပလ အစိုးရ လက်ထက်ကနေ ယနေ့ ဦးသိန်းစိန်စစ်အစိုးရအထိ ဖောက်ပြန်ရေး အစိုးရ
အဆက်ဆက်ဟာ ပြည်သူ့လှုပ်ရှားမှု ကြီးထွားလာမှာကို ကြောက်ရွံ့တဲ့အခါတိုင်း
ဒီလှုပ်ရှားမှုတွေကို ကွန်မြူနစ်တံဆိပ် ကပ်ပေးလေ့ရှိကြတယ်။ အုပ်စိုးသူ
အဆက်ဆက် အရိုးစွဲလာတဲ့ ဒီအကျင့်ဟောင်းကို ဦးသိန်းစိန် အစိုးရကလည်း
ဖော်ပြနေတာ တွေ့ရတယ်။ လက်ပံတောင်းတောင် လှုပ်ရှားမှုကို ဦးအောင်သောင်းက
ကွန်မြူနစ်တံဆိပ် ကပ်ပေးလိုက်တဲ့အချိန်မှာ အတော်လေး ပွဲဆူသွားခဲ့တယ်။ ဒါကို
မမှတ်သေးဘဲ ပြောလာပြန်ပြီ နောက်တယောက်။
ဒီတခါ ပြောလာတဲ့သူက ကာချုပ် ဗိုလ်မင်းအောင်လှိုင်ပါ။
သိပ်မကြာသေးတဲ့အချိန်က စစ်သင်တန်းဆင်းပွဲတခုမှာ ပြောခဲ့တယ်။
ကာချုပ်ဆိုတဲ့အတိုင်း နှစ်ပေါင်း ၆၀ အတွင်းလောက် မပြောင်းလဲအောင် ရေးထားတဲ့
ဥပဒေဆိုပြီး ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်ရင်းက ပြောသွားတဲ့စကားပါ။
“တောင်းမယ် တိုက်မယ်ဆိုတာ ကွန်မြူနစ်စနစ် ဖြစ်လာတာ” -တဲ့။ သူ့စကားက
ဦးအောင်သောင်းစကားထက် ပိုဆိုးပါတယ်။ ဦးအောင်သောင်းက လက်ပံတောင်း
လှုပ်ရှားမှုလောက်ကိုပဲ ပြောတာပါ။ ဗိုလ်မင်းအောင်လှိုင်ကတော့ အခြေခံဥပဒေ
ပြင်ဖို့ တောင်းဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်ကအစ
ကိုယ့်မြေကိုယ့်ယာ အလုယက်ခံထားရလို့ ပြန်တောင်းကြတဲ့ တပြည်လုံး
နေရာအနှံ့အပြားက လယ်သမားတွေအဆုံး သိမ်းကျုံးပြီး အနီရောင်
ခြယ်ပေးလိုက်ပါတယ်။ သူ့စကားအတိုင်းသာ ဆိုရင်တော့ တချိန်က မန္တလေးမြို့ကြီး
နီသွားပြီလို့ ပြောကြသလိုမျိုး ဗမာတပြည်လုံး နီသွားပြီလို့ ပြောရမလို
ဖြစ်နေတယ်။
တခြားနိုင်ငံက ဖောက်ပြန်ရေးအစိုးရတွေ ညံ့တယ်ဆိုပေမယ့် အရည်အချင်း
ရှိသင့်သလောက် ရှိပါသေးတယ်။ ဗမာပြည်က တိုင်းပြည်အုပ်ချုပ်
မင်းလုပ်နေသူများကတော့ အညံ့တွင်းထဲ ဇောက်ထိုးဆင်းပြီး ကမ်းကုန်အောင်
ညံ့နေကြတာပါ။ တနည်း ပြောရရင်တော့ ကာချုပ်တယောက်က နိုင်ငံရေးအသိ ဒါလောက်
ခေါင်းပါးနေမှတော့ စစ်တပ်တွင်း နိုင်ငံရေးအသိ နိမ့်ကျနေတာ ဘာမှ အံ့သြစရာ
မရှိပါဘူး။
တောင်းတာ တိုက်တာ ကွန်မြူနစ်စနစ်...တဲ့။ ချီကာဂိုမြို့မှာ ၁၈၈၆ ခုနှစ်က
အလုပ်သမား ရှစ်သောင်းလောက် လမ်းပေါ်ထွက်ပြီး တောင်းခဲ့တိုက်ခဲ့လို့ ဒီကနေ့
အလုပ်ချိန်သတ်မှတ်ချက် ၈ နာရီ ဆိုတဲ့ အခွင့်အရေး ရရှိလာခဲ့တာပါ။ အဲဒီကနေ
မေဒေးနေ့ ရယ်လို့ ဖြစ်ပေါ်လာခဲ့ပါတယ်။ အမေရိကန်ပြည်မှာ အမျိုးသမီးတွေ
မဲပေးခွင့်ရဖို့ ၁၈၄၈ လောက်ကတည်းက စတင်တောင်းဆိုခဲ့ရပြီး ပြည်နယ်တခုပြီးတခု
တောင်းဆိုတိုက်ပွဲဝင်လာကြရတာပါ။ သူတို့အားလုံးဟာ ကွန်မြူနစ်တွေ မဟုတ်ကြပါ။
အလုပ်သမားအခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေးနဲ့
အမျိုးသမီးများအခွင့်အရေးများကအစ ကိုလိုနစ်စနစ်အောက်က လွတ်လပ်ရေး၊
အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲများကို တောင်းဆိုခဲ့ကြရပါတယ်၊
တောင်းမရတဲ့အခါ တိုက်ကြရပါတယ်။ ဒီကနေ့အထိ ကမ္ဘာတဝှမ်းမှာ ကမ္ဘာ့ပြည်သူတွေဟာ
မိမိတို့ရဲ့ တရားနည်းလမ်းကျတဲ့ အခွင့်အရေးများအတွက် တောင်းဆိုကြပါတယ်။
တိုက်ပွဲဝင်ခဲ့ကြရပါတယ်။ ဒီမိုကရေစီနိုင်ငံ အများစုဖြစ်တဲ့
ဒီကမ္ဘာ့ပြည်သူအားလုံး ကွန်မြူနစ်တွေလား။ နီမှ…ကွန်မြူနစ်ဖြစ်မှ
တောင်းဆိုတိုက်ပွဲဝင်တာလား။
ဗမာပြည်ကိုပဲ ကြည့်ပါ။ ကိုလိုနီခေတ်မှာ အမျိုးသားလက်နက်ကိုင်တပ်ကို
ဗြိတိသျှအစိုးရက မတောင်းဘဲ ပေးခဲ့သလား။ ဗမာပြည်မှာ တပ်မတော်တခုရယ်လို့
ပေါ်လာအောင် ရဲဘော်သုံးကျိပ်တို့ စတင်ထူထောင်ပြီး အင်္ဂလိပ်အစိုးရကို
တိုက်ပွဲဝင်ရင်း ကြီးထွားအောင် အခက်အခဲအမျိုးမျိုးကြားက
ပြုစုပျိူးထောင်ခဲ့ရတယ် မဟုတ်လား။ ဂျပန့်ဆီက တိုင်းပြည်လွတ်လပ်ရေးကို
တောင်းဆိုလို့ ရခဲ့သလား။ အတုအယောင် လွတ်လပ်ရေးကိုပဲ ပေးခဲ့လို့
ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့ရတာ မဟုတ်လား။ အင်္ဂလိပ်ဆီက လွတ်လပ်ရေးကိုကော
မတောင်းဘဲနဲ့ ရခဲ့သလား။ မတိုက်ဘဲနဲ့ ရခဲ့သလား။
ဗိုလ်ချုပ်အောင်ဆန်းတို့ ကြွေးကြော်ခဲ့တဲ့ “ရရင်ရ၊ မရရင်ချ”ဆိုတာပဲ
ကြည့်ပါ။ ရရင်ရ-ဆိုတာ တောင်းဆိုချက် ရမရ-ဆိုတာကို ပြောတာပါ။ “မရရင်ချ”ဆိုတာ
လွတ်လပ်ရေးမပေးရင် တိုက်ပွဲဝင်ဆိုတာကို ပြောတာ ဖြစ်ပါတယ်။
ကိုလိုနီစနစ်အောက်မှာ ကျောင်းသားလှုပ်ရှားမှု၊ လူထုလှုပ်ရှားမှုတွေနဲ့
အကြိမ်ကြိမ်အလီလီ ဆင်နွှဲခဲ့ရတာပါ။
ပြောချင်တာကတော့ တောင်းပွဲတိုက်ပွဲတွေသာ မရှိခဲ့ရင်
ဗိုလ်မင်းအောင်လှိုင်တို့ရဲ့ တပ်မတော် ဆိုတာတောင် ပေါ်လာခဲ့မှာ မဟုတ်ပါဘူး။
ဗမာပြည်ရဲ့ လွတ်လပ်ရေးလည်း ရလာမှာ မဟုတ်ပါ။
ပြည်သူလူထုဆိုတာ ကိုယ့်အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့အခါ တောင်းကြမှာပါပဲ။
တောင်းမရတဲ့အခါ တိုက်ကြမှာ သဘာဝပါပဲ။ မြေအလုခံရတဲ့အခါ ပြန်တောင်းကြတယ်။
တောင်းမရတဲ့အခါ ထွန်တုံးတိုက်ပွဲဆင်တယ်။ သူတို့အသိတွေကို ကွန်မြူနစ်တွေက
လေ့ကျင့်သင်ကြားပေးနေတာ မဟုတ်ပါ၊ သူတို့ဘဝတွေက ပြဋ္ဌာန်းပေးလိုက်တဲ့
အသိဖြစ်ပါတယ်။ တခုတော့ ရှိပါတယ်။ ပြည်သူ့အကျိုးစီးပွား၊
တိုင်းပြည်အကျိုးစီးပွားအတွက် တောင်းဆိုတိုက်ပွဲဝင်တဲ့အခါ ကွန်မြူနစ်တွေဟာ
ပြည်သူလူထုနဲ့ တသားတည်း ရှိပါတယ်။
ကိုလိုနီခေတ်ကတည်းက ဖြစ်တည်ခဲ့တဲ့ ဗမာပြည် ပြည်သူလူထုရဲ့ တောင်းပွဲ
တိုက်ပွဲအစဉ်အလာကို ဗိုလ်မင်းအောင်လှိုင်တို့ နားမလည်နိုင်တာ သိပ်တော့
အံ့သြစရာ မရှိပါ။ အကြောင်းကတော့ သူတို့တတွေဟာ တိုင်းပြည်ရဲ့ ကြီးမြတ်တဲ့
ဖက်ဆစ်တော်လှန်ရေး၊ ကိုလိုနီ ကျွန်ဘဝက လွတ်မြောက်ရေးတိုက်ပွဲတွေမှာ
(ဗိုလ်နေဝင်းလောက်တောင်) ပါခဲ့ကြသူတွေ မဟုတ်ဘဲ ပြည်တွင်းစစ်တိုက်ရင်း
တန်ခိုးကြီးထွားအောင်နဲ့ စည်းစိမ်တိုးများအောင် လုပ်နေကြသူများ
ဖြစ်လို့ပါပဲ။ ။
0 comments:
Post a Comment