Saturday, February 8, 2020

၁၉၄၅ မှ ၁၉၄၈ ထိ ဗမာပြည်အခြေအနေ

0 comments
၁၉၄၅ မှ ၁၉၄၈ ထိ ဗမာပြည်အခြေအနေ
ဗမာပြည်ကွန်မြူနစ်ပါတီဟာ တရားဝင်(ဥပဒေတွင်း)ပါတီဖြစ်နေပြီး လက်ဝဲညီညွတ်ရေးကိုကျောရိုးပြုတဲ့ဖဆပလအဖွဲံ့ကြီး ရှိနေပြီ။ ဖက်ဆစ်တော်လှန်ရေးအတွင်း စစ်ကိုဦးစီးတဲ့အတွေ့အကြေုံ ရှိနေပြီ။
အင်္ဂလိပ်ကိုလိုနီအစိုးရပြန်လာတယ်။ သူတို့နဲ့ပါလာတာက နိုင်ငံရေးစီမံကိန်းနဲ့ စီးပွားရေးစီမံကိန်းတွေပဲ။ အိန္ဒိယမှာ စစ်ပြေးအစိုးရအဖြစ်နေရင်း ဆင်းမလား Simla မှာ စိမ်ပြေနပြေရေးဆွဲလာတဲ့စီမံကိန်းတွေဖြစ်တယ်။
ဒါပေမဲ့ သူတို့စီမံကိန်း Projects တွေဟာ အတွေးအခေါ်ဟောင်းတွေနဲ့ဆွဲထားတဲ့စီမံကိန်းတွေ ဖြစ်နေတယ်။ ဗမာပြည်ကို ပြန်သိမ်းပြီးရင် စက်မှုလက်မှုလုပ်ငန်းတွေကို ဘယ်လိုလုပ်လိုက်မယ်၊ ကောက်ပဲသီးနှံစီမံကိန်းက ဘယ်လို၊ သစ်ထုတ်လုပ်ရေးကို ဘယ်ပုံလုပ်လိုက်မယ်ဆိုတဲ့ စီမံကိန်းတွေချည်းပဲ။ စစ်အတွင်း လက်လွှတ်သွားသမျှကိုအတိုးချပြီး အင်္ဂလိပ်နယ်ချဲ့ကုမ္ပဏီတွေသွေးစုပ်ဖို့စီမံကိန်းချည်း ဖြစ်တယ်။ (ဒါကို စက္ကူဖြူ စီမံကိန်းလို့ အရပ်မှာခေါ်ပါတယ်) စီမံကိန်းတွေကို ဘုတ် Boards အဖွဲ့တွေနဲ့ စီမံဆောင်ရွက်ဖို့ပဲ။
နိုင်ငံရေးစီမံကိန်းကတော့ နယ်ချဲ့ဆန့်ကျင်ရေးအင်အားစုတွေကိုဖိနှိပ်ဖို့နဲ့ တဖြည်းဖြည်းချင်း ဒိုမီနီယံအုပ်ချုပ်ရေးဆီ သွားဖို့ဖြစ်တယ်။
အင်္ဂလိပ်နဲ့ပြည်သူ ထိပ်တိုက်တွေ့ကြတဲ့ကာလက ၁၉၄၅ နဲ့ ၁၉၄၆ စက်တင်ဘာလအထိဖြစ်တယ်။
၁၉၄၆ စက်တင်ဘာအုံကြွမှုနောက်ပိုင်းမှာ လက်ဝဲညီညွတ်ရေးပြိုကွဲတယ်။ ၁၉၄၇ နှစ်ဆန်းမှာ လက်ဝဲညီညွတ်ရေးကို ပြန်တည်ဆောက်ဖို့လုပ်တယ်။ အလားအလာကောင်းတယ်။ ဗိုလ်အောင်ဆန်း ကျဆုံးပြီးတဲ့နောက်မှာ ကောင်းတဲ့အလားအလာတွေ တဖြည်းဖြည်းချင်း ကွယ်ပျောက်ကုန်တယ်။ လက်ဝဲညီညွတ်ရေးပြိုကွဲမှုက ပြည်တွင်းစစ်ဆီသို့ဦးတည်ခဲ့ပြီ။
ဖဆပလကို လက်ယာအင်အားစုတွေ တစတစအုပ်စီးမိလာနေပြီ။ ဆင်းမလားစီမံကိန်းတွေကို ဒိုင်ခံပြီးဆွဲခဲ့တဲ့ဦးတင်ထွဋ္ဋ် ဖဆပလမှာ လူတွင်ကျယ်ဖြစ်လာတယ်။ ဗမာပြည်ဆိုရှယ်လစ်ပါတီကလည်း လက်ဝဲဝါဒကို စွန့်ပစ်နေပြီ။ လက်ယာဘက်ကိုရွေ့လျားနေပြီ။
နိုင်ငံရေးမှာ အဲ့ဒီလိုပြောင်းလဲနေချိန်မှာ တပြည်လုံးရဲ့အခြေအနေကလည်း အလွန်ကိုတင်းမာနေတဲ့ကာလဖြစ်တယ်။
ဘုတ်အဖွဲ့မျိုးစုံရဲ့ဖျစ်ညှစ်သွေးစုပ်မှုကို လယ်သမားတွေ၊ အလုပ်သမားတွေခံနေရတယ်။ စစ်အတွင်း မွဲပြာကျနေတာမှာ ထပ်ပြီး လဲရာသူခိုးထောင်းခံရတော့ လယ်သမားသူပုန်တွေပေါ်လာတယ်။ အလုပ်သမားသပိတ်တွေပေါ်လာတယ်။
လယ်သမားသူပုန်ဆန်ဆန် ဓားပြဂိုဏ်းကြီးတွေပေါ်နေတယ်။ အင်အားရာချီရှိတဲ့၊ အမြောက်စိန်ပြောင်း စက်သေနတ်တွေ ရိုင်ဖယ်လ်တွေအပြည့်ရှိတဲ့ ါ်ားပြဂိုဏ်းတွေပဲ။ စစ်ပြီးကတည်းက ရှိနေတာဖြစ်တယ်။
ဒီ ဓားပြဂိုဏ်းကြီးတွေက ခွာစစ်ဆင်တဲ့ဂျပန်နဲ့ ထိုးစစ်ဆင်တဲ့အင်္ဂလိပ် အကြိတ်အနယ်တိုက်ခဲ့တဲ့စစ်တလင်းဒေသတွေမှာ ပေါ်နေတာဖြစ်တယ်။ ဧရာဝတီမြစ်ကူးတိုက်ပွဲကြီးတွေ တိုက်ခဲ့ရာဒေသမှာဖြစ်တယ်။
မတ် ၂၇ ဖက်ဆစ်တော်လှန်ရေးဖြစ်တော့ ဂျပန်က ပြေးစစ်ဖြစ်သွားပြီ။ အင်္ဂလိပ်က လိုက်စစ်။ အဲ့ဒီတော့ စစ်မြေပြင်ကို မရှင်းနိုင်ပဲ အင်္ဂလိပ်က အတင်းလိုက်သွားတယ်။ လက်နက်ခဲယမ်းတွေ ပြန့်ကျဲကျန်ခဲ့တယ်။ အဲ့ဒီလက်နက်တွေကို ဆင်းရဲသားလယ်သမားတွေကရပြီး ဓားပြဂိုဏ်းကြီးတွေ ပေါ်တာပဲ။
မြသန်းတင့်ရေးလို့ ရှင်မတောင်ခင်မောင်ဂိုဏ်းကို လူသိများပါတယ်။ အဲ့ဒီလိုဂိုဏ်းမျိုး ဆယ်ခုမကရှိပါတယ်။ ဒီလယ်သမားသူပုန်ဆန်တဲ့ဓားပြဂိုဏ်းတွေဟာ နိုင်ငံရေးနလဗိန်းတုံးတွေ မဟုတ်ပါ။ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ် ရှိပါတယ်။ ဖဆပလကို ထောက်ခံပါတယ်။ ရှေးတုန်းက မင်းလောင်းလှုပ်ရှားမှုလိုလည်း မဟုတ်ပါ။ သူတို့ရဲ့အတွေးအခေါ်က ခေတ်မီတော်လှန်ရေးဆန်ပါတယ်။ သူတို့အခြေခံတဲ့လူထုကို အလုပ်အကျွေးပြုပါတယ်။ တခြားဒေသ အစိုးရအုပ်ချုပ်ရေးရှိရာဒေသကိုသာ သွား ဓားပြတိုက်ပါတယ်။
အင်္ဂလိပ်အုပ်ချုပ်ရေးပုလိပ်က သူတို့ကို မယှဉ်ဝံ့ပါ။ စစ်တပ်နဲ့ နှိမ်ရပါတယ်။ ဒါပေမဲ့ နိုင်ငံရေးမတည်ငြိမ်တော့ အင်္ဂလိပ်က စစ်တပ်ကို ခနခန ထုတ်မသုံးနိုင်ပါဘူး။ တခါတလေမှ သုံးပါတယ်။ ဒါ့ကြောင့် လယ်သမားသူပုန်ဆန်တဲ့ဓားပြဂိုဏ်းတွေဟာ ကြာလေကြီးလေဖြစ်လာပါတယ်။
ဖဆပလဟာ ဘုရင်ခံအမှုဆောင်အစိုးရအဖွဲ့မှာပါသွားတော့ အင်္ဂလိပ်ရဲ့ပေါ်လစီအတိုင်း ဓားပြဂိုဏ်းကိုနှိမ်ပါတယ်။ ရွာမီးရှိူ့ပါတယ်။ ဆိုရှယ်လစ်တွေဦးစီးတဲ့ အထူးလက်နက်ကိုင် ပုလိပ်တပ်ဖွဲ့ ဆိုတာတွေနဲ့ နှိမ်တာပါ။ ကွန်မြူနစ်ပါတီရဲ့ပေါ်လစီက သူတို့ပေါ်လစီနဲ့မတူပါဘူး။
-ဘုတ်အဖွဲ့တွေရဲ့သွေးစုပ်မှုကြောင့်ချွတ်ခြုံကျနေတဲ့ ဆင်းရဲသားလယ်သမားတွေရဲ့ရုန်းကန်မှုလို့ သဘောထားပါတယ်။ နှိမိနင်းရေးထက် ဖျောင်းဖျပညာပေးရေးကို အဓိကထားပါတယ်။
-မှားယွင်းတဲ့နည်းနဲ့ နယ်ချဲ့ကိုတုန့်ပြန်ကြတာဖြစ်တယ်။ သူတို့ကို တော်လှန်တဲ့နည်း ပေးအပ်ရမယ်လို့သဘောထားပါတယ်။
ဆင်းရဲသားလယ်သမားတွေရဲ့ဒုက္ခကို ကွန်မြူနစ်တွေက ကြည့်နေလို့မဖြစ်ပါဘူး။ သူတို့ဟာ ဂျပန်တော်လှန်ရေးတုန်းက ကူညီခဲ့သူတွေပါ။ သူတို့ရဲ့အခက်အခဲကို ဖြေရှင်းပေးရပါမယ်။ ဒါ့ကြောင့် အငတ်တပ်ချီတက်ပွဲလုပ်ရပါတယ်။ လိုအပ်ရင် SAMB ဂိုဒေါင်ထဲက စပါးလုပါတယ်။ ခေါင်းပါးရေးလမ်းဖေါက်ဖို့ တောင်းဆိုပါတယ်။ (ခေါင်းပါးရေးလမ်းဆိုတာက ငတ်နေသူတွေက ကိုယ့် တူရွင်း ပေါက်ပြားနဲ့လာပြီး လမ်းဖေါက်ကြ။ အစိုးရက နေ့တွက်လုပ်ခအဖြစ် ဆန်ထုတ်ပေး။ အဲ့ဒီလိုနဲ့ မိသားစုအငတ်ဘေးကို နွေရာသီအတွက် ကျော်လွှားရတာဖြစ်တယ်။ ဆန်တွေက အစိုးရဂိုဒေါင်ထဲချည်းစုနေလို့လုပ်ရတဲ့ တိုက်ပွဲပါ) စစ်ကြီးအပြီးမှာ ဆန်ဈေးကကောင်း၊ ဆန်ကလည်းရောင်းကောင်းနေလို့ အင်္ဂလိပ်က ဆန်တွေ ပြည်ပချည်း ထုတ်ရောင်းနေတယ်။ ပြည်တွင်းမှာ ငတ်နေတယ်။
၁၉၄၅ က ၁၉၄၆ စက်တင်ဘာအထိ ဆိုရှယ်လစ်ပါတီနဲ့ သိတ်ပြီး ပြဿနာမဖြစ်ခဲ့ပါဘူး။ ဆိုရှစ်ပါတီက သူတို့သာမလုပ်တာ၊ အင်္ဂလိပ်နဲ့အတိုက်အခံလုပ်နေရတဲ့ကာလမို့ ကွန်မြူနစ်ပါတီလုပ်တာကို ထောက်ခံခဲ့တယ်။ ၁၉၄၆ စက်တင်ဘာနောက်ပိုင်း ဖဆပလ က အစိုးရအဖွဲ့ထဲဝင်မိတော့ တမျိုးဖြစ်သွားတယ်။ ကွန်မြူနစ်တွေလုပ်တာ သူတို့ကိုတိုက်တာပဲလို့ထင်လာတယ်။
လယ်သမားတွေငတ်နေတယ်ဆိုတာကို သူတို့မယုံပါဘူး။ (အခု စစ်အစိုးရအပါအဝင် အစိုးရအဆက်ဆက်ကလည်း မယုံပါဘူး) ကွန်မြူနစ်က လူတွေငတ်နေပြီပြောပြီးတိုက်ပွဲဆင်ချင်လို့လုပ်တာလို့ ထင်ကြပါတယ်။ သူတို့အခြေခံထားတဲ့လူတချို့ မငတ်တာကိုကြည့်ပြီး အားလုံး မငတ်ဘူးလို့ထင်ကြပါတယ်။ ဒါဟာ လူတန်းစားရပ်ခံချက်ပြဿနာ၊ လူတန်းစားအမြင် ပြဿနာပါပဲ။
လက်ဝဲညီညွတ်ရေးကိုအလေးထားတဲ့ ဗိုလ်အောင်ဆန်းတို့ရှိတုန်းက ပြဿနာမကြီးခဲ့ဘူး။ သူမရှိတော့ ပြဿနာကကြီးလာတယ်။ လက်ယာဆိုရှယ်လစ်တွေက အင်္ဂလိပ်အလိုမကျမှာနဲ့ ဖဆပလမှာ တွင်ကျယ်လာတဲ့ အလိုတော်ရိဦးတင်ထွဋ္ဋ်တို့လိုလူတွေရဲ့ ထောက်ခံမှုမရမှာဘဲ စိုးကြတယ်။ လက်ဝဲညီညွတ်ရေး ကို စတေးပြီး လက်ယာညီညွတ်ရေးကို တည်ဆောက်ကြတော့တယ်။
လွတ်လပ်ရေးရလာတော့ ကွန်မြူနစ်ပါတီကို အပြတ်ရှင်းဖို့အချိန်တန်ပြီလို့ ဆိုရှယ်လစ်လက်ယာဂိုဏ်းကထင်လာတယ်။ အပြတ်ရှင်းရင် (ဦး)သိန်းဖေမြင့်ထောက်ခံမှုရမယ်။ အင်္ဂလိပ်ရဲ့အားပေးမင ရမယ်။ (၆-လ)ရှင်းလိုက်ရင်ပြတ်မယ်လို့ထင်ပြီး ပြည်ထဲရေးဝန်ကြီးဦးကျော်ငြိမ်းအစီအစဉ်နဲ့ ကွန်မြူနစ်ပါတီကို အလစ်အငိုက်တိုက်ခဲ့တာဖြစ်တယ်။ ပုဒ်မ(၅)ဟာ ပြည်ထဲရေးဝန်ကြီးရဲ့ ဝရဇိန်လက်နက်ပဲ။
နောက်ပိုင်းကျတော့ ဝန်ကြီးနှစ်ဦး(ဦးတင်ထွဋ္ဋ်နဲ့ဗိုလ်စိန်မှန်) ဝန်ကြီးအဖြစ်မှနှုတ်ထွက်ပြီး ဗိုလ်လုပ်ကာတိုက်ကြတယ်။ ဒါဟာ အင်္ဂလိပ်အလိုတော်ရိနဲ့ လက်ယာဆိုရှယ်လစ်တို့ ညီညွတ်မှုပြယုဂ်ပါပဲ။
ပြည်တွင်းစစ် စတုန်းက အင်္ဂလိပ်စစ်မစ်ရှင်ရှိနေပါတယ်။ အင်္ဂလိပ်အလိုတော်ရိဦးတင်ထွဋ္ဋ်က ဗိုလ်တင်ထွဋ္ဋ်လုပ်ဖို့လိုပါတယ်။ ဦးတင်ထွဋ္ဋ်မှာ စစ်တိုက်တဲ့အတွေ့အကြုံမရှိပါ။ ဒါပေမဲ့ အင်္ဂလိပ်ရဲ့ထောက်ခံမငရအောင် သူသာလုပ်နိုင်တယ်။ ဂေါ်ရခါးစစ်သားက နီပေါကနေစုနိုင်တယ်။
ပြည်တွင်းစစ်အစပိုင်းမျာ အစိုးရခိုင်းသမျှလုပ်တဲ့တပ်က လူမျိုးစုတပ်တွေနဲ့ ဂေါ်ရခါးတပ်တွေပဲ။ ရွာတွေမီးရှိူ့ လူတွေသတ်တာကို သူတို့က ကြေးစားစိတ်နဲ့ဗမာလူမျိုးရေးမုန်းတီးစိတ်ပေါင်းပြီး အပြတ်သားဆုံးလုပ်ကြပါတယ်။ ဒါပေမဲ့ စစ်ဗိုလ်တွေက လက်ရဲဇက်ရဲလုပ်နေတာ မဟုတ်ပါ။ ဥပဒေအရလုပ်တယ်လို့ဖြစ်အောင် အရေးပိုင်(ခရိုင် ရာဇဝတ်တရားသူကြီး)က စစ်တပ်အကူအညီတောင်း၊ စစ်တပ်က ပစ်သတ်ဆိုတာဖြစ်အောင် စီစဉ်ပါတယ်။
(ဥပမာ) ပျဉ်းမနားမှာ အရေးပိုင် စည်သူအောင်ဖေက စစ်ဆင်ရေးကြီးတိုင်းမှာ လိုက်ပါရပါတယ်။ စည်သူအောင်ဖေ သံချပ်ကားပေါ်ကနေ ဟောပြောနေတဲ့ပုံကို အဲ့ဒီခေတ်ကထုတ်တဲ့သတင်းစာတွေမှာ တွေ့နိုင်ပါတယ်။
၁၃ဝဝ ပြည့်အရေးတော်ပုံတုန်းကလည်း အဲ့ဒီပုံမျိုးပါပဲ။ အရေးပိုင်(ခရိုင် ရာဇဝတ်တရားသူကြီး)က အုံကြွမှုကိုနှိမ်နင်းဖို့ စစ်တပ်ကိုအကူအညီတောင်း၊ စစ်တပ်က အကြမ်းဖက်နှိမ်ပါတယ်။
ဗိုလ်အောင်ကြီးကလည်း ၁၉၈၈ အရေးတော်ပုံတုန်းက တံတားနီအရေးအခင်းမှာ အဲ့ဒီလိုဥပဒေအတိုင်း စစ်တပ်ကမလုပ်လို့သာ အပြစ်တင်ပါတယ်။ သူ့စာကို မှတ်မိကြမယ်ထင်ပါတယ်။
ဥပဒေကို လက်တခလုံးခြားလှည့်ပြီးလုပ်နေရတာ အရစ်ရှည်တယ်။ ခက်လည်း ခက်တယ်။ ဒါ့ကြောင့် လွယ်အောင် အခုတော့ တိုင်း၊ ခရိုင်အုပ်ချုပ်ရေးတာဝန်ခံတွေအဖြစ် စစ်ဗိုလ်တွေကိုပဲထားပါတယ်။ စည်သူအောင်ဖေလို ကြားလူ မလိုအောင်ထားပါတယ်။ စစ်ဆင်ရေးဆင်းတဲ့စစ်ဗိုလ်တိုင်း လူသတ်လိုင်စင်ရနေပါတယ်။
ဦးနု ဦးကျော်ငြိမ်းတို့တွက်ခဲ့သလို ပြည်တွင်းစစ်ကလည်း ၆ လ နဲ့မပြီးပါ။ အနှစ်(၅ဝ)ကျော်တဲ့အခုထိ မပြီးပါ။
(အရေးတော်ပုံဂျာနယ် အမှတ် ၂၁၊ မတ်လ ၂ဝဝ၂ ထုတ် ပြည်တွင်းစစ်ပြဿနာဆောင်းပါးမှ ကောက်နှုတ်တင်ပြပါသည်။ တပုဒ်လုံးအပြည့်ဖတ်ချင်ရင် ပြောပါ။ PDF နဲ့ ပို့ပေးချင်ပါတယ်)

0 comments:

Post a Comment