Friday, November 2, 2018

ရွေးတော့ ရွေးကောက်လိုက်ကြတာပါပဲ(မျိုးမြင့်ချို)

0 comments
(ရွေးတော့ ရွေးကောက်လိုက်ကြတာပါပဲ) မျိုးမြင့်ချို
ဒီမှာလည်း Midterm Election အတွက် ဒေါ်နယ်လ်ထရမ့် ဖုတ်ပူမီးတိုက်နဲ့ အမနာပတွေပြောပြီး မဲဆွယ်နေလေရဲ့။ မဲပေးရမှာက ၁၁ လပိုင်း ၆ ရက် (ခုလ)ဖြစ်ပေမယ့် ကြိုတင်မဲတွေတော့ ကြိုပေးရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သမ္မတရော ဒုသမ္မတပါ သူတို့လူနိုင်ဖို့အရေး ပြာယာခပ်နေတာပါ။ ယတိပြတ်ပြောမရသေးပေမယ့် နိုင်လည်း နိုင် နိုင်ခြေရှိပါတယ်။

အင်ဒီယားနားပြည်နယ်ဆိုတာကလည်း ပင်ကို ကိုက အသားအရောင်ခွဲခြားအုပ်ချုပ်ရေး ကာလများဆီက Ku Klux Klan(KKK) ဂိုဏ်းသားတွေ အားကောင်းခဲ့ ကြီးစိုးခဲ့တဲ့မက္ခရာနယ်မြေ မဟုတ်လား။ ခုလည်း ကိုကိုမိုစတဲ့ တချို့ခရိုင်ဒေသတွေမှာ ခုထိကိုပဲ ကေသုံးလုံးဂိုဏ်းဝင်တွေ ပေါ်ပေါ်တင်တင် ပြုမူနေထိုင်ကြတာ တွေ့ရနိုင်ပါတယ်။ ပြည်နယ်ကိုယ်တိုင်ကလည်း ကေသုံးလုံးဂိုဏ်းခေါင်းဆောင်တယောက် ပြည်နယ်အုပ်ချုပ်ရေးမှူး State Governor တောင်ဖြစ်ခဲ့သေးတဲ့ပြည်နယ်ပါ။

တောနယ်တွေမှာဆို အာဖရိကန်-အမေရိကန်တွေမပြောနဲ့ အသားအရောင်ရှိသူတွေပါ နေလို့ကိုမရပါဘူး။ ဥပဒေနဲ့ပြဌာန်းပြီး မနေရဘူးလုပ်ထားတာ မဟုတ်ပါဘူး။ အဝန်းအဝိုင်းနဲ့ဖိပြီး နေလို့မရအောင် လုပ်ထားတာမျိုးပါ။ ဥပမာ ခင်ဗျားက အမဲ ဆိုပါတော့၊ ဒါမှမဟုတ်လည်း အသားအရောင်ရှိသူဆိုပါတော့။ ခင်ဗျားက တောမှာ ခြံလေးအိမ်လေးဝယ်ပြီး နေမယ်ဆိုပါတော့။ ပွဲစားကတဆင့်ဖြစ်ဖြစ် ကိုယ်တိုင်ဖြစ်ဖြစ် လိုက်ရှာတယ်ဆိုပါတော့။ ခင်ဗျားကို လူဖြူမဟုတ်မှန်းသိလိုက်တာနဲ့ သူတို့ပိုင်တဲ့ "ရောင်းရန်ရှိသည်" ဆိုင်းဘုတ်တင်ထားတဲ့အိမ်ခြံမြေကို မရောင်းတော့ဘူး။ အကြောင်းပြချက်က သူ့ကိုယ်ပိုင်ပစ္စည်း သူရောင်းချင်တဲ့လူကိုရောင်းမယ်၊ မရောင်းချင်တဲ့လူကို မရောင်းဘူး။ အသားအရောင်၊ လူမျိုး၊ ဘာသာကြောင့်မဟုတ်ဘူး။ သူမရောင်းချင်လို့ကို မရောင်းတာ။ ဒါပဲ။ ဘာဥပဒေနဲ့မှလည်း သူ့သွားပြောလို့မဘူး။ ဘာဥပဒေနဲ့မှလည်း မငြိဘူး။ သူ့ပစ္စည်း သူ့သဘော သူ့စိတ်ကြိုက်စီမံခွင့်ရှိတာကိုး။
အဲ့လိုနည်းနဲ့ အမေရိကန်တောနယ်တွေမှာ လူမည်းတွေ မတွေ့ရသလောက်ဖြစ်ပြီး မြို့ကြီးပြကြီးတွေမှာ လူမည်းတွေ ထူထပ်နေတာပါ။ ကျနော်လည်း အညိုပဲ။ နေတာလည်း တောပဲ။ ဒါပေမဲ့ ဇနီးက အဖြူဖြစ်နေလို့လားမသိဘူး။ ခုထိတော့ မလိုတမာအကြည့်နဲ့ မရှုစိမ့်အလုပ်တွေ မခံရသေးဘူး။ အမေရိကန်တောနယ်တွေက လယ်သမားအများစုဟာ ရှေးရိုးစွဲကန်ဆားဗတစ်တွေ ခြေကုပ်ယူတဲ့ ခံစစ်စခန်းတွေလိုပဲ။ သူတို့အများစုရဲ့ နိုင်ငံရေးတိမ်းညွှတ်မှုက လူသစ်တွေ အခြေချနေလာတာကို ဆန့်ကျင်တယ်။ ယဉ်ကျေးမှုမတူသူတွေကို သိတ်မလိုလားတတ်ဘူး။ ဘာသာရေးဘက်လည်း အာရုံအတော်ကျကြတယ်။ ခရစ်ယာန်ခြင်းအတူတူ လူသရင်န်းနဲ့ကက်သလစ် အစေးမကပ်ကြဘူး။ လူဖြူလူဖြူခြင်းတောင် ဘယ်လူဖြူက ပိုဖြူတယ်ဆိုတာမျိုး သတ်မှတ်တဲ့သူတွေတောင်ရှိတယ်။ လူဖြူကလွဲလို့ အခြား ဘယ်အသားအရောင်ရှိသူမှ သူတို့ကွန်မြူနတီထဲ အဝင်မခံဘူးဆိုတဲ့သဘောပဲ။ လူသစ် လူစိမ်းဆို အဖြူမဟုတ်ရင် “အင်“ လိုက်တဲ့သဘောပဲ။

နောက်တခု အမေရိကန်မြို့တွေမှာ ထူးခြားတာက တောင်ပိုင်းနဲ့မြောက်ပိုင်း။ မြို့ကြီး မြို့ငယ် မြို့ရွယ် မြို့လတ် မြို့တိုင်းလိုလိုမှာ မြို့တောင်ပိုင်းက နှိုင်းယှဉ်ချက်အရ မြို့မြောက်ပိုင်းထက် ဆင်းရဲတယ်။ ရပ်ကွက်တွေ လမ်းတွေ ကျောင်းတွေအပါအဝင်ပဲ။ ကုန်ကုန်ပြောရရင် Walmart ချင်းအတူတူတောင် တောင်ပိုင်း Walmart က မြောက်ပိုင်း Walmart လောက် မသားနားဘူး။ တောင်နဲ့မြောက် အဲ့သလိုခြားနားတဲ့အပြင် တောင်မှာမှထပ်ပြီး ဆင်းရဲသားရပ်ကွက်တွေ ရှိသေးတယ်။ အဲ့ဒီရပ်ကွက်တွေဟာ လူမည်းတွေ၊ ကျပမ်းအလုပ်သမားတွေ၊ အလုပ်ကြမ်းသမားတွေ၊ ပျံကျတွေအနေများတဲ့ ရပ်ကွက်တွေလို့ ဆိုရမယ်။ ဆင်းရဲကြတယ်၊ ဝင်ငွေနည်းပါးကြတယ်၊ ပညာက သေစာရှင်စာလောက် ဆိုပါတော့။ မိသားစုတွေကလည်း ကြီးတတ်ကြတယ်။ တောင်ပိုင်းတပိုင်းတည်းထဲကပဲ နည်းနည်းပို သောင်သောင်သာသာရှိတဲ့ လူမည်းရပ်ကွက်တွေထဲက ဥပဒေပြင်ပငွေရှာသူတွေကလည်း အဲ့ဒီလူဆင်းရဲရပ်ကွက်တွေထဲလာပြီး စားကျက်ရှာကြ စတည်းချကြတာတွေလည်းရှိတယ်။ လူဆိုးဂိုဏ်းတွေအတွက်လည်း ဂိုဏ်းဝင်သစ်တွေ ချာတိတ်တွေ လူငယ်တွေသိမ်းသွင်းရာပစ်မှတ်လည်းဖြစ်နေတယ်။

ဒီလိုအခြေအနေဆိုတော့ ထုံးစံအတိုင်း ရာဇဝတ်မှုတွေ ထူပြောလာတယ်။ ပစ်တာခတ်တာတွေ လုတာယက်တာတွေလည်း ရှိတယ်။ တချို့ တောင်ပိုင်းကလူဆင်းရဲရပ်ကွက်တွေဆို Crime Watch ဆိုင်းဘုတ်တင်ပြီး ရဲက မပြတ်ပတ္တရောင်လှည့်ရတယ်။ ခု ရီပါ့တ်ဘလီကင်န်တွေ ပစ်မှတ်ထားစည်းရုံးနေတာက မြို့မြောက်ပိုင်းနေသူတွေနဲ့ အဲ့ဒီရပ်ကွက်တွေက မဲဆန္ဒရှင်တွေပဲ။ အမဲတွေကလည်း ခု ဒေါ်နယ်လ်ထရမ့်အစိုးရကို စိတ်ကုန်နေတာ များတယ်။ ဒါပေမယ့် ခက်တာက အမေရိကန်တွေရဲ့ ဆန္ဒမဲပေးတယ်ဆိုတဲ့အပေါ်မှာ ထားတဲ့သဘောထားပဲ။

အမေရိကန်တွေက သာမန်ရွေးကောက်ပွဲတွေ (သမ္မတရွေးကောက်ပွဲအပါအဝင်)မှာ မဲပေးခွင့်ရှိသူရဲ့ ၂၅ ရာခိုင်နှုန်းလောက် လာမဲပေးကြတယ်ဆို အတော်များလှပြီ။ သူတို့ သိတ်စိတ်ဝင်စားတဲ့ပွဲမျိုး(ဥပမာ ဘာရက်ခ်အိုဘားမား သမ္မတအရွေးခံချိန်)ဆိုရင်တောင် ၅၀ ရာခိုင်နှုန်းလောက်မပြည့်ချင်ဘူး။ မဲတပြားရဲ့တန်ဖိုးဆိုတာ ဘာညာ သူတို့သွားမပြောနဲ့ စိတ်မဝင်စားဘူး။ ဆိုတော့ သူတို့ စိတ်မဝင်စားလေလေ မဲလာမပေးလေလေလို့ပြောရင်ရပါတယ်။ ကိုယ်ကြိုက်တဲ့လူ၊ ကိုယ်ကြိုက်တဲ့ပါတီကို မဲလာပေးပြီး တဘက်လူ မဲမမရအောင်လုပ်တာထက် မဲရုံကို့ကို မလာချင်တတ်တော့ကြတာပဲဖြစ်တယ်။
တောင်မြောက်ကိစ္စပြန်ဆက်ရရင် ဒါက အမေရိကန်ရဲ့ တပြည်လုံးနဲ့ဆိုင်တဲ့ တောင်ပိုင်းမြောက်ပိုင်း အခြေခံတဲ့ကိစ္စလို့တောင်ပြောရမလားပဲ။ အမေရိကန်ပြည်တွင်းစစ်ဟာ တောင်ပိုင်း(ပိုက်ဆံတပြားမှ မပေးရပဲ လူမည်းတွေကို ကျေးကျွန်တွေအဖြစ် ဆက်ထားချင်သူတွေ)နဲ့ မြောက်ပိုင်း(ကျွန်တွေကို လုပ်ခစားအလုပ်သမားအဖြစ်ခိုင်းချင်သူ)တွေ တိုက်ကြတဲ့ပွဲ မဟုတ်လား။ တနည်းပြောရရင် ကျွန်ပိုင်ရှင်တွေနဲ့ စက်မှုအရင်းရှင်တွေ မီးကုန်ယမ်းကုန် ချကြတဲ့ပွဲမဟုတ်လား။ အဲ့ဒီကတည်းက ပြည်နဲ့ချီတဲ့ တောင်မြောက်မတူမှုဟာ၊ တောင်စွဲမြောက်စွဲ စွဲမှုဟာ ခုထိမြို့တွေမှာ ဆက်ရှိနေသလားကလည်း ဆက်စပ်တွေးချင်စရာပါ။ ကျနော် တောင်ပိုင်းပြည်နယ်တွေကို ခရီးထွက်ဖူးပါတယ်။ မြောက်ပိုင်းနဲ့ မတူခြားနားတာတွေ အများကြီးကြုံခဲ့တွေ့ခဲ့ပါတယ်။ အစားအသောက်၊ အနေအထိုင်၊ စကားပြောလေယူလေသိမ်းကအစ လူလူခြင်းဆက်ဆံရေးတွေမှာ ကွဲပြားတာပါ။

ကျနော်တို့ပြည်နယ် ဆီနိတ်တာနေရာအတွက် ဂျိုးဒေါ်နယ်လ်လီနဲ့ မိုက်ဘရွန်းအကြိတ်အနယ်ပဲ။ မိုက်ဘရွန်းအတွက် သမ္မတရော ဒုသမ္မတရော အူယားဖားယားဆင်းချလာပြီး ဂျိုးဒေါ်နယ်လ်လီကို သဲကြီးမဲကြီးကို ထိုးနှက်နေတာတွေ့ရတယ်။ တချို့အပြောအဆိုတွေက လူကြီးလူကောင်း ဆန်တယ်လို့ပြောဖို့တောင် ခတ်ခက်ခက်။ ရီပါ့တ်ဘလီကင်န်ထဲက လူဖြူကြီးစိုးရေးသမားတွေ၊ လက်ယာစွန်းသမားတွေ၊ နီယိုနာဇီလိုလို၊ လူဖြူကြီးစိုးရေးဝါဒီလိုလို လူတွေ အတော်သွေးကြွနေတာ၊ ဇောင်းထနေတာ၊ ကြုံးဝါးနေတာတွေလည်း သိသာတယ်။ ဒေါ်ကြီးကိုယ်တိုင်က သူ့ကိုယ်သူ အမျိုးသားရေးဝါဒီလို့ အတိအလင်းပြောလာပြီ။

ဟွန်ဒူးရပ်စ်၊ အယ်လ်ဆာဗေဒို၊ ဂွာတီမာလာတို့ကလူတွေ အမေရိကန်ကို ဦးတည်ချီတက်လာနေတာလည်း မက္ကဆီကိုထဲရောက်နေပြီ။ ဂွာတီမာလာ-မက္ကဆီကိုနယ်စပ်မှာ နယ်ခြားစောင့်တပ်ဖွဲ့တွေနဲ့ အဲ့ဒီလူအုပ်ကြီးနဲ့ ရုန်းရင်းဆန်ခပ်ဖြစ်ကြရာမှာ လူတယောက်သေတယ်။ အဲ့ဒါကို အကြောင်းပြပြီး သူ့နယ်ထဲဝင်လာပြီး သူ့တပ်ဖွဲ့တွေကို ခဲနဲ့ပေါက်ရင် သေနတ်နဲ့ပြန်ပစ်မယ်လို့ ဒေါ်ကြီးက ဓားကြိမ်း ကြိမ်းနေတယ်။ ဗိုလ်နေဝင်းတောင် သတိရချင်စရာ။ ခုလည်း ကာကွယ်ရေးဝန်ကြီး၊ ပင်တာဂွန်နဲ့က သမ္မတအမိန့်အရဆိုပြီး စစ်တပ်တွေ နယ်စပ်ကို စပြီးပို့နေပြီ။ တားမရလို့ ဇွတ်ဝင်လာခဲ့ရင် အဲ့လူတွေကိုဖမ်းပြီး Tent City ပျံကျရပ်ကွက်တွေဆောက်ပြီး ထားမယ်တို့၊ IDC Immigration Detention Center တွေမှာ ထားမယ်တို့၊ အချိန်တန်ရင် သူတို့ပြည် သူတို့ပြန်ပို့မယ်တို့ စတာတွေလည်း အသံထုတ်နေတယ်။ မက္ကဆီကို-အမေရိကန် နယ်စပ်တံတိုင်းခတ်ဖို့လည်း အသားကုန်အော်နေတယ်။

ခုနောက်ဆုံး ရွေးကောက်ပွဲနဲ့ ချိန်ကိုက်လုပ်လာတာက ဝါဒဖြန့်ချက်က ၂ ခုပါ။ တခုက အမေရိကန်နိုင်ငံသားမဟုတ်တဲ့ မိဘတွေကမွေးလာရင် အဲ့ကလေးတွေကို မွေးရာပါအမေရိကန်နိုင်ငံသားဖြစ်ခွင့် မပေးဘူးဆိုတာဖြစ်တယ်။ အဲ့ဒါက ဖွဲ့စည်းပုံပြင်ဆင်ချက် ၁၄ မှာပြဌာန်းထားတဲ့ပြဌာန်းချက်ကို ဖျက်ဖို့ကြံတဲ့ခြေလှမ်းပါ။ ရ မရကတော့ မပြောနိုင်သေးပါဘူး။ နောက်တခုက (မနေ့ကမှ အသံထုတ်လာတာ) နိုင်ငံရေးခိုလှုံခွင့်တွေကို တင်းကျပ်မယ်ဆိုတဲ့ကိစ္စပါ။ ဒီ့အရင်ကလည်း ဒုက္ခသည်လက်ခံရေးကိစ္စတွေမှာ တင်းကျပ်ပစ်လိုက်တာတွေ၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေ တင်းကျပ်ပစ်တာတွေရှိပါတယ်။

အသံထုတ်ကြည့်ပြီးမှ ဟန်ပုံမပေါက်လို့ ပြန်ဆုတ်လိုက်ရတာတခုကတော့ လူလတ်တန်းစား Middle Class တွေ အပေါ်ကောက်တဲ့ အခွန်အခတွေ လျှော့ချဖြတ်တောက်မယ့်အစီအစဉ်ပါ။ သန်းကြွယ်သူဌေးကြီးတွေဆီကနေ ၃၅ ရာခိုင်နှုန်း ကောက်နေရာကနေ ၂၅ ရာခိုင်နှုန်းအထိ အခွန်လျှော့ကောက်ပေးလိုက်လို့ ဇောတိကတွေ ပိုချမ်းသာသွားပြီး ပြောစရာတွေလည်း ဖြစ်ကျန်ခဲ့ပါတယ်။ ခုတခါ လူလတ်တန်းစားတွေကိုပါ အခွန်လျှော့ချပေးမယ်ဆိုတော့ နင်းပြားတွေ အလုပ်သမားတွေ လူဆင်းရဲတွေဘက်ကအသံတွေ ကျယ်ကျယ်လောင်လောင် ထွက်လာပါတယ်။ ဟိုလူတွေက အခွန် (ဝင်ငွေခွန်)လျှော့ချပြီး ချွေးနဲ့ရင်းစားလုပ်အားနဲ့ ရင်းစားနေရသူတွေတော့ နဂိုအတိုင်းဆက်ကောက်မယ် ဆိုတော့ ကျောမွဲတွေမကျေနပ်လည်း မကျေနပ်စရာဖြစ်နေတာကိုး။ ဒီတော့ အာဘော်ဖန်တီးကြည့်ပြီး ဟန်ပုံမပေါ်လို့ လက်အသာပြန်လျှိုသွားတာပါ။

ဒါပေမဲ့ သူ့လူတွေ ဆီးနိတ်မှာရော ကွန်ဂရက်စ်မှာရော အများစု(လွှတ်တော် ၂ ရပ်လုံးမှာ အပြတ်အသတ် အများစု) ဖြစ်သွားရင်တော့ ကန်ဆားဗတစ်တွေ သူ့ခြေသူ့လက်ဖြစ်သွားမှာပါ။ တရားစီရင်ရေးအာဏာပိုင် (ဗဟိုတရားရုံးတရားသူကြီးတွေ)အများစုကလည်း သူ့လူတွေဖြစ်သွားပါပြီ။ ခုလည်း လက်ရှိ လွှတ်တော် ၂ ရပ်မှာလည်း သူ့လူတွေက အများစုပါ။ ဒါပေမယ့် သိတ်အပြတ်အသတ်ကြီးတော့ စီးမထားနိုင်သေးပါဘူး။ မဏ္ဍိုင် ၃ ရပ်လုံးကို သူ့လူတွေချည်းပဲအုပ်စီးပြီး ဒီမိုကရက်တွေကို နာလန်မထူနိုင်အောင် နှိပ်ကွပ်ထားနိုင်မှ ရီပါ့တ်ဘလီကင်န်တွေ ထင်ရာစိုင်းနိုင်မှာပါ။ တခါတလေမှာ (အုပ်ချုပ်ရေး)၊ အစိုးရနဲ့(ဥပဒေပြုရေး) လွှတ်တော်ကြားမှာ ကတောက်ကဆလေးတွေ ရှိနေတာမှန်ပေမယ့် နောက်ဆုံးမှာတော့ အားလုံး တကြိတ်တည်းတဉာဏ်တည်း တသံတည်းထွက်ကြတာပါ။ အားလုံးရဲ့အကျိုးစီးပွားက အမျိုးသားရေးခေါင်းစဉ်တပ်ထားတဲ့ အမေရိကန်လူချမ်းသာလူဖြူများကြီးစိုးရေးနဲ့ “အမေရိကန်အကျိုးစီးပွား ကာကွယ်ရေးပထမ“ သမားချည်းဖြစ်နေလို့ပါပဲ။

ဆိုတော့ ဆိုဗီယက်ယူနီယံပြိုကျပြီးနောက်ပိုင်း အိုင်ဒယော်လော်ဂျီတိုက်ပွဲ အတွေးအခေါ်တိုက်ပွဲ Struggle between Communism and Capitalism နေရာမှာ အမျိုးသားကိုယ်ကျိုးစီးပွားကာကွယ်ရေးကို အမျိုးသားရေးမျက်နှာဖုံးစွပ်ပြီး လူဖြူကြီးစိုးရေးအစွန်းရောက်တွေ ရှေ့တန်းရောက်လာတဲ့သဘောလို့ ဆိုရင်ရမယ်ထင်ပါတယ်။

ဗမာပြည်မှာလည်း လစ်လပ်နေရာ ကြားဖြတ်ရွေးကောက်ပွဲက ရှိနေပါပြီ။ ဒေါ်စုလည်း ချင်းတောင်သွားရ ကချင်ပြည်နယ်သွားရတွေဖြစ်နေပါပြီ။ ကြံ့ဖွံ့တွေကလည်း အမနာပတွေပြောပြီး မဲဆွယ်နေပါပြီ။ တသီးပုဂ္ဂလတွေ၊ ပါတီငယ်တွေလည်း ကြီုးကုပ်ရုန်းကန်နေကြတာ တွေ့ရပါတယ်။ ကျနော့်အမြင်မှာတော့ (အများမြင်သလို) လစ်လပ် ၁၃ နေရာမှာ အင်န်အယ်လ်ဒီတွေပဲ အများစုနိုင်မှာပါ။

အင်န်အယ်လ်ဒီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လို အစိုးရမျိုးကို ပြည်သူတွေရခဲ့တယ်။ အဲ့အစိုးရ ဘာလုပ်နိုင်တယ်ဆိုတာကတော့ လူတိုင်းသိပြီးသားမို့ ဘာမှအပ်ကြောင်းထပ်ပြောနေစရာမလိုဘူးလို့ ထင်ပါတယ်။ အမေရိကန်ဟာ ဗမာပြည်မဟုတ်သလို၊ ဗမာစစ်အုပ်စုဟာလည်း ကမ္ဘာ့သက်တမ်းအရှည်ဆုံး ပြည်တွင်းစစ်နဲ့ကြီးပွားချမ်းသာပြီး နှစ်ပါင်းများစွာ အာဏာရောဓနပါချုပ်ကိုင်နိုင်တဲ့ ဘယ်စစ်အာဏာရှင်နဲ့မတူတဲ့ စစ်အာဏာရှင်ပါ။

အမေရိကန်နဲ့မတူတာက အစစအရာရာမတူတာကြောင့် တူတာလေးတွေ ရွေးရေးမယ့်စိတ်ကူး ပျက်သွားပြီး ဒီအမေရိကန်နိုင်ငံရေး တစေ့တစောင်းစာကို ချရေးဖြစ်သွားတာပါ။
မျိုးမြင့်ချို(နိုဝင်ဘာ ၂၊ ၂၀၁၈)

0 comments:

Post a Comment