Thursday, November 29, 2018

(ပြည်သူ့ပါတီ ဈေးကွက်တင်ပြီ)မျိုးမြင့်ချို

0 comments
(ပြည်သူ့ပါတီ ဈေးကွက်တင်ပြီ)
ကိုကိုကြီး ပြည်သူ့ပါတီ (PP) အဝယ်လိုက်မယ့်သဘောရှိတယ်၊ အရောင်းသွက် ၁ဝ ထဲပါနိုင်တယ်၊ ဝယ်မယ့်သူတွေ၊ ဝယ်ရောင်းလုပ်မယ့်သူတွေကို ဈေးခေါ်ဖို့၊ ငွေအိပ်ဖွင့်ဖို့ အမျိုးသားရေးအမြည်းလေး ဟင်္သတကနေ စပေးပါပြီ၊ လက်ကြီးသမားတွေကတော့ ပုံအောပြီးလောင်းမယ့်လက္ခဏာ သိတ်မမြင်ဘူး။ လောလောဆယ်မှာ သေချာပေါက် ပေါက်ကောင်ကြီးက ရှိနေတုန်းဆိုတော့ "ရံ"ထားတဲ့သဘော "ကာ"ထားတဲ့သဘောတော့ ချထိုးထားကြမယ်ထင်ပါတယ်။ မဟန်တော့လည်း အရှူံးနည်းတာပေါ့။ အလျော်ရတော့လည်း မဆိုးဘူးပေါ့။

လစ်ဘရယ်လ်ဒီမိုကရေစီမှာ နိုင်ငံရေးသမားဆိုတာ "ပြည်သူ" အမည်ပေါက်နဲ့ဆိုင်ဖွင့်ပြီး ကိုယ့်ကိုယ်ကိုယ် ထုတ်ရောင်းရတာချင်းအတူတူ အစွံထုတ်နိုင်တဲ့လူ ဈေးဖွင့်စကားပြောတာပဲ၊ ၈၈ ငြိမ်းပွင့်နံမည်နဲ့ ဈေးခေါ်တုန်းက ဝယ်လက် အတော်များခဲ့တယ်၊ လက်မလည်အောင် ရောင်းရတယ်၊ မြိုးမြိုးမြက်မြက်လေး အိတ်ထဲဝင်တော့ စောင်မန်တွေ ဇောင်းထလွန်းပြီး ၈၈ တမျိုးဆက်လုံးရဲ့ချဉ်ဖတ် ဖြစ်သွားတယ်၊ ခု ငြိမ်းပွင့်က ဈေးပေါင်ကျိုးပြီ၊ တကောင်တကျပ်ကနေ တကျပ်ဖိုး ၃ ကောင်နဲ့ ချရောင်းတောင် ဝယ်သူ "အင်"သွားပြီ၊ ဝန်ဆောင်မှုဆိုတာ Lip Service မှ မဟုတ်တာ။

PP ကြည့်ရတာ မဟာမိတ်ဆက်ဆံရေးခေါင်းစဉ်အောက်နေ မဘသခေါ်တဲ့ဘုန်းကြီးဆိုးတွေ၊ အမျိုးသားရေးပါတီဆိုတဲ့စစ်ဗိုလ်ဆိုးတွေ၊ ရဋ္ဌပါလခေါ်တဲ့ဖွံ့မြီးဆွဲတွေနဲ့ လုံးလားထွေးလားတော့ တွေ့ရမယ်ထင်တယ်၊ ကြံ့ဖွံ့ကို သွားပလူးရင် နားကားသွားမယ်မှန်းတော့ PP လည်း တွက်မိမယ်ထင်တယ်။ NLD ကို မေမေ့ဆန္ဒနဲ့အညီပါလို့ လှမ်းမြှုတာတောင် မေမေ့သားတွေက ကြိုကန်နေကြပြီ၊ မေမေ့သားတွေက စိုးစရာရှားလို့ မဲကွဲမှာတောင် စိုးသတဲ့။ တခြား ခေတ်ပြိုင်ပါတီတွေလည်း PP ကို ဘယ်လိုဆက်ဆံမလဲ၊ PP နဲ့ ဘယ်လိုဆက်ဆံမလဲကို အလေးအနက်ထား စဉ်းစားနေရပြီ၊ လူမျိုးစုပါတီတွေကတော့ မကောင်းတတ်လို့ အခေါ်အပြောလုပ်ဦးတောင် ရခိုင်ကိစ္စမှာ ကိုကိုကြီးရဲ့ "အမျိုးသားရေး လက်မောင်းကြွက်သားညှစ်ပြ"တာ မြင်ပြီးကတည်းက PP ဟာ ကိုယ်ပေါင်းစိတ်ခွာလုပ်ရမယ့်ပါတီမှန်း သိသွားကြပြီထင်တယ်။ အဲ့ဒီတုန်းက ရခိုင့်လဘက်နဲ့ လူမျိုးစုတွေကိုမျက်နှာလုပ်တာမှန်ပေမယ့် ဗမာတွေပြောတဲ့ အမျိုးသားရေးဝါဒဆိုတာ ဗမာလူမျိုးကြီးဝါဒမှန်း ဘာသာတူတူ မတူတူ လူမျိုးစုတွေဘက်က သိနှင့်ပြီးသားဖြစ်တယ်။

PP ကိုမကြိုက်လို့ရတယ်၊ ဆန့်ကျင်လို့ရတယ်၊ ကိုကိုကြီးနိုင်ငံရေးကို ရှုတ်ချလို့ရတယ် ဒါပေမဲ့ သူ့ပရိတ်သတ်နဲ့သူရှိတယ်၊ သူ့နောက်ခံနဲ့ သူလာတယ်၊ သူ့စင်သူဆောက်ပြီး ထထွက်လာတယ်ဆိုတာတော့ ငြင်းလို့မရဘူး။ ကျောင်းသားခေါင်းဆောင်ဘဝကနေ၊ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူအဖြစ်ပြောင်းခဲ့ပြီး ခုမှ သူ့ နိုင်ငံရေးသမား ကလာလရေကြည်က စတည်တာ။ နိုင်ငံရေးသမားအဖြစ်ပြောင်းတာ၊ သူ့မှာ နိုင်ငံရေးရှိတယ်။ စိုက်လိုက်မတ်တပ် လုပ်လာသူဖြစ်တယ်။ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် သူ့ရပ်ခံချက်အတိုင်းသွားသူဖြစ်တယ်၊ NGO လိုလို ပရဟိတလိုလိုကို ယာယီရပ်တည်ရေးအရလုပ်ခဲ့ပေမယ့် တချိန်မှာ နိုင်ငံရေးလုပ်ဖို့ သူ့မှာ ရည်မှန်းချက်ရှိတယ်။

သူလုပ်မယ့်နိုင်ငံရေးဟာ "နိုင်ငံရေးကောင်း"လား "နိုင်ငံရေးဆိုး"လား ကတော့ ကျောင်းသားဘဝက၊ တက်ကြွလှုပ်ရှားသူဘဝက လုပ်ခဲ့တာတွေပဲကြည့်ပြီးပြောမယ်ဆို မှန်ဖို့တော့မနီးစပ်ဘူး။ ခု သူ နိုင်ငံတော်ဆိုတဲ့ "အာဏာ"ကို လိုချင်လာပြီ၊ ဒါ သဘာဝကျတယ်။ နိုင်ငံရေးလုပ်ပြီး အာဏာရယူရေးသဘောထားမရှိဘူးဆို ဘယ်တော့မှလည်း အာဏာမရဘူး။ အာဏာဆိုတာ ဘာလုပ်မယ်မလုပ်ဘူးကို ပေါ်လစီနဲ့ဆုံးဖြတ်ချက် ချမှတ်တာဖြစ်တယ်၊ ဟိုဘဝတွေက သူဟာ Decision Maker and Policy Maker မဟုတ်ဘူး။ ခု သူ ဆုံးဖြတ်သူ မူချသူဖြစ်ဖို့ကြိုးစားနေပြီ၊

ခုချိန်ဟာ ပါတီထောင်လို့ အကောင်းဆုံးအချိန်ဖြစ်နေတယ်၊ ဒေဝေါကြီးနဲ့ခြောက်လို့ရနေသေးတယ်၊ ၂ဝဝ၈ နာခံနေရလို့ပါဆိုပြီး ပြည်သူကို မျက်ရည်ခံလေးထိုးလိုက်၊ ပြင်ပြမယ်လို့ကြုံးဝါးလိုက်၊ အရင်အစိုးရကြောင့်လို့ ရှာစရာရမယ်လေးပြလိုက်နဲ့ ဂျင်ခြေလည်လို့ ရနေတာဖြစ်တယ်၊ ဒါ့ကြောင့် ဒီအချိန်မှာ ထထောင်တာလို့ယူဆမယ်ဆို မမှားတန်ဘူး၊ ကိုကိုကြီး အချိန်တွက်တာ ကွက်တိဝင်တယ်၊

လူ"သန့်"တာလည်း "စင်"ထွက်သွားတယ်၊ မီးသေမယ့်လူတွေချည်း "စု"ထားတာမြင်ရတယ်။
ခါင်းဆောင်မှုနဲ့ ခေါင်းဆောင်ဆိုတာကို "စုပေါင်းခေါင်းဆောင်မှု"ဆိုတဲ့ အကာပြဲ့ပြဲ့အနှစ်မဲ့စကားလုံးနဲ့ ဖမ်းစားမှန်းသိပေမယ့် နောက်လိုက်မယ့်သူတွေက တသိုက်သိုက် တဖြောင့်ဖြောင့် ဘယ်အထိလိုက်မလဲကတော့ မခန့်မှန်းနိုင်သေးဘူး။ အားလုံးက ခေတ်ပြိုင်တွေချည်းကိုး၊ အားလုံးက သူ့နေရာနဲ့ ဗိုလ်ဖြစ်လာကြတဲ့ အာဂလူတွေချည်းကိုး၊ ခွာတိုင်းတာတွေ ပခုံးချင်းယှဉ်တာတွေရှိနိုင်ပေမယ့် လောလောဆယ်အနေအထားမှာ ကိုကိုကြီးရဲ့ အအုပ်အစီးအောက်မှာ အစည်းမပျက်ဖြစ်နေစရာရှိနေဦးမယ်လို့ ထင်တယ်။
မျိုးမြင့်ချို(အောက်တိုဘာ ၂၉၊ ၂ဝ၁၈)

0 comments:

Post a Comment