(အုန်းပွဲငှက်ပျောပွဲ တောင်းသတဲ့လား)
ဟို ဒ ဒွေး ၂ ယောက်မသိတာက အုန်းပွဲငှက်ပျောပွဲနဲ့ အတောင်းပန်ခံတဲ့ နည်းပဲ။ အရင်က ထစ်ကနဲရှိ ဘာမပြောညာမပြောနဲ့ အကြည်ညိုပျက်အောင်လုပ်တာ၊ အမနာပပြောတာ၊ လီဆယ်လုပ်ကြံတာဆိုပြီး ဆွဲစေ့လိုက်တာပဲ၊ တရားစွဲလိုက်တာပါပဲ။ ရုံးတင်လိုက်တာပါပဲ။ ထောင်ချလိုက်တာပါပဲ။ မီဒီယာအသံကြားတာနဲ့ သွေးတောင်ပျက်ချင်တဲ့ပုံပါပဲ။ စစ်ဗိုလ်တွေလို မီဒီယာကို မီဒီယာနဲ့ချရမယ်လို သေနတ်ခါးထိုးပြီး မိုက်မိုက်ကမ်းကမ်းမပြောတာ တခုပဲရှိတယ်။ လက်တွေ့မှာ လုပ်နေတာပါပဲ။ လက်ရှိမှာလည်း အစိုးရကိုင်ထားတဲ့ မီဒီယာတွေလည်း ရှိတာပဲ။ ဒါတွေကနေလည်း သူ့အစိုးရတော်ကြောင်း ကောင်းကြောင်းတွေ ဝါဒဖြန့်နေတာပဲဟာ။ ကိုယ်မတော် မတတ် မဟုတ်မဟတ်လုပ်တာကို အစိုးရမီဒီယာက ဘယ်ပြောလိမ့်မလဲ။ မဖုံးနိုင်မဖိနိုင်ဖြစ်တဲ့အခါမျိုး အပုပ်နံ့တထောင်းထောင်း ထလာတဲ့ အခါမျိုးမှာတောင် ဖာမှာထေးမှာ ကာမှာကွယ်မှာပါပဲ။ မတတ်နိုင်တဲ့အဆုံး ဖြောင့်ကွယ်တော့ ကွယ်မှာပဲ။ ဒါ ဘာမှ မဆန်းဘူး။ ကိုယ်လည်း အစိုးရ (အာဏာရရင်)ဖြစ်ရင် အဲ့နည်း နှင်နှင်လုပ်ကြမှာပဲ။ နည်းလမ်းတွေကတော့ မတူနိုင်ဘူး။ သွားနေတဲ့နိုင်ငံရေးလမ်းကြောင်းပေါ်တည်ပြီး ကွဲပြားနိုင်တာပါပဲ။ မီဒီယာလွတ်လပ်ခွင့်ရှိပြီး အစိုးရပိုင်မီဒိယာ မထားရတဲ့ပြည်တွေကျတော့ ကိုယ့်ဘက်သားမီဒီယာတွေ မွေးရတာပါ၊ ငွေနဲ့ အခွင့်အရေးနဲ့ မက်လုံးပေးမြှူဆွယ်ပြီး ကိုယ့်အသံထွက်နေအောင် လုပ်ထားကြတာပါပဲ။
ခုက မီဒီယာကောင်စီကနေကြားဝင်၊ မှားရေး မှားပြော မှားဖော်ပြတာဆိုရင် လူသိရှင်ကြားတောင်းပန်။ မိန့်မိန့်ကြီးထိုင်ပြီး အထက်စီးကနေ နောက် မမိုက်ကြနဲ့ကွာဆိုတဲ့ မျက်နှာပေးနဲ့ ခွင့်လွှတ်ပေးမယ်။ အေး မတောင်းပန်ရင်တော့ ကွဲမယ်။ ကိုယ့်ဘဝ ကိုယ်တွေးထားဆိုတဲ့ အပေါက်ပါပဲ။ အစိုးရဆိုတာ ဒါပါပဲ။ အာဏာသဘော ပြော့ပြော့သုံးရင် ဒါ ဗမာ့ပကတိနိုင်ငံရေးမှာ Soft အဖြစ်ဆုံးနည်းပါပဲ။ စစ်အုပ်စုက ၂ဝဝ၈ အောက်က တက်လာတဲ့အစိုးရတွေကိုကိုင်တွယ်ဖို့ ပြောင်းလဲကျင့်သုံးလာတဲ့ မီဒီယာပေါ်လစီပါပဲ။ သူတို့ အကြိုက်နည်းပါပဲ။ ဒါကို စစ်တပိုင်းအစိုးရက အကောင်အထည်ဖော်ပေးနေရတာပါပဲ။ ကျနော်တို့က ဒါကို မျက်ခြေမပြတ်ဖို့တော့ လိုကြမှာပါ။
မီဒီယာသမားဘက်ကလည်း ဒါနဲ့ ထမင်းစားနေတာ။ ဒါနဲ့ အသက်မွေးနေတာ။ ဒါနဲ့ ရပ်တည်နေတာ။ အချက်အလက်မှန်ဖို့၊ တိကျသေချာဖို့၊ အပြောအဆိုအရေးအသား၊ တရားရော စကားပါမမှားဖို့ ပိုလိုလာပါလိမ့်မယ်။ ကိုယ်ထမင်းစားတဲ့အလုပ်မှာ ကိုယ်ဟာ တကယ့်ကို Professional ဖြစ်နေဖို့လိုပါမယ်၊ ဝမ်းစာပြည့်မှရပါမယ်။ ဒီနေရာမှာ ဒီလိုပြောလို့ မီဒီယာသမားဆိုတာ အရာရာကို ပါရဂူမြောက်နှံ့စပ် ကျင်လည်ရမယ်လို့ မဆိုလိုပါဘူး။ ဘယ်သူကမှလည်း မကျင်လည်ပါဘူး။ ကိုယ်လုပ်မယ့်သတင်းနဲ့ပတ်သက်လို့ စပ်စပ်စပ်စပ် တို့တိတို့တိသိဖို့နဲ့ ပါရဂူမြောက် ဘယ်သူ ကျင်လည်သလဲဆိုတာကို သိဖို့ပဲလိုတာပါ။ Reliable Source က ဘယ်နေရာမှာ၊ ဘာလဲ၊ ဘယ်သူလဲသိဖို့လိုတာပါ။ ဘုမသိဘမသိနဲ့တော့ မီဒီယာသမားနံမည်မခံတာ ကောင်းပါတယ်။
နောက်တချက်က ဘယ်သူကမှလည်း မခန့်၊ ဘယ်ပြည်သူကမှလည်း ငါတို့ကိုယ်စားလုပ်ပေးပါလို့ ရွေးကောက်တင်မြှောက်ထားတာလည်း မဟုတ်၊ ဘာအာဏာမှလည်းမရှိ၊ ကိုယ့်ဝမ်းကိုယ်ကြောင်း ကိုယ့်ထမင်း ကိုယ်ရှာစားတာကို အခြောက်တိုက်ဘဝင်မြင့်ပြီး စတုတ္ထမဏ္ဍိုင်တွေ ဘာတွေဆိုပြီးမပြောမိဖို့ ဆင်ခြင်နိုင်ရင်ကောင်းပါတယ်။
မီဒီယာရော အစိုးရ(နိုင်ငံရေးသမား)ရော သေသေချာချာ မမေ့ကြဖို့က လူတွေလက်ထဲမှာ ဖုန်းတွေရှိတယ်ဆိုတာပဲ။ လူထုနိုင်ငံရေးဟာ အမြဲနိုးကြားနေတယ်ဆိုတာပါပဲ။
တချို့နေရာတွေမတူပေမယ့်
မီဒီယာအပေါ်ထားတဲ့သဘောထားမှာ ဒေါ်စု ဒေါ်ကြီး ဒူတာဒေး မနီးရိုးစွဲတွေပါ၊
အဂ္ဂိရတ်ဆရာတွေကတော့ မီဒီယာမှာလည်း ဒဒွေးပါတော့ ဒ ဒ ချင်းတွေ ဓာတ်မတည့်တာလို့
ပြောမလားမသိပါဘူး။။

မျိုးမြင့်ချို(နိုဝင်ဘာ ၂၄၊ ၂ဝ၁၈)
0 comments:
Post a Comment