Thursday, November 22, 2018

(ကိုယ့်တွက်ကျန်အောင်ဆို) မျိုးမြင့်ချို

0 comments
(ကိုယ့်တွက်ကျန်အောင်ဆို)
ဗီယက်နမ်စစ်မှာ အမြတ်ထွက်တဲ့နိုင်ငံတွေ ထွက်တယ်။ စစ်အေးခေတ်မှာ တရုတ်အပါအဝင် အမြတ်ထွက်တဲ့နိုင်ငံတွေရှိသလို ခု တရုပ်-အမေရိကန်ကုန်သွယ်ရေးအားပြိုင်ပွဲမှာ ဗမာပြည်ဟာ ကိုယ့်အတွက်ဘယ်လောက်ကျန်အောင် လုပ်နိုင်မလဲက စီးပွားရေးနဲ့နိုင်ငံခြားရေးပေါ်လစီမှာ အမျိုးသားအကျိုးစီးပွားကို ဘယ်လောက်ရှေ့ထားပြီး ချမှတ်မလဲနဲ့ဆိုင်တယ်။ တပြိုင်နက်တည်းမှာပဲ နိုင်ငံရေးအရအနေအထိုင်တတ်ဖို့လည်း လိုပါတယ်။
ကုန်သွယ်ရေးဆိုတာက အရောင်းအဝယ်လုပ်ကြတဲ့သဘောထက် မပိုဘူး။ နိုင်ငံခြားရေးနဲ့စီးပွားရေးပေါ်လစီ ခေတ်နဲ့လျော်ညီအောင်ချနိုင်ရင် ကုန်သွယ်ရေးလုပ်ငန်းက ကျွဲကူးရေပါကိစ္စပါ။

ခုဆို ပါပူဝါနူးဂီနီတို့၊ အာဖရိကတိုက်က နိုင်ငံတချို့တို့ကို တရုတ်နဲ့ အမေရိကန် ဈေးပြိုင်ပေးပြီး ဝယ်နေကြတယ်။ တိုင်းပြည်ချမ်းသာအောင် လူတွေ လူတန်းစေ့နေနိုင်တယ်ဆိုတာ အစိုးရတွေ ဈေးရောင်းဘယ်လောက် ကျင်လည်မကျင်လည်ဟာလည်း တိုင်းစရာစံတခုဖြစ်ပါတယ်။
ဖာနိုင်ငံလို့ တချိန်က ကျနော်တို့သမုတ်ခဲ့တဲ့ မျက်မှောက်ယိုးဒယားပြည်က ပြည့်တန်ဆာလုပ်စားနေရတဲ့သူတွေထဲ ဗမာပြည်ဖွားမိန်းကလေးတွေလည်း ပါပါတယ်။

ဗမာပြည်မှာတော့ စစ်အုပ်စုက အစိုးရကိုတင်မက နိုင်ငံရေးအာဏာကိုပါ ထိန်းချုပ်ထားတော့ သူတို့အကျိုးပွားမပါရင် သူတို့အကျိုးစီးပွားနည်းရင် တိုင်းပြည်ဘာဖြစ်ဖြစ် ကမ္ဘာကြီးဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး။

တိုင်းပြည်ကဆင်းရဲရတဲ့အထဲ ရိုဟင်ဂျာအရေးကြောင့် စီးပွားရေး နိုင်ငံရေး သံတမန်ရေး အရေးအရာအားလုံးမှာ လူလုံးမလှဖြစ်ရုံတင်မက စီးပွားရေးကုန်သွယ်ရေးတွေပါ ထပ်ကြပ်မတ်အရေးယူလာရင် လူထုဘဝ ဖွတ်သထက်ညစ်မှာပဲ။
မစို့မပို့အာဏာ၊ မသဓာရေစာဒီမိုကရေစီနဲ့စစ်တပိုင်းအစိုးရက အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ မူမဲ့တဲ့စေ့စပ်ရေးနဲ့ ဓားခုတ်ရာလက်ဝင်လျှိုပြီး နိုင်ငံရေးဝင်ဆတ်ဆော့တော့ နှုတ်မရဆုတ်မရနဲ့ ရုပ်ပျက်ဆင်းပျက်ပိုဖြစ်ကုန်တယ်။

ကျနော့်အနေနဲ့ ဒီ ကုန်သွယ်ရေးအားပြိုင်မှုကနေ တိုင်းပြည်အမြတ်ထွက်အောင် လုပ်ချင်တဲ့စေတနာ စစ်တပိုင်းအစိုးရမှာရှိမယ်ဆိုတာ ယုံပါတယ်။
ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် သင်းသပ်ပြီး ၂ဝဝ၈ ချည်မန်းကွင်းအစွပ်ခံထားရတော့ ဘာမှ မယ်မယ်ရရ ထိထိရောက်ရောက် အမြတ်ထွက်အောင် လုပ်လို့မရမှာလည်းသေချာတယ်။ ချုပ်ရရင် စစ်အုပ်၊ စစ်အာဏာ၊ စစ်ဗျူရိုကရေစီယန္တရားကြီးရှိနေသမျှ ခုလိုပဲ တဆင့်ခံကန်ထရိုက်ယူပြီး အစိုးရအမည်ခံပေးနေကြရမှာပါပဲ။
ပြောင်းလဲလာတဲ့ ကမ္ဘာ့အခြေအနေတွေလိုက်ပြီး ကိုယ့်အတွက်ကျန်အောင်လုပ်မရတဲ့ဘဝ ရောက်နေကြရဦးမှာပါပဲ။ ဒါဟာ တိုင်းပြည်ကြမ္မာတို့ နိုင်ငံရေးကံမကောင်းတာတို့မဟုတ်ပါဘူး။ စစ်အုပ်စု ဖန်တီးခဲ့တဲ့၊ ဖန်တီးထားတဲ့၊ ဖန်တီးနေတဲ့ ကိစ္စပါ။ လက်သည် ရှေ့တင် ရှိပါတယ်။
မျိုးမြင့်ချို နိုဝင်ဘာ ၁၈၊ ၂ဝ၁၈

0 comments:

Post a Comment