(မျှော်တော်ယောင့်အကျပ်အတည်း)
ဒေါ်အောင်ဆန်းစုကြည့်အနေဖြင့် ၅၉(စ)လေး ပြင်ပေးနိုးပြင်ပေးနိုးနှင့် တပြည်လုံးကို ထိုးထိုးကျွေးနေသလားဟု မိမိစိတ်တွင် ထင်မြင်လာ၏။ ယခုယူထားသည့် နိုင်ငံတော်အတိုင်ပင်ခံဆိုသည့် နိုင်ငံရေးရာထူးမှာ ဘာမှမဟုတ်။ အစိုးရအဖွဲ့ဝင် ရာထူးပင်မဟုတ်။ ထို့ကြောင့် ကက်ဘိနက်တွင်နေရာရရန် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနဟု သမုတ်ကာ နောက်ထပ်ဝန်ကြီးတနေရာထွင်ရ၏။ ထိုရာထူးသည် တရားဝင်မှုသဘောအရလည်း သူတယောက်တည်းအတွက် ကွက်၍ပြဌာန်းထားခြင်းဖြစ်သလို လွှတ်တော်တွင် NLD အမတ်နေရာ အနည်းစုဖြစ်သွားလျှင် အလိုလို သားလျှောသွားမည့် ရာထူးလည်းဖြစ်၏။ NLD ဆက်လက်၍ အများစုအမတ်နေရာအနိုင်ရ၍ လွှတ်တော် ၂ ရပ်လုံးကို စီးထားနိုင်သည်ဆိုစေဦး ဒေါ်အောင်ဆန်းစုကြည်လွန်လျှင် ထိုရာထူးကိုဖြုတ်ကာ ထိုရာဥပဒေကိုလည်း ဖျက်ပစ်ကြမည်ဖြစ်၏။
၅၉(စ)ကြောင့် သမ္မတမဖြစ်နိုင်မည့်အတူတူ သမ္မတအထက်ကနေမည်ဟု ဆိုခဲ့သည့်အတိုင်း NLD သမ္မတ ၂ ဆက် အထိတော့ ထိုရာထူးမှာ တောင့်ခံနိုင်သေး၏။ ထိုရားထူးအား နိုင်ငံတော်အင်္ဂါစဉ်တွင် ဘယ်နေရာက ထားထား ၊ စစ်အုပ်စု၏အကွပ်အညပ်ကလွတ်နေသည့် ရာထူးလည်းမဟုတ်။ မဟုတ်သည့်အပြင် ထိုရာထူးဖြင့် ကာလုံအစည်းအဝေးပင် တက်ခွင့်မရှိ။ နိုင်ငံခြားရေးဝန်ကြီးရာထူးဖြင့်သာ တက်ခွင့်ရှိ၏။
သမ္မတအထက်က ဘယ်လိုနေနေ၊ နိုင်ငံတော်အင်္ဂါစဉ်တွင်ဘာပြပြ ဖွဲ့စည်းပုံအရ သမ္မတသည် နိုင်ငံ့ဥသျှောင်မဟုတ်လား။ ထို ဥသျှောင်ဆိုသည့် တရားဝင်ရာထူးသာ ရမည်ဆိုလျှင် နိုင်ငံတော်အတိုင် ပင်ခံရာထူးကို သူ အလွယ်တကူ မစွန့်လိုက်ဟု မည်သူမှ အာမဘန္တေမခံနိုင်။
ကော်ဇောနီသည် သမ္မတအတွက်ဖြစ်၏။ အမြောက် ၂၁ ချက်သည် သမ္မတအတွက်ဖေါက်၏။ Counterparts များသည် Counterpart ကိုတွေ့ရခြင်းကိုသာ ဂုဏ်နှင့်ဒြပ်နှင့်ပြည့်စုံသည်ဟု ယူဆ၏။ မလွဲသာ၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ရသော်လည်း သံတမန်ရေးရာ၌ အောင့်အီးအောင့်သက်တွေ jဖစ်ကြ၏။ သူလည်း သမ္မတဖြစ်ချင်ခဲ့တာ သေချာ၏။ ၂ဝ၁၅ မတိုင်ခင်နှင့် ပြီးစကာလများဆီက ၅၉(စ)ပြင်ရေးကွက်ပြီး ဆန္ဒတွေတခြိမ်းခြိမ်းပြခဲ့ကြတာ၊ လက်မှတ်(၅)သန်း ကောက်ယူစုဆောင်း ခဲ့တာတွေက လက်တွေ့ရှိ၏။ သို့နှင့်တိုင် ဖွဲ့စည်းပုံကိုပြင်မရ။ သူ သမ္မတ မဖြစ်ခဲ့။
၂ဝဝ၈ ဖွဲ့စည်းကိုပြင်လိုလျှင် ဘယ်လိုပြင်ရမည်ကို စစ်အုပ်စုက မဆွကပင် ပြဌာန်းခဲ့ပြီးဖြစ်၏။ မည်သို့ပြင်မှရမည်ကိုလည်း ပုဒ်မတွေ၊ ပုဒ်မခွဲတွေနှင့် ပြောထားပြီးသားဖြစ်၏။ အများသိကြပြီးမို့ ဤနေရာတွင် ဝိတ္တာရချဲ့စရာ မလိုတော့။ ပြောရမည်ဆိုလျှင် ၇၅ ရာခိုင်နှုန်းသော အမတ်နေရာများကို လွတ်လွတ်ကျွတ်ကျွတ်အနိုင်ရစေဦး စစ်အမတ်တယောက်ကလေးက မထောက်ခံပင်လျှင် ဘာမှပြင်မရ။ ဘယ်သောအခါမှ ဘယ်ပါတီမှလည်း ၇၅ ရာခိုင်နှုန်းအနိုင်ရစရာမရှိ။ ဗမာ့နိုင်ငံရေးတွင် ဤမျှစန်းပွင့်သည့် NLD ပင်၊ ဤမျှ နိုင်ကောင်းသည့်အခြေအနေ ရှိလျှက်ကပင် မနိုင်ခဲ့။ အလုံးအရင်းနှင့်အနိုင်ရခဲ့သည့် ၂ဝ၁၅ ရွေးကောက်ပွဲ တွင် NLD သည် ပြိုင်သမျှနေရာတို့၏ ၈ဝ ရာခိုင်နှုန်းကျော်နိုင်ခဲ့၏။ လွှတ်တော်မှတဆင့် ဒုသမ္မတ တဦး ရွေးပေးရန် လုံလောက်သည့် အမတ်နေရာများလည်း ရယူနိုင်ခဲ့၏။ NLD က တင်သည့်သူလည်း သမ္မတဖြစ်ခဲ့၏။ သို့သော် ဖွဲ့စည်းပုံကို လက်ဖျားနှင့်ပင်တို့မရ။ အဖြေက စစ်အမတ်ကလေးယောက်က YES မလုပ်လျှင် ဘာမှလုပ်မရဟု ထွက်လာ၏။ ထို့ကြောင့် လေသံပြောင်းရ၏။ ဒါက စစ်သားမဟုတ်သည့် အမတ်များဘက်က သို့မဟုတ် ပါတီများဘက်ကကြည့်လျှင် မြင်ရသည့်အနေအထား။ ခု ကျနော်တို့ ပြောနေကြသည့် ၂ဝဝဂ ပြင်ရန်ခက်သည့်ကိစ္စမှာ ဤနေရာတွင်ရပ်သွား၏။
ကျနော် အခြားတဘက်မှလှည့်တွေး၍မြင်သည်ကို ပြောပါမည်။ ထို ၂ဝဝ၈ ခြေဥသည် စစ်အုပ်စုကိုယ်၌်က ပြင်ချင်ပါသည်ဆိုစေဦး ပြင်လို့မရနိုင်။ စစ်အမတ် ၂၅ ရာခိုင်နှုန်းလုံးက ကာချုပ်ထံမှ မီးစိမ်းပြ ထောက်ခံမိန့်ရ၍ ထထောက်ခံကြစေဦး မည်သည့်ပါတီကမှ လွှတ်တော်အမတ် ၅၁ နေရာ နိုင်စရာလမ်း ရှေ့လျှောက်မရှိတော့။ စစ်သားမဟုတ်သည့် အမတ် ၅၁ နှင့် စစ်အမတ်၂၅ ပေါင်းမှ ၇၆။ ထို ၇၆ ရာခိုင်နှုန်းရရန် အလွန်ခဲယဉ်း၏။ စစ်အုပ်စုက ၂၅ ရာခိုင်နှုန်းလုံး ထောက်ခံပါရစေဖြစ်နေဦး မည်သည့်နိုင်ငံရေးပါတီက အမတ်နေရာ ၅၁ ရာခိုင်နှုန်းနိုင်အောင် ရှေ့လျှောက်လုပ်နိုင်ပါမည်နည်းက တွေးစရာဖြစ်လာ၏။ လူမျိုးစုဒေသတွေမှာ လူမျိုးစုပါတီတွေ အားကောင်းလာ၏။ လူမျိုးစုတွေက လူမျိုးစုအမတ်တွေကိုပဲ ပိုဦးစားရွေးချယ်ကြတော့မည်မှန်း အကဲခတ်လို့ ရလာ၏။ လူ့ဘောင်သစ်တို့၊ ပြည်သူ့ပါတီတို့လည်း အပြိုင်းအရိုင်းရှိနေ၏။ ကြံ့ဖွံ့ကိုလည်း သိတ်လျှော့တွက်လို့မရတော့။
ဖွဲ့စည်းပုံဘက်ကိုပြန်လှည့်လျှင် စစ်အုပ်စုက ရည်ရွယ်တာက သူ့ဖွဲ့စည်းပုံကို ဘယ်သူမှပြင်မရအောင် လုပ်ထားခြင်းဖြစ်၏။ ခုတော့ ထို "ဘယ်သူမှ"ထဲတွင် သူလည်း ပြန်ပါသွား၏။ သူ ထို ဖွဲ့စည်းပုံကိုဆွဲစဉ်က ထိုကိစ္စကို စဉ်းစားခဲ့ မစဉ်းစားခဲ့ကတော့ သူပဲသိလိမ့်မည်။ ခုတော့ သူကိုယ်၌က ပြင်စေချင်ဦး ပြင်ဖို့ ခဲယဉ်းသထက်ခဲယဉ်းသွား၏။ ရှေ့လျှောက် ပို၍ပင် မဖြစ်နိုင်တော့။
စစ်အုပ်စုက ဖွဲ့စည်းပုံပြင်ချင်၍ ပါတီတခုခုခုကို အမတ်နေရာအများစုကြီး သေအောင်နိုင်စေ့ချင်ဦး နိုင်ဖို့မလွယ်ကူတော့။ ထိုအခါ ၂ဝဝ၈ ဖွဲ့စည်းပုံသည် စစ်တပ်အတွက် အကျပ်အတည်းဖြစ်တော့မည်ဖြစ်၏။ သူဖော်သည့်ဆေး သူပြန် မစားနိုင်ခြင်းဖြစ်၏။ လောလောဆယ် အနေအထားတွင်တော့ စစ်အုပ်စုဘက်က ဖွဲ့စည်းပုံပြင်စရာမလိုသေး။ ထို့ကြောင့် ဘာမှ မထိခိုက်သလို၊ ဘာမှမဖြစ်သလိုနေလို့ရနေ၏။ သူ့အတွက် ဖွဲ့စည်းပုံအကျပ်အတည်း လောလောဆယ်တွင် ဘာမှမရှိ။ လေညှာက အနေသာကြီးဆိုကာ ဒူးနှံ့နေလို့ရ၏။
နောင်တချိန်ချိန်တွင် အပေးအယူအချီကြီးတခုခုရနိုင်၍ ဖွဲ့စည်းပုံကို ပြင်ချင်လာသည့်အချိန်ကျ ယခု ကျနော်တို့ပြောပြောနေသည့် "ဖွဲ့စည်းပုံအကျပ်အတည်း"ဆိုသည့်စကားကို သူနှုတ်က ပြောရတော့မည်။
NLD သည် ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ၂ဝ၁၅ ပြီးစလွှတ်တော်လို ထိန်းချုပ်ထားနိုင်ရန် ကျားကုပ်ကျားခဲကြိုးစား၏။ သို့သော် ၁၃ နေရာလုံး မရခဲ့။ ပိုဆိုးသွားသည်မှာ ပြည်သူ့လွှတ်တော်ကို စစ်အုပ်စုအလိုတော်ရိ တီခွန်မြတ်လက် ဝကွက်အပ်လိုက်ရခြင်းဖြစ်၏။ ၂ဝ၂ဝ ရွေးကောက်ပွဲကြီး (ဖြစ်ခဲ့လျှင်) ၂ဝ၁၅ က NLD လို ဖြစ်နိုင်ခြေ မရှိတော့။ ထို့ကြောင့် ခုနေခါ လွှတ်တော်ထဲ ကိုယ်အများစုလေးဖြစ်နေတုန်း စစ်အုပ်ကသာ မျက်နှာသာပေးပါက အနည်းဆုံး ၅၉(စ)လေး ပြင်ဖို့ ဂယ်ပေါက်လေးတခုခုရလိုရငြား သွေးရူးသွေးတမ်းတွေ လျှောက်လုပ်ပေးနေသလားဟု စဉ်းစားစရာဖြစ်လာ၏။
ရိုဟင်ဂျာအရေးမှာ စစ်အုပ်စုအလွန်မှန်း သိသိနှင့် ဘူးထွက်ခံငြင်း၏။ နှုတ်သီးကောင်းလျှာပါးလုပ်၏။ နိုင်ငံတကာ၏ အကျဉ်ခံဘဝရောက်၏။ အပြည်ပြည်၏တံတွေးခွက်၌ ပက်လက်မျော၏။ တရုပ်နှင့် စာချုပ်အသစ်တွေ ခေါင်းခံပြီးထပ်ချုပ်၏။ စာချုပ်အဟောင်းတွေကို အကောင်အထည်ဖော်၏။ မြစ်ဆုံကိုပင်လျှင် မျက်စပြစ်ချင်သလိုလိုလုပ်၏။ သို့သော် သူ မျက်နှာလုပ်သမျှသည် အချည်းအနှီး သဲထဲရေသွန်သာဖြစ်၏။ ဖွဲ့စည်းပုံကား ပြင်ရေး ဘယ်လိုမှ ဖြစ်စရာမရှိ။
ဒါကို တချို့က "ဒေါ်စုက သူတို့အတွက် ဒီလောက် သိက္ခာအကျခံပြီး လိုက်လုပ်ပေးနေတာတောင် ဒေါ်စုဘက်လှည့်ကြည့်ဖော်မရ" ဟု စကားနာထိုး၏။ ထိုးလည်း ငထိုးဘဲဖြစ်၏။
စစ်အုပ်စုတွင် ဒေါ်စု သမ္မတမဖြစ်ရေးမှာ အခိုင်အမာချပြီးသားမူဖြစ်၏။ ထို မူ(ဖွဲ့စည်းပုံ)ကို သူတို့လက်သူတို့ခြေ ချခဲ့တာဖြစ်၏။ သူတို့ချခဲ့သည့်မူကို သူတို့ပင် ပြန်ပြင်ဖို့မလွယ်တော့။ ကိုယ့်ရှူးကိုယ်ပတ်နေ၏။ ဒါကိုပင် ကျနော်တို့က ဖွဲ့စည်းပုံအကျပ်အတည်းဟု ခေါ်ကြ၏။ ဟုတ်၏။ သို့သော် ထိုအကျပ်အတည်းသည် ကျနော်တို့အတွက်ချည်းမဟုတ် သူတို့အတွက်ပါ ကျပ်တည်းသည့် အကျပ်အတည်းဖြစ်၏။ ထို့ကြောင့် ဖွဲ့စည်းပုံကိုယ်၌က အားလုံးအတွက် အကျပ်အတည်းဖြစ်နေသည်ဟု ဆိုရ၏။
မျိုးမြင့်ချို(ဒီဇင်ဘာ ၁၊ ၂ဝ၁၈)

0 comments:
Post a Comment