Thursday, November 15, 2018

(ဒေါ်စုရဲ့ ခုတကြိမ် စင်္ကာပူခရီးနဲ့ပတ်သက်လို့ လင်းထက်ဆွေ ရေးတဲ့စာဖြစ်ပါတယ်)

0 comments
(ဒေါ်စုရဲ့ ခုတကြိမ် စင်္ကာပူခရီးနဲ့ပတ်သက်လို့ လင်းထက်ဆွေ ရေးတဲ့စာဖြစ်ပါတယ်)
ဒေါ်စုရဲ့ ဒီတစ်ကြိမ် စင်ကာပူ အာဆီယံခရီးစဉ်ဟာ မျက်နှာပန်း မလှရှာပါဘူး။ အရင်ခရီးစဉ်တွေတုန်းက တွေ့ရတဲ့ ဒေါင်းမေပျိုရဲ့တက်ကြွလှပတဲ့ဟန်ပန်တွေကို မတွေ့ရပဲ ရှုတည်တည်မျက်နှာပေးမျိုးကိုသာ တွေ့ကြရတယ်။ စိတ်ဖိစီးမှုတွေလည်းရှိနေတော့ ဒီလိုဖြစ်နေရတာမဆန်းဘူးဆိုပေမယ့် မြင်ရတဲ့ ပြည်သူတွေအတွက်တော့ စိတ်မသက်သာစရာပါ။ ကိုယ်လေးစားတဲ့ကိုယ့်ခေါင်းဆောင်ကို တောက်ပတက်ကြွလန်းဆန်းတဲ့ ခွန်တွေအားတွေနဲ့သာမြင်ချင်ကြတယ် မဟုတ်လား။
ဒါလည်း ပုထုဇဉ်လူသားတို့ရဲ့ ဓမ္မတာပါပဲ။ ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းဆိုတဲ့ လောကဓမ္မတရားနဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်လို တရားရှိရှိ ဘယ်လိုတရားသိသိ ရင်ထဲမှာနှလုံးသားထဲမှာ အတ္တနဲ့မာနတွေကို အကြွင်းမဲ့မပယ်နိုင်သေးရင်တော့ တုန်လှုပ်တတ်ကြတာ လူ့မနောလူ့သဘာဝလို့သာဆိုရမယ်။

အခု သူသွားရတဲ့ခရီးက ပန်းခင်းသောလမ်းမဟုတ်ပဲ ကိုယ့်ကို ဆိုမယ့်ဆဲမယ့် စကားမြားမိုးတွေနဲ့စောင့်ကြိုနေတဲ့ ခရီးဖြစ်ပါတယ်။ မဟာသီယာကြီးကဆို ခင်ဗျား ထောင်နှစ်ရှည်ကျဖူးပေမဲ့မယ့် ခင်ဗျားမှာ ကိုယ်ချင်းစာတရားမရှိဘူး ဆိုတာမျိုးပြောတာတောင် ခံရတယ်။ မိုက်ခ်ပန့်စ်ကလည်း ရခိုင်ရိုကိစ္စနဲ့ပတ်သက်လို့ မြန်မာကို ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ ပြောပါတယ်။
ဒီလို စကားမြားမိုးတွေကို အပြုံးနဲ့မတုန့်ုပြန်နိုင်ပါဘူး။ အေးစက်တင်းမာတဲ့မျက်နှာပေးနဲ့သာ ရပ်ခံခဲ့ရတာဖြစ်တယ်။ ဒါက မြန်မာရဲ့အခြေအနေဖြစ်လို့ မြန်မာကို ကိုယ်စားပြုထားသူ မြန်မာကို တာဝန်ခံထားရသူတစ်ယောက်အနေနဲ့ ဒီလိုရင်ဆိုင်ခဲ့ရတာပါပဲ။ သူမရဲ့ ဂုဏ်သိက္ခာသာမဟုတ် မြန်မာရဲ့ဂုဏ်သိက္ခာကိုပါ တိုက်ခိုက်ခံရသလိုပေါ့။

လူတိုင်းမှာ ကိုယ့်အမြင်နဲ့ကိုယ် ကိုယ်စီရှိကြတယ်လေဆိုတဲ့ နှိုင်းရရှုထောင့်အမြင်ဝါဒစကားနဲ့ပဲ ကာကွယ် လိုက်နိုင်တယ်။ ကာကွယ်တယ်လည်း မမည်ပါဘူး။ ဒီနေရာမှာ သူ ကိုင်စွဲလိုက်ရတဲ့ နှိုင်းရအမြင်ဟာ ဒီထိုးနှက်ချက်ကို မကာနိုင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ မြန်မာဟာ UDHR နဲ့ CRC/CEDAW လို ပဋိညာဉ်တွေကို လက်မှတ်ထိုး တာဝန်ခံယူထားတဲ့တိုင်းပြည် ဖြစ်လို့ပါပဲ။

တိုင်းပြည်ထဲမှာဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖိနှိပ်သတ်ဖြတ်မှုတွေနဲ့ပတ်သက်လို့ စွပ်စွဲတဲ့အခါ ဒါကို ရပ်ခံဖြေရှင်းဖို့ လိုပါတယ်။ ဒါတွေက ရှင်တို့အမြင် ကိုယ့်အမြင်နဲ့ကိုယ်ပေါ့လို့ ပြောစရာအခြေအနေ မဟုတ်ပါဘူး။ ကိုယ်ကျင့်တရားရဲ့ ဓမ္မဓိဋ္ဌာန်စံနှုန်းတွေဆိုတာရှိတယ်လို့ မြန်မာနိုင်ငံကလည်း လက်ခံတာဝန်ယူပြီး ဒီ ပဋိညာဉ်တွေကို လက်မှတ်ထိုးခဲ့တာဖြစ်လို့ အခုမှ မုန်လာဥလုပ်လို့ မရနိုင်ပါဘူး။

ရိုက်တာသတင်းထောက်နှစ်ယောက် ဖမ်းဆီးခံရတဲ့ကိစ္စနဲ့ပတ်သက်လို့လည်း တုံ့ပြန်ရာမှာ “ကိုယ့်နိုင်ငံအကြောင်းကို ကိုယ်ပဲသိတယ် တခြားနိုင်ငံတွေက မသိနိုင်ဘူး၊ ရှင်တို့နိုင်ငံအကြောင်းလည်း ရှင်တို့ ပိုသိမှာပေါ့“ လို့ ပြန်ဖြေခဲ့တယ်။ ဒီ အဖြေကလည်း ခိုင်လုံသောအဖြေ မဟုတ်ပါဘူး။ မြန်မာစကားပုံမှာရှိတဲ့ ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုတဲ့ဆိုထုံးကို မူတည်လို့ ကိုယ့်ပြဿနာရဲ့ အတိမ်အနက်ကို ကိုယ်ပဲသိတယ် တခြားလူကမသိနိုင်ဘူးလို့ ဆိုလိုချင်တာပဲဖြစ်တယ်။

ဒီ စကားပုံကိုယ်တိုင်ရဲ့ ရည်ညွှန်းချက်က အပြည့်အဝ မမှန်ကန်ပါဘူး။ ကိုယ့်ဝမ်းနာတဲ့အကြောင်း ကိုယ်သိတာထက် ကိုယ့်ထက်ပိုကျွမ်းကျင်တဲ့ဆရာဝန်တွေ သမားတော်တွေက ပိုသိ ပိုနားလည်ပါတယ်။ ဘယ်လို ကုသပေးရမလဲဆိုတာကိုလည်း တတ်ကျွမ်းကြပါတယ်။ ဒါကြောင့်လည်း ကိုယ့်ဝမ်းနာတာ ကိုယ်မသိလို့၊ မဖြေရှင်းတတ်လို့ နားလည်တတ်ကျွမ်းသူတွေဆီကို သွားရောက်ကုသခံကြရတာ ဖြစ်တယ်။

နောက်တစ်ချက်က ကိုယ့်တိုင်းပြည်ကိစ္စမို့ ကိုယ်က အဂတိတွေအများကြီး ပါနေနိုင်တယ်။ ကိုယ့်ဘက်ကိုယ်ယက်ရတဲ့အခါမှာ ကိုယ်ကျင့်တရားအရ သမာသမတ်ကျချင်မှကျမယ်။ ဆန္ဒာဂတိတွေ ဘယာဂတိတွေလိုက်ပြီး မြင်ရတာမျိုးလည်းဖြစ်နိုင်လို့ တတိယလူတွေရဲ့ ဓမ္မဓိဋ္ဌာန်အမြင်တွေနဲ့ ပြန်ချိန်ကြည့်ဖို့လည်းလိုအပ်တာ အမှန်ပါ။

တကယ်တော့ ကိုယ့်ဝမ်းနာကိုယ်သာသိစကားနဲ့ တုံ့ပြန်လိုက်ရတာဟာ စကားကပ်ပြောတာထက် ပိုတယ်လို့ မြင်စရာမရှိပါဘူး။ အရပ်စကားနဲ့ပြောရရင် ကိုယ့်ကိစ္စကိုယ်လုပ် ရှင်တို့အပူမပါဘူးလို့ ပြောလိုရင်းပါပဲ။

ဒီရပ်တည်ချက်ကလည်း နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ သိပ် အသုံးမဝင်လှပါဘူး။ အင်အားကြီးနိုင်ငံတွေက ထင်ရာစိုင်းလုပ်တတ်ကြပေမယ့် ထင်ရာစိုင်းတာဟာ ထင်ရာစိုင်းတာပါပဲ အမှန်တော့မဟုတ်ဘူး။ အမှားကို အမှားတစ်သိန်းကထောက်ခံလို့လည်း အမှန်တစ်ခု မဖြစ်နိုင်ဘူး။
မြန်မာနိုင်ငံရဲ့အနေအထားဟာ ရှုပ်ထွေးတယ်၊ အကဲဆတ်တယ်၊ ရှင်းရခက်တဲ့ဆူးတွေ ပြဿနာတွေ တစ်လှေကြီးရှိတယ်ဆိုတာ ဒီလူတွေ မသိပဲ မနေဘူး။ ဒါဆိုရင် ဘာလို့ ဒီမေးခွန်းတွေကို မေးနေသလဲ။ ဒီ ပြစ်တင်မှုတွေကို လုပ်နေသလဲ။ မကျေမနပ်တွေ ဖြစ်နေကြရသလဲ။

တကယ်တော့ ဒေါ်စုရဲ့နေရာမှာ တစ်ခြားသူတစ်ယောက်ဆိုရင် သူတို့ ဒီလိုမေးနေမှာ မဟုတ်ပါဘူး။ ဒေါ်စုဟာ ဒေါ်စုဖြစ်နေလို့ ၂ဝ/၂၁ စုခေတ်ကမ္ဘာရဲ့ ဒီမိုကရေစီနဲ့လူ့ရပိုင်ခွင့်တိုက်ပွဲတွေ တန်ဖိုးတွေအားလုံးရဲ့ အိုင်ကွန် ပြယုဂ်ကြီး ဖြစ်နေလို့ပါပဲ။ မြန်မာ့လူ့ဘောင်ရဲ့ လူ့အခွင့်အရေးနဲ့ တရားမျှတမှုတွေရဲ့မျှော်လင့်စရာဟာ သူတစ်ယောက်တည်းဆီမှာ ရှိနေလို့ပါပဲ။ ဒါကြောင့် ဒီလို မေးခွန်းတွေထွက်ပေါ်လာရတာ ဖြစ်တယ်။

တဖြည်းဖြည်းနဲ့ ကမ္ဘာကမြင်လာရတာက အဲဒီ ဒီမိုကရေစီနဲ့ လူ့ရပိုင်ခွင့်တိုက်ပွဲတွေ တန်ဖိုးတွေအားလုံးရဲ့ အိုင်ကွန်ပုံရိပ်ဟာ မှိန်ဖျော့မှုန်ဝါးလို့ ပျောက်ကွယ်သွားပြီဆိုတာပါပဲ။ အနာဂတ်သမိုင်းဆရာတွေအတွက် မှတ်တမ်းပြုစရာ သမိုင်းပုံရိပ်ဟောင်းတစ်ခုအဖြစ်ပဲ ကျန်ရစ်တော့မှာ ဖြစ်ပါတယ်။

ပြည်တွင်းက လော်ဘီတစ်ချို့ မသိနိုးနားထင်နေသလို ဒါဟာ ခံပက်နိုင်ခဲ့တာမဟုတ်ပါဘူး။ ကျဆင်းနေတဲ့ တိုင်းပြည်ရဲ့ပုံရိပ်ကို ပြန်လည်ဆွဲတင်ဖို့အတွက် မျှော်လင့်ချက် ကုန်သလောက်ဖြစ်နေခဲ့ပြီဆိုတာကိုသိရတဲ့ ကြေကွဲစရာမြင်ကွင်း တစ်ခုရယ်ပါ။ အာဆီယံကနေ ရခိုင်အရေးနဲ့ပတ်သက်လို့ မြန်မာကိုအရေးယူဖို့ ထုတ်ပြန်ကြေညာတဲ့အခါမှာ မြန်မာဟာ ဒေသတွင်းမှာကို သိုးမဲတစ်ကောင်အဖြစ်ကို ရောက်ရတော့မှာဖြစ်တယ်။

ဒီအတွက် သူ့မှာ ဘာမှ အပြစ်မရှိပါဘူး။ သူ့တစ်ယောက်တည်းကို ပုံချဖို့လည်း မဟုတ်ဘူး။ ဒီရွေးချယ်မှုဟာ တတိုင်းပြည်လုံးနီးပါး ရွေးချယ်ခဲ့ကြတာသာဖြစ်တယ်။ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ သူမှားခဲ့တယ်ဆိုလဲ ဒီအမှားဟာ သူ့ရဲ့ကိုယ်ကျင့် သီလ သမ္မာစံတွေကို တိုင်းသူပြည်သားအများအတွက် နိုင်ငံရေးမျှော်မှန်းချက်တွေအတွက် စတေးမိလိုက်တဲ့အမှားသာ ဖြစ်ပါလိမ့်မယ်။
လင်းထက်ဆွေ (နိုဝင်ဘာ ၁၅ ရက်၊ ၂ဝ၁၈)

0 comments:

Post a Comment