Sunday, November 11, 2018

(အကောင်းလွန်ရင် ကောင်းကိုမကောင်းတာ) မျိုးမြင့်ချို

0 comments
(အကောင်းလွန်ရင် ကောင်းကိုမကောင်းတာ) မျိုးမြင့်ချို
ဘိန်းကို ဘာမှန်းသိအောင်စမ်းနေတုန်းက ဘိန်းလေးမှိန်းရင်း တကမ္ဘာလုံး ဘိန်းမူးနေကြရင် ဘယ်လောက်ငြိမ်းချမ်း အေးချမ်းလိုက်မလဲလို့ တွေးဖူးတယ်။ ကမ္ဘာကြီးကတော့ ခုထိ သွေးသံရဲရဲနဲ့ သေငယ်ဇောထဲမြောနေတုန်း။ ကျနော်လည်း ဘိန်းနဲ့ရှင်ခန်းပြတ်နေတုန်း။
ခု ဆေးခြောက်ကိစ္စပေါ်လာပြီ။ ဆေးခြောက်ကို ကျန်းမာရေးအတွက်ဖြစ်စေ၊ စိတ်ဝေဒနာတွေ သက်သာဖို့ဖြစ်စေ၊ ကြိုက်လို့ဖြစ်စေ ဘာလို့ပဲ သုံးသုံး၊ ဥပဒေနဲ့ခွင့်ပြုပြု မပြုပြု ဘာမှမပြောလိုဆိုပေမယ့် ပြောစရာရှိလာလို့ နည်းနည်းတော့ ပြောတော့ပြချင်တယ်။

အမေရိကန်က ပြည်နယ်တချို့မှာ ဆေးခြောက်တရားဝင်သုံးစွဲခွင့် ပြုမယ်မပြုဘူး အကြိတ်အနယ်တွေဖြစ်နေချိန်က ပြုသင့်မပြုသင့် သူ့ဘက်ကိုယ့်ဘက် အပြိုင်အဆိုင် ပြုသင့်ကြောင်း မပြုသင့်ကြောင်းတွေ ခိုင်မာစေဖို့ ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံကနေ သက်သေသက်ကာယတွေ ပြရတယ်။ ပညာရှင်ဆန်ဆန် သုတေသနပြုရတယ်။ ဥပဒေပြုအမတ်တွေ လေ့လာနိုင်အောင် စာတမ်းတွေပြုစုရတယ်။ ပြုစုရာမှာ ပညာရပ်ဆိုင်ရာဝေါဟာရတွေကို နိုင်ငံရေးသမားတွေအပါအဝင် သာမန်ပြည်သူတွေပါ နားလည်အောင် အပတ်တကုပ်အားထုတ်ရတယ်။ ပြောမယ်ဆို အများကြီးပဲ။ အဲ့သလိုလုပ်ကြရတဲ့ကာလဟာလည်း ဆယ်စုနှစ် ၃ စုစာမက ကြာအောင် အချိန်တွေယူခဲ့ကြရတယ်။

အဲ့ဒီဘက်ပေါင်းစုံ သုတေနသနပြုစာတမ်းတွေထဲက တခုက ဘာလဲဆိုတော့ ဆေးခြောက်မှုဖြစ်တယ်။ လူတယောက်ကို ဆေးခြောက်သုံးစွဲမှု ဒါမှမဟုတ် လက်ဝယ်တွေ့ရှိမှုနဲ့ စဖမ်းဆီးတဲ့အချိန်ကအစ တရားစီရင်ပြစ်ဒဏ်ချမှုအလယ် အဲ့ဒီလူ ထောင်ကပြန်အလွတ်အဆုံး ကုန်ကျခဲ့ရတဲ့ အသုံးစရိတ်ငွေကြေးပမာဏကို တွက်ချက်ပြထားတာပဲဖြစ်တယ်။ အဲ့ဒီအထဲမှာ အဲ့လိုအမှုအခင်းတွေ ဖော်ထုတ်နိုင်အောင်လို့ ကြိုတင်သတင်းစုဆောင်းရတာ၊ အချိတ်အဆက်အစုအဖွဲ့လုပ်ရတာ၊ လူမွေးရတာ၊ Under Cover လို့ခေါ်တဲ့ လူယုံသွင်းရတာ စတာတွေအတွက်ကုန်ခဲ့ရတဲ့ စရိတ်တွေကိုလည်း ထည့်သွင်းထားတယ်။ ရဲ၊ ယစ်မျိုး၊ အက်ဖ်ဘီအိုင်၊ ရှေ့နေရှေ့ရပ်၊ တရားရုံး၊ တရားသူကြီး၊ ထောင်မှူး ထောင်ပိုင် ထောင်ဝါဒါ စသူတွေအနေနဲ့ အဲ့ဒီအမှုတွေအတွက် သုံးလိုက်ရတဲ့အချိန်။ အဲ့အချိန်အတွက် ပေးလိုက်ရတဲ့ လခ လုပ်ခ ငှားရမ်းခ စတဲ့စရိတ်တွေလည်းပါတယ်။ ပြည်နယ်တပြည်နယ်ချင်းအလိုက် ကုန်ကျငွေပမာဏ အနည်းနဲ့အများ ကွာခြားတာလေးတွေရှိပေမယ့် အကုန်ခံနေရတာမှာ အတူတူပဲ။

အဲ့ငွေတွေဘယ်က ရသလဲ။ လူထုဆီက ပုံစံမျိုးစုံနဲ့ကောက်ခံထားတဲ့ အခွန်ငွေတွေထဲက ရတယ်။ တိုင်းပြည့်ဘဏ္ဏာကနေ ကျခံရတယ်။ ဆိုတော့ ဆေးခြောက်မှုကြောင့် နိုင်ငံ(ဗဟိုအစိုးရ)နဲ့ ပြည်နယ် (ပြည်နယ်အစိုးရ၊ ဒေသအစိုးရ)တွေက စိုက်ထုတ်ရတယ်။ အဲ့ငွေတွေက အစိုးရတွေအတွက် နိုင်ငံအတွက် မနည်းတဲ့ပဏာမဖြစ်နေတယ်။ လူထုအတွက် ဝန်ထုံ့ဝန်ပို ဖြစ်နေတယ်။ တခြားနေရာတွေမှာ ပိုမသုံးနိုင်ဘူး။ နောက်တချက်က ဒီမှာက (ဗမာပြည်မှာလို)ရာဇဝတ်အကျဉ်းသားကို လုပ်ခတပြားမှမပေးပဲ ရဲဘက်ထုတ် ကျောက်ထု၊ လမ်းဖေါက်၊ ဆီအုန်းစိုက်ခိုင်းလို့မရဘူး။ သဘောက ဒီအမှုကြောင့် ထောင်ကျလာတဲ့သူဆီကနေ ငါးပြားတောင် ပြန်ညှစ်ထုတ်လို့မရဘူး။ တခါ ဒီလူတွေ လွတ်သွားတော့လည်း ပြန်မသုံးတော့ပါဘူး၊ ပြန်ရောင်းဝယ်ဖေါက်ကား မလုပ်တော့ပါဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူး။ ဒီအမှုနဲ့ထောင်ကျပြီးပြန်လွတ် ဒီအမှုနဲ့ပဲ ပြန်အဖမ်းခံရသူ ရာခိုင်နှုန်းကလည်း လျော့သွားတယ်ရယ်လို့မရှိဘူး။ လူဟောင်းတွေ ပြန်ပြန်ဝင်နေသလို လူသစ်တွေလည်း ဝင်လာမစဲ တသဲသဲဖြစ်နေတယ်။ ထောင်ကိုခြင်ထောင်လုပ်နေလို့ရတဲ့တိုင်းပြည် ဖြစ်နေတာလည်းပါတယ်။

ဒီတော့ ဆေးခြောက်ကို တရားဝင်ခွင့်ပြုလိုက်ရင် အစိုးရဝန်ထမ်း(ရဲ၊ ယစ်မျိုး၊ အက်ဖ်ဘီအိုင်၊ ရှေ့နေရှေ့ရပ်၊ တရားရုံး၊ တရားသူကြီး၊ ထောင်မှူး ထောင်ပိုင် ထောင်ဝါဒါ စတဲ့)လူတွေအတွက် ကုန်ကျစရိတ်အပါအဝင် အမှုစ အမှုလည် အမှုဆုံးကုန်ကျစရိတ်တွေပါ မရှိတော့ဘူး။ တိုင်းပြည်ဝန် ပေါ့သွားမယ်။ အခွန်ထမ်းပြည်သူတွေရဲ့ ပိုက်ဆံတွေကိုလည်း တခြားနေရာတွေမှာ ပိုအကျိုးရှိအောင် သုံးနိုင်မယ်။ ဒါအကျိုး ပိုများမယ်။

ဒီ့ထက်ပိုတဲ့နောက်တချက်က ခု တရားမဝင်လုပ်ထားလည်း သုံးစွဲသူက သုံးစွဲနေတာပဲ။ တရားဝင်လုပ်ပေးလိုက်လို့ နဂိုကမသုံးစွဲသူတွေ သုံးစွဲလာလိမ့်မယ်လို ပုံသေကားချပြောလို့မရဘူး။ ဒါကို တရားဝင်သုံးစွဲခွင့် ဥပဒေပြဌာန်းပြီးနောက် ကာလတခုအထိ စဉ်ဆက်မပြတ် သုတေသနလုပ်ပြီးမှ တိတိပပပြောနိုင်မယ်။ ခုနေခါ စိတ်အစွဲနဲ့ စိုးရိမ်စိတ်နဲ့ပြောရင် အဲ့ဒါ အချက်အလက်မပါလို့ လက်ခံစဉ်းစားလို့မရဘူး။

ဒီ့ထက်ထပ်ပိုတဲ့တချက်က တရားမဝင်ဖြစ်နေလည်း အရောင်းအဝယ်နဲ့ ဈေးကွက်က ရှိနေတယ်။ အဲ့ဒါတွေကနေ အစိုးရက ရမယ့် ရောင်းခွန် ဝယ်ခွန် ဝင်ငွေခွန် ဘာတပြားမှမရဘူး။ တရားဝင်ဖြစ်သွားရင် ရောင်းသူဆီကရော ဝယ်သူဆီကပါ ရောင်းခွန်ဝယ်ခွန် ရမယ်။ လိုင်စင်နဲ့ချရောင်းသူဖြစ်လို့ သူ့အပေါ်မျာ ဝင်ငွေခွန်ပါစည်းကြပ်နိုင်မယ် ဆိုတယ်။ နိုင်ငံနဲ့ ပြည်နယ်အစိုးရတွေ ရွှေတိုက်တော်မှာ အသပြာ ပိုတိုးလာမယ်။

နောက်ဆုံးတချက်က ဆေးခြောက်စိုက်တာ။ ခုလက်ရှိမှာ အမေရိကန်မှာသုံးနေတဲ့ဆေးခြောက်ရဲ့ ရာခိုင်နှုန်းအတော်များများက ပြည်ပကနေ တရားမဝင်ဝင်လာတာ။ ဘာ ကုန်သွယ်ခွန်မှ စည်းကြပ်လို့ မရဘူး။ ပြည်တွင်းမှာ တရားဝင်စိုက်ပျိုးခွင့်ပေးလိုက်ရင် ပြည်ပက အဝင်နည်းသွားမယ်၊ ဝင်လည်း ကုန်သွယ်ခွန် စည်းကြပ်လို့ရမယ် အပြိုင်အဆိုင် စိုက်ကြမှာဖြစ်လို့ အရည်အသွေးပိုကောင်းတဲ့ပစ္စည်းတွေ ထွက်လာမယ်။ သုံးစွဲသူတွေလည်း အမှန်အကန်တွေသုံးရမယ်။ စိုပျိုးရေးခြံတွေမှာ အလုပ်အခွင့်အလမ်းတွေလည်း ရှိလာမယ်။ စိုက်ပျိုးရေးသမားတွေ ကုမ္ပဏီတွေဖြစ်လာမယ်။ အကောက်အခွန်တွေရမယ်လို့ဆိုတယ်။

ဒါ ဒီထောင့် တထောင့်တည်းကနေပြောတာ။ ကျနော်က သဘောလောက်ပဲ ပြန်ပြောပြနိုင်တာပါ။ သူတို့တင်ထားတဲ့ဟာတွေမှာ ရေပက်မဝင်အောင် ဟာပေါက်ယိုပေါက်မရှိအောင်ကို အကွက်စေ့စေ့တင်ထားတာလို့ ဆိုရမှာဖြစ်ပါတယ်။ တခြားနယ်ပယ်တွေကလည်း ဒီအတိုင်းပဲ သုတေသနတွေလုပ်ကြ၊ လေ့လာကြ၊ စစ်တမ်းတွေထုတ်ကြ၊ စာတမ်းတွေပြုစုကြတယ်။ နိုင်ငံရေးသမားဥပဒေပြုအမတ်တွေကို ချဉ်းကပ်တယ်၊ ကိုယ့်ဘက်ပါအောင်ဆွယ်တယ်၊ လော်ဘီလုပ်တယ်။ နှစ်သုံးဆယ်လောက်ကြာတော့ ဟော အခု တရားဝင်သုံးစွဲခွင့်ရှိကြောင်း ဥပဒေဖြစ်သွားတယ်။

သုံးတဲ့နေရာ၊ ရောင်းဝယ်ဖေါက်ကားတဲ့နေရာ၊ စိုက်ပျိုးထုတ်လုပ်တဲ့နေရာ၊ အခွန်ကောက်ခံ စည်းကြပ်တဲ့နေရာတွေမှာတော့ စည်းမျဉ်းစည်းကမ်းတွေ အကန့်အသတ်တွေရှိတယ်။ သုံးချင်သလိုသုံးကြ၊ ရောင်းဝယ်ချင်သလိုရောင်းဝယ်ကြ၊ စိုက်ချင်သလိုစိုက်ကြပေတော့ တော့မဟုတ်ပါဘူး။ ဒါက ဒီကအခြေအနေ တစေ့တစောင်းဖြစ်ပါတယ်။ ဒါကိုမကြိုက်လို့ ဆန့်ကျင်သူတွေလည်း ကျင်နေကြဆဲပါပဲ။ အမေရိကန်နေ ဗမာပြည်ဖွားတွေထဲမလည်း ကြိုက်သူမကြိုက်သူတွေ ရှိတယ်။ ထောက်ခံသူ ကန့်ကွက်သူတွေရှိတယ်။

ကျနော့်အကြောင်း ပြန်ကောက်ပါမယ်။ ကျနော်က ဆေးခြောက်လည်း အကြိမ်ပေါင်းများစွာ ရှူဖူးတယ်။ ရီရီဝေဝေ ထွေတေတေဖြစ်တဲ့ အချိန်လေးတော့ အလွန်သဘောကျတယ်။ စွဲလည်းစွဲလမ်းတယ်။ အဲ့ဒီအခိုက်အတန့်လေးမှာ လူဟာငြိမ်သက်ပြီး စိတ်ဟာသူ့ဟာသူ ငြိမ့်ငြိမ့်လေး လွင့်နေတာ။ ဘာတခုကိုမှ ဆုပ်ကိုင်ထားတာ တွယ်ငြိနေတာ တပ်မက်နေတာ မရှိဘူး။ လောဘ ဒေါသ ကင်းနေတယ်။ အဲ့အခြေအနေကို မောဟဖြစ်နေတာ အဲ့ဒါဟာ အကုသိုလ်စိတ်ဖြစ်နေတာလို့ပြောရင် ပြောတဲ့လူကို ဆေးခြောက်ကို သေသေချာချာ ကျကျနန ရှူကြည့်စေ့ချင်တယ်။ အဲ့အခြေအနေထက် ထပ်တက်မသွားဖို့ ပြန်ကျမသွားဖို့တော့ ထိန်းထားနိုင်ရမယ်။ နည်းနည်းကျသွားရင် နည်းနည်းပြန်တင်ပေးရမယ်။ အဲ့ဒီအနေအထားရဖို့ တယောက်နဲ့တယောက် သုံးစွဲရတဲ့ပဏာမ မတူကြဘူး။ တချို့ တော်တော်များများလေး ရှူပြီးမှ ရောက်တယ်။ ကျနော်က(ပစ္စည်းကောင်းရင်) ၃ ဖွာလောက် ပြင်းပြင်းရှိုက်လိုက်ရုံနဲ့ ရောက်တယ်။
အဲ့ဒီအခြေအနေကို တိတိကျကျသိဖို့လိုတယ်။ ရောက်ပြီ ရပြီဆို ထိန်းထားရမယ်။ မထိန်းနိုင်ရင်တော့ ခင်ဗျား ဆေးခြောက်သမားဖြစ်သွားပြီ မှတ်ပေတော့ပဲ။ ကျနော်ထိန်းထားနိုင်ခဲ့တယ်။ ဒါပေမယ့် စိတ်က အဲ့အရသာကို အဲ့လောက်နဲ့ မတင်းတိမ်ချင်ဘူး။ အာသာမပြေဘူး။ ဒီ့ထက်ပိုကောင်းမယ့်ခံစားမှုနဲ့ အရသာကို လိုခြင်လာတယ်။ အမူးအမော်လောဘ တက်တက်လာတယ်။ ဒါနဲ့ စိတ်အလိုကို လိုက်ကြည့်တယ်။

မကောင်းတော့ဘူး။ ခုန ကျနော်ပြောတဲ့အခြေအနေလေးက လွန်လိုက်တာနဲ့ ကောင်းကိုမကောင်းတော့ဘူး။ အကောင်းလွန်သွားတာလည်း ဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် ကျနော့်အတွက်တော့ မကောင်းဘူး။ လွန်သွားတာနဲ့ လူဟာ လွတ်လာတယ်။ ဘာအကြောင်းမှ မယ်မယ်ရရမရှိပဲ အသားလွတ်ရီချင် ရီနေတယ်။ ရီစရာ ပိစိကွေးလေးကို စက်ြဝဠာတခုစာလောက်လုပ်ပြီး ရီနေတယ်။ မပြီးတော့ဘူး။ စိတ်ဟာ မငြိမ်တော့ဘူး။ မအေးချမ်းတော့ဘူး။ အေးငြိမ်းရာ ရှာမရတော့ဘူး။ လူတကိုယ်လုံး လွင့်မြောနေသလိုလိုနဲ့၊ ခံလို့ကောင်းသလိုလိုနဲ့ မခံချင်တော့သလိုလိုဖြစ်လာတယ်။ ဘာမှန်းမသိတဲ့ တခုခုကိုကြောက်နေတယ်။ တွေးပြီးလည်း တခုခုဖြစ်မှာကို စိုးရိမ်နေတယ်။ အဲ့ဒီတင် ကျနော် ဆေးခြောက်အရှူစမ်းတာကို ရပ်လိုက်တယ်။

ကောင်းတာဟာ ကောင်းပါတယ်။ လူဟာ အကောင်းကိုရှာတာပဲ။ အကောင်းတွေ့ရင် ပိုကောင်းတာကိုရှာတာပဲ။ ပိုကောင်းတာတွေ့ရင် ပိုကောင်းတာပါပဲ။ ပိုကောင်းတာတွေ့ရင် အကောင်းဆုံးအထိ ဆက်ရှာတာပါပဲ။ အကောင်းဆုံးတွေ့ရင် ပိုတောင်ကောင်းသေးတာပါပဲ။ ဒါပေမယ့် အရာခပ်သိမ်းမှာတော့ မဟုတ်ဘူး။

တချို့နေရာတွေမှာ လူဟာ ကောင်းတာကို သိဖို့လိုရုံမက ကောင်းတဲ့နေရာမှာ ရပ်နေဖို့လည်းလိုတယ်။ ရပ်နေဖို့လည်းကောင်းပါတယ်။ အကောင်းလွန်သွားပြီဆိုရင် ကောင်းကိုမကောင်းတော့တာ။ မကောင်းတာမှာ ကောင်းတာကို ရှာမရတဲ့အတူတူ ကျနော် ဆေးခြောက်အရှူကို ရပ်လိုက်တယ်။
မျိုးမြင့်ချို(နိုဝင်ဘာ ၁ဝ၊ ၂ဝ၁၈)

0 comments:

Post a Comment