(ဥပဒေနဲ့ ဦးအချိုးခံရသူက အဲ့ဒီဥပဒေကို လေးစားလိုက်နာခိုင်းသတဲ့)
မီဒီယာကောင်စီနဲ့တွေ့တဲ့ပွဲမှာ သမ္မတဦးဝင်းမြင့်ပြောတာကိုချုပ်လိုက်ရင် "ဥပဒေဘောင်တွင်းနေထိုင်ခြင်း ဘေးကင်းရန်ကွာလွန်ချမ်းသာ" ဖြစ်ပါတယ်။ သူလည်း အနှိပ်ကွပ်ခံဘဝက ထောင်ကျဖူးသူမို့ ထောင်ထဲက စည်းကမ်းဆိုတဲ့ခေါင်းစဉ်အောက်သွင်းထားတဲ့ အာဏာသံပါပါ ခြိမ်းခြောက်ရေးလုပ်ရပ်တွေကိုမြင်ခဲ့ပြီး ခု နှိပ်ကွပ်သူနေရာရောက်တော့ ပြန်အသုံးချပုံပေါ်ပါတယ်။ ဒါပေမယ့် ကိစ္စက သူပြောတဲ့ဥပဒေဟာ သူ ဦးကျိုးသွားတဲ့ဥပဒေမှန်း သူ မပြောဝံ့တာပဲဖြစ်ပါတယ်။
သူ လေးစားလိုက်နာနေတဲ့၊ သူ သစ္စာခံနေတဲ့၊ သူ ကာကွယ်စောင့်ရှောက်နေတဲ့ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို တပြည်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် သူ့နည်းတူနာခံကြဖို့ ခြိမ်းခြောက်လိုတဲ့လေသံပါပဲ။ တပါးသူပါ အမြီးပြတ်စေချင်တဲ့မြေခွေးရဲ့ စေတနာမှန်းလည်း ပေါ်လွင်ပါတယ်။ ပိုဆိုးသွားတာက အဲ့ဒီပွဲမှာပဲ ဝန်ချုပ်တချို့ထုတ်မယ်လို့ဖော်ပြခဲ့တဲ့ သတင်းသမားကို မီဒီယာကောင်စီကနေ ခေါ်ဆုံးမဖို့ တိုင်တောလိုက်တဲ့လုပ်ရပ်ပါပဲ။ ဒါကို သူက ဥပဒေကြောင်းအရသွားတယ်လို့ ထင်ပုံရပါတယ်။ မီဒီယာကောင်စီ စည်းမျဉ်းအရလုပ်တယ်လို့ သူတွေးပုံရပါတယ်။ အလဲဗင်န်းနဲ့ ဖြိုးမင်းသိမ်းဖြစ်တုန်းကလည်း ခု သူသွားတဲ့လမ်းကြောင်းအတိုင်းသွားဖို့ (နောက်ကျပြီးမှ)စာထုတ်ခဲ့တာရှိပါတယ်။ သဘောကတော့ သူ့နောက် ဖြောင့်ဖြောင့်လိုက်ကြဖို့ပါပဲ။ ဥဿဖ ဖြစ်ချင်ဇောကပ်နေပုံပါပဲ။ ဥပဒေနဲ့နိုင်ငံရေး လေနဲ့ဝမ်း မကွဲတဲ့သဘောများလားလို့လည်း တွေးမိပါတယ်။
ဒီနေရာမှာပြောချင်တာက ဥပဒေနဲ့နိုင်ငံရေးကိစ္စဖြစ်ပါတယ်။ ဥပဒေဆိုတာ နိုင်တဲ့သူက ပြုရတာပါ။ နိုင်တယ်ဆိုတာက နိုင်ငံရေးနိုင်တာ ဖြစ်ပါတယ်။ အနိုင်ရတဲ့နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီက ဥပဒေပြုခွင့်ရတာပါ။ ခု NLD နဲ့သတင်းမီဒီယာတွေအပါအဝင် လူထုနဲ့ဖြစ်နေကြ တာက ဥပဒေကိစ္စမဟုတ်ပါ။ နိုင်ငံရေးကိစ္စဖြစ်ပါတယ်။ ဘာလို့ အဲ့သလိုပြောရလဲဆိုတော့ ခု NLD လိုက်နာနေတဲ့ နာခံနေတဲ့ဥပဒေကိုယ်၌က စစ်အုပ်စုက ပြဌာန်းပေးခဲ့တာဖြစ်ပါတယ်။ NLD ရေးဆွဲပြဌာန်းတဲ့ ဥပဒေမဟုတ်ပါ။ ဒီဥပဒေကခင်းပေးတဲ့လမ်းအတိုင်း NLD လျှောက်နေတာ ပါ။ ဒီဥပဒေဟာ တရားမျှတမှုမရှိမှန်း ဒီမိုကရေစီမကျမှန်း လူတိုင်းသိပါတယ်။ ဒါပေမဲ့ ဒါတွေက ပကတိသဘောအရ “တည်ဆဲဥပဒေ”ဖြစ်နေ ပါတယ်။ ဒါကို ဥပဒေလို့ခေါ်မှရတယ်လို့ပြောဦးတောင် အဲ့ဥပဒေနဲ့အညီသွားတိုင်း တရားမျှတမှုရနိုင် မရနိုင်က ပြောရမယ့် နိုင်ငံရေးစကားဖြစ်ပါတယ်။
ဒီ “ဥပဒေ”ဆိုတာကို ပယ်ဖျက်ဖို့ ဒါမှမဟုတ် အစားထိုးဖို့လုပ်တာက “နိုင်ငံရေး”ကိစ္စဖြစ်ပါတယ်။ အနိုင်ရသူဟာ အာဏာ ၃ ရပ်လုံးကို လွတ်လွတ်ကျွတ်ကျွတ် ရပါမှ၊ ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်နိုင်ပါမှ “နိုင်ငံရေးအာဏာ”ရတယ်လို့ သတ်မှတ်နိုင်ပါတယ်။ အဲ့ဒီ နိုင်ငံရေးအာဏာရဖို့ (Power Politics) နိုင်ငံရေး လုပ်ရပါတယ်။ အဲ့ဒီ အာဏာရမှ မိမိပြုချင်တဲ့ဥပဒေကိုပြု၊ မိမိဖျက်ချင်တဲ့ဥပဒေကို ဖျက်လို့ရပါတယ်။ ဒီလို ပြုတဲ့ ဖျက်တဲ့နေရာမှာ ဥပဒေပညာရှင်တွေပါမှရတယ်ဆိုပေမယ့် ပေါ်လစီချပေးတာနဲ့အဆုံးအဖြတ်ပေးရတာက နိုင်ငံရေးသမားဖြစ်ပါတယ်။ ချုပ်ရင် မတရားတဲ့ဥပဒေ ရှိနေတယ်။ ဒါကို ပယ်ဖျက်ရမယ်။ ဒီ ပယ်ရေးဖျက်ရေးဟာ နိုင်ငံရေးဖြစ်တယ်။ ဒါကို နိုင်ငံရေးသမားကလုပ်ရမယ်။ ဒီတော့ ဒါဟာ နိုင်ငံရေးဖြစ်တယ်။ ဒါကို နိုင်ငံရေးလို့ခေါ်မှ ဖြစ်တယ်။ နိုင်ငံရေးရှင်းလို့ရရင် ဥပဒေက တနွယ်ငင်တစဉ်ပါ လင်းသွားပါတယ်။ ခုက နိုင်ငံရေးရှုပ်နေလို့ ဥပဒေဆိုတဲ့စကားလုံးနဲ့ထွေးပြီး တဘက်စောင်းနင်း လုပ်ခင်းသာနေတာဖြစ်ပါတယ်။
ဒါဆို ဒီဥပဒေဟာ မကောင်းမှန်း မတရားမှန်းသိသိနဲ့ NLD က ဘာလို့ မပယ်မဖျက်နိုင်တဲ့လို့မေးရင် ပယ်နိုင်ဖျက်နိုင်တဲ့အာဏာမရှိလို့ လို့ ဖြေရမှာ ဖြစ်ပါတယ်။ NLD ဟာ နိုင်ငံရေးအရ စစ်အုပ်စုရဲ့ အာဏာနို့သက်ခံဖြစ်နေလို့ လို့ ဖြေရမှာဖြစ်ပါတယ်။ စစ်အုပ်စုက တပ်၊ သေနတ်နဲ့ ဓနကိုင်ပြီး အာဏာကိုလက်ဝါးကြီးအုပ်ထားတယ်။ NLD က လက်ဝေခံအစိုးရအဖြစ် အသုံးတော်ခံတယ်။ ခံချင်လွန်းလို့ခံတာမဟုတ်မှန်းကို တော့ NLD ခေါင်းဆောင်တွေ တချက်တချက်ထွက်ပြောတဲ့ စောင်းသလိုမြောင်းသလို၊ ထေ့သလိုငေါ့သလို၊ ရိသလို ကလိသလိုစကားတွေ ကြည့်ရင် သိသာပါတယ်။ ခံချင်လွန်းလို့မဟုတ်ရင် ဘာ့ကြောင့်လဲက ဆက်တွေးစရာဖြစ်လာမှာပါ။
၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ချုပ်ထားတဲ့ လက်ရှိအခြေအနေကို စစ်အုပ်စုက အလွန်ကြိုက်တယ်။ NLD ရဲ့ အခုအတိုင်းတည်ရှိနေတာကို စစ်အုပ်စုက သဘောကျတယ်၊ NLD ကို ကာပစ် ပစ်ပေးပြီး စစ်အုပ်စုက တောင့်ခံထားတယ်၊ စစ်တပ်က NLD ကို လိုအပ်နေတယ်လို့ လူအများက ပြောကြပါတယ်။ ကျနော်လည်း ပြောပါတယ်။ သဘောလည်း တူပါတယ်။ တခါ တဘက်ကကြည့်ပြန်တော့ NLD ကလည်း အခု အနေအထားကိုကြိုက်နေတယ်၊ သဘောကျနေတယ်လို့ ကျနော်မြင်ပါတယ်။ တဘက် ဘက်ကသာ လုံးဝမကြိုက်ရင် ဒီအခြေအနေဟာ ဒီအတိုင်းရှိကိုမနေပါဘူး။ ဘာအတွေ့အကြုံမှ ဘာပြင်ဆင်မှုမှ မရှိခဲ့တဲ့ NLD ဟာ ကောက်ကာငင်ကာ အာဏာထဲရောက်လာတော့ အိုးနင်းခွက်နင်းနဲ့ မလုပ်တတ်မကိုင်တတ်တွေ ဖြစ်လာတယ်။
ဖြစ်ရတာက သွေးရိုးသားရိုးဖြစ်ရတာတင် မကဘူး။ စစ်အုပ်စုက ထောင့်စေ့အောင်အကွက်ချပြီး ဒုက္ခပေးနေတာကြောင့်လည်း ပါတယ်။ မလုပ်တတ်မကိုင်တတ်ရတဲ့အထဲ ဒုက္ခကလည်းမျိုးစုံအပေးခံရတဲ့အပြင် လုပ်မယ်ဆို တွန်းတွန်းထိုးထိုး လုပ်လို့ရတာတွေရှိရဲ့နဲ့ ကိုယ်၌က မလုပ်ဝံ့မကိုင်ဝံ့တော့ ၃ ထပ်ကွမ်း ခံရတာဖြစ်ပါတယ်။ အဲ့သလိုအခြေအနေမှာ NLD အတွက် စစ်တပ်ရဲ့ကဏ္ဍဟာ မရှိမဖြစ်လိုလာတယ်။ NLD နဲ့စစ်အုပ်စုဟာ တခုနဲ့တခု အပြန်အလှန်လိုအပ်နေတယ်။ ဒီ့ထက်ပိုတွေးကြည့်ရင် စစ်တပ်က NLD ကို လိုအပ်တာထက် NLD က စစ်တပ်ကို ပိုလိုအပ်နေတယ်။ လက်ရှိအနေအထားကို ကြိုက်တာမှန်ပေမယ့် စစ်တပ်က NLD မရှိလည်းဖြစ်တယ်။ ဘယ်ပါတီလာလာ တပ်၊ သေနတ်နဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကိုင်ပြီး ဆင်ပေါ်ကလူ ဖြစ်နေဦးမယ်လို့ တွက်ထားတာလည်း သေချာပါတယ်။ NLD ဘက်က ကျပြန်တော့လည်း စစ်တပ်ရှိနေလို့ သူ ဒီလောက်ခံသာနေမှန်းလည်း သူ သိလာတယ်။ ပါးစပ်က ထုတ်ပါပြောယူရတဲ့အထိ ဖြစ်လာတယ်။ အစိုးရထဲက စစ်ဗိုလ်ကြီး ၃ ယောက်ကို မျက်နှာချိုသွေးရတဲ့ဘဝ ရောက်တယ်၊ စစ်ဗိုလ်ဟောင်းတွေကို နိုင်ငံရေးရာထူးတွေ ခွဲဝေပေးတယ်၊ စစ်ဗျူရိုကရေစီ ယန္တယားကြီးကို မတို့မထိပဲထားဖို့ ဆုံးဖြတ်လိုက်တယ်။ အားလုံး ဦးနင်းပဲ့ထောင်တွေ ဖြစ်လာတယ်။ အဲ့လိုဖြစ်နေအောင် စစ်အုပ်စုကပဲ ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားတာဖြစ်မှန်း တိုင်းပြည်ကရော၊ နိုင်ငံတကာကရောသိပါတယ်။ သိတာ သိတာကတပိုင်း ဖြစ်ပါတယ်။ ပကတိ အခြေအနေကို အရှိအတိုင်းမြင်တာက တပိုင်းဖြစ်ပါတယ်။
လွတ်လွတ်ကျွတ်ကျွတ် အာဏာရခဲ့ရင်တောင် ခုဖြစ်နေတဲ့ကသောင်းကနင်းတွေကို NLD အနေနဲ့ ဘယ်လိုမထိန်းမရနိုင်ဘူး။ စစ်တပ်သာ ရှေ့က ခံမပေးထားရင် သမိုင်းနဲ့ချီပြီး စစ်အုပ်စုကရှုပ်ထားတဲ့ အရှုပ်ထုတ်တွေကို သူချည်း ဒိုင်ခံမဖြည်နိုင်ဘူး။ စစ်တပ်ပါမှ သူခံသာမယ်။ စစ်အုပ်စုရှုပ်တဲ့အရှုပ်ကို စစ်အုပ်စုနဲ့တွဲပြီးရှင်းမှ သူခံသာမယ်ဆိုတာ တွက်လို့ရသွားတယ်။ ဒီတော့ စစ်တပ်အကြိုက်တွေချည်း မလုပ်ဦးတောင် စစ်တပ်မငြိုငြင်အောင်၊ စစ်တပ်မကြိုက်တာတွေ မလုပ်မိအောင် ရှောင်တယ်။ ရှောင်တာတွေထဲမှာ မီဒီယာကိစ္စလည်းပါတယ်။ စစ်အုပ်စုက သန္ဓေအရကိုက မီဒီယာလွတ်လပ်ခွင့်ကို ပေးလို့မရတာပါ။ NLD အနေနဲ့ကျ ၂ဝဝ၈ အောက်ကနေပေမယ့် ပေးမယ်ဆို နည်းနည်းပါးပါး ပေးလို့ရပါတယ်။ ဒါပေမယ့် ယူနတီဂျာနယ်နဲ့ဖြစ်တဲ့ကိစ္စမှာ မီဒီယာအပေါ်စစ်အုပ်စု ဘယ်လောက် အခဲမကြေဖြစ်ခဲ့သလဲဆိုတာမျိုး၊ အေပီ သတင်းသမားတွေအပေါ် ဘယ့်လောက် အရှက်သိက္ခာမရှိ ဗြောင်ကျကျ အငြှိုးတကြီးလုပ်ခဲ့လဲဆိုတာမျိုး NLD သိသွားတယ်။ ဒီတော့ စစ်တပ်များ အဖက်လုပ်တန်ကောင်းရဲ့ဆိုပြီး စစ်တပ်ကျူးလွန်သမျှကို စစ်တပ်ကိုယ်စား ပြည်တွင်းပြည်ပလှည့်ပြီး ဖာရထေးရ ဖုံးရဖိရ ကာရကွယ်ရတွေလုပ်တယ်။ အဲ့ဒီမှာ လူထုနဲ့ငြိလာတယ်။ အဲ့ဒီမှာ မီဒီယာအပေါ် ရန်ငြှိုးသိုလာတယ်။ မီဒီယာတွေကို မျက်စောင်းခဲလာတယ်။ စစ်တပ်ကိုကာရင်းနဲ့ “မီဒီယာကို ဒီအတိုင်းလွှတ်ထားရင် ငါတို့လည်း ချောင်မှာမဟုတ်တော့ဘူး”တွေးပြီး မီဒီယာကောင်စီဆိုတဲ့ ရုပ်သေးအဖွဲ့ တဖွဲ့ကို စိတ်ကြိုက်ဖွဲ့တယ်။ ပါရမယ့်လူစာရင်းကို သမ္မတဦးဝင်းမြင့်က ထောက်ခံမှတ်ချက်နဲ့ပို့ပေးတယ်။ ခါးပိုက်ဆောင် မီဒီယာကောင်စီ ထောင်လိုက်တယ်။
ခု အဲ့ဒီ ခါးပိုက်ဆောင်မီဒီယာကောင်စီက ကိုယ့်အဖွဲ့ဝင်တွေ ရာထူးလက်ခံတာ ကျမ်းကျိန်ကတိသစ္စာခံယူတာကို ကိုယ့်ဖာသာမလုပ်ပဲ သမ္မတရှေ့မှာလုပ်ရတယ်။ ဗြောင်ကျကျပဲ။ သမ္မတဦးဝင်းမြင့်က စင်ပေါ်တက်ပြီး “ဥပဒေကို လေးစားလိုက်နာရမှာဖြစ်သလို စည်းမျဉ်း စည်းကမ်းတွေကိုလည်း လိုက်နာကြရမယ်”လို့ လေသံပျော့နဲ့ ဓားကြိမ်း ထွက်ကြိမ်းပြတယ်။
ပြန်ချုပ်ရရင် NLD နဲ့ မီဒီယာကြားမှာ မီဒီယာလွတ်လပ်ခွင့်နဲ့စပ်လို့ အငြိရှိသွားပြီ။ ရှေ့လျှောက်လည်း တကျက်ကျက်ဖြစ်နေဦးမှာ မြင်ပါတယ်။ မီဒီယာသမားတွေ ခုထက်ပို အရည်အချင်းရှိကြဖို့၊ ခုထက်ပို စုစည်းကြဖို့၊ ခုထက်ပို နိုင်ငံတကာနဲ့ချိတ်ဆက်ကြဖို့၊ ခုထက်ပို သတိဝီရိယရှိကြဖို့၊ ခုထက်ပို တိတိကျကျ မှန်မှန်ကန်ကန်နဲ့ ရဲရဲဝံ့ဝံ့လုပ်ကြဖို့၊ ခုထက်ပို မိမိလွတ်လပ်ခွင့်ကို မိမိဘာသာ ခုခံကာကွယ်ကြဖို့လိုနေတာ ထင်ရှားနေပါပြီ။
မျိုးမြင့်ချို(နိုဝင်ဘာ ၂၆၊ ၂ဝ၁၈)
0 comments:
Post a Comment