Sunday, November 11, 2018

ခနဆိုင်းထားမယ့်ကေအင်န်ယူနဲ့ အေဘီအက်စ်ဒီအက်ဖ် ဘာဆုံးဖြတ်မလဲ(မျိုးမြင့်ချို)

0 comments
(ခနဆိုင်းထားမယ့်ကေအင်န်ယူနဲ့ အေဘီအက်စ်ဒီအက်ဖ် ဘာဆုံးဖြတ်မလဲ)
ခု ကေအင်န်ယူက စစ်အုပ်စုနဲ့အပစ်ရပ်ပြီး ဆွေးနွေးနေတာတွေကို ခနဆိုင်းထားမယ်လို့ တရားဝင်ပြောလာတာ လူတိုင်းသိကြမှာပါ။ ဒါပေမယ့် အလွတ်သဘောတွေ့ တွေ့ဆုံဆွေးနွေးနေပါမယ်လို့ ဆိုထားပါတယ်။ အဲ့ဒီအချက်ဟာ ရှုပ်ထွေးမှုများပြီး ဘာကိုဆိုလိုမှန်း မထင်ရှားပါ။ အလုပ်သဘောနဲ့ အလွတ်သဘော Out of Record ကြားမှာ ဘာတွေခြားထားလဲကတော့ မပြောတတ်ပါ။ ပုံမှန်သိနေကြ ကြားနေကြ လုပ်နေကြ ပြောနေကြ အလုပ်သဘောနဲ့အလွတ်သဘောဆိုတာတွေနဲ့ ချိန်ထိုးပြီးပြောဖို့ အတော်ခက်ပါတယ်။

စစ်အုပ်နဲ့သူတို့သွားနေတဲ့ အပစ်ရပ်လမ်းကြောင်းရော၊ ကျင်းပနေကြတဲ့ ညီလာခံတွေ၊ ဆွေးနွေးပွဲတွေကရော ဘယ်ကမ္ဘာမှာမှ မပေါ်ခဲ့ဘူးတဲ့အမျိုးအစားတွေ ဖြစ်နေလို့ပါ။ စစ်တပ်နဲ့ဆွေးနွေးတာလားဆိုတော့လည်း မဟုတ်ဘူး။ ဒါဆို အစိုးရနဲ့ဆွေးနွေးနေတာလား ဆိုတော့လည်း မမှန်ဘူး။ ဒါဆို ၂ ခုလုံးနဲ့ဆွေးနွေးနေတာလားဆိုတော့လဲ ယတိပြတ်ပြောလို့မရပြန်ပါဘူး။ သေချာပေါက်တခုပြောနိုင်တာကတော့ “စစ်အုပ်စု“ခင်းပေးတဲ့လမ်း၊ စစ်အုပ်စုကြောင်းပေးတဲ့ နှပ်ကြောင်းအတိုင်း အစိုးရရော သူတို့ရော လိုက်နင်းလိုက်လျှောက်နေကြတာဖြစ်ပါတယ်။ ဒီနေရာမှာ “စစ်အုပ်စု“ဆိုတာကို အာဏာလက်ရှိ သေနတ်ခါးကြားထိုးထားတဲ့ “စစ်ဗိုလ်တစု“လို့ ဆိုလိုတာမဟုတ်ပါ။ စစ်တပ်ထောင် ခါးပိုက်ဆောင်လုပ်၊ လူထုကိုနှိပ်ကွပ်ပြီး တိုင်းပြည်သယံဇာတနဲ့ စီးပွားရေးလုပ်ငန်းမှန်သမျှ လက်ဝါးကြီးအုပ် ကိုယ်ကျိုးရှာကြီးပွားချမ်းသာနေကြတဲ့ ခေတ်အဆက်ဆက် စစ်မျိုးစစ်နွယ်မှန်သမျှနဲ့ သူတို့ရဲ့ စစ်ဝါဒအတွေးအခေါ်ကိုဆိုလိုပါတယ်။

နောက်တချက်က NCA လမ်းကြောင်းကိုပဲ တစိုက်မတ်မတ်သွားမယ်ဆိုတဲ့အချက်ပါ။ အဲ့ဒီလမ်းကြောင်းအတိုင်း တစိုက်မတ်မတ်သွားမယ်ဆို စစ်အုပ်စုဟာ မူလချပြီးသားလမ်းအတိုင်း မူလပေးပြီးသားနှပ်ကြောင်းအတိုင်းပဲသွားရမှာပါ။ အပေါ်စီးကနေရာယူထားရုံမက အထက်စီးလေသံနဲ့ လမ်းခုလတ်မှာ ဖြတ်ဖြတ်ပြီး တောင်းဆိုတာတွေ မလုပ်ဖို့လိုပါတယ်။ အဲ့လိုတောင်းတာတွေ ရှေ့မှာရှိခဲ့ပါတယ်။ ဟိုလူတွေကလည်း ကိုယ့်အကျပ်အတည်းနဲ့ကိုယ်မို့ လိုက်လျောခဲ့တာတွေ ရှိပါတယ်။ အတွင်းပဋိပက္ခတွေလည်း ရှင်းရပါသေးတယ်။ ကွဲထွက်ကုန်တာတွေလည်း ရှိပါတယ်။ ခွဲအထုတ်ခံရတာတွေလည်း ရှိပါတယ်။ အသက်ကြီးလို့ အနားယူသွားသူတွေ၊ စိတ်ပျက်လို့ ဘေးထွက်ထိုင်နေသူတွေ၊ အထုတ်အပယ်ခံရသူတွေလည်း မနည်းပါဘူး။ အပစ်ရပ်စကထက် အလုံးအရပ်လည်း လျော့သွားပါတယ်။ မူလသဘောတူချက်အရ နိုင်ငံရေးမစည်းရုံးရ၊ လူသစ်မစုဆောင်းရ၊ နယ်မြေမချဲ့ထွင်ရ စတာတွေနဲ့ ကိုယ့်ဘာသာ ချည်မန်းကွင်းစွပ်မိပြီး မလူးသာမလှုပ်သာနဲ့ အသက်ရှူကြပ်နေတာပါ။ အဲ့ဒါသိလို့ စစ်အုပ်စုက ရလေလိုလေ အိုတစ္ဆေလုပ်နေတာပါ။ ကေအင်န်ယူဘက်ကလည်း သူတို့လက်ရှိအခြေအနေက ထမ်းပိုးနဲ့လှည်းတုတ် ရွေးရမယ့်အခြေအနေပါ။ ကျဉ်းထဲကျပ်ထဲမှာပါ။ ဒါကို စစ်အုပ်စုတင်မက တပြည်လုံးလည်းသိကြသလို သူတို့ကိုယ်တိုင်လည်း သိကြပါတယ်။ ဒါ့ကြောင့် ရွေးမယ့်ရွေး ထမ်းပိုး(တံပိုး)ပဲရွေးမယ်ဆိုပြီး NCA လမ်းကြောင်းအတိုင်း သွားပါ့မယ်လို့ အာမဘန္တေခံရတာပါ။ မသွေဖီပါဘူးလို့ ကတိပေးရတာပါ။ မနိုင်၍သည်းခံရခြင်းပါ။

စစ်အုပ်စုရှိနေသမျှ ငြိမ်းချမ်းရေးမရနိုင်ပါ။ ခုလိုပဲ သောင်မတင်ရေမကျလုပ်ထားမှာပါ။ ၂၀၂၀ မှာ စစ်အုပ်စုက ဗြောင်ကျကျ ထောက်ခံပေးထားတဲ့ပါတီ(တွေ)ခုထက်ပို အားကောင်းလာပြီး လွှတ်တော်နဲ့အစိုးရကို ဖန်တီးသွားနိုင်ရင် နည်းနည်းတော့ အလှည့်အပြောင်းရှိနိုင်ပါတယ်။ လက်နက်အချရ ခံသာအောင်လေးတော့ “ဟ“ပေးနိုင်ပါတယ်။ အင်န်အယ်လ်ဒီခေတ်(ဒေါ်စုလက်ထက်လို့ နားလည်စေချင်ပါတယ်)မှာတော့ အပစ်အခတ်ရပ်တာဖြစ်ဖြစ်၊ နိုင်ငံရေးဆွေးနွေးတာဖြစ်ဖြစ် ခုထက်ပိုတဲ့အခြေအနေ ဘာတခုမှ ဖြစ်ထွန်းမလာအောင်က၊ တိုးတက်ကောင်းမွန်မလာအောင် “ကန့်“ထားဦးမှာ ပါပဲ။ ၂၀၂၀ မှာ သူတို့လိုချင်တဲ့ပေါက်ကောင် မပွင့်ခဲ့ရင်တော့ အပစ်ရပ်တွေကိုရော မရပ်တွေကိုပါ ကြိုးရှည်ရှည်နဲ့လှန်ထားပြီး ပိုင်လောက်တဲ့အခြေအနေရောက်မှ တကောင်ခြင်းကောက်စားရင် စားမှာ။ ဒါ ဒီအထိ ကျနော့်နားလည်ချက်ဖြစ်ပါတယ်။

ဒီနေရာမှာ ကေအင်န်ယူက ဒီလိုဖြစ်လာတော့ ကေအင်န်ယူကိုမှီခိုရတဲ့ ABSDF မဒကတ က ဘာဖြစ်လာမလဲ ဆက်တွေးကြည့်ပါတယ်။ ABSDF ကို အေဘီလို့ တိုတိုသုံးပါရစေ။ အေဘီဟာ ကရင်မှာရှိသလို ကချင်မှာလည်းရှိပါတယ်။ ကယားတွေဘာတွေနဲ့ရှိတာတွေ ရှိခဲ့ဖူးတာတွေ ခနထားလိုက်ပါ့မယ်။ ကရင်မှာရှိတဲ့အေဘီဟာ ကရင်အပစ်ရပ်ရင် လိုက်ရပ်ရပြီး ကရင်ပြန်တိုက်ရင် လိုက်တိုက်ရတာပါ။ အလားတူပဲ ကချင်မှာရှိတဲ့အေဘီဟာ ကချင်တိုက်ရင် လိုက်တိုက်ပြီး၊ ကချင်ရပ်ရင် လိုက်ရပ်ရတာပါ။ ကချင်ဘက်အေဘီက တိုက်နေချိန်မှာ ကရင်ဘက်အေဘီက ရပ်နေရတာမျိုး ကရင်ဘက်အေဘီက တိုက်နေပြီး ကချင်ဘက်အေဘီက ရပ်နေတာမျိုးလည်းရှိပါတယ်။ ဒါဟာ တော်လှန်ရေးကို မှီခိုသူအဖြစ်နဲ့လုပ်ရတဲ့အနေအထားကြောင့်ပါ။ ဧည့်သည်နေဧည့်သည်စား သဘောမျိုးဖြစ်ရတာပါ။ ကိုလိုနီခေတ်ဗမာပြည်ဟာ ဗြိတိသျှတွေတိုက်တဲ့စစ်ပွဲတိုင်းမှာ ဒယဥ့်တိုက်ပြီး ပါခဲ့ရသလိုမျိုးပါ။ ဒါက ရှေ့တန်းအခြေအနေပါ။

နောက်တန်းအခြေအနေလို့ပြောရမယ့် အပစ်ရပ်ခြင်းနဲ့ဆွေးနွေးခြင်း အနေအထားကိုလည်း ကြည့်ကြည့်ရမှာဖြစ်ပါတယ်။ တကယ်တော့ စစ်တပ်နဲ့ အပစ်ရပ်ကြတယ်ဆိုတဲ့အစုအဖွဲ့တွေ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေထဲမှာ အေဘီဟာ အင်အားသေးတဲ့အစုအဖွဲ့လေးဖြစ်နေတာ ထင်ရှားပါတယ်။ အဖွဲ့ကြီးတွေကိုတောင်မှ လက်ထဲသေနတ်ရှိနေသေးလို့ အရေးလုပ်စကားပြောနေတာ ဖြစ်ပါတယ်။ ဒီနေ့ သေနတ်၊ တပ် မရှိကြည့် နောက်နေ့ သောက်ဖက်လုပ်တော့မှာမဟုတ်ပါ။ တခါဆွေးနွေးပွဲတွေကြတော့လည်း မကောင်းတတ်လို့ အလှည့်ပေးရတယ်ဆိုတဲ့သဘောနဲ့ မိုက်ကရိုဖုန်း ပေးကိုင်တာမျိုးဖြစ်နေတာပါ။ ဆွေးနွေးဘက်ဆိုတာထက် ဖဲဝိုင်းမှာ အိမ်ဖြည့်ဝင်ထိုင်ခွင့် ပေးထားတဲ့သဘောမျိုး စစ်အုပ်စုဘက်ကထားနေတာ မြင်နေရပါတယ်။ အဲ့လိုပေးထားရတာကလည်း “ဘယ်နှဖွဲ့နဲ့ အပစ်ရပ်ထားပြီ“ဆိုပြီး ကမ္ဘာလှည့်ဂုဏ်ခံဖို့ပါ။ ကရင်ထဲကပဲ အဖွဲ့ကွဲတွေ(အဖွဲ့ခွဲမဟုတ်ပါ)ကို လည်း “အဖွဲ့တွေ“ ဆိုပြီး “အဖွဲ့“များတယ်ထင်ရအောင်လုပ်ထားတာ မြင်နိုင်ပါတယ်။

ပြန်ဆက်ရရင် ခု ကေအင်န်ယူက ဆွေးနွေးနေတာတွေ ခနဆိုင်းထားမယ်၊ အလွတ်သဘောတော့ တွေ့နေမယ်၊ NCA လမ်းကြောင်းအတိုင်းပဲ တစိုက်မတ်မတ်သွားမယ်ဆိုတော့ အေဘီက ဘာလုပ်မလဲ။ ကရင်မှီရတဲ့အေဘီအခြမ်းက ကရင်သွားတဲ့အတိုင်း သွားမလား၊ သီးသန့်သွားမလားက တွေးတောကြည့်စရာပါ။ ဒီနေရာမှာ “သီးသန့်“လို့ သုံးလိုက်လို့ “ကိုယ်လမ်းကိုယ်ထွင်“ပြီး သွားမှာလိုတော့ မမှတ်ယူစေလိုပါ။ ဒီနေရာမှာ “သီးသန့်“က “ကေအင်န်ယူက ခုလိုလုပ်ပေမယ့် တို့ကတော့မလုပ်ဘူး၊ ဆွေးနွေးပွဲတွေကို ဆက်တက်နေမယ်“လောက်ကိုပဲဆိုလိုတာဖြစ်ပါတယ်။ အေဘီ့အနေအထားကိုလည်း NCA ဘောင်ထဲကထက် ထုတ်ကြည့် ကျော်ကြည့်လို့ မဖြစ်နိုင်ပါ။ တခြား အားကြီးတဲ့ကောင်တွေတောင် အဲ့ဒီဘောင်ထက်ကျော်ကြည့် ထုတ်ကြည့်လို့မှ မရသေးတာ။ အေဘီဆို ပိုတောင်ဆိုးမှာပါ။ သူတို့လည်း NCA ဘောင်ထဲက ထွက်မရပါ။ ထွက်ချင်လို့လည်း မရပါ။ ထွက်ချင်တဲ့ဆန္ဒ ရှိနေဦးတောင် ပကတိရုပ်ဘဝအခြေအနေက ခွင့်မပြုတော့ပါ။ အေဘီမှာလည်း(လက်ရှိဦးဆောင်နေသူတွေကို ဆိုလိုတာပါ) အဲ့ဒီ ဘောင်ထဲကထွက်လိုစိတ် ဘယ်လောက်ရှိမရှိက မသေချာပါ။

ဆိုတော့ အေဘီဘာလုပ်မလဲ။ ဘယ်လိုတွေးမလဲ၊ ဘယ်လိုရပ်ခံမလဲ၊ ဘယ်လိုဆုံးဖြတ်မလဲ၊ ဘယ်လိုရပ်တည်မလဲက စဉ်းစားစရာပါ။ သူတို့(ခေါင်းဆောင်)တွေလည်း ခေါင်းစားကြမှာပါ။ ကျဉ်းထဲကျပ်ထဲမှာပါ။ လုပ်ရကိုင်ရခက်တဲ့ အနေအထားပါ။ အမှားမခံတဲ့အခြေအနေပါ။ ၂ ဘက်စလုံးရဲ့ (ကေအင်န်ယူနဲ့စစ်အုပ်စု)ရဲ့ အငြိုအငြင်မခံရအောင် မျက်မန်မရှရအောင် လုပ်ရမယ့်အနေအထားပါ။ မှီခိုသူ့ဒုက္ခပါ။

အေဘီဟာ အစဉ်အလာကောင်းခဲ့ပါတယ်။ စွန့်လွှတ်ခဲ့သူတွေလည်း စွန့်လွှတ်ခဲ့ကြပါတယ်။ အသက်တွေ ဘဝတွေပေးပြီးရင်းပြီး စစ်အုပ်စုကို လက်နက်ကိုင် တော်လှန်ခဲ့ကြသူတွေ အရေအတွက်နဲ့ အကောင်အထည်နဲ့ကို ရှိပါတယ်။ လက်ရှိလူ(ခေါင်းဆောင်)တွေက အေဘီ့အနာဂတ်ကို ဘယ်ပုံ သွန်းလောင်းမလဲကတော့ နိုင်ငံရေးပါ။

နိုင်ငံရေးဆိုတာ ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားမဟုတ်ပါ။ အီယန်ဖလင်းမင်းရဲ့ဝတ္ထုတွေမဟုတ်ပါ။ ဇာတ်လိုက် ဘယ်နှယောက်ပြောင်းပြောင်း ရေးထားပြီးသား ဇတ်ညွှန်းအတိုင်းသရုပ်ဆောင်ရတဲ့ ရုပ်ရှင်သဘောသဘာဝနဲ့ ခိုင်းနှိုင်းပြောလို့ကိုမရပါ။ ပြောခဲ့ရင် ပြောသူ ဉာဏ်နည်းရာကျပါတယ်။
မျိုးမြင့်ချို (နိုဝင်ဘာ ၁၁။ ၂၀၁၈)

0 comments:

Post a Comment