Thursday, November 8, 2018

မြန်မာကဗျာဖတ်ခြင်း(၃) ''မင်းတုန်းမင်း(၁၈၁၄-၁၈၇၈)ရဲ့ အချစ်ကဗျာ'' စံညိမ်းဦး

0 comments
မြန်မာကဗျာဖတ်ခြင်း(၃)

''မင်းတုန်းမင်း( ၁၈၁၄-၁၈၇၈)ရဲ့ အချစ်ကဗျာ'' စံညိမ်းဦး
၁။
ကုန်းဘောင်(၁၁)ဆက်မှာ (၆)ဆက်က မြို့တည်နန်းတည်ဘုရင်တွေ ဖြစ်ကြတယ်။' 'မြို့တည်နန်းတည်မင်း''ဆိုတဲ့ဂုဏ်ကို မက်ကြတယ်။ မင်းတုန်းမင်းလည်း ပါဝင်တယ်။ ခေတ်သစ်မှာ ဘုရင်ရူးရူးကြတာတွေထဲ စစ်အုပ်စုခေါင်းဆောင်တယောက်မှာလည်း အဲဒီရောဂါလို့ယူဆစရာ ရှိတယ်။ နေပြည်တော်ရယ်လို့ ဖန်တီးယူတာရှိတယ်။

မြန်မာ့သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်ဟာ (၁၈၈၅)ခုနှစ်မှာ နောက်ဆုံးနိဂုံးချုပ်တယ်။ ကုန်းဘောင်မင်းဆက် နိဌိတံတယ်။ အင်္ဂလိပ်လက်ထဲ အထက်ဗမာပြည်ပါကျတယ်။ မြန်မာ့ပဒေသရာဇ်ခေတ်ဟာ စက်မှုကမ္ဘာကိုလေ့လာကာ ခေတ်မီရေးကြိုးပမ်းဆဲမှာပဲ အဆုံးသတ်ခဲ့ရတာလို့ ဆိုနိုင်တယ်။ အတွေးအခေါ်အရလည်း ယောမင်းကြီးဟာ ရာဇဓမ္မသင်္ဂဟကျမ်းနဲ့ ဒီမိုကရေစီဆီမီးကို မိတ်ဆက်ဖို့ ကြိုးစားခဲ့ပေမယ့် သမိုင်းဟာ ကံခေခဲ့တယ်။ ၁၈၂၆ခု ပထမအင်္ဂလိပ်-မြန်မာစစ် အပြီးလောက်တည်းက ကြိုးပမ်းမှုတစွန်းတစကိုလည်း ဆင်ခြင်စရာရှိတယ်။

ခေတ်တခုအရွေ့ဓမ္မတာအတိုင်း အဟောင်းမြင်နဲ့အသစ်မြင်ပဋိပက္ခတွေဟာ နိုင်ငံတိုင်းမှာပြသနာတက်တတ်သလိုပဲ နှေးကွေးတာတွေ၊ နှောင့်နှေးတာတွေ၊ အလျင်လိုတာတွေ၊ ချိန်ဆတာတွေနဲ့ပင်ပန်းတယ်။ နောက်ဆုံးဘုရင်ဖြစ်တဲ့ ရှေးဘုန်းကြီးလူထွက် ''သီပေါဘုရင်''ဟာ ပိုလို့ရွာပတ်ခဲ့လိမ့်မယ်လို့ ယူဆတယ်။ ဘုရင်အရည်အချင်း အုပ်ချုပ်ရေးပညာနိမ့်တယ်။ စီမံခန့်ခွဲမှုနဲ့လက်ရုံးစွမ်းရည်(ဝါ)စစ်ရေးအမြင် အားမကောင်းဘူး။ (ခုခေတ်ဆိုသမတဖြစ်ဖို့တောင်မသေချာ)။ နိုင်ငံရေးဆိုင်ရာ သိမှုနဲ့ကျင့်မှုနားလည်ချက် အားနည်းတယ်လို့ ခေတ်ပြိုင် မှတ်တမ်းတွေက အထူးပြုတယ်။ စိတ်နှလုံးကောင်းတယ်။ သိမ်မွေ့တယ်ဆိုတဲ့ဟာကလွဲပြီး မက်လောက်စရာသိပ်မရှိခဲ့သလို သိပ်မကျယ်ဘူး။ ခေတ်မီရေးများထဲမှာမှ ဘုရင့်ထုံးတမ်း မိန်းမအများကြီးထားရတဲ့စနစ်ဖြိုပြီး မိဖုရားအာဏာစက်ထက်တော့  တလင်တမယားပုံစံကို စတင် လက်ခံခဲ့ရတဲ့ နောက်ဆုံးသက်ဦးဆံပိုင် ပဒေသရာဇ်ခေါင်းဆောင်လည်းဖြစ်တယ်လို့ ကြံဖန်ပြီးပြောတတ်ကြတာလည်းရှိတယ်။

တကယ်တော့''ယောက်ျားကောင်း မောင်းမတထောင်''အစဉ်အလာဟာ မြန်မာ့နန်းတွင်းအစဉ်အလာ ဖြစ်တယ်။ ဘုရင့်အသိုက်အမြုံကြီး မျိုးဆက်ထုတ်လုပ်ရေးအစီအမံနဲ့ အခြားသောနိုင်ငံရေးရည်ရွယ်ချက်တွေ များစွာရှိနေမယ်လို့ ယူဆစရာတွေရှိတယ်။ သီပေါမင်းလက်ထက်မှာ ပြိုခဲ့တယ်။ ခေတ်မီအမြင်ကြောင့်မဟုတ်ဘဲ မိဖုရားရဲ့ဇောင်းထမှုကြောင့်လို့သာ ယူဆစရာဖြစ်တယ်။ သီပေါဘုရင်နဲ့ အထွေထွေနှိုင်းယှဉ် ကြည့်ရင် သူ့ရှေ့ကဘုရင်လုပ်တဲ့ ''မင်းတုန်းမင်း''နဲ့တော့ မတူဘူး။ တခြားစီ။ (စကားချပ်-နိုင်ငံရေးအုပ်ချုပ်ရေးဘက်ကတွေးရင် 'အင်းဝ' ခေတ်လောက်ကတည်းက 'မက္ခရာမင်းသားကြီး'လိုလူသာ ဘုရင်ဖြစ်ခဲ့သော် နှောင်းခေတ်ပိုင်း 'ကုန်းဘောင်ရာဇဝင်'ဟာ တမျိုးဖြစ်စရာ ရှိမယ်လို့လည်းခံစားမိတယ်။)

၂။
မိဖုရားအစီအစဉ်ဆိုတာ ရှိတယ်။ (၁)နန်းမတော်။ (၂)မြောက်နန်းတော်။ (၃)အလယ်နန်းတော်။ (၄)အနောက်နန်းတော်။ (၅)တောင် ဆောင်တော်။ (၆)ခြောက်ဆောင်တော်။ (၇)တောင်ရွှေရေး။ (၈)မြောက်ရွှေရေး။ ဒိတ်ဒိတ်ကျဲ(၈)ယောက် ဖြစ်တယ်။ ကျန်တာ မောင်းမမိဿံ ကိုယ်လုပ်တော် တလှေကြီးရှိနိုင်ပေမယ့် အညှာမဟုတ်ဘူး။ ရွှေတိုက်စာရင်းဝင်ဂေဇက်အရ မိဖုရား(၅၉)။ စာရင်းမဝင် အပျိုတော် မောင်းမ မိဿံ ကိုယ်လုပ်တော်(၄၅) စုစုပေါင်း(၁ဝ၄)ယောက် ရှိတယ်ဆိုတယ်။ ပတ်လည်ရိုက်တော့ ဆွေတော်မျိုးတော် အုပ်ပင်းသိုက်မြုံကြီးအဖြစ် တွေ့ကြရတာများတယ်။ သကျသာကီနွယ်အစဉ်အလာပဲပြောပြော၊ သက်ဦးဆံပိုင် ပဒေသရာဇ်ထုံးတမ်းပဲဆိုဆို မောင်လည်နှမလည် ယူကြတာပဲ။ သေချာတာက မနည်းတဲ့အရေအတွက်လို့ ပြောဖို့ဖြစ်တယ်။

ဒီလိုယဉ်ကျေးမှုအဆောက်အအုံထဲကို အရပ်သားသူစိမ်းတရံစာ ရောက်လာပြီဆိုရင်တော့ ပြဿနာဟာ မသေးတတ်ဘူး။ မင်းတုန်းမင်း ဘုရင်မဖြစ်ခင် ''မောင်လွင်''ဘဝကတည်းကချစ်သူ မိသဲဟာ အရပ်သူဖြစ်တယ်။ ငယ်လင်ငယ်မယားတဲ့။ ဘုရင်ဖြစ်တော့ နန်းတွင်းထုံးတမ်း မိဖုရားအစီအစဉ်အရ'အရပ်သူ”မို့ နံပါတ်(၁)''နန်းမတော်''နေရာ ထားခွင့်မရှိဘူး။ နံပါတ်(၂) ''မြောက်နန်းမတော်''အဆင့်မှာ ထားပေးရတယ်။ ကာယကံရှင်'မိသဲ'က ပြဿနာမလုပ်ပေမယ့် ကျန်တဲ့နံပါတ်တွေက ကွိုင်တက်တယ်။ အရပ်သူကို ဒုတိယအဆင့်လယ်ဗယ် ဘွဲ့ပေးထားလို့။ ကွိုင်အပူဆုံးက နံပါတ်(၃)အဆင့် ''အလယ်နန်းတော်ကဆင်ဖြူမရှင်''ပဲ။

ပဒေသရာဇ်အာဏာ ချုပ်ငြိမ်းရတဲ့အကြောင်းတရားများစွာထဲမှာ ရာဇဝင်သမိုင်းကို အခြားထောင့်ကကြည့်ရင် မြောက်နန်းမတော်မိဖုရား ဂိုဏ်းနဲ့ အလယ်နန်းတော်မိဖုရားဂိုဏ်းရဲ့ မညီညွတ်မှုဟာလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ ဒါပေမဲ့ အခုဟာက'မင်းတုန်းမင်း'ရဲ့ အချစ် အကြောင်းကိုပဲ ပြောဖို့ဖြစ်တယ်။ ကျနော်တို့ငယ်စဉ်က ဖတ်စာထဲမှာ မင်းတုန်းမင်းနဲ့ငါးခြောက်ပြား ဇာတ်လမ်းထဲက 'မောင်လွင်'ဘဝရဲ့ ဆရာရင်းဖြစ်တဲ့ စံကျောင်းဆရာတော်ရဲ့စကားလေးဟာ ထင်ရှားတယ်။ ''ငါလည်းသာသနာပိုင်မဖြစ်ဘူး။ မိသဲလည်းမိဖုရားကြီးမဖြစ်ဘူး'' ဆိုတဲ့ဟာပေါ့။ မယားတွေဘယ်လောက်များများ မင်းတုန်းမင်းရဲ့အသဲအသက်ဗူးဟာ ''မိသဲ''ဆိုတဲ့ မြောက်နန်းမတော်လို့ ဆိုတယ်။ 'မင်းတုန်းမင်း'ကဗျာရေးတယ်။ အချစ်ကဗျာရေးတယ်။ ဘယ်လိုအချစ်ကဗျာလဲ။

(၃)
မင်းတုန်းမင်းရဲ့ ကဗျာပုံသဏ္ဍာန်နဲ့အကြောင်းအရာက တကယ်တော့ ထူးခြားလှတယ်ရယ်လို့ မဟုတ်ပါဘူး။ ဘုရင်တပါးရဲ့ နှလုံးစွမ်းရည်နဲ့ ကဗျာလင်္ကာထုံပိုင်မှုကိုသာ လေးစားစရာဖြစ်တယ်။ ဒီနေရာမှာ ကဗျာခေတ်တွေကို နည်းနည်းတော့ ခြေဆင်းပြုစရာရှိပါတယ်။ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်းတကြောကနေစီးလာတဲ့ မြန်မာကဗျာဟာ ရတနာပုံမန္တလေးခေတ်မှာတော့ 'ကဗျာလည်းမက တေးလည်း မကျ'တဲ့ ဘောလယ်၊ တေးထပ်၊ သဖြန်၊ ခွန်းထောက်၊ လွမ်းချင်းပုံသဏ္ဍာန်တွေ အများဆုံးတွေ့ရမှာဖြစ်တယ်။

အကြောင်းအရာအားဖြင့်လည်း ချစ်မှုကြိုက်မှုတွေ၊ အမြှောက်အပင့်၊ အလွမ်းအဆွေး၊ အပူတိုက်၊ အမှိုင်တိုက်နဲ့ ဘုန်းတော်ကျူးတွေသာ များတယ်။ မင်းတုန်းမင်းရဲ့ကဗျာကလည်း အဲ့ဒီလမ်းဟောင်းထဲက ကဗျာတပုဒ်ဖြစ်တယ်။ အစဉ်ဆက်'ပုံသဏ္ဍာန်လမ်းရိုး ''အကြောင်းအရာ လမ်းဟောင်း'ကို ချိုးဖျက်ဖေါက်ထွက်ပြီး အသစ်မြင်အသစ်ထွင်ခဲ့တာက သခင်ကိုယ်တော်မှိုင်းဖြစ်ခဲ့တယ်။ ခေတ်လူတွေယဉ်ပြီးသား ဇာတ်ပွဲရုပ်သေးပွဲသုံး ငိုချင်းအစပ်အဟပ်ဖြစ်တဲ့ 'မန်ကျည်းရွက်သတ် နဘေထပ်လေးချိုးရှည်'ကို ပုံသဏ္ဍာန်သစ်အဖြစ် ဆွဲထုတ်ဖန်တီးပြီး ''မဟာလေးချိုးကြီး''ရယ်လို့ သုံးတယ်။ ''တေးမျိုးအပြီးမသာမယာကို လေးချိုးကြီးမဟာကဗျာရယ်''တဲ့လား ဘာညာဝေဖန်ကဲ့ရဲ့ကြတယ်

ဒါပေမဲ့ဆရာကြီးရဲ့ ကဗျာပုံသဏ္ဍာန်သစ်က လူ့အဖွဲ့အစည်းက ကြွေခဲ့တယ အကြောင်းရာတွေကလည်း မြန်မာကဗျာ တလျှောက်လုံး ကိုင်တွယ်ခဲ့တာတွေမဟုတ်တဲ့ အသစ်တွေဖြစ်ခဲ့တယ်။ ဇာတိမာန်၊ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေး စတာတွေဖြစ်တယ်။ အဖိနှိပ်ခံလူထုဘက်က ရပ်တည်တယ်။ ဒါကြောင့်လည်း ဆရာဒဂုန်တာရာက''ခေတ်ပေါ်ကဗျာအစ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက''လို့ရည်ညွှန်းတယ်။ အထက်ကဆိုခဲ့တဲ့အတိုင်း မင်းတုန်းမင်းရဲ့ကဗျာကတော့'' လမ်းရိုးလမ်းဟောင်း'' ထဲက ကဗျာမျိုးဖြစ်တယ်။ အချစ်ကဗျာဖြစ်တယ်။

(၄)
မှတ်သားရတဲ့ အချစ်ကဗျာ(၃)ပုဒ်မှာ (၂)ပုဒ်က 'မင်းတုန်းမင်း'ရေးတယ်။ ကျန်၁ပုဒ်က 'စလေဦးပုည'နဲ့ အပျိုတော်'ခင်ဆုံ'တို့ပါဝင်ပတ်သက်ပြီး တဆင့်လို့ ယူဆစရာဖြစ်တယ်။ (၄ဝ)ကျော်အရွယ် 'စကြာဒေဝီနန်းမတော်လောင်းလျာကို ပိုးတဲ့ကဗျာဖြစ်တယ်။ (၄ဝ)ကျော်မိန်းမ တယောက် ကို ပိုးတဲ့ကဗျာကလည်း တမူထူးခြားလှတယ်။

တကယ်တော့ ဒါတွေကို ဆရာဦးဘေမောင်တင်ရဲ့ကျေးဇူးဖြစ်တဲ့ ''မြန်မာစာပေသမိုင်း''တို့၊ ဒေါက်တာသန်းထွန်းရဲ့ 'မြန်မာစာပေသမိုင်းအစ' တို့၊ ဆရာတိုက်စိုးနဲ့မင်းယုဝေတို့ရဲ့ 'မြန်မာစာမိတ်ဖွဲ့'တို့၊ ဒေါက်လှဘေရဲ့ မြန်မာစာပေ ဧည့်ခံစာတန်းတို့၊ ညိုမြရဲ့ကုန်းဘောင်ရာဇဝင်တို့ စသဖြင့်အပြင် မြန်မာစာပေသင်ရိုးတွေမှာလည်း တွေ့ရမယ်မဟုတ်ပေမယ့် ဆရာကြီးရွှေပြည်ဦးဘတင်ရဲ့ ဟောပြောချက်တွေနဲ့ ဆရာဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)ရဲ့ လေ့လာမှုများအတွင်းဆီမှာသာ တွေ့ကြရမှာဖြစ်တယ်။

မင်းတုန်းမင်းရဲ့ ဒီကဗျာ(၃)ပုဒ်ကို ကိုးကားသက်သေတည်ဖို့ကတော့ ဆရာကြီးရွှေပြည်ဦးဘတင်သာ ဖြစ်တယ်။ ဆောင်းပါးရေးတယ်ဆိုတာ ကူးချကြတာပဲဆိုတာထက်ပိုမိုအောင် ကျနော့်အမြင်အတွေးများကို ယူဆမိသလို ခံစားမိသလိုကို ရဲရဲပြောဖို့ကြိုးစားပါတယ်။ စိတ်ဝင်စား စရာဖြစ်ရတာမို့ တင်ပြခြင်းဖြစ်တယ်။ ကျနော့်အမြင်အရ ဘုရင့်အရည်အချင်းများစွာထဲမှာ စာပေနဲ့ပတ်သက်ပြီး တတ်ပွန်ကျွမ်းကျင်မှုကို လေးစားရတယ်။ ရှားတယ်လို့ယူဆတယ်။ များသောအားဖြင့် ဘုရင်ဆိုတာ ကိုယ်လိုချင်တဲ့မိန်းကလေးကို စာတတန်ပေတတန် ဖွဲ့မနေတတ်ဘဲ အာဏာနဲ့သိမ်းပိုက်ရင်သိမ်းပိုက် (ဒါမှမဟုတ်) အောင်သွယ်တော်နဲ့ ကြံဖန်ကျုံးသွင်းယူတာမျိုးသာ များတယ်။ ဘယ်လိုနည်းနဲ့ရသည့်တိုင်အောင်ဖြစ်စေ ရပြီးသားကို တခုတ်တရနှစ်လိုဖွဲ့နွဲ့နေတာမျိုးလည်း နည်းပါးတတ်တယ်။ 'မင်းတုန်းမင်း' ကတော့ဖွဲ့နွဲ့ခဲ့တယ်။ ဆွတ်ပျံ့ခဲ့တယ်။ ရင်ခုန်သံကို အက္ခရာထုဆစ်ခဲ့တယ်။ ထူးလို့ မီးမောင်းထိုးမိခြင်းဖြစ်တယ်။

(၅)
''ရွှေမေတ္တာ ပိုမိုလှချေငဲ့
ဗန္တရ ပုံလို့
မြင်ရတိုင်းပ ရသချို
အမယ်အိုသည့်လား
ပါးရေကျုံ့ဆံတော်ကေမှာ
ဖြူလေလေ တိုး၍သနား
ခါးတော်က ခွေခွေ
ကြင်နာတတ် ထပ်ပွား
မှဲ့နက်နီပုံများနှင့်
ချစ်အားထပ်မံ
သူငယ်ပြန်အရွယ်ရောက်လို့
ဘယ်ကလောက် တွေးလို့မမှန်
မိုးအိန္ဒသက်နှံငယ်
လိုက်စာရန် စကြာမျိုးနှင့်
ရှိခိုး၍အမယ်အို
လဲချင်လို့ငို
ကြင်နာဦးမို့စေတနာပိုတယ်
မလဲလို့ မြဲပါစို့လေး။''
(မြောက်နန်းတော်မိဖုရားဘွဲ့)

ဒါကို ဖြန့်ခံစားရင် ရင်နင့်သလို ကြည်နူးစရာလည်း ဖြစ်ရတယ်။ ''ကြင်ဦးမို့စေတနာပိုတယ်''တဲ့ လှပတဲ့အဖွဲ့အဖြစ် နင့်ရတယ်။ ငယ်လင်ငယ်မယား မိသဲ။ ငယ်ကျွမ်းငယ်ချစ်မိသဲ။ နံပါတ်တစ် နန်းမတော်နေရာလည်း ထားခွင့်မရခဲ့ဘူး။ နံပါတ်နှစ် 'မြောက်နန်းတော်'နေရာ ထားတော့လည်း အရပ်သူကလာတာမို့ ရန်များပြန်တယ်။ နန်းတွင်း အချင်းဆေးခဲ့ရသူမဟုတ်ရှာတော့ အများအလယ်မှာ သိမ်ငယ်ရှာမယ်။ ဒါပေမဲ့ ငယ်ကချစ်သက်လုံးပုံမို့ ဘုရင့်မှာ မေတ္တာပိုရတယ်။ ဗန္တရသရက်လို ချိုမြိန်တယ်။ အိုသည့်တိုင် မြင်ရတိုင်း ချိုမြိန်မေတ္တာနဲ့ဖြစ်ရတယ်။ ပါးရေနားရေတွေတွန့်ပြီး မင်းဆံဖြူတွေတိုးတာနဲ့အမျှ တိုးလို့သနားရတယ်တဲ့။ ဇရာကြောင့် မင်းခါးကိုင်းလာတာအမျှ မှဲ့နီမှဲ့နက်တွေ ကလည်းပွားတော့ ချစ်အားက ထပ်မံပိုရတယ်။ အကြင်နာပိုရတယ်။ ကြင်နာဦးမို့စေတနာပိုပါတယ်တဲ့။ မလဲလို့ မြဲပါစို့တဲ့။ ဖွဲ့ပုံ ကြွေရတယ်။

(၆)
''ရာပြည်ပြည်ရှိပန်သ
တိုင်ဗွေရ ဥသျှောင်
စန်းငွေလ တိမ်စင်လို
နှိုင်းမမြင် ထီးဖြူရိပ်ဖွား
တော်လေးဝ နတ်မုနီလို
တူသင့်သည် မခြား။
သို့ပါသော် စိတ်ထားမှာ
မျက်အားတော်လွန်ကြွယ်
တနာရီအချိန်လောက်တွင်
အကောက်က များလှပါတယ်။
မဖြစ်သင့်မူငယ်ကို
ဋီကာငယ်ဥာဏ်ချဲ့လို့
ပူရှာဖွဲ့ မကြည်လင်
ညှိုးမာန်ကဝင်
ရွှေစိတ်တော်
သူကြည်လင်အောင်
သိကြားပင်
လာစမ်းတော့လေး။''
(အလယ်နန်းတော်မိဖုရားဘွဲ့)
အလယ်နန်းမတော်ဟာ နံပါတ်(၃)မယားဖြစ်တယ်။ နန်းတွင်းသွေးဖြစ်တယ်။ အရပ်သူမိသဲကို နံပါတ်(၂)ထားတာကို မကျေလည်ဘူး။ တလျှောက်လုံး အငုံ့စိတ်နဲ့ပူတယ်။ မူလဗီဇကိုကလည်း မာန်ကြီးတယ်။ ဒေါသကြီးတယ်ဆိုတာထဲကပဲ ဖြစ်မယ်ယူဆစရာဖြစ်တယ်။ ဒါကိုမင်းတုန်းမင်းက သိတယ်။ ''တနာရီအချိန်လောက်တွင် အကောက်က များလွန်းတယ်''တဲ့။ အင်အတန်ကိုစိတ်ရှုတ်လို့ ဒီကဗျာနဲ့ မှတ်တမ်းတင်ပုံပါပဲ။ ဘုရင်ခဗျာမှာ ချစ်လည်းချစ်တယ်။ ခပ်စွာစွာခပ်ထက်ထက်ဆိုတော့ တထိတ်ထိတ်အချစ်မျိုး ထင်ပါရဲ့။ ဆင်ဖြူမရှင်မိဖုရားလို့လည်း ထင်ရှားတယ်။ အားလုံးကို ကြောက်ဒူးတုန်စေတဲ့မိဖုရားဖြစ်တယ်။ ဓါးထက်တယ်။ ပါတော်မူသမိုင်းထိ ထင်ရှားတယ်။

(၇)
''ဘီးပုံတော်ဆံခွေပတ်ကယ်နဲ့
ကြွေမတတ် မူယာ။
ရွှေနားကပ် မကူသာပေါင်
မဟူရာဆင်၍
သိမ်ရေကျ ရော့ရည်းခြုံတယ်
ကြော့နည်းပုံ ဆန်းလိုက်ပါပေ။
ဝတ်လဲတော်ကြိုးအဝါမှာ
ခိုးနံ့သာမသွေ့
ရိုးရာသည်ဓလေ့မို့
ပြကတေ့ ယဉ်ပြန်
မျက်လုံးတော် တမူသစ်တာက
ဇမ္ဗူရစ် သိန်းမကတန်
ရွှေနန်းသူ ချောရှာဟန်မှာ
သောတာပန် မိသူဋ္ဌေးကဲ့သို့
မြေးရှစ်ကျိပ် ရတောင်ဝယ်
ရှေးကထက်ဝယ်။
လေးဆယ်ပြန့် ဇရာလယ်တောင်
ကညာမယ် သာဘူးဗျလေး။''
(စကြာဒေဝီ နန်းမတော်ဘွဲ့)

ဒီဟာကတော့ မင်းတုန်းမင်းရေးတာ မသေချာဘူးလို့ဆိုပေမယ့် မကင်းဘူး။ အောင်သွယ်တေးထပ်လို့ဆိုတယ်။ ဦးပုညနဲ့အပျိုတော်ခင်ဆုံတို့နဲ့ ပူးပေါင်းပြီးကြံတယ်လို့ဆိုတယ်။ ဂေါ်တယ်။ သူက မူလရာထား နန်းမတော်ဖြစ်တယ်။ တရားသမား။ ပရိယတ်သမား။ တည်ငြိမ်တယ်။ အေးဆေးတယ်။ ပညာတတ် စာတတ်ပေတတ်မိန်းမတဦးလည်း ဖြစ်တယ်။ ပါဋ္ဌိ၊ သက္ကတ၊ ဘင်္ဂလီ၊ နာဂရီစာတွေ တတ်တယ်။ ဗေဒင် တတ်ပွန်တယ်။ နက္ခတ်ကျွမ်းကျင်တယ်။ ဥာဏ်မြင့်တယ်။ ပြီးတော့ မင်းတုန်းမင်းကိုပြန်ကြိုက်ဖို့ရာမှာ သူ့မောင်တော်အရင်းအချာ ပုဂံမင်းကို ထီးနန်းကချခဲ့တဲ့သူဆိုတော့ တော်ရုံမေတ္တာနဲ့ လက်ခံခဲ့တာတော့မဟုတ်ဘူး ယူဆစရာဖြစ်တယ်။

တကယ်တော့ မိဖုရားက အသက်(၄ဝ)ကျော်ပြီ။ (၄၂)နှစ်ခန့်လို့ မှတ်သားရတယ်။ ဥပုသ်သီလနဲ့နေတယ်။ အရွယ်တော် တဆိတ်မက ဟိုင်း အနည်ထိုင်ပြီ။ အတုယူစရာက (၄ဝ)ကျော်အပျိုဟိုင်းကြီးတွေကို ပိုးတဲ့အခါ ဘယ်လိုဆိုတာပဲ။ မင်းတုန်းမင်းတို့က ဒီကဗျာနဲ့ နှဲ့တယ်။ ကဗျာအနက်ဖွင့်ခံစားရင် ကြွေတာလည်းမပြောနဲ့ လဲသေသွားနိုင်ပါတယ်။ တသက်တာလုံး မင်းတုန်းမင်းကို ခေါင်းဖြီးဆံသ ဆံထုံးပေးခွင့်ကို ဘယ်မိဖုရားကိုမှ ခွင့်မပြုဘူး။ သူပဲမူပိုင်။ ''မျက်လုံးတော် တမူသစ်တာက ဇမ္ဗူရစ်သိန်းမကတန်တယ်''တဲ့။ မျက်လုံတော်လေး ဖျတ်ခနဲတမျိုးကနေတမျိုး ပြောင်းသွားတာလေးကိုက ရွှေစင်တသိန်းမက အဖိုးတန်တယ်တဲ့။ လှလိုက်တဲ့စာသား။ နန်းမတော်ဒူးညွှတ်ကျမှာ အသေအချာပဲ။ ''လေးဆယ်ပြန့် ဇရာလယ်တောင် ကညာမယ် သာဘူးဗျလေး''တဲ့ အဲ့ဒီမှာ ပြီးသွားရော။

(၈)
ဆိုခဲ့သလို မြန်မာကဗျာကို ကုန်းဘောင် နောက်ဆုံးမန္တလေးကဗျာခေတ်ကနေ အထက်ပြန်ကြည့်ရင် များပြားလှတဲ့အချစ်ကဗျာတွေ (မယ်ဘွဲ့မောင်ဘွဲ့)တွေ့ရမယ်။ ကဗျာခေတ်တွေထဲမှာမှ နှလုံးသားအရေးနဲ့ ပတ်သက်တဲ့အဖွဲ့တွေထဲမှာ တောင်ငူခေတ်ဟာ လန်ထွက်နေတယ်။ အဓိကတော့ ရတုတံခွန်စိုက်'နတ်သျှင်နောင်'ပဲ။ နောက်ပိုင်းမှာ ဒုတိယနဝဒေးကြီး။ စကားလုံးတီထွင်မှုအရရော အတွေးအရရောဟာ ဒိပ်ဒိပ်ကျဲပဲလို့ယူဆကြတယ်။ မင်းတုန်းမင်းကဗျာကတော့ သာမာန်လို့ယူဆနိုင်ပေမယ့် ရိုးရိုးနဲ့လှနေတာကို ခံစားမိတယ်။ အထက်မှလည်း နှစ်သက်စရာအကြောင်းရင်းများကို ဆိုခဲ့ပြီးဖြစ်တယ်။ မယ်သဲ(မြောက်နန်းမတော်)ကို အကြင်နာဦးမို့။ ငယ်ချစ်မို့။ အချစ်ဆုံးလို့ယူဆဖို့ရှိတယ်။ အရပ်သူကိုနေရာပေးတာဟာ တကယ့်စွန့်စားမှုတရပ်ပဲ။ တော်ရုံမေတ္တာမဟုတ်လို့ ပြောစရာဖြစ်တယ်။ မေတ္တာဖွဲ့ကဗျာ (၃)ပုဒ်လုံးဟာ သူ့ဟာနဲ့သူဖြင့် လှပတဲ့ခံစားမှုများအဖြစ် ကျေနပ်ရတယ်။

နိဂုံးသတ်ပါမယ်။ ဒီစာစုနဲ့ ဆရာကြီးဦးဘေမောင်တင်နဲ့ ဆရာကြီးရွှေပြည်ဦးဘတင်ကို ရှိခိုးအပ်ပါတယ်။ ရွှေပြည်ဦးဘတင်ရဲ့ စာပွဲသဘင် အသံသွင်းခွေမှ ဟောချက်များကို'အတွေးအမြင်'မှာ အခန်းဆက်ချရေးခဲ့တဲ့ ဆရာဝင်းတင့်ကိုလည်း ကျေးဇူးတင်ရပါတယ်။ တက္ကသိုလ်စာသင်သားဘဝမှာ မြန်မာစာပေကိုချစ်တတ်အောင် စိတ်ဝင်စားအောင် သင်ကြားပေးခဲ့တဲ့ မန္တလေးတက္ကသိုလ် မြန်မာစာဋ္ဌါနနဲ့ ဆရာဆရာမတို့ကိုလည်း ဦးညွှတ်ပါတယ်။
စံညိမ်းဦး
၈၊ ၁၁၊ ၁၈

0 comments:

Post a Comment