(စွဲလိုက်တဲ့တရား၊ ထူလိုက်တဲ့
အတိုင်အတော)
အမေရိကားမရောက်ခင်တုန်းက
အမေရိကန်တွေဟာ တရားစွဲအလွန်ဝါသနာပါပြီး ကမ္ဘာပေါ်မှာ တရားအစွဲဆုံးလူမျိုး ဘာညာနဲ့
မကြားချင့်တဆုံး ကြားရတယ်။ ဒီရောက်တော့ သူတို့ပြောတာ ဟုတ်ရုံတင်မကဘူး
လိုတောင်လိုသေးတယ်ဆိုတာ သွားတွေ့ရတယ်။ နောက်ပြီး သူတို့မသိတာတခု ရှိသေးတယ်။
အဲ့ဒါကတော့ အမေရိကန်တွေဟာ အတိုင်အတောလည်း အလွန်ထူကြတယ်ဆိုတာပဲ။
လူသတ်မှုလို ဓားမြမှုလို လုယက်မှုလို
အမှုကြီးအမှုကျယ်တွေမပြောနဲ့ ဘာလေးဖြစ်လိုက်ဖြစ်လိုက် တရားတန်းစွဲ တရားတဘောင်နဲ့
ရုံးပြင်ကန္နားနဲ့ရှင်းကြသလို ထစ်ကနဲရှိ ရဲခေါ်တိုင်ရတာနဲ့ အုပ်ချုပ်ရေးပိုင်းကို
တိုင်ရတာနဲ့။ ဘေးအခန်းက Smoking Detector အသံ မြည်နေလို့၊ ဘေးခြံကခွေး
ကိုယ့်ဝင်းထဲရောက်လာလို့၊ ဘေးအိမ်က သီချင်းအကျယ်ကြီးဖွင့်လို့၊ အိမ်ရှေ့ကလင်မယား
ဆဲဆိုသတ်ပုတ် နေသံတွေကြားလို့၊ ကလေးတွေကို လူကြီးမပါပဲ လမ်းပေါ်လွှတ်ထားလို့၊
အပေါ်ထပ်က တဒုံးဒုံးနဲ့ စားပွဲတင်အသားကြိတ်စက် ညကြီး သန်းကောင်ထကြိတ်လို့၊ ဘေးအိမ်က
ခြံစည်းရိုးလေးခတ်တာ ကိုယ့်အိမ် နည်းနည်းကွယ်သွားလို့ စသည်ဖြင့် ပြောမဆုံးပေါင်
တောသုံးတောင်တွေနဲ့ ဘာမဟုတ်တဲ့ဟာလေးတွေလည်း တိုင်ကြတောကြတာကလား။
တိုင်ပြီဟေ့ဆိုတာနဲ့
မိနစ်ပိုင်းအတွင်း ဥသြသံတစီစီနဲ့ ရဲကား သူနာပြုနား မီးသတ်ကားတွေပါ လိုရင်လိုသလို
တသီတတန်းကြီး ကိုယ့်အိမ်ရှေ့ရာက်လာ မေးဟယ်မြန်းဟယ် စစ်ဟယ်ဆေးဟယ် လိုအပ်ရင်
ဖမ်းဟယ်ဆီးဟယ်တွေပါ လုပ်သကိုး။ တချို့ကိစ္စလေးတွေ ကြတော့ ရဲနဲ့သက်ဆိုင်ရာဌာနကလူတွေ
အုပ်ချုပ်ရေးပိုင်းကလူတွေက အတိုင်ခံရသူတွေဖြစ်တဲ့ အမှုအလေးအပေါ့ပေါ်ကြည့်ပြီး
သတိပေးတန်တာပေး။ ဒဏ်တပ်တန်တာတပ်၊ ရုံးတင်တရားစွဲတန်စွဲ၊ ရုံးကချမှတ်တဲ့ပြစ်ဒဏ်
ခံတန်ခံ စသည်ဖြင့်သွားကြတာပေါ့လေ။
ကျနော်လည်း ရောက်စက ဒီလောက်
အတိုင်အတောထူတဲ့လူမျိုး ဒီလောက် တရားအစွဲသန်တဲ့လူမျိုးဆိုပြီး စောက်မြင်အတော်ကပ် ခဲ့ဖူးပါတယ်။
“ဒါလေးများကွာ ကိုယ့်အိမ်နီးချင်း ကိုယ့်ရပ်ကွက်သားချင်း သည်းခံတန်ခံလိုက်၊
မခံနိုင်လည်း ရပ်ဆွေရပ်မျိုးတွေပဲဟာ တယောက်နဲ့တယောက် ပွင့်ပွင့်လင်းလင်း
တိုးတိုးတိတ်တိတ်ပြောလိုက်လည်း ပြီးတာပဲဟာ။ ဒါနဲ့မှမပြီးလည်း ရပ်မိရပ်ဖလို လူရိုသေ
ရှင်ရိုသေတွေနဲ့ပြောပြပြီး တောင်းပန်သူကလည်း တောင်းပန်လိုက်၊ ကြေအေးသူကလည်း ကြေအေးပေးလိုက် နောက်မဖြစ်အောင်
နောက်မလုပ်အောင် တားခိုင်းလိုက်လည်းရတာပဲဟာ”ဆိုတာတွေလည်း တွေးမိဖူးတယ်။ ခု
နည်းနည်း အနေကြာလာတော့မှသိတာ ဒီလူတွေ ဘာ့ကြောင့် တရားအစွဲသန်ကြသလဲနဲ့ အတိုင်အတော
ထူကြသလဲဆိုတာရဲ့အဖြေကို။
အမေရိကန်မှာ(ယေဘုယျသဘော ပြောရရင်)
တရားဥပဒေစိုးမိုးမှုဟာ နေရာတိုင်းမှာရှိနေလို့ပဲ။ တရားဥပဒေဟာ လူတိုင်းအပေါ် အညီအမျှ သက်ရောက်နေလို့ပဲ။
အုပ်ချုပ်ရေးပိုင်းကလူတွေကလည်း တိုင်လာတန်းလာတွေတိုင်းကို အရေးတယူပြုပြီး
တရားစီရင်ရေးအပိုင်းကလည်း ဥပဒေနဲ့အညီ စီရင်ဖြေရှင်းပေးလို့ပဲ။ လူတွေကိုယ်တိုင်
တရားဥပဒေကိုယုံကြည်နေလို့သာ၊ ဥပဒေစိုးမိုးရေးကို စိတ်ချနေလို့သာ၊ တရားစီရင် ရေးကို
ကိုးစားနေလို့သာ၊ အုပ်ချုပ်ရေးကို အားထားနေလို့သာ တရားစွဲတာ တိုင်တာတောတာတွေ လုပ်ကြတာပဲလို့
အကြမ်းသဘော ကောက်ချက်ဆွဲလို့ရလာပါတယ်။
တရားဥပဒေကို၊ တရားဥပဒေစိုးမိုးရေးကို၊
တရားစီရင်ရေးကို၊ အုပ်ချုပ်ရေးပိုင်းကို မယုံကြည်မကိုးစား အားမထားရင်
ဘာတရားစွဲနေစရာ လိုမလဲ။ ဘာတိုင်တောနေစရာလိုမလဲ။ ထစ်ကနဲရှိ တုတ်ဆွဲဓားဆွဲ သေနတ်ဆွဲတွေချည်း ဖြစ်ကုန်တော့မပေါ့။
ယုံလို့ ကိုးစားလို့ အားထားလို့ စိတ်ချလို့ စွဲနေဆိုနေ တိုင်နေတောနေကြတာ မဟုတ်လား။
အဲ့လိုမှမဟုတ်ရင် လူတိုင်းလက်ထဲ သေနတ်ရှိတဲ့တိုင်းပြည် အချိန်တိုင်း တဒိုင်းဒိုင်း
ပစ်နေကြတော့မပေါ့။
ကျနော်တို့ ရွှေပြည်ကြီးမှာ
ရာဇဝတ်မှုတွေထူပြောတာလည်း မပြောနဲ့။ ယုံကြည်စရာ တရားဥပဒေ၊ ကိုးစားစရာ
ဥပဒေစိုးမိုးမှု၊ စိတ်ချစရာ တရားစီရင်ရေး၊ အားထားစရာ အုပ်ချုပ်ရေးစနစ်တွေမှ
အခိုင်အခံ့မရှိပဲကိုး။ နေရာတကာ ခြစားအကျင့်ပျက်နေကြသကိုး၊ စနစ်ကြောင့် ပျက်တာ ရှိသလို၊
စနစ်က စနစ်တကျဖျက်ထားလို့ပျက်တာတွေရှိသလို၊ အကျင့်ပျက်တာနဲ့ အသားကျလာတဲ့လူတွေရဲ့ စနက်လည်းပါပါတယ်။
ဒီတော့ သာမန်လူတွေစိတ်ထဲ တခုခုဖြစ်ရင် “ဘာမှ တရားစွဲမနေနဲ့ တိုင်တန်းလည်းမနေပဲ
အပိုပဲ၊ အချိန်ကုန်တယ်၊ ငွေများတရားနိုင် မြေနိမ့်ရာလှံစိုက်ခံရမယ့်တူတူ၊ မထူးဘူး
ကိုယ့်နည်းနဲ့သာ ရှင်းပလိုက်ကွာ ကြာတယ်”ဆိုပြီး လက်စား ချေရင်းချေရင်း စာရင်း
ရှင်းရင်းရှင်းရင်း အတောမသတ်နိုင်တဲ့ရာဇဝတ်မှုတွေ ထူပြောသထက်ပြောလာတာပဲ မဟုတ်လား။
ကျနော်လည်း ရွှေပြည်ကြီးကလူတွေကို တရားအစွဲ သန်စေ့ချင် အတိုင်အတောထူစေ့ချင်လှပြီ။
စိတ်တိုင်းကြတရားစွဲနိုင် တိုင်နိုင်တောနိုင်မယ့်ခေတ်ကိုလည်း ရောက်စေ့ချင်လှပြီ။
ဒါပေမယ့် စစ်လက်ဝါးကြီးအုပ်အာဏာရှင်စနစ်ဆိုး အမြစ်တွယ်နေသမျှတော့ ခင်ဗျားတို့
တရားစွဲဖို့ တိုင်ဖို့တောဖို့ ခက်နေဦးမှာဆိုတာတွေးတိုင်းလည်း
စိတ်ထဲနာကျင်ရတာပါပဲ။ မျိုးမြင့်ချို(သြဂုတ် ၁၄၊ ၂ဝ၁၅)
0 comments:
Post a Comment