Friday, November 9, 2018

မြန်မာကဗျာဖတ်ခြင်း(၁) စံညိမ်းဦး

0 comments
မြန်မာကဗျာဖတ်ခြင်း(၁) စံညိမ်းဦး

''ပုဂံခေတ်မှာ ကဗျာရေးတာ ရှိနေပြီလား''
''ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်''မှာ မြန်မာကဗျာကို ပုဂံခေတ်ကစတယ်လို့ အတော်များများ အယူရှိတာကို သဘောမတွေ့ဘူး။ မင်းကဘာကောင်မို့လဲပြောလည်း ခံရမှာပါ။ ပညာရှင်တော်တော်များများကလည်း ယတိပြတ်ပြောတာတော့ မဟုတ်ဘူး။ အနုမာန ယျေဘူယျကောက်ချက်ပဲများတာကို သတိထားမိတယ်။ သမားစဉ်ပြောလေ့က 'မြကန်'၊ 'သိုးကလေ'၊ 'သူတည်းတယောက်'ထဲ 'မြကန်'ကိုတော့ အထူးပြုကြတယ်။ ဘာအထောက်ထားမှ မတွေ့ဘူး။ မရှိဘူး။ ကျနော့်အထင်အမြင်အရ သဘောမတွေ့တာတွေကို စဉ်းစားမိတာရှိတယ်။ ပညာရှင်မဟုတ်တော့ မှားလည်းအပြောခံဖို့ အသင့်ပဲ။ ရှေ့ကပြောတဲ့သူကို ရမ်းခေါင်းမညိတ်ဘဲ ပုဂံခေတ်ကဖြစ်နိုင်ဖို့ ကြံဆကြတယ်။ ဘာသာစကား အသုံးပြုချက်၊ အလင်္ကာဝေါဟာရ အသုံးပြုချက်၊ ဖွဲ့စပ်ပုံ၊ ရှေ့ကအဦးဆုံးပြောသွားသူရဲ့ တွေ့ရှိချက်ကို ထပ်မံ ပဲ့တင်တာတွေသာများတာ တွေ့တယ်။ အတည်ပြုဖို့ခက်တာကို တွေ့ကြတယ်။ ပုဂံခေတ်မြန်မာစာ အဆင့်အတန်းထက် ကဗျာက မြင့်မားကြွယ်ဝနေတာကို တွေ့နေကြရတော့ ခက်ကုန်ကြတယ်။

ကျောက်ထက်အက္ခရာတင်တာကို အစောဆုံးတွေ့တာ သက္ကရာဇ်(၄၂ဝ)ထိုး 'လက်သည်းရှည်ဘုရား'ကျောက်စာပဲ။ ဒါပြီးမှ (၄၄၆)ခုနှစ်ထိုး 'မြစေတီ'ကျောက်စာ (ဦးဖေမောင်တင်ရဲ့ မြန်မာစာပေသမိုင်းမှာတော့ ၄၇၄ခုနှစ်ဆိုတယ်) ဘာကောင်မှ မဟုတ်ပေမယ့် ဒေါက်တာသန်းထွန်း 'လေ' တုပပြောရရင် နောက်ထပ် ဒီထက်စောတာမတွေ့မချင်း ဒါအစောဆုံးလို့ပဲ ပြောရမယ်။ စိတ်ကူးယဉ်လို့ရတယ်။ မြန်မာစာပေဟာ ဒီထက်စောစောမှာ ရှိနှင့်တယ်ဆိုတာမျိုးကိုပေါ့။ ဒါပေမဲ့ သက်သေမရှိဘူး။ စိတ်ကူးပဲ။

ပုဂံခေတ်ကို (၃)ပိုင်းခွဲပြောကြတယ်။ ပထမ၊ ဒုတိယ၊ တတိယပုဂံ ရယ်ပေါ့။ ပုဂံခေတ်ဟောင်းနဲ့ခေတ်သစ်လို့လည်း ပြောလေ့ရှိတယ်။ မြန်မာစာပေကိုတော့ တွေ့တဲ့ကျောက်စာ(၂)ခုကို လေ့လာမှုကနေပဲ စပြောကြရတယ်။ ၁။အက္ခရာစုံလင်မှုမရှိသေးသလို ဝေါဟာရ မကြွယ်သေးဘူး။ ၂။အရေးအသားမှာ ပြောစကားကဲ့သို့ ပီသအောင်မရေးနိုင်သေးဘူး။ ၃။ဗျည်း၁၄လုံးပဲ ရှိသေးပြီး နောင်မှ(၁၉)လုံး ထပ်ဖြည့်ကာ ယနေ့(၃၃)လုံးရောက်တယ်။ ဒီအချက်တွေနဲ့ ကဗျာ(၃)ပုဒ်ကို ချည်းကပ်တဲ့အခါ စိတ်ဝင်စားစရာဖြစ်မယ် ယူဆတယ်။
'သိုးကလေ'ကို ကောက်ချက်က အစောကတည်းက ယျေဘူယျဖြစ်တယ်။ ပုဂံခေတ်အဆုံး ပင်းယခေတ်အစလို့ပြောသလို ကြွယ်ဝနေတဲ့ အင်းဝခေတ်ဟန်လို့ ယူဆတာလည်းရှိတယ်။ အစချီပုံနဲ့ အဆုံးချပုံနဲ့ ဖွဲ့ပုံအကြောင်းအရာက ရတုသဘောပါနေလို့ ရတုထွန်းကားတဲ့ကာလက လို့လည်း ယူဆတာရှိတယ်။ တချို့က ကဗျာပါ စကားအရိပ်အမြွတ်ကိုထောက်ပြီး ပုဂံသေဉ်လည်ကြောင်မင်း လက်ထက်လောက်ကလို့ ပြောတာလည်းရှိတယ်။ အထောက်ထားမရှိဘူး။
'သူတည်းတယောက်'ကိုလည်း နရပတိစည်သူလက်ထက် (၅၃၆)ခုနှစ် မင်းယဉ်နရသိင်္ခရဲ့အထိန်းတော် အနန္တသူရိယအမတ်လို့ ယူဆကြတယ်။ ဘာအထောက်ထားမှ မရှိပြန်ဘူး။ လင်္ကာ(၄)ပိုဒ်အစချီတယ်။ အဆုံးချမှာ စကားလုံးရှစ်လုံးနဲ့ ချတယ်။ လင်္ကာလာ သဘောစစ်စစ်နဲ့ ရေးတယ်။ ဂွတ်လွန်းနေတယ်။ ပုဂံခေတ် (ကျောက်စာအရေးအသားကနေ ကောက်ချက်အရ မပေါ်သေးတဲ့စကားလုံး သုံးပုံတွေပါ တွေ့ကြတယ်) ကျောက်စာမှာ လင်္ကာသွားလေးတွေရှိနေပေမယ့် အဆင့်မမြင့်လှသေးဘူးလို့ ယူဆကြတယ်။ ကဗျာအားကောင်းတဲ့ အင်းဝခေတ်လက်ရာလို့ ယူတာလည်းရှိတယ်။ ဘာအထောက်ထားမှ မရှိဘူး။
'မြကန်'ကိုတော့ နီးစပ်သယောင်ယူနိုင်တာတွေ တွေ့ကြတယ်။ လိုရင်းအဓိပ္ပါယ် တိုတယ်။ ထိတယ်။ ကျောက်စာ စကားပြေမှာ သုံးစွဲတဲ့ စကားအချို့ပါတာမို့ ပုဂံလို့ယူဆကြတယ်။ 'တူစွဟုတ္တာ'လိုမျိုးပေါ့။ သိပ်တော့ နည်းလမ်းမကျသလို ရှိပါတယ်။ နောက်တခုက ပုဂံခေတ် မြန်မာစာအရေးအသားမှာ ဝစ္စပေါက်(:) ၊ အောက်မြစ်(-.)မပေါ်သေးတာမို့ 'မြကန်'ဟာ အငြင်းပွားဖွယ်ဖြစ်တယ်။ ''​အောက်​မြစ်​ကို(အ်​)နဲ့​ရေးတယ်​။ အစက်​အ​ပြောက်​မရှိ။'' ''ပန်​ခီ၊ ပန်​ပုဆိုတာ=ပန်းချီ၊ပန်းပု''။ ''သေဖိုဝ်​=အရက်​ဖိုး''။ ''ကွန်​သာယာ=ကွန်းသာယာ''စသဖြင့်သာ တွေ့ရတယ်လို့ ဆရာမောင်စွမ်းရည်က ထောက်ပြတယ်။ ပင်းယခေတ်လယ်လောက်နေ ပုဂံခေတ်စကားလုံး ယူသုံးထားရင်လည်း ရနိုင်တာမျိုး တွေးစရာဖြစ်တယ်။

ထပ်ပြီး ပုဂံခေတ်ကဗျာလို့ယူဆဖို့ နောက်တခု စဉ်းစားကြတာတွေ့ရပါတယ်။ တူရွင်းတောင်ခြေက မြကန်ကမ်းပါးမှာရှိတဲ့ မြကန်ကျောက်စာ တိုင်ကို သက်သေထူတယ်။ (၄)မျက်နှာထိုးထားတဲ့ တလိုင်းကျောက်စာမှာ ကန်ကို ကျန်စစ်သားက ဖော်တယ်။ အများအတွက်လို့ ရည်ညွှန်းတယ်။ 'မဟာနိဗ္ဗာန် လက်ဆွေချီရေ'လို့ အမည်ပေးတယ်တဲ့။ နရပတိစည်သူလက်ထက်က တလိုင်းဘုန်းကြီး ဓမ္မဝိလာသဘုန်းကြီးလည်းရှိခဲ့သလို ဓမ္မသတ်ကျမ်းတွေဘာတွေ ပြုစုတယ်။ ခက်တာက ပါဋ္ဌိဘာသာ တလိုင်းဘာသာတွေနဲ့ ဖြစ်တယ်။ 'မြကန်'ကို ပုဂံခေတ်ကဖြစ်ကြောင်း မြကန်တလိုင်းကျောက်စာတိုင်ကနေ ယုတ္တိဇွတ်ဆွဲယူစရာတော့ ဖြစ်တယ်။ ကောက်ချက်မျှပဲ။ ခိုင်မာတာရယ်တော့ မတွေ့ကြရဘူး။

ဆရာဦးဖေမောင်တင်ကတော့ ပုဂံခေတ်မှာ ဘာကြောင့်လင်္ကာ(ကဗျာ) မရှိတာလဲ၊ နည်းတာလဲလို့ မေးခွန်းထုတ်တယ်။ ကျောက်စာနဲ့ရေးတာလည်း မတွေ့ပြန်ဘူး။ မရေးနိုင်တာလား၊ မရေးလိုတာလားလို့ မေးခွန်းထုတ်တယ်။ မရေးတတ်တာတော့ မဖြစ်နိုင်။ လင်္ကာအသွား ကာရန်အသွားတွေပါတဲ့ကျောက်စာတွေရှိနေတာ ထောက်ပြတယ်။ ပရိမ္မထီးလှိုင်ရှင် ကျောက်စာ။ လှည်းထောက်ဘုရား ကျောက်စာ။ နားတောင်း ကျောက်စာစသဖြင့် ပြတယ်။ ဂီတကဗျာဟာ နိဗ္ဗာန်နဲ့ဖီလာသမို့ ဘုရားမကြိုက်တဲ့အရာမို့ ရှောင်ခြင်းလားဆိုတာမျိုးလည်း တွေးတယ်။ ထိုခေတ် စာတတ်တာကလည်း နန်းတွင်းနဲ့ ဘုန်းကြီးများသာဖြစ်ပြီး ဘုန်းကြီးရေးပေးတာကို ကျောက်စာလုပ်ကြတာလည်းဖြစ်တာမို့ စဉ်းစားစရာဖြစ်တယ်။ နှုတ်နဲ့ရေး နှုတ်ဆင့်ကမ်းရာက ဖြစ်တည်နေတယ်လို့ ယူဆမယ်ဆိုရင်တော့ မငြင်းသာဘူး။ တဦးတည်းသဘောကတော့ မြန်မာကဗျာဟာ ပုဂံခေတ်ကစတယ်ဆိုတာကို သဘောမတွေ့ရိုး အမှန်ပါ။ ပုဂ္ဂလသဘောမျှပါ။ ဘာမှမဟုတ်ဘူး။ စတယ်ပြော ဘာဖြစ်မလဲ။ မစဘူးပြော ဘာဖြစ်မလဲ။ ဘာမှ မဖြစ်လောက်ပါဘူး။ ကဗျာရေးတဲ့သူမို့ ကဗျာအကြောင်း လျှောက်ဖတ် လျှောက်တွေးကြည့်တာပဲ။

ပုဂံခေတ်မှာ အထောက်ထားမဲ့မို့ ကဗျာမရှိဘူးပြောရင် အဆဲခံရမယ်။ ဒါကြောင့် ပုဂံခေတ်ဟုယူဆရတယ် ဆိုတာလောက်မျှတော့ ဆိုကြတယ်။ ဆိုကြမယ်။ သေချာတာက မွန်ယဉ်ကျေးမှုဟာမြင့်နေပြီး ဘာသာတရားကိုတောင် မွန်တို့ဆီက တိုက်ယူတယ်ပြောပြော ဘာပြောပြော ယူလာရတာမို့ 'မွန်'ကဗျာယဉ်ကျေးမှုဟာလည်း ရှိနေနိုင်သလို စောနိုင်တယ်။ ရခိုင်မြို့ပြနိုင်ငံလည်းရှိနေပြီမို့ မြန်မာစာနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာဖြစ်ရသလို 'ရခိုင်'ကဗျာဟာရှိနေပြီလားဆိုတာပါ တွေးမိတယ်။ ပျုခေတ်ရှိခဲ့ရင် 'ပျူ'ကဗျာရောရှိခဲ့မလားလို့လည်း လျှောက်တွေးမိတယ်။

စကားချပ်။
မြန်မာကဗျာဟာ ပုံသဏ္ဍာန်အရချုပ်ရင် ပုဂံကနေကုန်းဘောင်နောက်ပိုင်းထိချုပ်ရင် မူလအခက်အလက်(၂၂)မျိုးကို ထပ်ဆင့်ရင် အဖူးအပွင့်အနေနဲ့ စုစုပေါင်း(၄၅)မျိုး အကြမ်းဖျဉ်းပြောနိုင်မယ်။ ဒါကို ကနေ့ကာလထိဆက်ရင် စိတ်ဝင်စားစရာတွေ ဖြစ်တယ်။ ဒီစတေးတဂ်မှာ စာပေဆိုင်ရာတွေကို ဘိုလိုတွေညှပ်မရေးတာတော့ နားလည်ပေးပါ။ ပုဂံခေတ်လို့ ယူဆကဗျာတွေကို 'စာသား'တွေကို ခေတ်သစ်နည်းစနစ်များနဲ့ ထပ်မံစိစစ်လေ့လာရင် တွေ့လာနိုင်တာတွေရှိမယ်။ ပညာရှင်တွေ လေ့လာသူတွေ လုပ်နိုင်ကြလိမ့်မယ်ထင်ပါတယ်။
စံညိမ်းဦး
၁၁၊ ၁၊ ၁၈

0 comments:

Post a Comment