Tuesday, November 20, 2018

(ကိုကိုကြီးနဲ့ပြည်သူ့ပါတီ) မျိုးမြင့်ချို

0 comments
(ကိုကိုကြီးနဲ့ပြည်သူ့ပါတီ)
People Progressive Party (PPP)ဟာ ပီကျု ဒါမှမဟုတ် ပီသုံးလုံးလို့ သမိုင်းမှာ ကမ္ဗည်းတင်ပါတယ်။ အုပ်စိုးသူအဆက်ဆက်ရဲ့ အပြင်းထန်ဆုံး အထိုးအနှက်အတိုက်အခိုက်တွေနဲ့ ပါတီအဖျက်သိမ်းခံရသည့်တိုင်အောင် စစ်အာရှင်စနစ်ဖျက်သိမ်းရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ လူမျိုးစုအားလုံးတန်းတူရေးစိတ်ဓာတ်နဲ့ အတွေးအခေါ်အလံကို မယိမ်းမယိုင်စိုက်ထူခဲ့တယ်။

ကျနော်တို့ခေတ်ပြိုင် ၈၈ ကမွေးဖွားခဲ့တဲ့မျိုးဆက်ထဲက ထင်ရှားတဲ့ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကျနော်တို့ကြား ကေကျုလို့အမည်တွင်တဲ့ ဦးကိုကိုကြီးဦးဆောင်ပြီး People Party(PP) ကို ကော်မရှင်မှာ မှတ်ပုံတင်ပြီးပါပြီ။ ပါတီဖြစ်သွားပါပြီ။ နံမည်ရွေးတာက အစ လူရွေးကြတာအလည် ဖွင့်ပွဲတက်ရောက်လာသူအဆုံး အတော် တိုက်တိုက်ခံခံဖြစ်ခဲ့တာလည်း သတိထားမိတယ်။ လူထုတရပ်လုံးရဲ့ရန်သူဖြစ်တဲ့ စစ်အုပ်စုကတော့ ခုထိ လက်ဖျားနဲ့မတို့သေးပါဘူး။ တို့ဖို့လိုလာရင် တို့ရမယ့်အချိန်တန်လာရင် အငုတ်ပါမကျန်အောင်ရှင်းမှာပါ။

ဒီနေရာမှာ PP တိုက်တိုက်ခံခံဖြစ်ရတာက ရန်ဘက်နဲ့မဟုတ်ဘဲ မိတ်ဘက်နဲ့ဖြစ်ရတာလို့မြင်ပါတယ်။ ရန်ဖြစ်ကြတာပါ။ “ရန်သူ“ဖြစ်သွားကြတာမဟုတ်ဘူးလို့ တွေးပါတယ်။ ရန်သူနဲ့က ရန်ဖြစ်လို့မရပါဘူး။ တိုက်ရပါတယ်။

ကိုလိုခေတ်နဲ့ ဖက်ဆစ်တော်လှန်ရေးခေတ် မျိုးဆက်ကလည်း ကုန်ပါပြီ။ လွတ်လပ်ရေးခေတ်မျိုးဆက်လည်း ပြတ်သလောက်ဖြစ်ပါပြီ ကျန်သေးသူတွေလည်း အိုမင်းလှပါပြီ။ ၆၂၊ ၆၉၊ ၇၄၊ ၇၅၊ ၇၆ မျိုးဆက်တွေတော့ ကျန်သလောက်ကျန်ပါသေးတယ်။ ဒါပေမယ့် အများစုအနေနဲ့ ကျန်းမာရေးအရ အမှည့်တဝင်းဝင်း မဖြစ်ကြတော့တာ များနေပါပြီ။ ၈၈ မျိုးဆက်တွေတောင် ၅ဝ နဲ့ အထက် တန်းတွေရောက်ကြပါပြီ။ အရွယ်လည်း ကောင်းတုန်း၊ ကျန်းမာရေးလည်း (ထိုက်သလောက်)ကောင်းကြတုန်း ရနိုင်တဲ့မျက်နှာစာတွေကနေ နိုင်သလောက် စွမ်းသလောက် ထွက်လုပ်နေကြတာလည်း မနည်းပါဘူး။ ခု ပါတီထောင်ပြီး ထွက်လာတာလည်း ကိုယ်ဘာလုပ်နိုင်မလဲကို ဘယ်လောက်လုပ်နိုင်မလဲကို ကိုယ့်ဘာသာဆန်းစစ်ဖို့ပြင်တဲ့ခြေလှမ်းလို့ ယူဆပါတယ်။

လောလောဆယ်မှာတော့ PP ရဲ့ မဟာမိတ်ပေါ်လစီဟာ လူမျိုးစုနိုင်ငံရေးတွေမှာ အများကြီးစိတ်ဝင်စားစရာ ဖြစ်မှာပါ။ အင်န်အယ်လ်ဒီကဖြတ်ချပြီး ချန်ထားခဲ့တဲ့ကွက်လပ်ကို ဖြည့်မယ့်ခြေလှမ်းမို့လည်း လူထုအာရုံစိုက်မှုပိုရမယ်တွေးမိပါတယ်။ ၂ဝဝ၈ ကိစ္စမှာလည်း NLD လောက် “ပြင်မယ် ပြင်မယ်“ မိုးလားကဲလား သိတ်မပြောဘဲ “၂ဝဝ၈ ဟာပြင်ရမယ်လို့ မြင်ထားပြီးသားဖြစ်တယ်၊ ၂ဝဝ၈ ဘောင်ထဲကနေ လူထုအတွက်အကောင်းဆုံး (စီးပွားရေးဇောင်းပေး)လုပ်နိုင်အောင်လုပ်မယ် လုပ်ရင်းနဲ့ အခက်အခဲတွေတွေ့လာမယ်၊ အဲ့ဒီအခါပြင်ရေးဖြစ်လာမယ်“ဆိုပြီး ကိုယ့်အကန့်အသတ်ကိုယ်သိ ကိုယ့်ဘာသာချိန်ချိန်ဆဆပြောတာ သတိထားမိပါတယ်။ လေတလုံးမိုးတလုံးပြောပြီး တဖြည်းဖြည်းအဖျားရှူး ခု သဲထဲရေသွန်ဖြစ်သွားတဲ့ NLD နဲ့တော့ ပွဲဦးထွက်မှာကအစ ကွဲပြားတာ သတိပြုမိပါတယ်။ (ဒေါ်စုစကား၊ ဦးဝင်းမြင့်စကား၊ ဒေါ်မေဝင်းမြင့်စကား၊ ဒေါက်တာမျိုးညွန့်စကားစတာတွေကို ရက်စွဲအလိုက်လေ့လာရင် ဘယ်လို လေသံဘယ်လိုပြောင်းလိုက် လာတာကို အထင်အရှားတွေ့ရမှာပါ)။

တွေးစရာတခုတော့ ထောက်ပြပါရစေ။ ကိုကိုကြီး၊ မင်းကိုနိုင်တွဲပြီး အမေရိကန်ကို တခေါက်အတူလာကြတုန်းက ဖို့တ်ဝိန်းမှာလုပ်တဲ့ပွဲမှာ တပ်ပေါင်းစုသဘောထားနဲ့ပတ်သက်လို့ ကိုကိုကြီးပြောခဲ့တာရှိပါတယ်။ “ခုချိန်မှာ တပ်ပေါင်းစုမလိုပါဘူး၊ တပ်ပေါင်းစုဆိုတာ ဘုံရန်သူရှိချိန်မှာ လိုအပ်ပါတယ်“ဆိုတာပါပဲ။ တပ်ပေါင်းစု လိုအပ်မအပ်၊ ဘုံရန်သူရှိနေမရှိတော့ စတာတွေကတော့ ကိုယ့်အမြင် ကိုယ့်နိုင်ရေး ကိုယ့်အတွေးအခေါ်နဲ့ ဗမာ့နိုင်ငံရေးလက်တွေ့ပြဌာန်းထားတဲ့ ပကတိအခြေအနေတွေနဲ့ ချိန်ထိုးပြောကြရင် မတူတဲ့အမြင်တွေ ဆန့်ကျင်ဘက်ဖြစ်တဲ့အမြင်တွေပါ ထွက်မှာပါ။ ကျနော်တို့ ထပ်သတိထားရမှာက တပ်ပေါင်းစုပေါ်လစီနဲ့ မဟာမိတ်ပေါ်လစီဟာ မတူတာကိုဖြစ်ပါတယ်။

ကြံ့ဖွံ့ကတော့ သူလမ်းသူလျှောက်သွားမှာပါ။ ဒါ့ကြောင့် အမျိုးသားရေးပါတီတို့၊ ရဋ္ဌပါလအသင်းတို့ထပ်ထောင်ပြီး စစ်အာဏာရှင်ယန္တယားကို အလည်အပတ်မရပ်ရအောင် မတူတဲ့နည်းနာတွေသုံးပြီး ခွဲဖြန့်ကာကွယ်ကြမှာပါ။ လူ့ဘောင်သစ်ပါတီတွေကလည်း မတူကြပေမယ့်၊ သန်သလောက် လုပ်နေကြပေမယ့် ထင်သလောက်ခရီးမတွင်တာ မြင်နေရပါတယ်။ ဒါပေမယ့် လူမျိုးစုမဟာမိတ်ပေါ်လစီမှာတော့ သိတ်မလုပ်နိုင်တာတွေ့ရပါတယ်။ ဆိုတော့ အများသူငါပြောရိုးပြောစဉ်လည်းဖြစ် တကယ့်လိုအပ်ချက်လည်းဖြစ်တဲ့ စစ်ရပ်စဲရေးငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ ဖက်ဒရယ်လ်ကိစ္စ စတာတွေမှာတော့ PP လည်း အခြားပါတီတွေနဲ့ ခြားခြားနားနား မရှိတာတွေ့ရပါတယ်။ NLD ကလည်း လူမျိုးစုတွေနဲ့မဟာမိတ်မပြုရုံမက အရင်ကရှိခဲ့တဲ့ လူမျိုးစုတွေရဲ့ ယုံကြည်ကိုးစားမှုကလည်း တစထက်တစ လျော့လျော့ကျလာတာ သိသာပါတယ်။ ဒီနေရာကို PP က ကျကျနနဖြည့်ပေးနိုင်မယ်ဆို ကောင်းပါတယ်။

ဆိုတော့ အနာဂတ်မှာ NLD ရဲ့ မိတ်ဘက်လက္ခဏာဆောင်တဲ့ ပေါ်လစီရေးရာအရ၊ နိုင်ငံရေးအရ ပြိုင်ဘက်ဟာ PP ဖြစ်လာမလားတွေးမိပါတယ်။ NLD ဟာ မိတ်ဘက်ဖြစ်လို့ PP ရဲ့ မဟာမိတ်ပေါ်လစီအတိုင်းသွားရမယ့် အင်အားကြီးပါတီလည်းဖြစ်ပါတယ်။ NLD မှာ ဒေါ်စုရှိနေတုန်းတောင် မရှိတော့မယ့်အချိန်ထိမှန်းဆပြီး ပြင်ဆင်မှုတွေ ထင်သလောက် မမြင်ရပါ။ လွှတ်တော်ထဲရောက် အစိုးရအဖွဲ့ထဲရောက် နိုင်ငံရေးရာထူးရနေတဲ့ ၈၈ မျိုးဆက်တွေလည်း မှန်းသလောက် မလုပ်နိုင်ပါဘူး။ ဒေါ်စုလည်း အသက်ကြီးပါပြီ။ ခု KKK ဦးဆောင်ပြီး PP နဲ့ထွက်လာတဲ့အင်အားစုဟာ ဘယ်လောက် လုပ်နိုင်ကိုင်နိုင်ကတော့ ကြည့်ရပါဦးမယ်။ အကန့်အသတ် အလွန်ကြီးပါတယ်။ ကိုယ့်ကိုယ်ကို ချည်မန်းကွင်းစွပ်ပြီး သူ့ကွင်းထဲဝင်သွားတာမို့ အများကြီး မျှော်လင့်ထားဖို့တော့ မဖြစ်နိုင်ပါဘူး။

ဒီနေရာမှာပြောစရာက ကျနော်က ကိုကိုကြီးလို့ခေါင်းတပ်ပြောတော့ Collective Leadership စုပေါင်းခေါင်းဆောင်မှုလို့ အသံထုတ်နေသူတွေအဖို့တော့ ဘဝင်ခွေ့စရာမရှိပါ။ Collective Leadership ဆိုတာ နိုင်ငံရေးပါတီမှာ ကျင့်သုံးလို့ရတဲ့လုပ်ဟန် မဟုတ်ပါ။ ကျန်တဲ့နေရာတွေ အကုန်တူဦးတောင် နောက်လိုက်တွေထက် အတွေးအခေါ်အရ၊ လေ့လာအားနဲ့ လုပ်တတ်ကိုင်တတ်ရှိမှုအရ နှာတဖျားတော့ “သာ“မှရပါတယ်။ ခေါင်းဆောင်ရဲ့ အတွေးအခေါ်အရဦးဆောင်မှုကို မတိမ်းစောင်း မယိုယွင်းအောင်တော့ လုပ်ဖော်ကိုင်ဘက်တွေက ဝိုင်းဝန်းတည့်မတ်ပေးရမှာပါ။ ရန်ဘက်ကလည်း ခေါင်းဆောင်ကို ဘယ်လမ်းလိုက်မလဲ ပြဌာန်းပေးပါတယ်။ စုပေါင်းခေါင်းဆောင်မှုလို့ အသံပြာအောင်မအော်ပဲ ခေါင်းဆောင်ရဲ့ဦးဆောင်မှုကို ဘယ်လိုလိုက်ကြမလဲ ခေါင်းဆောင်နဲ့အတူ လူထုအကျိုး တိုင်းပြည်အကျိုးအတွက် မယိမ်းမယိုင် ဘယ်လို ဘယ်လောက်လျှောက်လှမ်းကြမလဲက ပိုအရေးကြီးကြောင်း သတိချပ်ကြရအမှာပါ။
ဦးကိုကိုကြီးဟာ ခေါင်းဆောင်မှုပေးနိုင်မယ့်သူတယောက် ဖြစ်မဖြစ်နဲ့ PP ဟာ အမှန်တကယ် "ပြည်သူ့ပါတီ" ဖြစ်မဖြစ်ကတော့ စောင့်ကြည့်အကဲဖြတ်ကြရမှာပါ။ ခုတော့ စောပါသေးတယ်။
မျိုးမြင့်ချို (နိုဝင်ဘာ ၂ဝ၊ ၂ဝ၁၈)

0 comments:

Post a Comment