(နိုင်ငံရေးရှိတဲ့စစ်သား)
မနက်က
ကျနော်ရေးတဲ့ “နိုင်ငံရေးမဖြစ်ရင် မဖြစ်ဘူး”စတေးတပ်စ်ကိုဖတ်ပြီး “ခုလည်း စစ်သားတွေ
နိုင်ငံရေးထဲပါနေတာမဟုတ်လို့ ဘာလဲ။ ဒီ့ထက် ပိုပါရရင်တော့ အာဏာပြန်သိမ်းဖို့ပဲ ကျန်တော့တယ်၊
ဘာလဲ ရှိပြီးသား ဒီမိုကရေစီလေးပါ ပျောက်သွားအောင် နိုင်ငံခြားကနေ မြှောက်ထိုး ပင့်ကော်လုပ်ပေးနေတာလား”
ဆိုပြီး တယောက်က ပြောလာပါတယ်။
ကျနော်ပြောတဲ့
“နိုင်ငံရေးရှိခြင်း နိုင်ငံရေးဖြစ်ခြင်းနဲ့ နိုင်ငံရေးဖြစ်အောင်လုပ်ခြင်း”ဆိုတာကို
သူ့နားလည်သိမြင်ပုံကနေထွက်လာတဲ့ ကောက်ချက်လို့ယူဆပါတယ်။ အကြောင်း ၂ ချက်ကြောင့် ခုလိုဖြစ်တယ်လို့မြင်ပါတယ်။
တစ်တချက်က
သူ့နိုင်ငံရေးလက်တွေ့ဘဝဖြတ်သန်းပုံ ဖြတ်သန်းနည်း၊ သူ့နိုင်ငံရေးလက်တွေ့က ပြဌာန်းပေးလိုက်တဲ့အသိနဲ့
သူ့နိုင်ငံရေး ရေချိန်ပါ။ နှစ်တချက်က ဖြည်ဖြည်ဖြန့်ဖြန့်နဲ့ပြည့်ပြည့်စုံ အချိတ်အဆက်ရှိရှိ
မပြောတတ် မရေးတတ်တဲ့ စိတ်သိတ်မရှည်တတ်တဲ့ ကျနော့် အားနည်းချက်ပါ။
ဒီလိုပါ
ကျနော်ပြောတဲ့ စစ်သားလည်း နိုင်ငံရေးရှိရမယ်ဆိုတာက... ပြည်ချစ်ဗမာ့တပ်မတော်ဟာ(ရဲဘော်သုံးကျိပ်ဟာ)
နိုင်ငံရေးနောက်ခံရှိတဲ့ လူတွေနဲ့ သန္ဓေတည်တာပါ။ ဖက်ဆစ်တော်လှန်ရေးကာလနဲ့ နောက်ပိုင်းတပ်ထဲဝင်လာသူ
တပ်မှူးကြီးငယ်တွေမှာ နိုင်ငံရေးရှိပါတယ်။ ပြောရရင် စစ်သားဖြစ်ပြီးမှ နိုင်ငံရေးနားလည်သွားသူထက်
နိုင်ငံရေးရှိသူကနေ စစ်သားဖြစ်လာသူအများစုပါ။
ဗိုလ်တေဇဟာ
ကျောင်းသားခေါင်းဆောင် နိုင်ငံရေးခေါင်းဆောင် စတဲ့ဘဝတွေကမှ စစ်သားလုပ်တာပါ။ စစ်သားဆိုတာ
နိုင်ငံရေး သဘော တရားရေးတွေ နားလည်မှဖြစ်မယ်ဆိုတဲ့ တပ်တည်ဆောက်ရေးမှာ အဓိကအရေးပါတဲ့
အတွေးအခေါ်မျိုးစေ့ကို ဗိုလ်ချုပ်အောင်ဆန်းက မဆွကတည်းက ချပေးခဲ့ပါတယ်။ လက်တွေ့လည်း နိုင်ငံရေးသမားတွေကို
တပ်ထဲခေါ်ပြီး တော်လှန်ရေးသဘောတရားတွေ ပို့ချပေးဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ဖက်ဆစ်တော်လှန်ရေးမှာ
တိုင်းမှူးတွေနဲ့နိုင်ငံရေးမှူးတွေ တွဲထားတာကို ကြည့်ပါ။ စစ်မိန့်ကိုတပ်မှူးကပေးရပြီး
သေနတ်ပြောင်းကိုတော့ နိုင်ငံရေးသမားက အမိန့်ပေးတာပါ။ စစ်တိုက်မယ်မတိုက်ဘူးကို နိုင်ငံရေးသမားကဆုံးဖြတ်ပြီး
စစ်ပွဲနိုင်အောင်တိုက်ဖို့ ကိုတော့ တပ်မှူးတွေက ဆုံးဖြတ်ရတာပါ။
ဒီနေရာမှာ
“နိုင်ငံရေးသမား”ဆိုတာက လူထုခေါင်းဆောင်၊ လူထုက ရွေးချယ်တင်မြှောက်ထားသူတွေကို ဆိုလိုတာပါ။
ဗိုလ်နေဝင်းလက်ထဲ ရောက်သွားပြီး တလက်ကိုင်ကြေးစားတပ်ဘဝ မရောက်ခင်အချိန်အထိ ဗမာ့ပြည်ချစ်တပ်မတော်မှာ
နိုင်ငံရေးရှိပါတယ်။ နိုင်ငံရေးတပ် ဖြစ်ပါတယ်။ တပ်မှူးတပ်သားတွေ နိုင်ငံရေးရှိတော့ စစ်အာဏာရှင်စနစ်ထူထောင်ချင်တဲ့စစ်ဗိုလ်တွေ
တပ်ကိုချယ်လှယ်ချင်တိုင်း ချယ်လှယ်လို့ မရပါ။
အလားတူပဲ
နိုင်ငံရေးသမား ကိုင်သမျှလည်း တပ်က အကိုင်မခံရပါ။ တပ်ကိုယ်၌က နိုင်ငံရေးရှိတဲ့တပ် ဖြစ်သွားလို့ပါ။
ဒါပေမယ့် စစ်သားက နိုင်ငံရေးထဲ ယူနီဖေါင်းကြီးဝတ် သေနတ်ခါးထိုးပြီးဝင်တာမျိုးကြ ဗိုလ်ချုပ်က
လက်မခံပါ။ သူကိုယ်တိုင် ဖဆပလဥက္ကဌလုပ်မယ်ဆိုတော့ မူလ လာခဲ့ရာ နိုင်ငံရေးသမားဘဝကို ပြန်သွားပါတယ်။
စစ်သားတုန်းက စစ်သားအလုပ်လုပ်ပေမယ့် နိုင်ငံရေးထဲဝင်မယ်ဆို ယူနီဖေါင်းချွတ်ပြီးမှ ဝင်လို့
နမူနာပြခဲ့တာပါ။
ဒါဆို
“စစ်သား စစ်တိုက်တတ် တော်ရောပေါ့၊ ဘာ နိုင်ငံရေးနားလည်စရာ လိုလို့လဲ၊ ပရော်ဖက်ရှင်နယ်လ်စစ်သားဆိုတာ
နိုင်ငံရေးနားလည် စရာမလိုဘူး၊ ဘာနိုင်ငံရေးထဲမှ ဝင်ပါစရာလည်း မလိုဘူး”စတဲ့ဆီရောက်ပါလိမ့်မယ်။
စစ်သား နိုင်ငံရေးနားလည်တာနဲ့၊ စစ်သား နိုင်ငံရေးထဲ ဝင်ပါတာဟာ သီးခြားစီဖြစ်ပါတယ်။
စစ်သား နိုင်ငံရေးထဲဝင်ပါစရာမလိုဘူးဆိုတာ သာမန်တွေးရင်တော့ ဟုတ်နိုးနိုးပါ။ ဒါပေမယ့်
ဒီမိုကရေစီ နိုင်ငံကြီးတွေက စစ်သားကြီးတွေ နိုင်ငံရေးထဲဝင်ပါရတာတွေ ရှိပါတယ်။ ယူနီဖေါင်းကြီးဝတ်
သေနတ်ကြီးခါးကြားထိုးပြီး နိုင်ငံတော် အကြီးအကဲတို့ဘာတို့ဆိုပြီးလုပ်မှ နိုင်ငံရေးထဲဝင်ပါတာ
မဟုတ်ပါ။
နိုင်ငံနဲ့ချီပြီး
ကမ္ဘာနဲ့ချီပြီး အရေးကြီးတဲ့စစ်ပွဲကြီးတွေ တိုက်မယ်မတိုက်ဘူး ဆုံးဖြတ်တဲ့အခါမှာ နိုင်ငံရေးသမားတွေနဲ့အတူ
စစ်သားကြီး တွေလည်း ပါရပါတယ်။ ပါမှရပါတယ်။ ပါလည်း ပါခဲ့ပါတယ်။ ပါလည်း ပါနေပါတယ်။ ဒါဟာ
စစ်သားတွေ နိုင်ငံရေးထဲဝင်တဲ့နည်းတမျိုးပါ။ ကောင်းတဲ့ ပါနည်းပါ။ စစ်ပွဲကြီးတွေ နိုင်အောင်တိုက်ပြီးလို့
စစ်ကြီးတွေပြီးသွားရင် အဲ့ဒီစစ်သားကြီးတွေ နိုင်ငံရေးထဲဝင်ပါ လူထု အရွေးကောက်ကိုခံ
စစ်ပြန်သူရဲကောင်းသမ္မတတွေ ဝန်ကြီးချုပ်တွေ လုပ်ကြပါတယ်။ အဲ့ဒိလို ကောင်းတဲ့ပါနည်းမှာပါဖို့
စစ်သားတွေ နိုင်ငံရေးနားလည်ရပါတယ်။ စစ်သားတွေမှာ နိုင်ငံရေးရှိရပါတယ်။ စစ်သားတွေဟာ
စစ်ပွဲကို နိုင်ငံရေးအထိဖြစ်အောင် ကြည့်မြင်တတ် ရပါတယ်။
ဒါ့ကြောင့်
ဒီမိုကရေစီနိုင်ငံကြီးတွေက စစ်သားကြီးငယ်တွေမှာ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ သူတို့တန်ဖိုးတွေကို
မဆုတ်မနစ် ကာကွယ်ရမယ်ဆိုတဲ့ နိုင်ငံရေးအသိ နိုင်ငံရေးစံနဲ့နိုင်ငံရေးအမြင် ရှိပါတယ်။
ဓနရှင်တပ်က စစ်ဗိုလ်ကြီးတွေ ကွန်မြူနစ်မုန်းတာ ကိုယ်ကျိုး စီးပွားပါသလို၊ ဓနရှင်ဒီမိုကရေစီနဲ့တန်ဖိုးကို
ကာကွယ်နေခြင်းဖြစ်တယ်ဆိုတဲ့နိုင်ငံရေးအသိရှိနေလို့ပါ။ ရှိအောင် လုပ်ထားလို့ပါ။
ဒါ့ကြောင့်
ပရော်ဖက်ရှင်နယ်လ်စစ်သားတွေမှာ နိုင်ငံရေးမရှိဘူး နိုင်ငံရေးမသိဘူးလို့ထင်ရင် ပါစင်အောင်လွဲပါမယ်။
နိုင်ငံရေး မရှိတဲ့၊ နိုင်ငံရေး မသိတဲ့စစ်သားဟာ ခေါင်းကိုင်ရ အလွန်လွယ်ပါတယ်။ စစ်အာဏာရှင်စနစ်ဟာ
နိုင်ငံရေးမရှိတဲ့စစ်သားမျိုး စစ်တပ်မျိုးနဲ့မှ ထူထောင်လို့ ရပါတယ်။ နိုင်ငံရေးရှိတဲ့စစ်သား၊
နိုင်ငံရေးသိတဲ့စစ်တပ်ဟာ စစ်သားဖြစ်လို့စစ်မိန့်နာခံရပြီး မမှန်တာလုပ်မိဦးတောင် ပြုပြင်ချိန်ရတာနဲ့
ချက်ခြင်းပြင်ပြီး လူထုဘက်တိုင်းပြည်ဘက် မျက်နှာပြန်မူပါတယ်။
လက်ရှိ
စစ်အုပ်စုတလက်ကိုင်တပ်က တပ်မှူးတပ်သားကြီးငယ်တွေ စစ်အာဏာရှင်စနစ်အတွက် အသက်ပေးကာကွယ်နေတာ
နိုင်ငံရေး မရှိအောင် ခေါင်းအကိုင်ခံထားရပြီး၊ ကိုယ်ကျိုးစီးပွားနဲ့ မျှားထားလို့ပါ။ စစ်ဗိုလ်ကြီးတွေအားလုံး
ကိုယ်ကျိုးစီးပွားနဲ့ တယောက်အမြီး တယောက် ပြန်ချည်ထားကြလို့ပါ။
ကိုယ်ကျိုးစီးပွားကို
စစ်အုပ်စုဘုံအကျိုးစွားဖြစ်အောင် လုပ်ထားလို့ပါ။ အာဏာမြဲနေရေးအတွက် ဘာမဆိုလုပ်ဝံ့တယ်ဆိုတဲ့
မိုက်ဂုဏ်နဲ့ မိုက်မိုက်ကန်းကန်း အရှက်သိက္ခာမရှိလုပ်နေတာဟာ နိုင်ငံရေးရဲ့ ကောင်းမြတ်တဲ့
ရည်ရွယ်ချက်နဲ့အနှစ်သာရသဘော စဉ်းငယ်မျှမပါပါ။
ဒါကို
နိုင်ငံရေးလို့ပြောမယ်ဆို “ကောင်းတဲ့နိုင်ငံရေး”လို့ ပြောမရပါ။ “နိုင်ငံရေးကောင်း”ဆိုတာ
တိုင်းပြည့်မျက်နှာ လူထုမျက်နှာနဲ့ လူသားထု မျက်နှာဘက်ပဲ မူပါတယ်။ ခု ကျနော်တို့ပြောနေတဲ့
နိုင်ငံရေးရှိတဲ့စစ်သား၊ နိုင်ငံရေးသိတဲ့စစ်တပ်ဆိုတာက “နိုင်ငံရေးကောင်းရှိတဲ့ စစ်သား/စစ်တပ်”မျိုးပါ။
အဲ့သလို
စစ်သားတွေနဲ့ဖွဲ့တဲ့စစ်တပ်ဟာ နိုင်ငံရေးလည်းရှိ၊ နိုင်ငံရေလည်းသိတဲ့၊ နိုင်ငံရေးထဲလည်း
ပါရမယ့်စစ်တပ်မျိုးဖြစ်ပါတယ်။ အဲ့လိုစစ်တပ်မျိုးကနေ စစ်အာဏာရှင်ပေါက်ဖွားဖို့မလွယ်သလို၊
စစ်အာဏာရှင်စနစ်သန္ဓေတည်ဖို့လည်း ခက်ပါတယ်။ ကျနော်တို့ဟာ နိုင်ငံရေးရှိတဲ့စစ်တပ်နဲ့စစ်သားမျိုးကို
လိုလားအပ်ပါတယ်။
မျိုးမြင့်ချို
၂ဝ၁၈ (ပြီးခဲ့တဲ့ လေးငါးနှစ်လောက်က ရေးခဲ့တာလို့ ထင်ပါတယ်)
0 comments:
Post a Comment