(နားထောင်ကြည့်ချင်တဲ့စကား)
နယ်ပယ်တခုခုမှာ ကောင်းဂုဏ်နဲ့ကျော်ကြားသူတွေ အသက်အရွယ်ကြီးရင့်ချိန် ဒါမှမဟုတ် ရာထူးတာဝန်တွေကနေ အနားယူပြီးချိန်ဆို တက္ကသိုလ်ကြီးတွေ၊ အဖွဲ့အစည်း အသင်းအပင်းကြီးတွေက တခုတ်တရ တလေးတစား ဖိတ်ကြားကြတယ်။ ဟောပြောဖို့ အနူးအညွှတ် ဖိတ်မန္တကပြုကြတယ်။
သူတို့ဆီကထွက်လာမယ့် စကားတွေးတခွန်းကြားရဖို့အရေး ဟိုးအဝေးကြီးတွေကနေ ငွေကုန်ကြေးကျတွေခံပြီး တကန်တက လာနားထောင်သူတွေလည်း အုံနဲ့ကျင်းနဲ့ပါပဲ။ ပွဲစီစဉ်သူတွေခမျာလည်း ပြောသူရော နားထောင်သူပါ အကျိုးများစေဖို့ရည်ရွယ်လုပ်တာမို့ ငွေကုန်ကြေးကျရော အချိန်ရော လုပ်အားရော ရှိသမျှဝါယမ ထုတ်ကြရပါတယ်။
တချို့ပုဂ္ဂိုလ်ကျော်တွေရဲ့ ပွဲဝင်ခနဲ့နားထောင်ကြေး ၂ ခုပေါင်းက ကားကောင်းကောင်း တစီးစာလောက်ရှိပါတယ်။ ဟောပြောတဲ့ ကျောက်ထီးတန္တု ဂုရုတွေကိုလည်း ဉာဏ်ပညာကြီးကျယ်မှုနဲ့လျှောက်ပတ်စွာ ချီးမြှင့်ပူဇော်တယ်။ အလွန်ကောင်းတဲ့ကိစ္စ။ အလွန်အကျိုးများတဲ့ကိစ္စပါ။
ပုဂ္ဂိုလ်ကျော်တွေထဲမှာ နိုင်ငံတနိုင်တည်းနဲ့ဆိုင်တဲ့ နိုင်ငံရေးသမားကြီးတွေ၊ သမ္မတ၊ ဝန်ကြီးချုပ်၊ ဝန်ကြီးစတဲ့ နိုင်ငံရေးရာထူးရခဲ့သူတွေလည်း ပါပါတယ်။ သူတို့ကျ နိုင်ငံတနိုင်ငံတည်းအတွက် ထမ်းရွက်ခဲ့ကြတာ မှန်ပေမယ့် သူတို့ရဲ့အတွေးအခေါ်တွေ၊ လုပ်ရပ်တွေကြောင့် ကမ္ဘာ့အခြားဒေသတွေမှာပါ သူတို့ရဲ့ ပေါ်လစီတွေဟာ ချသုံးလို့ရတာမျိုး ဖြစ်သွားတာကြောင့်လည်းဖြစ်တယ်။
ဗမာပြည်က အဲ့သလို ကောင်းသတင်းဂုဏ်နဲ့ ကမ္ဘာချီ ကျော်ကြားသူတွေလည်း ရှိခဲ့ဖူးပါတယ်။ အမြင်သာဆုံးဥပမာဆို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ ဦးသန့်လိုပုဂ္ဂိုလ်မျိုးပေါ့လေ။ သူကတော့ ဗမာတနိုင်တည်းအတွက် လုပ်ခဲ့သူမဟုတ်သလို ဗမာပြည်အတွက်လည်း ပြောစမှတ်တွင်လောက်အောင် အကျိုးဆောင်ပေးခဲ့သူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ခေတ်နောက်ခံအခြေအနေအရ သူ ကုလသမဂ္ဂမှာ တာဝန်ယူနေတုန်း အင်မတန်ကြီးမားတဲ့ပြဿနာကြီးတခုကို ပြဿနာထဲတိုက်ရိုက်ပါတဲ့သူတွေရော ပါလာနိုင်မယ့်လူတွေရောစုရုံးပြီး ဖြေရှင်းနိုင်ဖို့ ဦးခေါင်းတွေပေါင်းစည်းပေးနိုင်ခဲ့တယ်။
ဖြေရှင်းရာမှာ အစွမ်းထက်ထက်နဲ့ ဆုံးဖြတ်ချက်ချနိုင်မယ့် နိုင်ငံခေါင်းဆောင်တွေကို နည်းလမ်းမှန်မှန် ခေါင်းအေးအေး စိတ်ရှည်လက်ရှည် ဖျောင့်ဖြ နားချနိုင်ခဲ့တယ်။ အဲ့ဒါ သူ့အရည်အချင်းပါ။ အမေရိကန်-ဆိုဗီယက် ၂ နိုင်ငံ ကျူးဘားဒုံးကျည်အရေးကြောင့် စစ်မဖြစ်ပဲ ရှောင်သွားနိုင်အောင် သူ စည်းရုံးခဲ့ သိမ်းသွင်းခဲ့တာပါ။ စစ်ဖြစ်မယ် မဖြစ်ဘူးကို ဆုံးဖြတ်နိုင်တဲ့ပါဝါ သူ့မှာ မရှိပါ။ အဲ့ဒီပါဝါရှိသူတွေကို သေချာရွေးချယ်ပြီး တော်တည့်မှန်ကန်စွာ ချဉ်းကပ်နိုင်ခဲ့တာပါ။
ခု ကျနော်တို့ရွှေပြည်ကြီးမှာ ကမ္ဘာနဲ့ချီကျော်ကြားခဲ့ဖူးတဲ့ ခုလည်း ကမ္ဘာနဲ့ချီကျော်ကြားနေပြန်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ ခေါင်းဆောင်ရှိပါတယ်။ ခုတော့ သူ နိုင်ငံရေးရာထူးတွေပိပြီး တာဝန်တွေကျပ်ပြီး တခြားဘက်တွေ သိတ်မလှည့်အားပါ။ အသက်ကတော့ တချို့နိုင်ငံ့ခေါင်းဆောင်တွေနဲ့ယှဉ်ရင် သိတ်ကြီးပြီလို့မဆိုသာပါ။ ဒါပေမယ့် အရွယ်တော့ထောက်ပါပြီ။
သူ ဘယ်အချိန်မှာ နိုင်ငံရေးရာထူးတွေစွန့်လွှတ် နိုင်ငံရေးတာဝန်တွေခွာချပြီး အနားယူမယ် မယူဘူးကတော့ ဘယ်သူ့မှ တပ်အပ်သေချာ မပြောနိုင်ပါ။ တကယ်လို့ သူ့အနေနဲ့ အချိန်တခုမှာ နိုင်ငံရေးကနားပြီး စာလေးဘာလေးရေး အေးအေးလူလူနေချိန်မှာ ကမ္ဘာ့နိုင်ငံတွေက၊ ကမ္ဘာ့အဆင့်မီတက္ကသိုလ်ကြီးတွေက၊ ကမ္ဘာချီဂုဏ်ဆောင်တဲ့ အဖွဲ့အစည်း အသင်းအပင်းကြီးတွေက ဟောဖို့ပြောဖို့ ဖိတ်မန္တကလည်းပြုလို့၊ အမေရိကန်ကလည်းဖိတ်လို့၊ ကျနော်လည်း မသေသေးလို့ဆို သူပြောလာမယ့်စကားတွေကို သွားနားထောင်ဖြစ်အောင် နားထောင်ကြည့်ချင်ပါတယ်။ နာယူရမယ့်ဟာရှိလည်း နာယူဖြစ်မှာပါ။
ခုတော့ သူ့စကားတွေ ကြားနေရပါတယ်။ နားတော့ မထောင်ဖြစ်ပါဘူး။
မျိုးမြင့်ချို(နိုဝင်ဘာ ၁၄၊ ၂ဝ၁၈)

0 comments:
Post a Comment