Monday, November 5, 2018

(အရှိုက်ထိသွားသည့်ကြားဖြတ်)မျိုးမြင့်ချို

0 comments

(အရှိုက်ထိသွားသည့်ကြားဖြတ်) မျိုးမြင့်ချို
ဤသို့ဖြင့် ကျီးမမြည်ကြက်မမြောက် ကြားဖြတ်ရွေးကောက်ပွဲကား ပြီးခဲ့လေပြီ။ အင်န်အယ်လ်ဒီအတွက် မှန်းချက်နှင့်နှမ်းထွက် မကိုက်ခဲ့။ ဘာ့ကြောင့် ဤသို့ဖြစ်ကို လက်တန်းပြောသူပြောကြသလို ကိန်းဂဏန်းတွေ စာရင်းဇယားတွေ ရာခိုင်နှုန်းတွေ အရေအတွက်တွေအားပြုကာ သန်ရာသန်ရာ ပေါင်းချုပ်ချက်တွေ ထုတ်သူထုတ်ကြ၏။ စကားလုံးအရ မဆိုစလောက်လေးသာ ခြားနားကြသော်လည် ဘုံသဘောကောက် ချက်မှာမူ အံစရာကောင်းအောင် သွားတူနေ၏။ တထပ်တည်းနီးပါးကျ၏။ ယင်းမှာ မဲလာပေးသူနည်းသောကြောင့်ဟူ၍ ဖြစ်၏။ မဲလာပေးသူ နည်း၍ လစ်လပ်နေရာစေ့ အရွေးကောက် မခံရခြင်းဖြစ်သည်ဆိုခြင်းပင်။

ကျနော်က ထိုသို့ လက်ခံ၍မရ။ မဲပေးနိုင်သူ ထောင်သောင်းချီနေငြား တယောက်တည်းသာလာပေးပြီး ထိုတယောက်က မိမိအား ထောက်ခံမဲ ပေးသွားသည်ဆိုလျှင် မိမိအနိုင်ပင် မဟုတ်လား။ တပြည်လုံး တယောက်မကျန်မဲလာပေးလည်း မိမိအားထောက်ခံမဲ အပေးနည်းသွားလျှင် မိမိရှူံးသည်ပဲ မဟုတ်လား။ ထို့ကြေင့် မဲပေးသူနည်းသဖြင့်ရှူံးရပါသည်ဆိုမှာ မှန်သောအကြောင်းပြချက်မဟုတ်။ ဗမာပြည်ရွေးကောက်ပွဲက အမေရိကန်မှာလို Electoral College မရှိ။ လူတွေပေးသွားသည့် မဲအရေအတွက်ပေါ်တည်ပြီး အနိုင်အရှူံး ဆုံးဖြတ်ခြင်းသာဖြစ်၏။ လူထုမဲ အရများသူအနိုင်၊ နည်းသူအရှူံး။ အလွန်ရှင်း၏။ လွယ်ကူ၏။ မြင်သာ၏။ မရှုပ်ထွေး။

ဤတွင် အင်န်အယ်လ်ဒီအဖို့ တွေးစရာတွေပေါ်လာ၏။ အင်န်အယ်လ်ဒီဟု အမည်တပ်ပြောရခြင်းမှာ ၈၈ လူထုအုံကြွမှုကြီး၏ တပ်ဦးက “အလံကိုင်”ဖြစ်ခဲ့ဖူးခြင်းကြောင့်ဖြစ်၏။ ရေတပ်စစ်သင်္ဘောစုတွင် Flagship ဖြစ်နေခြင်းကြောင့်ဖြစ်၏။ ပါတီကြီးခြင်းကြောင့်ဖြစ်၏။ ထို ပါတီကြီးသည် မိမိ၏နိုင်ငံရေး၊ စည်းရုံးရေး အကျဘက်လိုက်လာခြင်းအား ပွင့်ပွင့်လင်းလင်း ဝန်ခံတန် ခံ၊ သင်ခန်းစာ ယူတန်ယူ၊ နမူနာယူတန် ယူပြီး ရပ်တည်ချက်နှင့်မူဝါဒဆိုင်ရာများကိုပြင်ရမည့်အစား မဟုတ်သည့်ကောက်ချက်ဆွဲကာ လူထုအား ယိုးစွပ်နေခြင်းမှာ မည်သို့မျှ မဖြစ်ကောင်းသည့်ကိစ္စဖြစ်၏။ လူထုကို တရားခံရှာ လက်ညှိုးထိုးချင်ခြင်းဖြစ်၏။ ဤသို့လုပ်လျှင် လူထုနှင့်ဝေးသထက်ဝေးကာ အငွေ့ပျံသွားမည့်နိုင်ငံရေး ဖြစ်တတ်၏။ အမှန်က မိမိ၏ နိုင်ငံရေးစည်းရုံးရေး ကျရိပ်ပေါ်လာခြင်းဖြစ်၏။ မြင်အောင်ကြည့်ပြီး ရဲရဲပြင်ရန်လို၏။

ဤတွင် နိုင်ငံရေး၊ စည်းရုံးရေးကျသည်မှာ ဘာဆိုသည်ကိုလည်း ပါတီဝင်တိုင်း ဗူးလုံးနားထွင်းရန် လိုမည်ထင်၏။ ချုပ်ပြောရလျှင် နိုင်ငံရေးကျ ခြင်းဆိုသည်မှာ မိမိအားဝန်းရံသူ၊ မိမိဘက်ကရပ်တည်သူ တိုးပွားမလာပဲတန့်နေခြင်း သို့မဟုတ် လျော့ကျသွားခြင်းဖြစ်ပြီး စည်းရုံးရေးကျခြင်း မှာ မိမိအားစာနာနားလည်သူ၊ မိမိအားထောက်ခံသူလျော့ပါးသွားခြင်းပင်ဖြစ်၏။ ထိုစံဖြင့်တိုင်းလျှင် ယခု အင်န်အယ်လ်ဒီ၏ နိုင်ငံရေး စည်းရုံးရေးမှာ ကျရိပ်သန်းလာသည်ဟု ဆိုနိုင်၏။ တယောက်တည်းပဲ မဲလာပေးစေဦး ထိုတယောက်မှာ မိမိအားဝန်းရံသူ၊ မိမိဘက်မှ ရပ်တည်သူ၊ မိမိအားစာနာသူ၊ မိမိအားထောက်ခံသူဖြစ်လျှင် မိမိနိုင်ငံရေးစည်းရုံးရေး မကျခြင်းဖြစ်၏။ လမ်းစဉ်နှင့်လက်တွေ့အခြေအနေ ကိုက်ညီနေခြင်းဖြစ်၏။

ကြိုတင်မဲတွေကြောင့်၊ ဝန်ထမ်းအများစုနေရာဖြစ်တာကြောင့်၊ စစ်တပ်မဲရုံတွေဖြစ်တာကြောင့်၊ လူမျိုးစုဒေသတွေဖြစ်တာကြောင့် ဘာကြောင့် ညာကြောင့်တွေက အကြောင်းပြချက် သက်သက်မျှသာဖြစ်၏။ ဆင်သေကိုဆိတ်သားရေနှင့်ဖုံးရန် ကြိုးစားခြင်းမျှ။ ရမယ်ရှာခြင်း ထက်မပို။ ဘာမှမဟုတ်။ ထိုကိစ္စများ ဟုတ်သည်ဆိုလျှင် အဘယ့်ကြောင့်ထိုနေရာများတွင် ၁၉၉ဝ ရွေးကောက်ပွဲမှာရော ၂ဝ၁၅ ရွေးကောက်ပွဲမှာပါ အင်န်အယ်လ်ဒီ ဝက်ဝက်ကွဲနိုင်ခဲ့ရသနည်း။ အဘယ့်ကြောင့် ခွက်ခွက်လန်အောင် မရှူံးခဲ့သနည်း။ ဤဆင်ခြေလည်း မှား၏။ ဤဆင်ခြေ မှန်လျှင် ဟိုတုန်းကလည်း ဤနေရာများတွက် ခွက်ခွက်လန်အောင်ရှူံးခဲ့ရမည်။ မရှူံးခဲ့။

နောက်တချက်တွေးရန်မှာ ယခုကြားဖြတ်ရွေးကောက်ပွဲသည် စစ်တပ်ကလုပ်တာ မဟုတ်၊ သိန်းစိန်ဦးဆောင်သည့် အရပ်သားတပိုင်းအစိုးရက လုပ်တာမဟုတ်၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည်ဆိုသည့် စစ်တပိုင်းအစိုးရက ကျင်းပပြုလုပ်ပေးခြင်းဖြစ်၏။ ရွေးကောက်ပွဲကော်မရှင် သည် မည်မျှအဂတိတရားကင်းသည်ဆိုစေ၊ မည်မျှ လူရိုသေရှင်ရိုသေတွေပါသည်ဆိုစေဦး အစိုးရကဖွဲ့ပေးမှရ၏။ သူ့ဟာသူ မိုးပေါ်က ကျလာတာမဟုတ်။ ထို့ကြောင့် ကော်မရှင်ဘက်လိုက်လို့ဟု ဘယ်လိုမှပြောလို့မရတော့၊ ဤတွင် ရှူံးရခြင်းလက်သည်ကို ကိုယ့်ဆီမှာမရှာပဲ အပြင်ထွက်ရှာတာ လုပ်လာ၏။ ဤတွင် မဲလာပေးသူနည်းလို့ဆိုကာ မိမိအရှူံးကို ပြည်သူ့ပခုန်းပေါ် တံပိုးတင်တော့၏။ ကိုယ်လွတ်ရုန်း တော့၏။ လူထုအပေါ် တာချ အပြစ်ပုံတော့၏။

နောက်တနည်း ဆင်ခြင်မိ၏။ မဲလာပေးသူနည်း၍ ရှူံးရသည်ဆိုသည့်ကောက်ချက်မှန်လျှင် တခြားပြိုင်ဘက်တွေကလည်း ထိုနည်းနည်းလေး၏ အဆုံးအဖြတ်ဖြင့်ပင် အနိုင်ရသွားကြသည် မဟုတ်ပါလား။ ထိုနည်းနည်းလေးထဲကပဲ ထောက်ခံမဲပေးသွားကြသည် မဟုတ်လား။ ထို နည်းနည်းလေးထဲတွင် မိမိပြိုင်ဘက်အားထောက်ခံသူ ပိုများနေသည့်အဓိပ္ပါယ် မဟုတ်လား။ ဤသို့ဆိုလျှင် “မဲလာပေးသူနည်းလို့ ရှူံးရတာပါ” ဆိုသည့်ကောက်ချက်မှာအမှားဖြစ်ကြောင်း ထန်ကုန်အောင် ထင်ရှားသွား၏။

နောက်တချက်က လူထု၏ နိုင်ငံရေးရေချိန်။ ဗမာ့သမိုင်းတလျှောက်တွင် လူထုနိုင်ငံရေးရေချိန်သည် နိုင်ငံရေးသမားတို့နောက် ကျန်ခဲ့သည်ဟု မရှိခဲ့။ တခါတရံ အတွေးအခေါ်အရ အထနှေးတတ်သဖြင့် တွန်းတွန်းတိုက်တိုက်လုပ်ရသည်မှတပါး လူထုသည် အမြဲနိုးကြားနေ၏။ လူထုသည် သမိုင်းတွင် မ “အ” ခဲ့။ မနုံခဲ့။ မတွေဝေခဲ့။ လူထုသည် မည်သူ့အကျိုးစီးပွားသည် မည်သူ့အရာဆိုသည်ကို ပိုင်းပိုင်းခြားခြားသိမြင်။ မည်သူက မည်သည့်အကျိုးစီးပွားအတွက်လုပ်နေသည်၊ လုပ်ပေးနေသည်ကိုလည်း ဘဝအရ ပိုင်းပိုင်းပြတ်ပြတ်သိမြင်၏။ ရံဖန်ရံခါ အချိန် အတန်ကြာယူရသော်လည်း ရေရှည်တွင် မိမိတို့၏အကျိုးစီးပွားကို မည်သူကဆောင်နိုင် မဆောင်နိုင်ကိုလည်း သိမြင်နိုင်၏။ ကာလအပိုင်း အခြားတခုအထိ စာနာနားလည်စွာ မျှော်လင့်ချက်ထားပြီး ဖေးဖေးမမရှိစေဦး အဆုံးတနေ့တွင် လက်ပြနှုတ်ဆက်ထားခဲ့၏။ ဗမာ့သမိုင်းတွင် လူထုလက်အပြခံခဲ့ရသည့် နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများလည်း အနမတဂ္ဂ။ ထို့ကြောင့် လူထုနိုင်ငံရေးရေချိန်နိမ့်သွားလို့ လူထုအသိညံ့ လို့ဆိုကာ လက်ညှိုးထိုးယိုးစွပ်ခြင်းမှာလည်း မမှန်ရုံမက။ လူထုကို ဖိနင်းခြင်း၊ နင်ပဲငဆလုပ်ခြင်းနှင့် စော်ကားမော်ကား လုပ်ခြင်းအထိ ရောက်သွားတော့၏။ ပို၍ပင် ဆိုးသွားတော့၏။

လူထု၏ “မနိုင်၍သည်းခံနေရခြင်း”ကို လူထုကကြောက်နေလို့ဟု ပြောခြင်းမျိုး၊ မိမိကြောက်သည်ကို လူထုနာမှာစိုးလို့ဟူသည့် ဆင်ခြေကန် ခြင်းသည် နိုင်ငံရေးလီဆယ်မှုဟု ပြောစရာဖြစ်၏။ နိုင်ငံရေးသမားသည် မိမိဘာသာရော လူထုအပေါ်တွင်ရော ရိုးသားဖို့လို၏။ ရိုးသားခြင်း တခုတည်းနှင့် နိုင်ငံရေးလုပ်မရသည်မှာ မှန်သော်လည်း နိုင်ငံရေးတွင် ရိုးသားနိုင်သမျှရိုးသားဖို့လို၏။ လူထုကလည်း ဘယ်သူ ဘယ်မျှ ရိုးသား၊ မသားကို အကဲဖြတ်နိုင်စွမ်း၏။ လူထုကို အထင်သေးလို့မရ။ လျှော့တွက်လို့မရ။ လှော့တွက်၍ ခံခဲ့ရသူများ လက်ညှိုးထိုးမလွဲ မြင်ရမည်ဖြစ်၏။

နောက်ဆုံးအချက်က လူထုတွင် မဲပေးပိုင်ခွင့်ရှိ၏။ မဲမပေးပဲ နေပိုင်ခွင့်လည်းရှိ၏။ “ဘယ်သူနိုင်နိုင် ဘာအကြောင်းမှထူးစရာမမြင်၊ ဘယ်သူ တက်တက် တို့ဘက်ကမပါ၊ ဘယ်သူအာဏာရရ တို့အကျိုးစီးပွားဘက်မပင်း”ဟု မြင်သွားလျှင် လူထုသည် မဲရုံသို့ လာလိုစိတ်နည်းပါးသွား မည်မှာ ဓမ္မတာဖြစ်၏။ လူထုနိုင်ငံရေး ရေချိန်ကျသွားခြင်းမဟုတ်။ နိုင်ငံရေးကို စိတ်ကုန်သွားခြင်းမဟုတ်၊ ပါတီကို၊ လူကို၊ မူကို အားမကိုး လိုတော့ခြင်းသာဖြစ်၏။ ထို့အတွက် လူထုကို ငြိုငြင်လို့မရ။ အပြစ်မြင်လို့မရ။ လူထုက သူ့အကျိုးစီးပွားနှင့်ယှဉ်ပြီး သူထောက်ခံချင်သူ ထောက်ခံမည်၊ ကန့်ကွက်ချင်သူ ကန့်ကွက်မည်။ ဘယ်သူ့မှ မထောက်ခံမကန့်ကွက်ပဲ ထမင်းကြမ်းယပ်ခတ်စားနေလိုလျှင်လည်း နေလို့ ဖြစ်သည်။ ဒါက လူထုကိစ္စ။ လူတွေ မဲရုံတွေဆီလာပြီး မိမိကိုထောက်ခံလာအောင် လုပ်ရမည်က မိမိတို့ကိစ္စ။ ဤကိစ္စနှစ်ခုကို သေချာဂဃ သိဖို့လို၏။

ချုပ်ရလျှင် မဲပေးသူနည်းလို့ရှူံးရပါသည်ဆိုသည့် ကောက်ချက်မှာ အမှား။ လီဆယ်မှုသက်သက်။ မိမိ၊ မိမိပါတီဝင်ထု၊ တိုင်းပြည်နှင့်လူထုကို မုသားဝါဒမှိုင်းတိုက်ရင်း ကိုယ့်အရှူံးကို ဖုံးဖိရန်ကြံစည်မှုသက်သက်မျှ။ ထို့ထက်ဘာမှမပို။ မဲ လာပေးမပေးအနည်းအများနှင့် မိမိအား ထောက်ခံမှုအနည်းအများက လူထုကိစ္စ။ တယောက်ပဲ လာပေးပေး၊ တပြည်လုံးပဲလာပေပေး ထောက်ခံသူနည်းလျှင်ရှူံးသည်။ မဲပေးနိုင်သမျှလူတွေထဲတွင် မိမိဘက်ကရပ်တည်သူ၊ ဝန်းရံသူ၊ ထောက်ခံသူ၊ စာနာသူ များသထက်များလာအောင်လုပ်ရမည်က မိမိကိစ္စ။ ထိုကိစ္စသည် နိုင်ငံရေး စည်းရုံးရေးကိစ္စ။ မိမိနိုင်ငံရေးစည်းရုံးရေးတက်နေအောင် မူဝါဒနှင့်ရပ်တည်ချက်ဆိုင်ရာပြင်ဆင်ရန်မှာလည်း မိမိကိစ္စ။ ဘယ်သူ့ကိုမှ လက်ညှိုးထိုး ယိုးစွပ်နေဖို့မလို။
မျိုးမြင့်ချို(နိုဝင်ဘာ ၅၊ ၂ဝ၁၈)

0 comments:

Post a Comment