Wednesday, November 14, 2018

(လုပ်ချင်တိုင်းလုပ်မရတာက) မျိုးမြင့်ချို

0 comments
(လုပ်ချင်တိုင်းလုပ်မရတာက) မျိုးမြင့်ချို
အပစ်အခတ်ရပ်စဲရေး NCA ခင်းကျင်းတဲ့နေရာမှာ စစ်အုပ်စုကရှင်းပါတယ်။ သူ့“မူ“ကိုရွှေ့ပေးပြီး သူ့လားရာကို ပြောင်းပေးပြီး လုပ်တာမဟုတ်ပါ။ သူ့မူကနေ တလက်မမှ နောက်မဆုတ်ပါ။ သူ့မူအရင်းခံက လက်နက်ချရေးပါ၊ သိမ်းသွင်းတာ မြှူဆွယ်တာမှာ ကားပါမစ်အပါအဝင် စီးပွားရေးအရ ဟင်းစား နည်းနည်းပေးပါတယ်။ လက်နက်ချဖို့လုပ်တဲ့အပေးအယူကို ခေတ်ပြောင်းတော့ နည်းနည်းလိုက်ပြောင်းပေးထားပါတယ်။

ဟိုဘက်ခေတ် မဆလ လက်ထက်အပေးအယူက တပ်ဖျက်၊ လက်နက်ချ၊ နိုင်ငံရေးလုပ်ချင်ရင် မဆလထဲဝင်။ မြယာပင်အုပ်စုက မြခက်ရှိန်တို့လောက်လိုချင်ရင် သူတို့လောက် သစ္စာဖေါက်။ ချမ်းအေးလောက် လိုချင်ရင် ချမ်းအေးလောက် ဒူးထောက်။ ဒါပေမယ့် တကြိမ်တည်း သစ္စာဖေါက်ရုံ၊ တခါတည်းဒူးထောက်ရုံနဲ့ စစ်အုပ်စုက မတင်းတိမ်ဘူး။ မသေမချင်း ဖေါက်၊ မသေမချင်း ထောက်ပေတော့ဘဲ။

ဒီဘက်ခေတ်ကျတော့ တပ်ဖျက်၊ လက်နက်ချ၊ နိုင်ငံရေးလုပ်ချင်ရင်
ပါတီထောင်၊ စီးပွားရေးလုပ်ချင်ရင် ကုမ္ပဏီထောင်၊ သေနတ် ဆက်ကိုင်ချင်သေးရင် စစ်ထဲဝင်။ ကြားကာလမှာ နိုင်ငံရေးမစည်းရုံးနဲ့၊ တပ်သစ်မဖွဲ့နဲ့၊ လူသစ်မစုနဲ့၊ နယ်မြေမချဲ့ထွင်နဲ့ ဘာလုပ်တယ်မလုပ်ဘူး ငါတို့ အချိန်မရွေးလာစစ်ဆေးတာကိုခံ။ သေနတ်ကိုင်ပြီး အခွန်ကောက်စားခွင့် ရချင်ရင်၊ အရပ်သားတွေဆီက ခေါင်းပုံဖြတ်စားချင်ရင် BGF လုပ်၊ ပြည်သူ့စစ်လုပ်။ ဘာပဲလုပ်လုပ် ဘယ်လိုပဲနေနေ စစ်အုပ်စုကို ကလန်ကဆန်လုပ်လာရင် လုပ်တဲ့ကောင်ကို စစ်တပ်နဲ့တွဲပြီး
အပြတ်ချေမှုန်း။ မင်းဟာမင်း ကရင်အချင်းချင်း ဖြစ်ဖြစ်၊
ကချင်အချင်းချင်း ဖြစ်ဖြစ်၊ ဖြစ်ချင်တာဖြစ်ပေ့စေ ငါတို့အတွက်
လူသတ်ပေး စစ်တိုက်ပေး အသေခံပေး။ ဒါပဲ။

အဲ့ဒီနည်းနဲ့ လူမျိုးစုလက်နက်ကိုင်တွေထဲမှာ ကွဲထွက်ကောင်ထွက်၊
ခွဲထွက်တဲ့ကောင်ထွက်၊ ဖဲ့အထုတ်ခံတဲ့ကောင် ခံ၊ ပေါင်းစားတဲ့ကောင် ပေါင်းစား။ ပင်းစားတဲ့ကောင် ပင်းစားနဲ့ ကြီးပွားကုန်ကြတဲ့ ခေါင်းဆောင်တွေလည်း မနည်းဘူး။ တောင့်ခံထားနိုင်တယ်ဆိုတဲ့ ကောင်တောင် ခါးမသန်တော့ ထော့နင်း ထော့နင်း။

ဒါ ဗမာစစ်အုပ်စုလုပ်ခဲ့တဲ့ လုပ်ဖူးတဲ့ လုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်။ ဒီ လားရာကနေ ဘယ်မှ ရွေ့မသွားဘူး။ ခေတ်စကားနဲ့ဆို စစ်အုပ်စုမှာ “အရွေ့“မရှိဘူး။ တသမတ်တည်း သွားနေတယ်။
စစ်အုပ်စုနဲ့ အပစ်ရပ်မယ့်သူတွေကျတော့ မိမိမူလ လားရာနဲ့ဦးတည်ရာကိုရွှေ့ပြီး လုပ်ရတာ၊ ၁၈ဝ ဒီဂရီကွေ့ပြီး လုပ်ရတာ၊ ဖျက်ပြီးတော့ကို လုပ်ရတာ၊ တချို့ဆို ပြောင်းပြန်ပါ လှည့်ပစ်လိုက်ရတာ။ လက်နက်ကိုင်တော်လှန်ရေးနည်းနဲ့ မိမိရည်မှန်းချက်ပေါက်အောင်သွားရမယ်ဆိုတဲ့ အတွေးအခေါ်နေရာမှာ စေ့စပ်ဆွေးနွေးတဲ့နည်းနဲ့ ရသလောက်ယူရမယ်ဆိုတာကို
လူတွေခေါင်းထဲအသိထဲ အစားထိုးပေးရတာ။ ဒိနည်းနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေရ၊ ဖက်ဒရယ်နဲ့ဒီမိုကရေစီတွေရ၊ ကိုယ့်လူမျိုးစုတွေလည်း
လွတ်လပ်ခွင့်နဲ့အတူ ကြီးပွားချမ်းသာကြဖြစ်ဖို့ စိတ်ကူးနဲ့
ဖဲရိုက်ပြကြရတာပါ။ မစားရဝခမန်း ပြောပြရတာမျိုးပါ။

စစ်နဲ့တော်လှန်ရေးဒဏ်ကို ခါးကော့အောင်ခံလာရတဲ့ ပြည်သူတွေဘက်ကလည်း ဒီနည်းတော့မဆိုးဘူး၊ အဆုံးတနေ့မှာ တို့လိုချင်တာ မရဦးတောင် လောလောဆယ်မှာ ရွာမီးမလောင်၊ ဆက်ကြေးမပေးရ၊ ပေါ်တာမလိုက်ရ၊ အေးဆေး တောင်ယာခုတ်စားလို့ ရတန်ကောင်းရဲ့တွေးပြီး ဒီဆွယ်ချက်နဲ့မက်လုံးကို ကြည်ဖြူပေးလိုက်ရတာမျိုးပါ။

စစ်တပ်ပြောတဲ့အပစ်ရပ်ကို လုပ်ရင်းလုပ်ရင်း ခုဘာဖြစ်လဲ။ စစ်တပ်က ရလေလိုလေ အိုတစ္ဆေဖြစ်လာတယ်။ လည်မြိုကို ပိုညှစ်လာတယ်။ ဒီတော့ သူတို့ပြောတဲ့ “တစ်ဆို့မှု“တွေဖြစ်လာတယ်။ ၂ ဘက်လုံးမှာ ခက်လာတယ်။ ပိုခက်သွားတာက စစ်တပ်မဟုတ်ဘူး။ အပစ်ရပ်မယ့်လူတွေဖြစ်နေတယ်။ အဲ့ဒါကိုပဲ တစ်ဆို့မှုလို့ ၂ ဘက်လုံးကရော ကြားပွဲစားကရော ပြောလာတာပါ။

စစ်တပ်က ဟိုလူတွေကို လည်မြိုညှစ်ပြီး ရှိတာအကုန်ထုတ်လုပ်ပေမယ့် လုပ်မရဘူး။ စစ်တပ်က အပစ်ရပ်မယ့်လူတွေကို လုပ်ချင်တိုင်း လုပ်လို့မရဘူး။ လုပ်လို့မရဘူးလို့တော့ အပြတ်မပြောသေးဘူး။ လုပ်လို့ “မရသေးတာ“လောက်ပဲထားတယ်။ တချိန်ချိန်မှာ ရလာမယ်လို့ တွေးထားပုံပေါ်တယ်။ တချိန်ချိန်မှာ ရတာမရတာ အသာထား။ အခု ဘာလို့ လုပ်လို့မရတာကို တွေးကြည့်ပါတယ်။

မရတာက စစ်တပ်ကြောင့်မဟုတ်ပါဘူး။ ဟိုလူတွေကိုယ်တိုင်က သူတို့အဖွဲ့အစည်းတွေကို သူတို့လုပ်ချင်သလိုလုပ်လို့ မရတာပါ။ လုပ်ချင်သလိုလုပ်လို့ရရင် ဘာမှ ပြန်ဆွေးနွေးနေတာတွေ
ဘာတွေညာတွေ လုပ်နေစရာမလိုဘူး။ လာဆွေးနွေးကြတယ်ဆိုတဲ့ “ဂေါင်“တွေကို အာဏာကုန်အပ်ပြီး ရွေးလွှတ်လိုက်တာပါ။ ထိပ်သီးတွေလို့ ဆိုပြီးသားပါ။ Mandate ပေးထားပြီးသားပါ။ ဆွေးနွေးဖို့ ရှေ့ကနေမြို့တက်လာတဲ့ “ပဏာမပြင်ဆင်ရေးအဖွဲ့“မဟုတ်ဘူး။ ဘယ်လို အခြေအနေမှာဖြစ်ဖြစ်၊ တဘက်က ဘာပဲတင်လာလာ ဆွေးနွေးဝိုင်းမှာ တထိုင်တည်းဆုံးဖြတ်ပေးနိုင်သူတွေအဖြစ် သတ်မှတ်ပြီးသား။ ဒါက လူတိုင်းမြင်နေကြတာပါ။ ကျနော်လည်း လူတိုင်းထဲပါတော့
ဒီအတိုင်းပဲမြင်ပါတယ်။

ခု စစ်အုပ်စုက လမ်းခွတ်လပ်မှာဖြတ်ပြီး သတ်မှတ်ထားတာထက် ပိုတောင်းလာတော့ ဆွေးနွေးဝိုင်းမှာ ဟိုလူတွေ ခက်ကုန်တာ။ ပြာသွားတာ။ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကုန်တာပါ။
တကယ်ဆုံးဖြတ်ခွင့်ရှိတဲ့ “ဂေါင်“တွေမှန်ရင် “Yes“တခွန်းပြောပြီး ခေါင်းညိတ်လိုက်ရုံဘဲ။ ဒါမှမဟုတ် “No“တခွန်းပြောပြီး ခါထုတ်လိုက်ရုံပဲ။ အဲ့လိုမပြောနိုင်မှန်း စစ်အုပ်စုကသိတော့
အလုပ်ဖြစ်မယ့်ကောင်တွေ မဟုတ်ပါဘူးတွေးပြီး မင်းအောင်လှိုင် အစည်းအဝေးက ထထွက်သွားတယ်။ ဒုတပ်ချုပ်လောက်နဲ့ ပစ်ထားခဲ့တယ်။ ဒီတင် ဟိုလူတွေလည်း နေမကောင်းတာလိုလို သွေးတိုးတာလိုလို
လုပ်ပြီး ပြန်သွားတယ်။ တကယ်က မဆုံးဖြတ်နိုင်တာ။ ဆုံးဖြတ်ဖို့ မဖြစ်တာ။ ဘာလို့မဖြစ်လဲဆိုတော့ ကိုယ်အဖွဲ့အစည်းမှာ ကိုယ်လုပ်ချင်သလိုလုပ်လို့ မရတာကိုသိလို့ပါ။ ရရင် တထိုင်တည်း
အဖြူအမဲ ပြောလိုက်လို့ဖြစ်တယ်။ ခု မပြောခဲ့ဘူး။ ကိုယ့်အဖွဲ့အစည်းပြန်ရောက်မှ လူစုံတက်စုံခေါ်ပြီး အဖွဲ့အစည်းနဲ့လုပ်ရတာတို့၊ ဒီမိုကရေစီခံနေလို့တို့၊ ပြန်ဆွေးနွေးသုံးသပ်ရမယ်တို့၊
လောလောဆယ်တော့ ဆွေးနွေးနေတာကို ခနဆိုင်းထားဦးမယ်တို့၊
အလွတ်သဘောတွေ့နေမယ်တို့ ဘာတို့တွေ ထွက်လာတာပါ။

အဲ့တော့ အဲ့လို ဘာလို့ဖြစ်ရလဲ။ နိုင်ငံရေးလုပ်လုပ်၊ တော်လှန်ရေးလုပ်လုပ်၊ အစိုးရလုပ်လုပ်။ တပ်ကိုသေနတ်ကို အမိန့်မပေးနိုင်ရင်၊ တပ်က အဖွဲ့အစည်းကို၊ ပါတီကို၊ အစိုးရကို
နာခံအောင်မလုပ်နိုင်ရင် “ဂေါင်“လို့ ပြောလို့မရဘူး။ အစိုးမရတော့ဘူး။ ပါတီ၊ အဖွဲ့အစည်း၊ အစိုးရမှာအာဏာမရှိဘူး။ အာဏာတည်ဆောက်လို့မရဘူး ဆိုတာပါပဲ။ မော်စီတုန်းစကားနဲ့ဆို “အာဏာဆိုတာ သေနတ်ပြောင်းကထွက်တယ်“ဆိုတာပဲ။ ပါတီ(အဖွဲ့အစည်း)က
သေနတ်ကိုအမိန့်မပေးနိုင်ရင်၊ တပ်က ပါတီ(အဖွဲ့အစည်း)ကိုရော၊ အစိုးရကိုရော၊ တိုင်းပြည်ကိုရော၊ လူထုကိုပါအမိန့်ပေးတယ် ဆိုတာပါပဲ။ တပ်မကိုင်နိုင်ရင် အာဏာတည်လို့မရဆိုတဲ့တရား မှန်တယ်ဆိုတာကိုပြတာပဲ။ ဗမာပြည်တော်လှန်ရေးတွေမှာ တပ်ရဲ့ အပုန်ကန်ခံရပြီး ပါတီတွေ၊ အဖွဲ့အစည်းတွေ၊ အစိုးရတွေပြိုကွဲသွားတာ ချည့်နဲ့သွားတာတွေ လက်တွေ့မှာ ရှိနေတာပါပဲ။

ခု KNU မှာ စစ်အုပ်စုတ တဘက်စောင်းနင်း တင်တင်စီးစီး တိုးတိုးပြီးလုပ်လာနေတာတွေကို လက်မခံနိုင်တာက တကယ်စစ်တိုက်နေရတဲ့ တပ်မင်းကြီးတွေတင်မကပဲ KNU
ဗဟိုကော်မတီဝင်တွေထဲမှာပါ များပြားလာတာလို့ဆိုလည်း မမှားဘူးထင်ပါတယ်။
KNU ဂေါင်တွေ တပ်ကို အပိုင်မကိုင်နိုင်းဘူးဆိုတာလည်း ထင်ရှားတယ်။ ပိုထင်ရှားအောင် သက်သေပြရရင် မူတူးဆေးဖို့တို့ ဗဟိုကော်မတီခေါ်ပြီး မစည်းဝေးခင်မှာပဲ တပ်မှူးကြီး ၂ ဦး(စောဂျော်နီနဲ့ ဘောကျော်ဟဲ)တို့ဆီက စစ်အုပ်စုတောင်းတဲ့ “တခုတည်းသောတပ်မတော်“ ဆိုတာကို လက်မခံဘူးလို့ ယတိပြတ်ပြောတဲ့အသံ ထွက်လာတာ မှတ်မိကြမှာပါပဲ။

ပြန်ချုပ်ရရင် စစ်အုပ်စုက KNU ကိုလုပ်ချင်တိုင်း လုပ်မရတာဟာ စစ်တပ်ကြောင့်မဟုတ်ပါ။ KNU ကို KNU ဂေါင်တွေက လုပ်ချင်တိုင်းလုပ်လို့မရလို့ပါ။
မျိုးမြင့်ချို(နိုဝင်ဘာ ၁၄၊ ၂ဝ၁၈)

0 comments:

Post a Comment