Saturday, December 1, 2018

(တာဝန်မခံရင် အစိုးရအမည်မခံတာ ကောင်းတယ်) မျိုးမြင့်ချို

0 comments
(တာဝန်မခံရင် အစိုးရအမည်မခံတာကောင်းတယ်)
ဘယ်နည်းနဲ့အာဏာရလာရလာ ကိုယ့်ရှေ့အစိုးရက တခြားနိုင်ငံတွေ တခြားအစိုးရတွေနဲ့ တရားဝင်ချုပ်ခဲ့တဲ့စာချုပ်တွေ၊ လုပ်လက်စအလုပ်တွေကို တဘက်သတ်ဖျက်လို့မရဘူး။ ဒါ နိုင်ငံတကာမှာ အစဉ်အဆက်ကျင့်သုံးလာတဲ့ ဥပဒေသပဲ။ တမင့်ကို လိုအပ်လို့လုပ်ထားရတာပဲ။ အဲ့လိုမှ လုပ်မထားရင် ဘယ့်လောက် ရှုပ်ထွေးမှုများမလဲဆိုတာ တွေးသာကြည့်။

နောက်ဆုံး ကုန်ကုန်ပြောမယ် ရွေးကောက်ပွဲတွေ၊ အာဏာကုလားဖန်ထိုးပွဲတွေ၊ အာဏာသိမ်းပွဲတွေ၊ စစ်ရှူံးဆက်ခံ၊ စစ်နိုင်အောင်ပွဲခံနည်းတွေနဲ့ အာဏာရလာတဲ့အစိုးရတွေမပြောနဲ့ လက်နက်ကိုင်တော်လှန်ရေးနည်းနဲ့ အာဏာရလာတဲ့အစိုးရတွေတောင် ရှေ့အစိုးရချုပ်ခဲ့တဲ့စာချုပ်တွေကို တဘက်သတ်ဖျက်ခွင့်မရှိဘူး။ သက်ဆိုင်ရာနိုင်ငံတွေနဲ့ ညှိပြီး လျှော်တန်တာလျှော်၊ လျော်တန်တာလျော်၊ ဆက် အကောင်အထည်ဖော်တန်တာ ဖော်ရတယ်။

ဒီနေရာမှာ ဟစ်တလာက ပထမကမ္ဘာစစ်အပြီး စစ်ရှူံးဂျာမဏီနဲ့ စစ်နိုင်တိုင်းပြည်တွေကြားမှာချုပ်ခဲ့တဲ့ Treaty of Versailles ကို “စာချုပ်ဆိုတာ ဆွဲဆုတ်လိုက်ရင် စက္ကူစုတ်ဖြစ်သွားတယ်“လို့ဆိုခဲ့တာဟာ သီးသန့်စဉ်းစားရမယ့်ကိစ္စဖြစ်တယ်။ စာချုပ်ချင်း အခြေခံသဘာဝကိုက မတူဘူး။

ဒီနေရာမှာ အဓိကပြောချင်တာကတော့ အစိုးရတွေဆိုတာ ဘယ်နည်းနဲ့အာဏာထဲဝင်လာလာ ရှေ့အစိုးရကိုကြိုက်ကြိုက် မကြိုက်ကြိုက် ဆက်တော့ ဆက်ခံရတာပဲ။ ခေတ်အခြေအနေ၊ တိုင်းပြည်အနေအထား၊ လူထုရဲ့တိမ်းညွှတ်မှု၊ အကျိုးအမြတ်ခွဲဝေမှုပြင်ဆင်ချုပ်ဆိုခြင်း စတာတွေနဲ့ အဘက်ဘက်က ချိန်ဆပြီးမှ လျော်မလား၊ လျှော်မလား၊ အကောင်အထည် ဆက်ဖော်မလားကို ဆုံးဖြတ်ရတာဖြစ်တယ်။ ကိုယ့်နောက်အစိုးရလည်း ကိုယ်လုပ်ခဲ့တာတွေကို ဆက်ခံရမှာဘဲ။ ကိုယ် ဘယ်လို ခရီးဆက်သွားမလဲကတော့ ကိုယ့်လက်ထဲအာဏာရောက်မှ ဆုံးဖြတ်ရမှာပါ။

ဒီအပေါ်ကနေ ကောက်ချက်ဆွဲရရင် အစိုးရဆိုတာ ကိုယ့်ရှေ့ကအစိုးရကို တာဝန်ခံရတယ်။ အဲ့အစိုးရလုပ်ခဲ့တာတွေကို တာဝန်ယူရတယ်။ ဒါမှ တာဝန်မခံချင်ဘူး၊ တာဝန်မယူချင်ဘူးဆို အစကတည်းက အစိုးရကိုမလုပ်နဲ့၊ အာဏာကိုမလိုချင်နဲ့။
အာဏာလည်းအပြည့်မရှိ လွတ်လွတ်ကျွတ်ကျွတ်လုပ်ပိုင်ခွင့်လည်းမရှိ၊ လွန်လည်း မလွန်ဆန်နိုင် လွန်လည်းမလွန်ဆန်ဝံ့ ဖြစ်နေတာကို လူတိုင်းသိပါတယ်။ စာလည်းစာနာ နားလည်း လည်ကြပါတယ်။ ဒါပေမယ့် နေရာတကာ “အရင်အစိုးရမကောင်းလို့၊ အရင်အစိုးရလုပ်ခဲ့တာတွေမို့လို့“ဆိုပြီး ကိုယ်လွတ်ရုန်းတဲ့ဆင်ခြေဆင်လက်ကိုတော့ လူထုက အော့နှလုံးနာလှပြီ။ နားခါးလှပြီ။ အဲ့သလိုအပြောအဆိုတွေကို ရပ်တန်းကရပ်သင့်ပြီ။

မြစ်ဆုံကိစ္စဟာ ဒီအတိုင်း ရေရှည်ဆက်လွှတ်ထားလို့မရတဲ့ကိစ္စဖြစ်တယ်။ သောင်မတင်ရေမကျ လုပ်ထားလို့မရတော့မယ့်ကိစ္စဖြစ်တယ်။ ဘယ်လိုရှင်းမလဲက ဆုံးကိုဆုံးဖြတ်ရတော့မှာဖြစ်တယ်။ ကောင်းဒဏ်ဆိုးဒဏ်ကိုတော့ ပြည်သူက ခံရမှာပဲ။ တိုင်းပြည်က ခံရမှာပဲ။ အစိုးရဆိုတာက အမှားဆုံး ဆုံးဖြတ်ချက်ကြီးတွေချပြီး တိုင်းပြည်ကိုချောက်ထဲထိုးချ ပြည်သူကိုဆင်းရဲဒုက္ခတွင်းထဲ ဆွဲသွင်းခဲ့ဦးတောင် ရာထူးပြုတ်ရုံ အာဏာမဲ့သွားရုံထက် (အလွန်ဆုံးထောင်ထဲရောက်ရုံထက်) ဘာမှ ပိုမဖြစ်ဘူး။
မျိုးမြင့်ချို(ဒီဇင်ဘာ ၁၊ ၂၀၁၈)

0 comments:

Post a Comment