(ငွေတု၊ လူတု၊ အစိုးရတု)
ကျနော်က တသောင်းတန်မသုံးရေးလက်ဝယ်မထားရေး ဆူဆူပူပူလုပ်ကြဖို့လှုံ့ဆော်တယ်။
ဦးမြင့်အေး(လိုင်စင်အသိမ်းခံရတဲ့ရှေ့နေ)က တသောင်းတန်အတုအစစ်ခွဲပေးဖို့
သက်ဆိုင်ရာကိုစာပို့ပြီးပြောတယ်။ လမ်းပေါ်ထွက်တဲ့နည်းနဲ့
သူ့အမြီးနဲ့သူ့ပြန်ချည်နည်း (ဥပဒေတွင်းနည်း)လို့ပြောရမယ်ထင်တယ်။ ကျနော့်နည်းက
ကျနော့်လို စာမတတ်ပေမတတ်လူတွေအတွက်။ သူ့နည်းက စတာတတ်ပေတတ် ပညာတတ်တွေအတွက်။
လူကို စာ(ပညာ)နဲ့ခွဲရင် ၂ မျိုးပဲရှိတယ်။
စာတတ်သူနဲ့မတတ်သူ။ ပညာတတ်သူနဲ့မတတ်သူ။ ဘွဲ့ရတိုင်း စာတတ်ပေမယ့် ပညာတော့တတ်ချင်မှ တတ်လိမ့်မယ်။ တခါ စာတတ်သူမှာလည်း စာဖတ်ချင်မှ
ဖတ်လိမ့်မယ်။ ကျနော်ပြောတဲ့စာက လူကို ရသသုတ်
စတာတွေပေးနိုင်စွမ်းတဲ့အပြင်စာတွေဖြစ်ပါတယ်။ အတွေးခေါ်(ဒဿန) စာပေကအစ
ဘာသာရေးစာအုပ်အလယ် အပြာစာအုပ်အဆုံးထိ အကုန်ပါပါတယ်။
လူဟာ သူနဲ့သူဆိုင်ရာတော့ စာတတ်သူတိုင်း
ဖတ်ကြတာပါဘဲ။ ဖတ်ပြီး နားလည်သိမြင်ခံစား တုံ့ပြန်ကြပုံတွေတော့ မတူဘူးပေါ့။ ဒါကလည်း
ဖြတ်သန်းလာတဲ့ဘဝက ပြဌာန်းပေးလိုက်တဲ့ ဘဝအသိတွေကိုက တူမှမတူကြတာကိုး။
ဘဝဖြတ်သန်းမှုတွေတူဦးတောင် တွေးခေါ်နိုင်တဲ့ရေချိန်က အနိမ့်အမြင့်ရှိသေးတယ်။
ထားပါတော့လေ အဲ့ဒါတွေ။
ပြန်ဆက်ရရင် ပညာတတ်(စာတတ်)သူက ပညာတတ်နည်း
စာတတ်သူနည်းနဲ့ တောင်းဆိုတိုက်ပွဲဝင်တာဘဲ။ ပညာမတတ် (စာမတတ်)သူက စာမတတ်နည်းနဲ့
တောင်းဆိုတိုက်ပွဲဝင်တာဘဲ။
အဲ့ဒီ လူ ၂ ခုနဲ့ နည်း ၂
ခုကိုပေါင်းစည်းတိုက်ပွဲဝင်ဖို့ လူတွေ တလျှောက်လုံးကြိုးစားခဲ့ကြတာပါဘဲ။
ပေါင်းမိသွားရင် ရည်မှန်းချက် အောင်မြင်သွားတယ်။ မပေါင်းမိရင် ဘာဖြစ်သွားလဲဆိုတော့
သစ်ခုတ်သမားနဲ့ပန်းပုဆရာဆိုပြီး သွေးခွဲခံရတယ်။ ဒါက ဘာ့ကြောင့်လဲဆိုတော့
အခြေခံအကျိုးစီးပွားခြင်း မတူကြတော့လို့ ကွဲသွားကြတော့လို့ဖြစ်တယ်။
ခုကိစ္စက ငွေကိစ္စ။ လူတိုင်း(စာတတ်တတ်
မတတ်တတ်၊ ပညာတတ်တတ် မတတ်တတ်၊ ဆင်းရဲရဲ ချမ်းသာသာ)နဲ့ဆိုင်တဲ့
တိုက်ရိုက်အကျိုးစီးပွားဖြစ်နေတယ်။ ဒီတော့ လူ ၂ လူ၊ နည်း ၂
နည်းပေါင်းစည်းသွားမိဖို့ကဖြစ်နိုင်စရာရှိတယ်ထင်တယ်။
ဒီ တူတဲ့အကျိုးစီးပွားအခြေခံပြီး ဒီလူတွေ
ဒီနည်းတွေနဲ့ပေါင်းပြီး စစ်အုပ်စုကိုရော သူ့ဆီက ကန်ထရိုက်ယူအုပ်ချုပ်ပေးနေတဲ့
စစ်ကန်ထရိုက်အစိုးရအတုကိုရော ဖိဖိစီးစီးဆောင်ရွက်လာအောင် လုပ်ရမယ်။ လုပ်တဲ့နေရာမှာ
ရွှေသမင်ဘယ်ကထွက်အထိပေါ်အောင် လုပ်ဖို့လိုမှာပါ။ အစစ်နီးပါးစစ်တဲ့ ငွေစက္ကူတုဆိုတာ
တော်ရုံလူ လုပ်နိုင်တာမှတ်လို့။
မျိုးမြင့်ချို(ဒီဇင်ဘာ ၁၈၊ ၂ဝ၁၈)
မျိုးမြင့်ချို(ဒီဇင်ဘာ ၁၈၊ ၂ဝ၁၈)
0 comments:
Post a Comment