Tuesday, December 18, 2018

ကုန်သွယ်ရေးစစ်စတင်ခြင်း(၉) Kyaw Zaaw Khine

0 comments
ကုန်သွယ်ရေးစစ်စတင်ခြင်း(၉)
(တရုတ်ကြွေးမြီပြဿနာ)
အမေရိကန်ကုန်သွယ်ရေးလိုငွေပြတာ စုစုပေါင်း ဘယ်လောက်ရှိသလဲဆိုတာ ရှေ့မှာပြောခဲ့ကြပေမယ့် ဘယ်နိုင်ငံတွေနဲ့ ဘယ်လောက် လိုငွေ ပြသလည်းဆိုတာတော့ မပြောဖြစ်ခဲ့ဘူး။ ခု၂ဝ၁၅ ခုနှစ်ကစာရင်းတွေကို ကြည့်ရအောင်။ ခုအချိန်မှာ စုစုပေါင်းဘယ်လောက်ဆိုတာမှာ အပြောင်အလဲရှိပေမယ့် အနည်းအများပမာဏကတော့ ခုအစီအစဉ်အတိုင်းရှိလျှက်ပါပဲ။
တရုတ် ၂၆၇ ဘီလီယံ
အီးယူ ၁၅၆ ဘီလီယံ
ဂျပန် ၆၉ ဘီလီယံ
မက္ကစီကို ၆၁ ဘီလီယံ
တောင်ကိုရီးယား ၂၁ ဘီလီယံ
ကနေဒါ ၁၅ ဘီလီယံ ဆိုပြီးတွေ့ရမယ်။ တနည်းပြောရရင် ဒါထရမ့်နဲ့ သူ့အဖွဲ့တွေပစ်မှတ်ထားနေတဲ့နိုင်ငံတွေပါ။ ဒီတော့ ပြီးခဲ့တဲ့ ကုန်သွယ်စစ် ၈မှာပြောခဲ့တဲ့ တရုတ်ပြီးရင် ဥရောပနဲ့ဂျပန်လာမယ်ဆိုတာ ဒီစာရင်းအရဆိုရင်ရှင်းလာတယ်။

အီးယူနဲ့(၁၅၆)ဘီလီယံရဲ့ တဝက်လောက်က ဂျာမနီနဲ့ဖြစ်တဲ့လိုငွေ။ ဒီစာရင်းထဲမှာ နက်ဖ်တာကို စာချုပ်ပြန်ချုပ်ထားတော့ မက္ကစီကိုနဲ့ ကနေဒါ က အနည်းနဲ့အများ ရှင်းပြီးသားဆိုရမယ်။ အီးယူနဲ့ဂျပန်ကို ကားနဲ့အခြားပစ္စည်းတချို့မှာ ထေမိရင် စာရင်းထဲမှာကျန်နေတာ ကေပေါ့နဲ့ အနေကျော့နေတဲ့ တောင်ကိုရီးယားဖြစ်တယ်။ ဂျပန်က တောင်ကိုရီးယားနဲ့ အမှုတွဲတူတာက စစ်စခန်းတွေချထားရလို့ စရိတ်မပေးရင် စခန်းတွေပြန်ဆုတ်မယ် အသံပစ်ခံထားရတယ်။ မြောက်ကိုရီးယားကလည်း ဒီစီးပွားရေးမှာ နိုင်ငံရေးဖဲအနေနဲ့ဝင်လာမယ်။ နေတိုးက သိပ်အသုံးမဝင်တော့ဘူးဆိုပေမယ့် ဥရောပကလည်း သူ့မြေမှာ အမေရိကန်ရဲ့စစ်အင်အားဖြန့်ထားမှုကို မြက်ထုံးတဘက် ဆိတ်တဘက်နဲ့ ထိမ်းထားလိုဆဲပဲ။ အနောက်ဥရောပမြေအောက်က ဓါတ်ငွေ့ပိုက်လိုင်းကိုထိမ်းချုပ်ထားတဲ့ ပူတင်ရဲ့ရုရှားကို ဥရောပကစစ်ရေးမှာတော့ လျှော့တွက်မထားပါဘူး။ ဂေါ်ဘာချော့ဖ်နဲ့ရေဂင် လက်မှတ်ထိုးခဲ့တဲ့ စစ်လက်နက်ထိမ်းချုပ်ရေးကို ထရမ့်က ဆက်မထိုးတော့ဘူး။

အမေရိကန်ကနေ အီရန်ပိတ်ဆို့ထားမှုသာ ကုန်သွယ်စစ်နဲ့တိုက်ရိုက်ပတ်သက်ခဲ့မယ်ဆိုရင် ခုပြောနေတဲ့ကုန်သွယ်ရေးစစ်ရဲ့ အတက်အဆင်းနဲ့ သက်ရောက်မှုကျယ်ပြန့်မှု ဖြစ်နိုင်ချေတွေဟာ တကမ္ဘာလုံးရဲ့စီးပွားရေးနိုင်ငံရေး အခြေအနေတွေနဲ့ဆက်စပ်နေမယ်၊ အလွယ်တကူခန့်မှန်းတွက်ဆဖို့မဖြစ်နိုင်ဘူးဆိုတာပေါ်လွင်နေတယ်။

ဟုတ်ပြီ။ ကုန်သွယ်ရေး အသာရတဲ့နိုင်ငံတွေ အတော်များများက တရုတ်နည်းကိုသုံးကြတယ်။ ဆိုလိုတာက သူတို့ရတဲ့ကုန်သွယ်ရေးပိုငွေကို ဒေါ်လာအက်ဆက်(ဘွန်း၊ စတော့၊ ရှယ်ယာ) တွေမှာ ဝယ်ရင်းနှီးမြုပ်နှံကြတာပါ။ ဒီနည်းနဲ့ အမေရိကန်ဒေါ်လာဟာ တကမ္ဘာလုံးကို (၁ဝ) ထရီလီယံလောက် ပြီးခဲ့တဲ့ နှစ်(၃ဝ)ကျော်မှာပြန့်နှံ့သွားခဲ့တယ်။ အမေရိကန်ဟာ ကုန်သွယ်ရေးမှာ ရှူံးနေတယ်ဆိုပေမယ့် အစိုးရဘွန်းတွေ ရောင်းကောင်းနေတယ်။ ငွေဖောင်းပွနှုန်းကျတယ်။ ဒီတော့ အတိုးနှုန်းနည်းနည်းနဲ့ရောင်းလို့(ငွေချေးလို့) ရတယ်။ စတော့တွေ ပြန်ရောင်း ရတော့ အက်ဆက်ဈေးတွေ တက်တယ်။ ဝယ်ရင်းထားတဲ့ပြည်သူတွေ မြတ်စွန်းတယ်။ စားသုံးမှုတက်တယ်။ ဆိုတော့ ကုန်သွယ်ရေးလိုငွေ တွေအားလုံး လျော့ချလိုက်ရင် ခုလိုသွားနေတဲ့စီးပွားရေးချောမွေ့မှုကို အဟန့်အတားဖြစ်မယ်။

နောက်တချက်က ကုန်သွယ်ရေးလိုငွေကျလာတာနဲ့ အတိုးနှုန်းတက်လာမှာ ဖြစ်တယ်။ ခုကိုပဲ ကုန်သွယ်ရေးစစ်နဲ့မဆိုင်ပဲ တမ္ဘာလုံးကိုပြန့် နေတဲ့ငွေတွေကိုပြန်သိမ်းဖို့ အမေရိကန်ဗဟိုဘဏ် ငွေကြေးပေါ်လစီက ငွေပြန်သွင်းတဲ့၊ ကျပ်တဲ့ QT ကိုသုံးနေတယ်။ အတိုးနှုန်းတင်ပြီး ဖန်တီးထားတဲ့ငွေတွေကို ပြန်ဖျက်နေတာတလကို (၅)ဘီလီယံလို့ စာရင်းထွက်ထားတယ်။ အစိုးရကုန်သွယ်စစ်နဲ့ဘဏ်ရဲ့ငွေကြေးပေါ်လစီဟာ တခုကိုတခု အထောက်အကူမပြုတဲ့သဘော ဖြစ်နေတယ်။ ဆိုလိုတာက အမေရိကန်ဟာ ကုန်သွယ်မှုကွာဟငွေကို လျော့ချရမှာဖြစ်သလို (တရုတ်ပစ္စည်းမသုံးလို့ ဈေးကြီးပေးဝယ်တဲ့အခါ လက်ထဲငွေများများလိုတယ်) ဖန်တီးထားတဲ့ငွေတချို့ကိုလည်း ပြန်ဖျက်ပစ်ရမှာ (ဈေးကွက်ထဲ ငွေနည်းသွားမယ်လုပ်ရပ်ဖြစ်လို့ ငွေများများလည်ပတ်ဖို့လိုတာနဲ့ ဆန့်ကျင်ဘက်) ဖြစ်တယ်။

တရုတ်ဘက်ကိုကြည့်တော့ တရုတ်ဟာနိုင်ငံခြားအရံငွေအများကြီး(ဒေါ်လာတွေအများကြီးဝယ်စု) ရှိထားတယ် ဆိုပေမယ့်သူ့မှာလည်း ကြွေးမြီတွေရှိနေတယ်။ ဒါပေမယ့် အမေရိကန်ကြွေးမြီနဲ့ သဘာဝချင်းတော့မတူဘူး။ တရုတ်အကြွေးတွေက အစိုးရရဲ့ကြွေးမြီဆိုတာထက် ရင်းနှီးမြုပ်နှံမှုအတွက် ဘဏ်တွေကချေးယူထားတဲ့ ကြွေးတွေ။ တရုတ်မှာ ကော်ပိုရိတ်ကြွေးမြီက ၂ဝ၁၇ နှစ်ဝက်လောက်မှာ တရုတ်ဂျီဒီပီရဲ့ ၁၆၃% ရှိတယ်။ ကြွေးမြီစုစုပေါင်းက ဂျီဒီပီရဲ့ ၂၅၆% ရှိတယ်ဆိုတော့ ကော်ပိုရိတ်ကြွေးက ကြွှေးအားလုံးရဲ့ ၆၄ ရာနှုန်းလောက် ရှိနေတယ်။ ဒါကြောင့်ဘဏ်တွေကို အစိုးရကချေးငွေတွေလျှော့ချဖို့ ဖိအားပေးနေရတယ်။ ဒါပေမယ့် ကုန်သွယ်စစ်မှာ ကုန်တွေအရောင်းထိုင်းလို့ ငွေပြန် မပေါ်ရတဲ့အထဲ ချေးငွေတွေလျော့ချလိုက်ရင် ဈေးကွက်ထဲ ငွေလည်ပတ်မှုနည်းမှာကိုလည်း ချိန်ဆရသေးတယ်။ တရုတ်ကြွေးမြီက ဂျီဒီပီရဲ့ ၂၅ဝ ရာနှုန်းကျော်လောက် ပဲရှိတာ။ ၃ဝဝ% ကျော်နေတဲ့ ဂျပန်ဆို ဘယ်လိုလုပ်မလဲလို့ ပြောစရာရှိပါတယ်။ မတူတာက လူတဦးချင်းစီ ဝင်ငွေပါ။ ရှေ့အပတ်တွေမှာပြောခဲ့သလို တရုတ်မှာဝင်ငွေနဲ့ဝယ်လိုအားဟာ အမေရိကန်၊ အနောက်ဥရောပနဲ့ ဂျပန်နောက်မှာအများကြီး ပြတ်ကျန်နေတုန်းပါပဲ။ (ဇယားမှာယှဉ်ကြည့်ပါ)။

ဇယားကြည့်တဲ့အခါမှာ ရေညီလိုင်းက အကြွေးနဲ့ဂျီဒီပီအချိုးပါ။ ညာဘက်ရောက်လေ အခြေအနေဆိုးလေလို့ သဘောပေါက်နိုင်တယ်။ ဂျပန်ရဲ့အကြွေးဟာ ဂျီဒီပီရဲ့ ၃ဝဝ% ကျော်နဲ့ အဆိုးဆုံးမှာရှိနေတယ်။ တရုတ်ဟာ အမေရိကန်ထက် ကြွေးနည်းနည်းပိုများနေတယ်။ ဂျီဒီပီ အရနှိုင်းယှဉ်တာပါ။ ဂျီဒီပီချည်းသက်သက်မဟုတ်ပဲ တဦးချင်းဝင်ငွေအနေနဲ့ပါကြည့်ရင် ထောင်လိုက်မျဉ်းမှာကြည့်နိုင်တယ်။ အပေါ် ရောက်လေ အခြေအနေကောင်းလေ ဆိုတဲ့သဘောပါ။ တဦးချင်းဝင်ငွေမှာ အမေရိကန်ပြီးရင် ဆော်ဒီရှိနေပါတယ်။ တောင်ကိုရီးယားဟာ အီတလီထက်သာပြီး ပြင်သစ်၊ အင်္ဂလန်နဲ့ ဂျပန်တို့ကို လိုက်နေတာတွေ့ရမယ်။ တရုတ်ရှိနေတဲ့နေရာက $60k လိုင်းနားကိုကပ်နေတဲ့ (တနည်း တနှစ်ကိုဒေါ်လာ ၆သောင်း သို့မဟုတ် တလကို နိုင်ငံသားတဦးပျမ်းမျှ ဒေါ်လာငါးထောင် ဝင်တယ်လို့ဆိုလိုတယ်) အမေရိကန်ရဲ့ တဝက်လောက်ဖြစ်တဲ့ ရုရှားထက်ကို တဝက်လောက်အောက ထပ်ကျနေတာကိုတွေ့ရပါမယ်။

တရုတ်တဦးချင်းငွေက တနှစ်ဒေါ်လာတသောင်းခွဲသာသာနဲ့ တလကို ဒေါ်လာ ၁၃ဝဝ လောက်လို့တွေ့ရတယ်။ ဒီမှာတခုမေးစရာရှိတယ် ဒါဆိုတရုတ်ကိုဘာလို့ ကမ္ဘာ့ဒုတိယစီးပွားအင်အားကြီးနိုင်ငံလို့ ခေါ်ရတာလဲဆိုတာ။ ဒါက ဂျီဒီပီစုစုပေါင်းကိုကြည့်ပြီး သတ်မှတ်တာပါ။ စုစုပေါင်းငွေကများပေမယ့် လူဦးရေများတော့ တဦးချင်းဝင်ငွေမှာ အများကြီးနိမ့်သွားတယ်။ အရင်းစနစ်နိဂုံးမှာ နိုင်ငံတွေ ဆင်းရဲချမ်းသာ ဘယ်လိုသတ်မှတ်တယ်၊ ဖွံ့ဖြိုးမှုပုံစံတွေ ဘယ်လိုသတ်မှတ်တယ်ဆိုတာ ပြောထားပါတယ်။ ဒီမှာကြုံလို့နည်းနည်းပြောရရင် ၂ဝ၁၇ စာရင်းအရ မြန်မာရဲ့ဂျီဒီပီက ၇ဝ ဘီလီယံလောက်ရှိပြီး စင်ကာပူ ဂျီဒီပီက ၃၂၅ ဘီလီယံလောက်ရှိပါတယ်။ တကယ်လို့ မြန်မာစီးပွားရေးက တနှစ်ကို ၁၂% လောက်တက်နေပြီး စင်ကာပူက လက်ရှိအတိုင်း ၃ ရာခိုင်နှုန်းနဲ့ ၄ရာနှုန်းအကြား တိုးတက်နေမယ်ဆိုရင် ၂ဝ၂၇ အကျော်မှာ မြန်မာ ဂျီဒီပီက ဘီလီယ(၅ဝဝ)ကျော်သွားမှာဖြစ်ပြီး စင်္ကာပူက(၄၈ဝ)ဘီလီယံလောက်မှာ ရှိနေပါမယ်။ စုစုပေါင်း ဂျီဒီပီသာတယ်ဆိုရင် မြန်မာစီးပွား ရေးက စင်္ကာပူထက်ကြီးသွားပြီ၊ ကျော်တက်သွားပြီလို့ ပြောနိုင်မှာဖြစ်တယ်။ သို့သော် အဲသည်အချိန်မှာပဲ စင်္ကာပူတဦးချင်းပျမ်းမျှဝင်ငွေက တလကို ဒေါ်လာ(၈ဝဝဝ)နီးပါးဖြစ်နေမှာဖြစ်ပြီး မြန်မာတဦးချင်းပျမ်းမျှဝင်ငွေကတလကို ဒေါ်လာ(၈ဝဝ)ပြည့်မှာ မဟုတ်သေးပါဘူး။ ဒါက နိုင်ငံတွေစီးပွားရေးအတိုင်းအဆကို ဘယ်လိုချိန်သလဲဆိုတာကို ယှဉ်ပြတာဖြစ်တယ်။ (မှတ်ချက်။ မြန်မာဖွံ့ဖြိုးမှုက ခုနေမှာ ၆ ကနေ ၇%လောက်သွားနေပါတယ်။ တကယ်တမ်း ဖွံ့ဖြိုးမှုနိမ့်ကျတဲ့နိုင်ငံတွေ စီးပွားတက်လာရင် ဂျီဒီပီမှာ ကိန်းဂဏ္ဍန်း ၂ လုံး ရှိလေ့ရှိတယ်။ ဥပမာ တရုတ်တက်နေတဲ့အချိန်တွေမှာ ဂျီဒီပီဟာ ၁၆% လောက်ကို ဆယ်စုနှစ်တွေနဲ့ချီပြီး တက်တာတွေ့ရတယ်။ မြန်မာမှာ ပေါ်လစီပိုင်းကော၊ လူထုကပါ တက်ညီလက်ညီသာ တကယ်လုပ်နိုင်ရင် ၁၂% ဆိုတာ စိတ်ကူးယဉ်မဟုတ်ပါဘူး)

တရုတ်ဘက် ပြန်လှည့်မယ်ဆိုရင်တော့ တရုတ်ကြွေးမြီဟာများတယ်ဆိုတာထက် မြင့်တက်လာတဲ့နှုန်း မြန်လွန်းတာပါ။ အတွေ့အကြုံတွေက ထုတ်နှုတ်ထားတဲ့ သဘောတရားအရဆိုရင်တော့ ငါးနှစ်အတွင်းကြွေးမြီ ဂျီဒီပီရဲ့ ၃ဝ% တက်ပြီဆိုရင် နိုင်ငံတနိုင်ငံဟာ စီးပွားရေးအကျပ် အတည်းထဲကို ရောက်သွားတာပါပဲ။ ဒါ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ အိုင်အမ်အက်ဖ်က နိုင်ငံ(၄၃)နိုင်ငံကိုကြည့်ပြီးလုပ်ထားတဲ့ လေ့လာ ချက်ဖြစ်ပြီး အဲဒီအထဲက ၅ နိုင်ငံဟာ အကြီးအကျယ် စီးပွားရေးဆုတ်ယုတ်ကျဆင်းမှုနဲ့ ရင်ဆိုင်ရတာကို တွေ့ရတယ်ဆိုတယ်။ ခုတရုတ်ဟာ ငါးနှစ်အတွင်း ကြွေးမြီ ၅၄% တက်လာတာ တွေ့ရတယ်။ တရုတ်အတွက် အချက်ပေးခေါင်းလောင်းသံ အကျယ်ကြီးပဲဖြစ်တယ်။ အိုင်အမ်အက်ဖ်ရဲ့ ခန့်မှန်းချက်အရ တရုတ်ကြွေးမြီဟာ၂ဝ၂ဝ ကျော်ရင် ဂျီဒီပီရဲ့ ၃၃ဝ% လောက်ရောက်သွားမှာဖြစ်ပြီး ဂျပန်နောက်မှာ အဆိုးဆုံးနိုင်ငံဖြစ်နေမယ်လို့ ဆိုတယ်။ ဒီအခက်အခဲကို ကျော်လွှားနိုင်မယ့်နည်းအဖြစ် စီးပွားရေးတိုးတက်နှုန်းကို ထိမ်းထားရမှာဖြစ်ပြီး အဲသည် ဂျီဒီပီနဲ့ အခွန်အခတွေမြှင့်ပြီး ကြွေးမြီတွေကျိုက်ပစ်ရမယ်လို့ သုံးသပ်ကြပါတယ်။ ဒီနည်းသာ အမှန်တကယ်အကောင်အထည် ပေါ်မယ်ဆိုရင် ၂ဝ၂ဝ နောက်ပိုင်းမှာ တရုတ်ကြွေးမြီဟာ ဂျီဒီပီရဲ့ ၂၉ဝ% လောက်မှ ထိမ်းထားနိုင်မယ်၊ အတန်အသင့်တည်ငြိမ်မယ်လို့လည်း တွက်ထားကြတာတွေ့ရတယ်။ မြန်မာကြွေးမြီဟာ ဂျီဒီပီရဲ့ ၃ဝ% ကျော်လောက်ပဲရှိပါတယ်။

တရုတ်ရဲ့ကြွေးမြီတွေ အလျှင်အမြန်တိုးလာလို့ တချို့က ခရက်ဒစ်ဆူနာမီလို့ တင်စားခေါ်ကြတယ်။ ၂ဝ၁၆ ကနေ ၂ဝ၂၂ အတွင်းကြွေးမြီကို ၂၇ ထရီလီယံအထိတိုးမယ်လို့ ကုန်သွယ်စစ်မတိုင်မီက ခန့်မှန်းထားချက်တွေရှိတယ်။ အဲသည်ပမာဏကို အမေရိကန် တိုးလာမယ့်ကြွေး ၁၈ ထရီလီယံနဲ့ယှဉ်ကြည့်တော့ တရုတ်ကသာသွားတယ်။ တဘက်မှာ အကြွေးများလာတာဟာ ပါဝါတက်လာနိုင်တဲ့သဘောလို့လည်း ကောက်ယူချက်တွေရှိ နေတယ်။ ကုန်သွယ်စစ်သာမဖြစ်ခဲ့လို့ တရုတ်နဲ့အမေရိကန် နှစ်နိုင်ငံပေါင်းသာ တကယ်တမ်းကြွေးမြီ ဒေါ်လာ (၄၅) ထရီလီယံ (၂၇+၁၈) တက်လာမယ်ဆိုရင် အဲဒါဟာ လက်ရှိအမေရိကန်ဂျီဒီပီရဲ့ (၂)ဆခွဲလောက်ရှိနေတယ်။ နယူယော့ကနေ စင်္ကာပူ၊ တိုကျိုအထိ အိမ်ခြံမြေဈေးတွေ တဟုန်ထိုးမြင့်တက်လာမယ့်သဘောပါ။ အိုင်အမ်အက်ဖ်ရဲ့ ၂ဝဝ၉ ကနေ ၂ဝ၂ဝ အထိ  တရုတ်ကိုခန့်မှန်း ထားတဲ့ စာရင်းဇယားတွေကိုကြည့်မယ်ဆိုရင် ကော်ပိုရိတ်ကြွေးမြီဟာ ဂျီဒီပီရဲ့ ၂ဝဝ ရာနှုန်းနီးပါး၊ အိမ်ထောင်စုတွေ(အိမ်သုံးပစ္စည်းတွေ) ရဲ့ကြွေးမြီက ဂျီဒီပီရဲ့ ၆ဝ ရာနှုန်းကျော်၊ အစိုးရကြွေးမြီက ဂျီဒီပီရဲ့ ၄ဝရာနှုန်းကျော်လောက ရှိလာပါမယ်။ ဒီအခြေအနေမှာ တရုတ်စီးပွားရေး အတွက် ခန့်မှန်းရခက်တဲ့အနေအထားတွေကို စီးပွားရေးပညာရှင်တွေက တွက်ဆပြကြတယ်။ အဲဒါတွေထဲကတခုက တရုတ်စီးပွားရေး ပူဖေါင်း ၂ဝ၂၂ မတိုင်ခင် ပေါက်မယ်ဆိုတာပါ။ ဆိုတော့ ကုန်သွယ်စစ်ဟာ လက်ရှိအနေအထားကို အနည်းနဲ့အများကိုယ်ရှိန်သတ်ဖို့ ဖြစ်လာစေခဲ့တယ်။

(ငွေလဲနှုန်းသက်ရောက်မှုများ)
တဘက်မှာ ရှေ့မှာပြောခဲ့တာတခုကို မှတ်မိဦးမယ်ထင်ပါတယ်။ တရုတ်စီးပွားရေးကို ၂ဝ၁၄ အထ တဖြတ်နဲ့ ၂ဝ၁၄ ကနေ လက်ရှိအထိ တဖြတ်၊ ၂ ပိုင်း ခွဲကြည့်ဖို့ဆိုတာပါ။ တရုတ်ဟာ အမေရိကန်နဲ့အနောက်နိုင်ငံတွေထက် လူတဦးချင်းဝင်ငွေနိမ့်ကျနေဆဲဖြစ်တယ်လို့ ဇယား မှာလည်းပြထားတယ်။ တကယ်တမ်း စီစီစစ်စစ်တွက်တော့ အလယ်အလတ်တန်းစားဝင်ငွေရှိသူတွေရဲ့ တနေ့သုံးစွဲနိုင်တဲ့ဝင်ငွေ (median disposable personal income) ဟာ ၁ဝဒေါ်လာအောက် (အတိအကျဆို ၈ဒေါ်လာကျော်)မှာပဲရှိပါသေးတယ်။ တရုတ်စက်ရုံတွေရဲ့ ထုတ်လုပ်နှုန်းတွေကလည်း အမြင့်မားဆုံးဖြစ်နေတော့ တရုတ်ဟာ သူ့ပြည်တွင်းကနေ သူ့ကိုသုံးစွဲနိုင်နှုန်းဟာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ တကမ္ဘာလုံးအနေနဲ့ကို တရုတ်ထုတ်လုပ်မှုကိုသုံးစွဲဖို့ မလုံလောက်ဘူးလို့တွက်ဆထားကြတယ်။ ဒါဟာတရုတ်ကို တကမ္ဘာလုံးနဲ့ချီတဲ့ ဧရာမ ပရောဂျက်ကြီးတခု ကြံစည်ဖို့တွန်းအားပေးတာပါပဲ။ နဂါးပတ်လမ်း (OBOR)ဟာ ဒီပြဿနာရဲ့အကျိုးဆက်ဖြစ်တယ်။ ၂ဝ၁၄ မှာဘာလို့ ဒီပြဿနာ စဝင်လာတာလည်းဆိုရင် ငွေလဲနှုန်းကိုလည်း အကြောင်းအချက်တခုအနေနဲ့ ထောက်ပြရမှာဖြစ်တယ်။ တရုတ်တွေ ယွမ်ငွေလဲနှုန်း ကို နှိမ့်ပြီး နိုင်ငံတကာကုန်သွယ်ရေးမှာ အသာစီးယူရာကနေ ၂ဝဝ၅ မှာ ယွမ်ငွေတန်ဖိုးကိုစတင်တယ်။ (ဂရပ်ကိုကြည့်ပါ)။ အဲဒါက တရုတ် ကော်ပိုရေးရှင်းတွေနဲ့ဘဏ်တွေကို ဒေါ်လာငွေချေးယူဖို့ တွန်းအားပေးတဲ့သဘောဖြစ်တယ်။ ယွမ်ဈေးတက်လာရင် ဒေါ်လာချေးငွေတွေ ပြန်ပေးရင်မြတ်မှာကိုး။ ဒါပေမယ့် ၂ဝဝ၅ က စတင်တဲ့ယွမ်ဈေးဟာ ၂ဝ၁၄ မှာပြန်ချတယ်။ အကျိုးဆက်က ၂ဝ၁၄ တတိယ (၃)လပတ်မှာ တရုတ်ကိုဝင်တဲ့ငွေထက် တရုတ်ကထွက်သွားတဲ့ငွေက ပိုများလာတာတွေ့ရတယ်။ ၁ဝ စုနှစ်တွေအတွင်း ပထမဆုံး အပြောင်းအလဲကို ကြုံရတာဖြစ်တယ်။
ငွေရင်းပျံထွက်မှု (capital flight) က ၂ဝ၁၄မှာ ၁၁၈ဘီလီယံ၊ ၂ဝ၁၅မှာ(၆၄၇)ဘီလီယံနဲ့ ၂ဝ၁၆မှာ (၆၄၆)ဘီလီယံ ရှိတယ်။ ၃နှစ် စုစုပေါင်း ၁.၄ ထရီလီယံကျော်တယ်။ ၃နှစ်အတွင်း ၁ထရီလီယံခွဲဆိုလောက် နိုင်ငံတွင်းက နေငွေတွေထွက်နေချိန်မှာ တရုတ်ဗဟိုဘဏ်မှာ နိုင်ငံခြား အက်ဆက်ငွေတွေ ကျတယ်။ အကျိုးဆက်က ဈေးကွက်ထဲမှာလည်ပတ်နေတဲ့ငွေတွေ ကျလာတယ်။ ပညာရပ်စကားကတော့ Monetary Base ကျလာတယ်ပေါ့။ ဒါကိုကုစားဖို့ တရုတ်ဗဟိုဘဏ်က သူ့ဘဏ်တွေကို ငွေချေးပေးတယ်။ ဈေးကွက်ထဲကို ငွေသွင်းတဲ့သဘော။ ၂ဝ၁၄ ကနေ ၂ဝ၁၈ နှစ်ဦးပိုင်းထိ သွင်းထားတဲ့ငွေဟာ ယွမ်(၁ဝ)ထရီလီယံရှိတယ်။ ဒေါ်လာ(၁)ထရီလီယံကျော်ပေါ့။ အပေါ်မှာ တရုတ်ကထွက်သွား တဲ့ငွေကို ပြန်ကာမိအောင်လုပ်ပေးနေတဲ့သဘောပါပဲ။ ဒီလိုအစိုးရက ဝင်ကာတော့ ၂ဝ၁၆ ကစပြီးတရုတ်ဈေးကွက်မှာ နည်းနည်းအနေအထား မဆိုးသလို ပြန်ဖြစ်လာတယ်။ ၂ဝ၁၇ မှာ အပြင်ထွက်သွားတဲ့ငွေက ၇ဝ ဘီလီယံကျော်ကျော်ပဲရှိတော့တယ်။ မဆိုးဘူးပြန်ငြိမ်လာတယ် ဆိုပေမယ့် တကယ့်ပြဿနာက မဖြေရှင်းရသေးပါဘူး။ ဒါက အပေါ်မှာပြောခဲ့တဲ့ တရုတ်ကြွေးမြီပြဿနာလည်နေတဲ့ပုံစံပါ။ အမေရိကန်တွေနဲ့ သဘာဝချင်းမတူဘူး။

တရုတ်ဟာ ပြည်တွင်းစီးပွားရေးတည်ငြိမ်နေဖို့အတွက် အစိုးရက ငွေဝင်ချေးပေးနေတာ (ဒါမှမဟုတ် ဘဏ်အပ်နှံငွေအချိုးကိုချတာ) တခုခုတော့ ဆက်လုပ်ပေးနေရပါဦးမယ်။ ဒါပေမယ့် တရုတ်စီးပွားရေး တရှိန်ထိုးတက်လာတာ ပြင်ပကမ္ဘာကြောင့်ပါ။ တရုတ်စီးပွားရေးရဲ့ အားနည်းချက်က အပြင်ကိုမှီခိုနေရတာပဲဖြစ်တယ်။ ၁၉၈၆ ကနေ ၁၉၉၆ (၁ဝ)နှစ်အတွင်း တရုတ်ငွေရင်းမြင့်တက်လာတာမှာ ကျွဲကူးရေပါ ပါလာတာက ငွေဖောင်ပွနှုန်းဖြစ်တယ်။ ၁၉၈၈ မှာ ၂၈% အထိ တက်လာတယ်။ ဒါကြောင့် ၁၉၈၉ မှာ တိန့်ရင်မင်အရေးအခင်းဖြစ်တယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်၂ဝ ၁၉၉ဝ ကနေ ၂ဝ၁ဝ နောက်ပိုင်းအထိ တရုတ်မှာ ငွေဖောင်းပွနှုန်းမဖြစ်ဖူး။ အမေရိကန် ဂျပန်နဲ့ ဥရောပမှာလည်း မဖြစ်ဘူး။ ဒီတော့ တရုတ်အစောပိုင်းက စပိတက်လို့ အင်ဂျင်ပူတဲ့သဘောပဲလို့ ကောက်ချက်ချကြတယ်။ သည်မှာ အရေးကြီးလာတာ အင်ဖလေးရှင်းရဲ့ သဘောသဘာဝပဲ။ သီအိုရီပြောင်းလာတဲ့သဘော (အတွေ့အကြုံပိုင်းကသီအိုရီကို ပြည့်စုံအောင် နားလည်ဖို့မပံ့ပိုးနိုင်သေး တဲ့သဘော) ဖြစ်တယ်။ နောက်ပိုင်းဆက်ဆွေးနွေးပါ့မယ်

ကုန်သွယ်စစ်စဖြစ်တဲ့ မေလကနေ ခုထိ စီးပွားရေးအင်အားကြီး ၂နိုင်ငံဟာ အိမ်စာတွေ မဖြစ်မနေလုပ်ရတယ်။ ခုတော့ ဗြူနိုအေရီမှာ ပြီးခဲ့တဲ့စနေနေ့ည (အရှေ့မှာဒီဇင်ဘာ၁ရက်)က နောက်ထပ်(၆)လ ကုန်သွယ်ခွန် ထပ်မတင်ဘူးဆိုတဲ့သဘောတူညီချက်၊ ကုန်သွယ်ရေးလိုငွေ လျော့ချဖို့ တရုတ်က အမေရိကန်ကုန်တချို့ တိုးဝယ်မယ်ဆိုတဲ့သဘောတူညီချက်၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းကို ပြန်လည်ပြင်ဆင်ဖွဲ့ စည်းမယ်ဆိုတဲ့ သဘောတူညီချက်တွေနဲ့ ရှီကျင်းပင်နဲ့ ဒေါ်နယ်ထရမ့်ဟာ အစမ်းစာမေးပွဲပြီးသွားတဲ့ကလေးတွေ ကျောင်းထဲကထွက်လာ ကြသလို ညစာစားပွဲခန်းမဆောင်ထဲက ထွက်လာကြတာတွေ့ရတယ်။ ဒီဇင်ဘာ (၃)ရက် တနလာင်္နေ့မှာ တကမ္ဘာလုံးစတော့တွေတက်တယ်။ အားလုံးပျော်နေချိန်ဟာ (၁)ရက်ပဲခံတယ်။ အင်္ဂါနေ့မှာ ပုံမှန်ပြန်ဖြစ်လာတာတွေ့ရပြန်တယ်။ တရုတ်ဘက်က ဘာသတင်းမှမထုတ်ပြန်လို့ပါ။ ရှီကျင်းပင်က မေးခွန်းနဲ့အဖြေတွေပြန်ကြည့်ပြီး အမှတ်တွေတွက်နေတဲ့အချိန်မှာ တရုတ်ဘက်က သတင်းမထွက်နိုင်ပုံပဲ။ ဘာပဲဆိုဆို ယာယီ စစ်ပြေငြိမ်းထားတဲ့ တရုတ်အမေရိကန်ကုန်သွယ်စစ်ဟာ ၆ လခံ တားဆေးထိုးထားတဲ့သဘောမျိုးပါလားလို့ ဈေးကွက်ထဲက ကျွမ်းကျင်သူ တွေက ချက်ချင်းရိပ်မိသွားတယ်။ ကုန်သွယ်စစ် ၇ မှာ စစ်ရှိန် ခနပြန်ကျမယ်လို့ ခန့်မှန်းထားချက်ကတော့ မှန်သွားတဲ့သဘောရှိတယ်။

နိုဝင်ဘာ နဲ့ ဒီဇင်ဘာမှာ ဒေါ်လာပြန်ကျမယ်လို့ပြောရင်ပြောလို့ရတဲ့ နိုင်ငံတကာအခြေအနေတခုကို ရောက်ရှိနေပါတယ်ဆိုတဲ့ ကုန်သွယ်စစ် ၆ ကိုလည်း မှန်းချက်မှန်မယ်လို့ပြောနိုင်ပါတယ်။ တခုတော့ရှိတယ်။ ငွေဈေးကတော့ ဒီလောက်ရိုးစင်းပုံမပေါ်ပါဘူး။ လက်ရှိဒေါ်လာအကျဟာ လန့်ကျပါ။ ကုန်သွယ်စစ်ရှိန်အတန့်မှာ အင်အားစုတခုက လန့်ပြီးလှုပ်လို့ကျတဲ့ အကျမျိုးပါ။ ခနနဲ့ ပြန်ငြိမ်သွားနိုင်ပါတယ်။ ဒေါ်လာ တကယ်ဘယ်လောက် တည်ငြိမ်အောင်ကျသွားမလဲဆိုတာက ၂ ပိုင်းတွေ့ရတယ်။ တပိုင်းက အမေရိကန်ဗဟိုဘဏ်ရဲ့အတိုးနှုန်းပါ။ ထရမ့်က ဘဏ္ဍာရေးဝန်ကြီးကို နည်းနည်းအပြစ်တင်တာ ကြားလာရတယ်။ လက်ရှိဗဟိုဘဏ်ဥက္ကဋ္ဌကိုခန့်ဖို့ ထောက်ခံချက်ပေးလို့ပါတဲ့။ ဒီဥက္ကဋ္ဌ ကလည်း ထရမ့်ဘာပြောပြော အတိုးနှုန်းကိုတင်နေတယ်။ ဒေါ်လာပြန်ကျပ်နေတယ်။ ဒီဖြစ်စဉ်က အခုအပြောင်းအလဲရှိဖို့ ရှိနေပါတယ်။ အဲဒါပြောင်းရင် တည်ငြိမ်စွာကျကိန်းရှိတယ်။ နောက်တပိုင်းက ဒေါ်လာကို နေနဲ့တင်စားမှုပါ။ ကမ္ဘာပေါ်က လူတွေအမြင်မှာ နေက ရှေ့က ထွက်လာပြီး နောက်ကပြန်ဝင်သွားတယ်လို့ထင်ကြတယ်။ တကယ်က နေက ရပ်နေတာဖြစ်ပြီး ကမ္ဘာနဲ့အခြားဂြိုလ်တွေက လည်နေကြတာ ပါတဲ့။ ဒေါ်လာ ခုကျတာမှာ တကယ်တမ်းက ဒေါ်လာကရပ်နေတာဖြစ်ပြီး ထွန်းသစ်စစီးပွားတက်နိုင်ငံများ (emerging markets) က တက်လာလို့ဖြစ်တယ်လို့ဆိုတယ်။ ဒါဆို ဒေါ်လာကိုပတ်နေတဲ့ မြန်မာကျပ်ငွေကိုယ်တိုင် တက်တာကသာ ဒေါ်လာအကျကိုရောက်ရှိစေမယ် လို့ ကောက်ယူတာက ပိုပြည့်စုံဖို့ဖြစ်ပါလိမ့်မယ်။ ကျပ်က ဘာတွေလုပ်လို့ တက်မလဲလို့မေးရင် ဂျိုက်ကာ (JICA) နဲ့နာမည်ကြီးနေတဲ့ ကမ္ဘာ့တတိယစီးပွားအင်အားကြီး ဂျပန်ကို နည်းနည်းစောင်းငဲ့ကြည့်ဖို့လိုမယ်ထင်တယ်။https://www.facebook.com/2011-publishing-514608691929218/

0 comments:

Post a Comment