Thursday, December 13, 2018

ကုန်သွယ်ရေးစစ်စတင်ခြင်း(၆) Kyaw Zaaw Khine

0 comments
ကုန်သွယ်ရေးစစ်စတင်ခြင်း(၆) Kyaw Zaaw Khine
(တရုတ်ပေသီးကိုခေါက်ကြည့်ခြင်း)
ကမ္ဘာပေါ်မှာ တရုတ်လိုစီးပွားရေးတိုးတက်တဲ့ တခြားနိုင်ငံပြပါဆိုရင် ရှာလို့မတွေ့နိုင်ဘူး။ အဲလိုနိုင်ငံမျိုးမှာ ကြွေးမြီရှိနေတယ်လို့ပြောရင် လက်ခံဖို့လည်းခဲယဉ်းမယ်။ ဒါပေမယ့် ဒါကတကယ်ဖြစ်နေတယ်။ မြန်မာနိုင်ငံသားတွေက အစိုးရကို ရွှေတွေအများကြီးကြွေးပြန်ဆပ်စရာ ရှိတဲ့သူဋ္ဌေးနဲ့ ပုံစံအတူတူပဲလားလို့ မေးကောင်းမေးလာနိုင်တယ်။ တူတဲ့နေရာတွေတော့ တူတယ်။ ဒါပေမယ့် ကနေ့ခေတ်မှာ လူမှာသာ မဟုတ် နိုင်ငံတွေကိုယ်တိုင်က အကြွေးရှိတယ်။ ချမ်းသာတဲ့နိုင်ငံတိုင်း ကြွေးရှိတယ်။ အကြွေးရှိမှချမ်းသာအောင်လုပ်နိုင်တယ်။ ဒီစကားကိုပဲ တဘက်လှည့်ပြောရရင် ကမ္ဘာကြီးကို ကြွယ်ဝလာအောင်လုပ်ပေးနေတာ လောလောဆယ်တော့ အကြွေးပဲ။ မြန်မာစကား ကြွေးတင် ရှင်ဘုရင်ဆပ်လိမ့်မယ်ဆိုတာရှိတယ်။ ဒါပေမယ့်သတိတော့ထား။ ဒီခေတ်မှာ ဘုရင်မှာလည်းကြွေးတွေနဲ့ဆိုသလို ဖြစ်နေတယ်။

၁၉၇၈၊ ၇၉ တိန့်ရှောင်ဖိန် တရုတ်မှာ အာဏာပြန်ရလာတော့ ဘာမှမရှိဘူး။ မော်လက်ထက်က ပေါ်လစီအမှားတွေကိုရှောင်ရင်း တရုတ် ကြံအင်လက္ခဏာနဲ့ညီညွတ်တဲ့ ဆိုရှယ်လစ်စနစ်လို့ဆိုပြီးစတယ်။ ၁၉၉ဝ ရောက်တော့ ကမ္ဘာ့စီးပွားရေးမှာ နံပါတ်(၁၁)။ အမေရိကန်ဂျီဒီပီရဲ့ ၇%။ နောင်နှစ်၂ဝ နီးပါးကြာလို့ ၂ဝဝ၉၊ ၂ဝ၁ဝ ရောက်လာတော့ ကမ္ဘာ့နံပါတ်(၂)အကြီးဆုံး စီးပွားရေးဖြစ်လာပြီး အမေရိကန်ဂျီဒီပီရဲ့ (၆၁) ရာနှုန်းဖြစ်လာတယ်။ ၂ဝဝ၈ စီးပွားပျက်ကပ်နောက်ပိုင်းမှာ အမေရိကန်ဘဏ်တွေ ပြဿနာတက်တော့ ကမ္ဘာ့စီးပွားရေးတခုလုံးရဲ့ မောင်းနှင်အားဟာ တရုတ်လို့ ပြောလာကြရတယ်။ တရုတ်တွေ အရမ်းအောင်မြင်လာပြီး သူ့စီးပွားရေးပေါ်လစီတွေဟာ တုနှိုမရပဲလား ဆိုတော့ (၂ဝ၁၄) ခုနှစ်ကသာ ဒီမေးခွန်းကိုမေးရင် စီးပွားရေးပညာရှင်တွေက ဟုတ်တာပေါ့ဗျာလို့ ပြောကြလိမ့်မယ်။ ဒါဆို ၂ဝ၁၄ နောက် ပိုင်းမှာ ဘာဖြစ်သွားလို့လဲလို့မေးရင် တရုတ် စီးပွားရေးအနေအထားကို ၂ ပိုင်းခွဲ ပြောရမယ့်ပုံစံရှိတယ်။ ပထမပိုင်းက ၁၉၉ဝနောက်ပိုင်း (၁၉၉၃) ကနေ ၂ဝ၁၄အထိနဲ့ နောက်တပိုင်းက ၂ဝ၁၄ကနေခုအထိဖြစ်တယ်။

ရှေ့အခန်းတွေမှာ အမေရိကန်ဗဟိုဘဏ်က ၁၉၁၃ ကနေ ကနေ့ခေတ်အထိ ငွေဘယ်လိုဖန်တီးတယ်။ သူ့ရဲ့ အက်ဆက်ပမာဏကို တဆင့်စီ ကြည့်ခဲ့ကြတယ်။ နည်းတဲ့ငွေတွေမဟုတ်ဘူး သူတို့တိုးပွားလာတာလို့ထင်စရာ ရှိတယ်။ ဒါပေမယ့် ကမ္ဘာမှာ ဗဟိုဘဏ်ကြီးလေးကြီးရှိတယ်။ အမေရိကန်၊ တရုတ်၊ ဂျပန်နဲ့ယူရို။ ၂ဝဝ၆ ကစပြီး တရုတ်ဗဟိုဘဏ်(PBOC – People’s Bank of China) ဟာ ငွေအများဆုံးရှိပြီး သူ့နောက် မှာ ယူရို၊ ဂျပန်နဲ့အမေရိကန်ဆိုပြီးလာတယ်။ ဒီဘဏ်တွေမှာ ပိုက်ဆံတွေအများကြီး ပိုင်နေတာတော့ သိပ်အထင်ကြီးစရာမရှိဘူး။ ကိုယ့်ပိုက်ဆံကို ကိုယ့်သဘောနဲ့ လုပ်နိုင်နေတာကိုး။ တခုရှိတာက အဲသည်ကိုယ့်သဘောနဲ့ ကိုယ့်ပိုက်ဆံကို ပြဿနာမတက်အောင် ဘယ်လို လုပ်သလဲဆိုတာပဲအရေးကြီးတယ်။ တနည်းပြောရရင် ဗဟိုဘဏ်ရဲ့ပေါ်လစီက ဘာလဲဆိုတာပဲ။

အမေရိကန်၊ ဂျပန်နဲ့ယူရိုရဲ့ငွေကြေးပေါ်လစီက ဘာလဲဆိုတော့ ဈေးနှုန်းတည်ငြိမ်ရေး။ အဲပေါ်ကိုမူတည်ပြီး ငွေကြေးဖောင်ပွနှုန်း(inflation) နဲ့ ကျူံ့ဝင်နှုန်း (deflation)ကို ထိမ်းကြတာ။ လိုသလိုကစားကြတာ။ တရုတ်ကတော့ တဘာသာဖြစ်တယ်။ သူက သူ့ပို့ကုန်တွေ အသာစီးရဖို့ လုပ်တယ်။ ပို့ကုန်ကနေစီးပွားဖြစ်အောင်လုပ်တာ (export-led growth) ဖြစ်တယ်။ ဒီတော့ ကုန်သွယ်ဘက်တွေနဲ့ယှဉ်ရင် ငွေတန်ဖိုးကျ အောင် ချထားဖို့လိုတယ်။ ဒါမှအိတ်စ်စပို့မှာ သာမယ်။ ဒီပေါ်လစီဟာ လက်ရှိကုန်သွယ်စစ်ရဲ့ ပထမဆုံးအကြောင်းရင်းခံ ဖြစ်လာတယ်။
၁၉၉၃ မှာ တဒေါ်လာကို ၆ ယွမ် မပြည့်ဘူး။ အဲဒါကနေ တနှစ်အတွင်းတင်တာ ၁၉၉၄ မှာ တဒေါ်လာ ကို ၉ ယွမ်နီးပါးဖြစ်လာတယ်။ ခုတရုတ်တွေထိမ်းမယ်ပြောနေတဲ့ (၇)ယွမ်ဆိုတာအရင်က ကောင်းကောင်းကျော်ခဲ့ ဖူးတယ်။ ၂ဝဝ၆ အထိ တဒေါ်လာကို (၈)ယွမ် ကျော်မှာပဲရှိတယ်။ ၂ဝဝ၆ ကနေပြန်ချပေးတာ ၂ဝဝ၈ စီးပွားရေးဆုတ်ယုတ်မှုတွေဖြစ်တော့မှာ (၇) ယွမ်အောက်ကို ချလာတယ်။

အဲသည်ငွေလဲနှုန်းကနေ ကုန်သွယ်ရေးအသာစီးရ ကုန်သွယ်ရေးပိုငွေပြအောင်လုပ်တော့ ခုကုန်သွယ်စစ်ဖြစ်တယ်။ ငွေဈေးကျတော့ တရုတ် ကုန်တွေအမေရိကန်မှာ သက်သက်သာသာနဲ့သုံးနိုင်တယ်။ ဒီတော့ အမေရိကန်လုပ်ငန်းတွေ ပြုတ်တယ်။ တရုတ်ပစ္စည်းတွေနဲ့ယှဉ် မရောင်း နိုင်ဘူး။ တရုတ်က ငွေဈေးကိုမတင်တော့ အမေရိကန်က တရုတ်ကသွင်းလာတဲ့ကုန်ကို အခွန်ကောက်ပြီး ဈေးကြီးအောင်လုပ်တာ။ ဇတ်လမ်းနဲ့ နည်းဗျူဟာအကြမ်းကတော့ဒါပါပဲ။ တရုတ်ရဲ့ငွေကြေးပေါ်လစီက အမေရိကန် ဥရောပ ဂျပန်တွေနဲ့ မတူဖူးဆိုပေမယ့် အခြေခံ မှာတော့ ချိန်ဆရတာ QE နဲ့ QT ပါပဲ။ ငွေရင်းချဲ့တာ၊ ပြန်တင်းကျပ်တာ။ ဘယ်ပေါ်လစီနဲ့သွားသွား ဒီငွေအထုတ်အသွင်းကိုတော့ နည်းလမ်း အဖြစ်သုံးကြရတာပဲ။ ဒီတော့ ဥရောပနဲ့အမေရိကမှာ အရင်းခေတ်နှောင်းရဲ့ သွင်ပြင်လက္ခဏာတွေလို့ဆိုတဲ့ ပို့စ်မော်ဒန်အခြေအနေတွေ စဖြစ်တဲ့ (၁၉၇ဝ) ပြည့်နှစ်တွေမှာ စက်ချုပ်စက်နဲ့စက်ဘီးလောက်ပဲ အဓိကထားထုတ်နေရတဲ့တရုတ်တွေ ဘယ်လိုချမ်းသာလာသလဲ။ တနည်း ငွေဘယ်လိုရလာသလဲ၊ ဘယ်လိုသုံးသလဲကြည့်ဖို့ လိုလာတယ်။

ပထမဆုံး တရုတ်ဘဏ်ချေးငွေတွေကိုကြည့်တော့ ၂ဝဝ၈ မှာ ယွမ(်၃ဝ)ထရီလီယံလောက်ရှိရာကနေ ၂ဝ၁၆၊ ၂ဝ၁၇ မှာ ယွမ်ထရီလီယံ ၁ဝဝ လောက်အထိ တက်လာတယ်။ ယွမ်နဲ့ဒေါ်လာကို အကြမ်းတွက်ချင်ခုနေ (၇)နဲ့ စားပေးပါ။ တဒေါ်လာ (၇)ယွမ်လောက်လို့ ချိန်ပြီးတော့။ ယွမ်ထရီလီယံ(၁ဝဝ)ဆိုတာ ဒေါ်လာထရီလီယံ (၁၄၊ ၁၅) ကြားမှာရှိတယ်။ အဲသည် ဘဏ်ချေးငွေတွေက ၁၉၉၂ လောက်ကစပြီး တနှစ်ကို(၁၈%)လောက် မြင့်တက်လာတယ်။ အဲဒီနှုန်းရဲ့အောက်မှာ တရုတ်ဂျီဒီပီက တနှစ်ကို(၁၆%)လောက်နဲ့တက်နေတယ်။ ဒါ ချေးငွေတွေရလို့ စီးပွားရေးတက်လာတယ်ဆိုတာကို သက်သေပြတာ။ တနှစ် နှစ်နှစ်လောက်ထဲ ဖြစ်တာမဟုတ်ဘူး။ နှစ်(၂ဝ)ကျော် ဖြစ်တာ။

တကယ်တမ်းက ဈေးကွက်ထဲကို ငွေဝင်လာတယ်ဆိုတာမှာ ဘဏ်ချေးငွေတွေချည်းပဲတော့ မဟုတ်ဘူး။ ဝင်လာသမျှငွေတွေကို စုစုပေါင်း ဘဏ္ဍာအရင်း (Aggregate Financing)လို့ခေါ်တယ်။ အဲဒီဘဏ္ဍာအရင်းတွေထဲမှာ ဘဏ်ချေးငွေက ကြီးမားတဲ့အစိတ်အပိုင်းဖြစ်တယ်။ ဥပမာ ၂ဝ၁၅ က စာရင်းအရဆိုရင် စုပေါင်းဘဏ္ဍာငွေရင်းက ယွမ်(၁၃၈)ထရီလီယံဖြစ်နေချိန်မှာ ဘဏ်ချေးငွေက (၉၄)ထရီလီယံနဲ့ ဂျီဒီပီက ယွမ် (၆၈)ထရီလီယံ ရှိတယ်။ ၁၃၈၊ ၉၄ နဲ့ ၆၈ ယွမ်ထရီလီယံ။ ဈေးကွက်ထဲမှာရှိတဲ့ဘဏ္ဍငွေရင်း၊ ဘဏ်ချေးငွေနဲ့ တိုင်းပြည်ဂျီဒီပီ အဆက် အစပ်ပါ။ လွယ်အောင်ပြောတော့ ရှင်းတယ် စီးပွားဖြစ်တယ်ပေါ့။

စောစောက ဘဏ်ချေးငွေနဲ့ဂျီဒီပီယှဉ်ပြထားတယ်။ ခု ဘဏ္ဍာအရင်းနဲ့ဂျီဒီပီကို ၂ဝဝ၃ ကနေ ၂ဝ၁၅ အထိ ပျမ်းမျှပေးထားတာရှိတယ်။ ၁၂နှစ် အတွက် စုစုပေါင်းဘဏ္ဍာရင်းငွေ ၁၈% ပျမ်းမျှရှိနေချိန်မှာ ဂျီဒီပီကပျမ်းမျှ ၁၄% တက်နေတယ်။ ဒါတော့ရှင်းပြီဆိုရင် ဒီလောက်ငွေတွေ ဘယ်ကရောက်လာသလဲဆိုတော့ ဘဏ်တွေရဲ့ ဗဟိုဘဏ်မှာသွားအပ်နှံငွေ(deposit)က လာတယ်။ ဘဏ်တွေ ဘယ်ကငွေရသလဲဆိုတော့ နိုင်ငံခြားကဝင်လာတဲ့ငွေတွေ။ နိုင်ငံတနိုင်ငံကို နိုင်ငံခြားငွေဘယ်လောက်ဝင် ဘယ်လောက်ထွက်နေသလဲဆိုတာကိုကြည့်ချင်ရင် လက်ငင်း အကောင့်ငွေစာရင်း (current account)ကို ကြည့်ရတယ်။ အခုအမေရိကန်နဲ့ တရုတ်နဲ့စီးပွားကုန်သွယ်ရာမှာ ကုန်သွယ်ရေးပိုငွေ (trade surplus)နဲ့ ကုန်သွယ်ရေးလိုငွေ(trade deficit) ဆိုတာတွေက လက်ငင်းအကောင့်ရဲ့ အစိတ်အပိုင်းတခု။ ဒါပေမယ့် သူ့စာရင်းက အများဆုံး၊ ကျန်တာတွေက ငွေပို့တာလွှဲတာတွေ၊ ဥပမာ မြန်မာပြည်ကသားသမီးကို စင်္ကာပူကျောင်းထားလို့ ငွေလှမ်းပို့ရတာတွေ၊ တဦးချင်း ဈေးဝယ် ထွက်တာ။ ထိုင်းက အလုပ်လုပ်နေတဲ့သားသမီးက မြန်မာပြည်ကမိဘကို ငွေပြန်ပို့တာတွေအားလုံးဟာ လက်ငင်းအကောင့်ထဲမှာရှိတယ်။ ဒီငွေစာရင်းကိုချုပ်လိုက်လို့ ပိုတယ်ဆိုရင် နိုင်ငံခြားငွေ ကိုယ့်ဆီဝင်တများတယ်။ လိုတယ်ဆိုရင်ကိုယ့်ငွေ အပြင်ထွက်နေတယ်ပေါ့။ တရုတ်ကို နိုင်ငံခြားကဝင်တဲ့ငွေတွေက အမြဲ အပေါင်းဖြစ်နေတယ်။ အဲသည်ငွေ စုစုပေါင်းဟာ ၁၉၈၂ ကနေ ၂ဝ၁၄ အထိကြည့်ရင် ဒေါ်လာ (၂.၆) ထရီလီယံ ရှိတယ်။

၁၉၈၂ကနေ၁၉၉ဝ ပြည့် နှစ်လယ်တွေထိတော့ ဝင်လိုက်ထွက်လိုက်ပဲ။ နောက်ပိုင်းမှာ တောက်လျောက် တက်တယ်။ အဲသည်ငွေတွေကို နိုင်ငံခြားက ရင်းနှီးမြုပ်နှံဖို့လုပ်တဲ့ဝင်လာတဲ့ငွေရင်း(capital and financial accounts)တွေနဲ့ပေါင်းလိုက်တော့ ဒေါ်လာ၎ထရီလီယံအထိ ရှိလာတယ်။

(ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်အကျပ်အတည်းမှ ဂလိုဘယ်လိုက်ဇေးရှင်းတန်ပြန်လှိုင်းသို့)
၂ဝ၁၈ စက်တင်ဘာဟာ ၂ဝဝ၈ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကြီး(great recession)ရဲ့ ၁ဝနှစ်ပြည့်။ လေးမင်းဘရားသားဘဏ် ဒေဝါလီ ခံလိုက်တာဟာ ကမ္ဘာ့ဘဏ်လောကမှာ အကြီးဆုံးဒေဝါလီခံမှုဖြစ်တယ်။ ၂ဝဝ၈ အကျိုးဆက်က အမေရိကန်မှာလှုပ်ရှားမှု ၂ ခုကိုမွေးဖွား ပေးလိုက်တယ်။ တီးပါတီ (tea party)နဲ့ ဝေါလမ်းမကိုသိမ်းပိုက်ကြ(Occupy Wall Street) တို့ပါပဲ။ တီးပါတီက အစိုးရအပေါ်မယုံကြည်မှု ဖြစ်ပြီး ဝေါလမ်းမက ကော်ပိုရေးရှင်းကြီးတွေလုပ်ငန်းကြီးတွေကို မယုံကြည်ကြတော့တာဖြစ်တယ်။ ဒီမှာ ပေါ်ပြူလစ်အတွေးအခေါ်ဟာ ဒီမိုကရက်နဲ့ရီပတ်ပလီကင်  ၂ ဘက်စလုံးမှာ ပေါ်ထွက်လာတယ်။ လူတွေအနေနဲ့ကြည့်တော့ ဘာနီဆန်းဒါး(ဒီမိုကရက်)နဲ့ ဒေါ်နယ်ထရမ့် (ရီပတ်ပလီကင်)တို့ကို ထုတ်ပြကြတယ်။

၂ဝဝ၈နောက်ပိုင်း နိုင်ငံ(၆ဝ)ကိုအခြေခံပြီးလုပ်ခဲ့တဲ့ သုတေသနတခုအရ ဘဏ်၊ ငွေကြေးနဲ့စီးပွားရေး အကျပ်အတည်းပြင်းထန်စွာ သက်ရောက်ခဲ့တဲ့နိုင်ငံတွေမှာ အလယ်အလတ်သမားတွေ ကျဆင်းသွားပြီး အစွန်းသမားတွေ အားကောင်းလာတာလို့ဆိုတယ်။ ဘဏ်လုပ် ငန်းတွေ၊ ငွေကြေးပြဿနာတွေလို့ပြောရာမှာ ၂ဝဝ၈ နောက်ပိုင်းကျမှ ထင်ထင်ရှားရှား သိမြင်လာတာကတော့ ကြွေးမြီပြဿနာပါပဲ။ ကြွေးမြီဆိုရာမှာ ဘဏ်တခုချင်းစီက လူတဦးချင်းစီ ကုမ္ပဏီတခုချင်းစီကို ချေးငွေထုတ်ပေးထားတာနဲ့ အစိုးရက ဘွန်းတွေထုတ်ရောင်းပြီး ကြွေးယူထားတာတွေအထိ စုံလင်တယ်။ ဘဏ်တွေမှာ တကယ့်ငွေတွေမရှိပဲ ဖန်တီးလုပ်ထားတာတွေဟာ မတန်တဆများလွန်းပြီး ဖြစ်တဲ့ အကျိုးဆက်ကို ခံစားရတာဖြစ်တယ်။ ဒါနဲ့ပါတ်သက်လို့ ကမ္ဘာ့တတိယအချမ်းသာဆုံးဖြစ်တဲ့ ဝါရင်ဘတ်ဖတ် ပြောခဲ့တာတခုကတော့ မှတ်သားစရာပါ။ လှိုင်းကျသွားရင်ဘယ်သူတွေ ကိုယ်လုံးတီးရေကူးနေတယ်ဆိုတာသိရမှာပဲတဲ့။

ဘဏ်တခုချင်းစီ ပြဿနာတက်တဲ့ထဲမှာ လေးမင်းဘရားသားဘဏ်(Lehman Brother)လိုမျို ဒိုင်နိုဆောလိုဘဏ်ကြီးတွေ ဒေဝါလီခံရသလို နိုင်ငံတနိုင်ငံချင်းစီမှာလည်း ဂရိလိုနိုင်ငံမျိုးဟာ ကြွေးမြီပြဿနာကို မဖြေရှင်းနိုင်လောက်တဲ့အထိ ကြီးမားခဲ့တယ်။ အမေရိကန်မှာ ၂ဝဝ၈ ဘဏ္ဍာရေး အကျပ်အတည်းကို ပြန်ဖြေရှင်းတဲ့အခါ လူထုလက်ထဲကို ငွေတိုက်ရိုက်မထဲ့ပဲ လက်တလုံးခြားလုပ်ခဲ့တဲ့ဘဏ်တွေကိုကယ်တင်ပြီး ဖြေရှင်းတာနဲ့ပါတ်သက်လို့ ဝေဖန်ကြသူတွေရှိတယ်။ ဒါပေမယ့် ဒီပုံဖြေရှင်းခဲ့ပြီး အဆင်မပြေခဲ့တဲ့နိုင်ငံကို ပြပါဆိုရင်တော့ အင်္ဂလန်ကိုပြကြရ လိမ့်မယ်။ ဒီဖြေရှင်းပုံ နောက်ဆက်တွဲပြဿနာတွေကြောင့် အင်္ဂလန်မှာ ပေါ်ပြူလာလှိုင်းရိုက်ခတ်ပြီး အများစု မမျှော်လင့်ထားတဲ့ အီးယူက ထွက်ဖို့ လူထုကမဲပေးတဲ့အထိ ဖြစ်ခဲ့ကြတယ်။ ခုဥရောပမှာ ပေါ်ပြူလစ်အစိုးရတက်ပြီး နောက်တခါဘဏ္ဍာရေး အကျပ်အတည်းဖြစ်ဖို့ တာစူနေတဲ့နိုင်ငံကတော့ အီတလီပါ။ ယူရိုဇုံဟာ ၂ဝ၁ဝ မှာ စတဲ့ဂရိပြဿနာကိုရှင်းလို့ အနာကျက်ခါစပဲရှိပါသေးတယ်။ အီတလီဆိုတာ ယူရိုရဲ့ တတိယအကြီးဆုံးစီးပွားရေးနိုင်ငံပါ။ ဂရိစီးပွားရေးထက် ၁ဝ ဆကြီးတယ်။ အီးယူတခုလုံးဂျီဒီပီရဲ့ ၁၁% ရှိတယ်။ အီတလီရင်ဆိုင်နေရတဲ့ ပြဿနာက အစိုးရကြွေးမြီ(ဘွန်းထုတ်ရောင်းထားတဲ့အကြွေး) များလွန်းတဲ့အတွက် အီတလီအစိုးရတင်တဲ့ဘတ်ဂျက်ကို အီးယူကော်မရှင်က လက်မခံနိုင်တာဖြစ်တယ်။ အီတလီက ငွေများများထုတ်ပြီးသုံးချင်တယ်။ အီးယူက လက်မခံဘူး။ ဒီမှာ အီတလီဟာ ယူရိုငွေကြေးကနေ ထွက် မထွက်စဉ်းစားဖို့ဖြစ်လာတယ်။ တနိုင်ငံချင်းစီ သီးခြားငွေကြေးပေါ်လစလုပ်နိုင်ဖို့ဆိုရင် ယူရိုငွေထဲက ထွက်ဖို့လိုတယ်။ အင်္ဂလန် Brexit ကတော့ ပုံစံတမျိုး၊ နဂိုကတည်းက ပေါင်စတာလင်ကို ဆက်သုံးတယ်။ ယူရိုငွေကြေးထဲ မဝင်ဘူး။ အီးယူယူနီယံထဲတော့ ဝင်တယ်။ ခုအဲသည်ကနေ ထွက်ဖို့ပြန်လုပ်တယ်ဆိုပေမယ့် ခုထိကို ထွက်ပြီးရင် ဘယ်လိုကုန်သွယ်ရေးသဘောတူညီချက်ယူရမလဲဆိုတာ ညှိလို့မရသေး လို့ အင်္ဂလန်မှာနောက်ထပ် လူထုဆန္ဒခံယူပွဲလုပ်ဖို့ ဆန္ဒပြနေတယ်။

၂ဝ၁၈ ခုနှစ်ဟာ ဂလိုဘယ်လိုက်ဇေးရှင်း လက်ပြန်ရိုက်ချက်ကို ခံနေရတဲ့သဘောပါ။ ပထဝီနိုင်ငံရေးမှာလည်း အပြောင်းအလဲတွေ ထွက်ပေါ် လာဖို့ရှိနေပါတယ်။ အောက်တိုဘာ(၂)ရက်နေ့က တူရကီမှာရှိတဲ့ ဆော်ဒီကောင်စစ်ဝန်ရုံးမှာ အမေရိကန်မှာ တိမ်းရှောင်နေတဲ့ ဆော်ဒီ နိုင်ငံသား သတင်းသမားတဦး အသတ်ခံလိုက်ရတယ်။ ဂျမဲလ်ကာရှိုဂီ(Jaml Khashoggi)ဟာ ဆော်ဒီပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ ခပ်ကြမ်းကြမ်းကိုင်တွယ်နေတဲ့ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆာလမန် (MBS လို့အတိုခေါ်ကြတယ်)နဲ့ သူ့လုပ်ရပ်တွေကို ဝါရှင်တန်ပို့စ်မှာ ရေးနေသူတဦးဖြစ်တယ်။ ထရမ့်(အထူးသဖြင့် သူ့သားမက်)နဲ့ MBS ဟာ ပုဂ္ဂိုလ်ရေးရင်းနှီးသူတွေအဖြစ် လူသိများကြတယ်။ အမေရိကန် နည်းပညာဈေးကွက်မှာ MBS က ရင်းနှီးမြုပ်နှံမှုကြီးတွေလုပ်ထားပြီး ဆက်လုပ်ဖို့တာစူနေချိန်၊ ယီမင်စစ်ပွဲအတွက် အမေရိကန်လက်နက်တွေ ကို ဘီလီယံနဲ့ချီပြီးဝယ်ဆဲနဲ့ ထပ်ဝယ်ဖို့ရှိနေချိန်မှာ အမေရိကန်အတွက် ဆော်ဒီကိုအရေးယူဖို့ဆိုတာ တော်တော် ချိန်ဆနေရတဲ့သဘော ရှိပါတယ်။

တဘက်မှာ အီရန်ပိတ်ဆို့မှုကနေ ဈေးကွက်ထဲ လျော့ကျသွားနိုင်တဲ့ရေနံနေရာမှာ အမေရိကန်က ဆော်ဒီကို တိုးထုတ်ခိုင်းထားတယ်။ ဈေးတက်မလာအောင်ပါ။ ပြောရရင် ဆော်ဒီဟာ အရှေ့အလယ်ပိုင်းမှာ အမေရိကန်ရဲ့ မဟာဗျူဟာမြောက်မိတ်ဆွေတဦးပါ။ ဒါပေမယ့် ကာရှိုဂီအရေးမှာ တခုခုတော့ ဆော်ဒီအပေါ်ဖိအားပေးဖို့ အမေရိကန်နိုင်ငံရေးအသိုင်းအဝန်းက တောင်းဆိုလာတယ်။ ဆော်ဒီမှာစီစဉ်ထားတဲ့ စီးပွားရေးဖိုရမ်ကို အမေရိကန်နည်းပညာကုမဏီကြီးတွေရဲ့စီအီးအိုတွေ တက်ရောက်ဖို့စာရင်းပေးထားရာက အများစုက ဖျက်သိမ်းလိုက်ပြီ။ တကယ်သာ အမေရိကန်အစိုးရက ဆော်ဒီကို သူ့ရင်ခွင်ထဲကထုတ်လိုက်ရင် ပူတင်က လက်နက်ရောင်းဖို့စောင့်နေသလို တရုတ်ကလည်း အရှေ့အလယ်ပိုင်းဈေးကွက်ကိုဝင်ဖို့ အားထုတ်လာမှာဖြစ်တယ်။ ဒီလိုသာဆိုရင် လက်ရှိတရုတ်ရဲ့စင်ကျန်းမှာ မွတ်ဆလင်တွေကို ဘာသာရေး အယူသီးမှုတွေကနေ ပယ်ဖျက်ပစ်ရမယ်ဆိုတဲ့ ပြန်လည်ပြုပြင်ရေးစခန်းတွေဟာ ဈေးကွက်အတွက် အပေးအယူတခုဖြစ်လာနိုင်ပါတယ်။

(၂ဝ၁၈) နောက်ဆုံး(၃)လပတ်အတွက် အမေရိကန်တရုတ်ကုန်သွယ်စစ်ရဲ့ သက်ရောက်မှုတွေ ပိုပီပြင်လာမှာဖြစ်ပြီး လေ့လာသူအများစု ကပြေလည်ဖို့ မရှိသေးပါဖူးလို့ သုံးသပ်ကြတယ်။ အီတလီဘတ်ဂျက်လိုငွေနဲ့ ယူရိုဇုံအခြားအခြေအနေတွေ၊ ရှေ့နှစ်မေလမှာလုပ်မယ့် ကော်မရှင်ရွေးကောက်ပွဲတွေအရ ဘရပ်ဆဲဘန်ကာထဲက ပေါ်လစီမိတ်ကာတွေဟာ ဘတ်ဂျက်ပိုင်းကိုလျော့ပေး(fiscal stimulus) ပြီး ငွေကြေးပိုင်းကိုကျပ်(QT) လာခဲ့ရင် ယူရိုဈေးက တက်လာဖို့ရှိတယ်။ မေလ ကုန်သွယ်စစ်စကတည်းက တင်းမာလာတဲ့ အနေအထားတွေ ကြောင့် တရုတ်အစိုးရက ဈေးကွက်ထဲသွင်းထားတဲ့ငွေတွေကို ပြန်ကျပ်ဖို့ စောင့်ကြည့်နေပါတယ်။ ဒါပေမယ့် ဒေါ်လာအတက်ကို ဘယ် အခြေအနေတွေကမှ ဒေါ်လာအတက်လောက် ပြန်မချနိုင်ဘူးလို့ ငွေဈေးကွက်စောင့်ကြည့်သူတချို့က ဆိုပါတယ်။ ဆိုလိုတာက ဒေါ်လာဟာ သူတဦးထဲတက်နေလို့မို့ ဒီလိုအတက်က ဆက်တက်ဖို့ မဖြစ်တော့ဘူးလို့ပြောချင်ပုံပါ။ ဆက်တက်ရင် ဒေါ်လာကြွေးမြီတွေရှိတဲ့ စုစည်း စဈေးကွက် (emerging markets) နိုင်ငံတွေဟာ ဆက်တိုက်အထိနာဖို့ရှိပြီး တချို့က ဒေဝါလီခံပစ်လိုက်နိုင်တဲ့ (ကြွေးမြီအားလုံး လျော်ပစ် လိုက်တာ) အန္တရယ်တွေ ရှိလာနိုင်ပါတယ်။ နိုဝင်ဘာ ဒီဇင်ဘာမှာ ဒေါ်လာပြန်ကျနိုင်တယ်လို့ခန့်မှန်းမယ်ဆို သင့်တော်တဲ့နိုင်ငံတကာ အနေအထားတခုကို ရောက်ရှိနေတယ်။
https://www.facebook.com/2011-publishing-514608691929218/

0 comments:

Post a Comment