Saturday, December 15, 2018

(အမုန်းဖြန့်တော့ အမုန်းပဲရတယ်) မျိုးမြင့်ချို

0 comments
(အမုန်းဖြန့်တော့ အမုန်းပဲရတယ်)
နာဇီအကြောင်းရိုက်ထားသမျှ ရုပ်ရှင်ကားတွေဟာ ဂျူးတွေအပေါ် ကရုဏာသက်စရာထက် ဂျာမန်မုန်းတီးရေးတွေ မွှန်ထွန်နေတာများတယ်၊ အနုပညာထဲ အမုန်းတရားဝါဒဖြန့်ချက်ကဲလွန်းတယ်။ မိုက်ကယ်လ်ဂျက်ဆင့်အနုပညာက ပြုသမျှနုရတဲ့ဘဝတွေဘက်က မချိတင်ကဲဖြစ်ရတာ ကိုဖော်ပြတော့ လူတွေစိတ်ထဲ မေတ္တာတရားနိုးကြားစေတယ်။ စာနာစိတ်ဖြစ်အောင် နှိုးဆော်နိုင်စွမ်းတယ်။

နာဇီကားတွေများများကြည့်ရင် ကြည့်သူမှာ အမုန်းကို အမုန်းနဲ့တန်ပြန်လိုစိတ်တွေ ထိမ်းမရအောင်ပေါ်လာတယ်။ ရုပ်ရှင်ထဲက သွေးအေးအေးနဲ့ ရက်စက်တတ်တဲ့ ဖက်ဆစ်ဂျာမန်တွေရဲ့ မျက်လုံးပြာပြာတွေကိုမြင်တိုင်း ဂျာမန်တိုင်း ဒီလိုနေမှာဆိုတဲ့အတွေးနဲ့ ကျောထဲ စိမ့်သွားအောင် သွေးပျက်ကြတယ်။ မုန်းတီးကြောက်လန့်စိတ်တွေ ဖြစ်လာကြတယ်။

မိုက်ကယ်ဂျက်ဆင်တို့လို့ အပြုခံဘဝတွေအပေါ် စာနာစိတ်နဲ့မေတ္တာထားတတ်အောင်စေ့ဆော်တဲ့ အနုပညာတွေခံစားဖန်များရင် လူဟာ နှလုံးသားနုညံ့လာတယ်။ မတရားမှုကို သိမ်မွေ့စွာ စက်ဆုပ်တတ်လာတယ်။ အဖိနှိပ်ခံတွေဘက်က ရပ်တည်ကူညီပေးလိုစိတ်ဖြစ်လာတယ်။ ပူးပေါင်းလုပ်ဆောင်လိုစိတ်တွေ ဖြစ်လာတယ်။

အစ္စရေးလ်နိုင်ငံတော်ဟာ စထောင်ကတည်းကိုက အကြောက်တရား၊ စိတ်မလုံခြုံမှု၊ အမုန်းတရား၊ အာဃာတ စတာတွေကိုဆွပေးပြီး ထူထောင်ခဲ့ရတာဖြစ်တယ်။ သမိုင်းမှာ သူတို့ခံခဲ့ရသမျှကို အနာသစ်ဖြစ်နေအောင် သွေးစိမ်းရှင်ရှင်ထွက်နေအောင် အနာဟောင်းကို မပြတ် ဆွပေးခဲ့ရတယ်။ တကယ်လည်း ခံခဲ့ရတယ်။ လူတွေလည်း စာနာသနားခဲ့ကြတယ်။ ဂျူးလူတော်လူချွန်တွေလည်း အလွန်များတယ်။ ဗမာပြည်ကလူတွေအပါအဝင် တချို့နိုင်ငံတွေကလူတွေဆို အထင်ပါ နင်းကန်ကြီးကြတယ်။ ဗမာပြည်ကတော့ စစ်ထောက်လှမ်းရေးနဲ့ နှိပ်စက်ညှဉ်းပမ်းနည်းတွေပါ စစ်ဗိုလ်တွေလွှတ်ပြီး သင်တန်းတက်ခိုင်းတယ်။ တင်နွယ်မောင်တို့လိုလူတွေကလည်း မော့ဆက်တွေ၊ အလီကိုဟင်တွေဘာသာပြန်ပြီး စပိုင်လုပ်ငန်း၊ ဒလျှိုလုပ်ငန်းတွေ ကောင်းကြောင်းတော်ကြောင်း ချီးမွှမ်းခန့်ဖွင့်ပြီး ဝါဒဖြန့်ကြတယ်။ အိုက်ခမန်း၏ငရဲခန်းတို့ဘာတို့တွေဖတ်ပြီး လူတွေအားကျကြတယ်။ ကျူးကျော်တာ၊ ချဲ့ထွင်တာ၊ နယ်မြေမတရားသိမ်းပိုက်တာတွေကိုပါ ထောက်ခံတဲ့အထိ လူတွေစိတ်ထဲဖြစ်ကြတယ်။ တပြိုင်တည်းမှာ အမုန်းတရားတွေလည်း တဖွားဖွားပေါ်လာကြတယ်။ ဒါ ဂျူးနိုင်ငံရေးသမား လူလည်လူနပ်တွေရဲ့အောင်ပွဲဘဲ။

ဖက်ဆစ်ဂျာမန်၊ မီးလောင်တိုက် Holocaust ကား၊ အေ့ဇ်ဝစ်အကျဉ်းထောင်၊ ပိုလန်ချွေးတပ်စခန်း၊ နှိပ်စက်ညှဉ်းပမ်းရေးစခန်းနောက်ခံနဲ့ရိုက်တဲ့ ရုပ်ရှင်တွေ၊ သီချင်းတွေ၊ ပြဇာတ်တွေ၊ စာပေတွေ၊ ဝတ္ထုတွေ (ခြုံပြောရရင်) အနုပညာတွေ ဒလဟောထွက်လာတယ်။ ရိုက်ကူးသူ ထုတ်လုပ်သူ ဖြန့်ချိသူ နောက်က ငွေကြေးကျောထောက်နောက်ခံပေးတဲ့ ဘဏ်တွေကြည့်တော့ ဂျူးအနွယ်တွေ ဂျူးစီးပွားရေးနဲ့ မကင်းရာမကင်းကြောင်းတွေများတယ်။ အဲ့ဒီအနုပညာတွေခံစားမယ်ဆို လူတွေစိတ်မယ် မုန်းစရာရှိမုန်းရမှာပဲဆိုတဲ့စိတ်အခံကို ကြိုမွေးထားနှင့်ပြီး ဖြစ်နေကြတယ်။ တဖြည်းဖြည်းနဲ့ ဖက်ဆစ်ဆန့်ကျင်ရေးကနေ ဂျာမန်မုန်းတီးရေးတွေဖြစ်လာတယ်။ နိုင်ငံရေးကနေ လူမျိုးရေးဘက် ‘တည်’သွားတယ်။ အတွေးအခေါ်ကိစ္စကနေ အာဃာတကိုမြားဦးလှည့်သွားတယ်။

ကြာတော့ ဘာဖြစ်လာလဲ။ လူတချို့မှာ တရားလက်လွတ်ဥပဒေမဲ့ လက်စားချေလိုစိတ်ပြင်းထန်လာပြီး တပြိုင်တည်းမှာ လက်စားအချေခံရမှာ ကို ကြောက်ရွံ့စိတ်နဲ့ တန်ပြန်ဖိနှိပ်ထားရေးအတွေးတွေ ဖွဲ့တည်လာကြတယ်။ နိုင်ငံတကာရောက် ဂျူးလူမျိုးတွေကြားမှာ ပိုသွေးစည်းလာသလို နာဇီလက်သစ်ဝါဒီတွေ၊ ဂျူးဆန့်ကျင်ရေးအဖွဲ့အစည်းတွေလည်း မှိုလိုပေါက်လာတယ်။

နာဇီဖက်ဆစ်ကို စိုက်လိုက်မတ်တပ် ဆန့်ကျင်လာခဲ့ကြတဲ့ ဂျာမန်တွေထဲမှာကိုပဲ “ငါတို့ ဒီလောက်တောင် နာဇီဖက်ဆစ်ဝါဒကို ဆန့်ကျင်နေတဲ့ ကြားက ဂျူးတွေရဲ့ လူမျိုးရေးအမုန်းတရားဖြန့်ချိမှုကြောင့် လူမုန်းခံရတယ်“ဆိုတဲ့အမြင်တွေ ဖြစ်လာတယ်။ တခါ ၈ဝ ပြည့်နှစ်တဝိုက်တွေမှာ မွေးပြီး ခု လူလားမြောက်လာ(ဒီနေရာမှာ လူလားမြောက်လာဆိုတာက မဲပေးခွင့်ရတဲ့အသက်အရွယ်ကိုပဲ ပြောတာပါ)ကြတဲ့ နာဇီလက်သစ် လည်းမဟုတ်တဲ့ ဂျာမန်လူငယ်တွေကြားမှာ “တို့အဖေအမေ အဖိုးအဖွားတွေကျူးလွန်ခဲ့ကြတဲ့ ရာဇဝတ်မှုတွေအတွက် တို့တွေက ဘာကိစ္စ ငဝက်က ဒဏ်ခံရမှာလဲ“ဆိုတဲ့စိတ်နဲ့ အရွဲ့တိုက်လိုမှုတွေ ဇောင်းထလာတယ်။ အဲ့ဒီစိတ်အခံတွေဟာ လမ်းပေါ်ထွက်၊ ခေါင်း ပြောင်အောင်တုံး၊ စကြ်ာတံဆိပ်တက်တူးထိုး၊ ညာလက်မြှောက်ပြီး အလေးပြုနေတဲ့လူကြမ်းတွေထက် ပိုအစွမ်းထက်ပါတယ်။ ကြောက်စရာလည်း ပိုကောင်း ပါတယ်။ အန္တရာယ်လည်း ပိုကြီးပါတယ်။ သူတို့ဟာ ပညာတတ်တွေ၊ လူလတ်တန်းစားတွေနဲ့ အထက်လွှာကလူတွေ၊ အာဏာအဝန်းအဝိုင်းနဲ့ နီးစပ်သူတွေ၊ ကုံလုံကြွယ်ဝသူတွေ ဖြစ်နေတယ်။

အမေရိကန်မှာတော့ Hate Groups အမည်တွေနဲ့ ဘာသာရေးလူမျိုးရေးအစွန်းရောက်တွေ များလာတယ်။ ၂ ဘက်လုံးမှာ အကျိုးသက် ရောက်မှုတွေဖြစ်ကုန်တယ်။ ဒီကြားထဲမှာ အစ္စရေးလ်နိုင်ငံတော်ဟာ ပါလက်စတိုင်းတွေအပေါ် တချိန်က သူတို့ကို ဖက်ဆစ်ဂျာမန်တွေက လုပ်ခဲ့သလို လုပ်နေတာတွေကလည်း အတောမသတ်အောင်ဖြစ်လာတယ်။ ဒါကို ကမ္ဘာ့လူသားထုက ပါလက်စတိုင်းတွေဘက်ကစာနာပြီး ဂျူးတွေကို ရှုတ်ချလာတယ်။ ရွံကြောက် ကြောက်လာတယ်။
အဲ့ဒီလိုဖြစ်နေတုန်းမှာပဲ ကမ္ဘာပေါ်မှာ Identity Politics ဆိုတဲ့ ငါ့အမျိုးမှ လူမျိုး၊ ငါ့ဘာသာမှ ဘာသာဆိုတဲ့ အတွေးအခေါ်က လူတွေထဲမှာ စိမ့်ဝင်လာတယ်၊ လွှမ်းလာတယ်။ ဒါကို နိုင်ငံရေးသမားကကိုင်လှုပ်ပြီး အာဏာထဲရောက်လာတော့ ဘာသာရေးသမားနဲ့ပင်းပြီး သွေးထိုး လှုံ့ဆော်တာတွေ တရစပ်လုပ်၊ မှိုင်းတိုက်၊ ဝါဒဖြန့်၊ နားအဆိပ်ခပ်ဖန်များပြီး လူတွေ သွေးရူးသွေးတမ်းဖြစ်ကုန်တယ်။

ဒီတော့ ဘာဆက်ဖြစ်လာလဲ။ တချိန်က နာဇီဒဏ်ကြောင့် လူလုံးမလှအောင် မရှုမလှခံခဲ့ရတဲ့လူမျိုးတမျိုးအပေါ်ထားခဲ့တဲ့ ကရုဏာစိတ် စာနာ သနားစိတ်နေရာမှာ မုန်းတီးစိတ်၊ မလိုစိတ်၊ စက်ဆုပ်စိတ်တွေ တပတ်ပြန်လည်လာတယ်။ အရှေ့ဥရောပမှာ ပိုသိသာတယ်။ ပိုလန်ဆိုရင် အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေး ၃ ခုလုံးက ပိုလန်နဲ့ပတ်သက်လို့ ဂျူးတွေရဲ့ဝါဒဖြန့်ချိရေးမှာ သုံးစွဲခဲ့တဲ့စကားလုံးတွေကအစ မသုံးဖို့၊ သုံးခဲ့ရင် ဖမ်းမယ်ဆီးမယ်ထောင်ချမယ်၊ ပြည်ဝင်ခွင့်ပိတ်မယ်ဆိုတဲ့အထိ တက်လာတယ်။ 

အမေရိကန်မှာလည်း ဂျာမန်ဆန့်ကျင်ရေး အနုပညာတွေ ငုတ်လာတယ်။ တချိန်က ကြိတ်ကြိတ်တိုးစည်ကားခဲ့တဲ့ Holocaust Museums တွေ လူဝင်ကျဲလာတယ်။ ပြဇာတ်ရုံတွေမှာ လက်မှတ်အရောင်းကျလာတယ်။ ရုပ်ရှင်တွေ လူကြည့်နည်းလာတယ်။ ကဗျာရွတ်ပွဲတွေ ကျီးနဲ့ဖုတ်ဖုတ်ဖြစ်လာတယ်။ ဒါ သိသာမြင်သာတာ တွေပါ။ မသိသာပေမယ့် ပိုဆိုးတဲ့အကျိုးဆက်က Antisemitism ခေါင်းထောင် ထလာပဲဖြစ်တယ်။ အဲ့ဒီစိတ် အဲ့ဒီအတွေးအခေါ်ဟာ တဖြည်းဖြည်းနဲ့ကျယ်ပြန့်လာရုံမက နက်လည်းနက်ရှိုင်းလာတယ်။ ပိုလည်း သည်းသန်ပြင်းထန်လာတယ်။ အဲ့ဒါ ကိစ္စကောင်းမဟုတ်သလို ကောင်းတဲ့ကိစ္စလည်း မဟုတ်ပါဘူး။ ကောင်းတဲ့လက္ခဏာလည်း မဟုတ်ပါဘူး။

ဒါ့ကြောင့် ခုလိုမျိုး အနုပညာထဲအမုန်းတရားဝါဒဖြန့်မှုကဲလွန်းတဲ့ အနုပညာကနေ ကောင်းတဲ့အနုပညာဘက် ပြန်လှည့်ပြောင်းရမှဖြစ်မှာပါ။ ဖက်ဆစ်စနစ်ကို ကျကျနနသိမြင်ပြီး ဘယ်လူမျိုးက ကျင့်သုံးကျင့်သုံး ဖက်ဆစ်ဝါဒဟာ လောကဖျက်ဝါဒဖြစ်တယ်၊ ဖက်ဆစ်စနစ်ဟာ ဆန့်ကျင်ရမယ့်စနစ်ဖြစ်တယ်ဆိုတာကို ပြန်ဇောင်းပေးပြီး၊ အဖိနှိပ်ခံလူမျိုးအပေါ် ကရုဏာပြန်သက်လာအောင် စာနာစိတ်ပြန်ဝင်လာအောင် အနုပညာနဲ့လုပ်ရပါမယ်။ ဒါဟာလည်း ဝါဒဖြန့်တာပါပဲ။ ဒါပေမယ့် ကေင်းတဲ့ဝါဒဖြန့်မှုဖြစ်ပါတယ်။ ဒါပေမယ့် ကြာပါလိမ့်မယ်။ အချိန်တွေ ခုယူခဲ့ပြီးသလောက် ပြန်ယူရပါလိမ့်မယ်။ မျိုးဆက် ၂ ဆက်စာလောက် ပြန်တည့်ယူရပါလိမ့်မယ်။ ဒါပေမယ့် လုပ်ကိုလုပ်ရပါလိမ့်မယ်။ လုပ်မှလည်း ရပါလိမ့်မယ်။
ဒါက အနုပညာမှာပါ။ 

လက်တွေ့မြေပြင်နဲ့ နိုင်ငံရေးမှာလည်း အရှေ့အလယ်ပိုင်းပြဿနာတွေကို ခုလို ရက်စက်ကြမ်းကြုတ်တဲ့နည်းတွေနဲ့ မကိုင်တွယ်ဘဲ၊ သဘောထားမတင်းမာ အစွန်းမရောက်တဲ့အတွေးအခေါ်တွေ၊ သွေးမဆာတဲ့နိုင်ငံရေးသမားတွေပေါ်ထွက်လာဖို့၊ ပျော့ပျောင်း တဲ့ချဉ်းကပ်နည်းတွေ၊ ပေါ်လစီတွေပြောင်းမှကို ရပါလိမ့်မယ်။ ဒါကလည်း လွယ်မယောင်နဲ့ခက်တဲ့ကိစ္စမဟုတ်ပါ။ လူသားချင်းစာနာစိတ်၊ လူသားဆန်မှု၊ တန်းတူရည်တူမျှမျှတတ ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲနေလိုတဲ့ဆန္ဒတွေအပေါ် အခြေခံရင် ဖြစ်လာမယ့်ကိစ္စပါ။

လူတမျိုးက လူတမျိုးကို၊ ဘာသာတခုက ဘာသာတခုကို မုန်းတီးလာအောင် ဆန့်ကျင်လာအောင် အမုန်းမီးမွှေး အမုန်းတရားမှိုင်းတက်ပြီး အာဏာဆုပ်ကိုင်တဲ့လူမှန်ရင် ဘာလူမျိုး ဘာ ဘာသာဝင်ဖြစ်ဖြစ် ဆန့်ကျင်ရမှာပါ၊ တိုက်ဖျက်ရမှာပါ။ တိုက်တဲ့နေရာမှာ အမုန်းကိုအမုန်းနဲ့၊ အာဃာတကို အာဃာတနဲ့၊ တရားလက်လွတ်ဥပဒေမဲ့လက်စားချေလိုစိတ်ကို အဲ့ဒီစိတ်နဲ့ ပြန်မတိုက်မိဖို့က အလွန်သတိထားရပါလိမ့်မယ်။ အဲ့ဒါဟာ အတွေးအခေါ်ကိစ္စပါ။ အဲ့ဒါဟာ နိုင်ငံရေးပါ။

ကျနော်တို့ဟာ လူ့အဖွဲ့အစည်းအတွက် ဆိုးကျိုးဆိုးပြစ်နဲ့ မကောင်းမှုကိုဆောင်ကျဉ်းတဲ့ အတွေးအခေါ်နဲ့နိုင်ငံရေးကို လူ့အဖွဲ့အစည်းအတွက်း ကောင်းကျိုးကောင်းရာနဲ့ လူလူခြင်းမခွဲခြားရာ အတွေးအခေါ်၊ နိုင်ငံရေးနဲ့ ပြန်တိုက်ရပါမယ်။ ပြန်တွန်းလှန်ဖြိုဖျက်ရပါမယ်။ ကျနော်တို့ အတွေးအခေါ်မှန်မှ ဖြစ်ပါလိမ့်မယ်။ အတွေးအခေါ်မှန်မှ နိုင်ငံရေးမှန်မှာပါ။ နိုင်ငံရေးမှန်မှ အလုပ်မှန်မှာပါ။ အလုပ်မှန်မှ သမိုင်းမှာ နံမည်ကောင်းနဲ့ ကျန်မှာပါ။
မျိုးမြင့်ချို(ဒီဇင်ဘာ ၁၅၊ ၂ဝ၁၈)

0 comments:

Post a Comment