Friday, December 7, 2018

(ရပ်မရတဲ့ အပစ်-၁)မျိုးမြင့်ချို

0 comments

(ရပ်မရတဲ့ အပစ်-၁)
သိန်းစိန်သမ္မတလုပ်တော့ အောင်မင်းကို အပစ်ရပ်ကိစ္စမှာ လုပ်ပိုင်ခွင့်အတော်ပေးပြီး လုပ်ခိုင်းခဲ့တယ်။ စစ်အုပ်စုဝင်ချင်းမို့ ဘယ်အထိဘဲလုပ်ရမယ်ဆိုတာသိပြီးသား ဖြစ်တာလည်းပါတယ်။ မင်းအောင်လှိုင်ကလည်း မီးစိမ်းပြပေးတယ်။ ရွှေမန်းလွှတ်တော်ကလည်း ဥပဒေဆိုတာတွေလုပ်ပြီး လက်နက်ချ အခံရသက်သာအောင် ခင်းပေးတယ်။ နော်ဝေအပါအဝင် အလှူရှင်နိုင်ငံတွေလည်း ငွေစီးကြောင်းကြီး ဒလဟောစီးပေးတယ်။ သိန်းစိန်ကလည်း ကားပါမစ်တွေပေး စီးပွားရေးလုပ်ခင်းတွေပေး သယံဇာတတွေ တူးခွင့်ပေး သစ်တွေခုတ်ခွင့်ပေး နယ်စပ်ကုန်သွယ်ရေးမှာ အခွန်ကောက်ခွင့်(တစိတ်တပိုင်း)ပေး မက်လုံးအမျိုးမျိုးနဲ့မြှူဆွယ်တယ်။

အောင်မင်းကလည်း အေဘီအပျက်တွေ သူပုန်အလေအလွင့်တွေနဲ့ ပေါင်းပြီး လက်နက်ကိုင်အဖွဲ့အစည်းက ခေါင်းဆောင်ဆိုတဲ့ကောင်တွေနဲ့ သောက်လိုက်စားလိုက် ဟေးလားဝါးလားနဲ့ ပွဲကိုစည်နေတာပဲ။ မင်းအောင်လှိုင်ကလည်း စစ်မဟာဗျူဟာမြောက်လမ်းတွေဖေါက်၊ ခံစစ်ကုန်းအသစ်တွေတည်၊ တပ်တွေဖြန့်ကျက်ခြေကုပ်ယူတာ တွင်တွင်လုပ်ပေမယ့် အပစ်ရပ်လာနိုင်ခြေရှိမယ့်ကောင်တွေဘက် သေနတ်ပြောင်းမလှည့်ပဲ အသာလေး ချိုထားပေးတယ်။

သူတို့အဓိကလိုချင်တာက တကယ့် ပြည်တွင်းငြိမ်းချမ်းရေး စစ်ရပ်စဲရေးမဟုတ်ဘူး။ လက်နက်ချလာကြဖို့အရေးပဲ။ လောလောဆယ် လက်နက်မချချင်သေးရင် မချကြနဲ့ဦးဆိုပြီး မျှောထားမယ် အခွင့်အရေးနဲ့စစ်ရေး ၂ ဘက်ညှပ်ပြီး တတိတိဖြိုမယ်။ အမှည့်ခြွေ ခြွေသွားမယ်။ လတ်တလောကတော့ အပစ်ရပ်လိုက်နိုင်တယ်ဆိုတဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့ နံမည်ကောင်းယူဖို့ပဲ။

အပစ်တွေရပ်လိုက်ကြတာမှ သေနတ်တွေတောင် ထင်းဆိုက်ကြတော့မယ့်အတိုင်းဘဲ။ စစ်အုပ်စုဘက်က ရလည်း အတော့်ကိုရသွားတယ်။ အပစ်ရပ်တာ အကြောင်းပြပြီး ဖွဲ့သမျှအဖွဲ့တွေလည်း အတော်လေးထောကြတယ်။ သိန်းစိန်ဦးစီးတဲ့ အရပ်သားတပိုင်း စစ်အစိုးရရယ်၊ ရွှေမန်းဇာတ်စီးထားတဲ့ တမတ်သားလွှတ်တော်ရယ်၊ မင်းအောင်လှိုင်ကိုင်ထားတဲ့ တလက်ကိုင်တပ်ရယ်၊ အောင်မင်းနဲ့အပေါင်းအပါတစုရဲ့ သကာအုပ်ထားတဲ့အဆိပ် ဆေးချက်စွမ်းတာတွေရယ်ကြောင့် အတော့်ကို ခြေသွက်လက်သွက် ကစားနိုင်ခဲ့တယ်။

နိုင်ငံတကာ အလှူရှင်တွေကလည်း တကယ့်ကို ဂရုတမပြုရတယ်။ လက်နက်ကိုင်တွေအတွက် အပစ်ရပ်ရေးနဲ့ နယ်စပ်နဲ့ တတိယနိုင်ငံတွေကပါတီတွေ၊ အဖွဲ့အစည်းတွေအတွက်ကျတော့ အထဲပြန်ဝင်ရေး ချော့မော့ဖြောင့်ဖြနားချကြတယ်။ အထဲပြန်ဝင်ဖို့ အတင်းတွန်းထည့်တယ်။ ဖိအားတွေပေးတယ်။ နည်းနည်း မာမာချာချာပြန်ပြောတဲ့ အဖွဲ့အစည်းတွေကို အထိရောက်ဆုံးနည်းနဲ့ ကိုင်တယ်။ မဝင်ဘူးလား မဝင်ရင်မပေးတော့ဘူးဆိုတဲ့နည်းပဲ။ ဒါပဲ။ ဒါနဲ့ကိုင်လိုက်တော့ ဝင်ပါတော့မယ်ခင်ဗျဆိုပြီး မဝင်ချင့်ဝင်ချင်နဲ့ ယက်ကန်ယက်ကန် ဝင်ကြရတော့တယ်။ လက်နက်ကိုင်အဖွဲ့အစည်း တချို့ကိုကြတော့ တချို့အလှူရှင်တွေက စစ်တပ်နဲ့အပစ်မရပ်ရင်ပဲ အကြမ်းဖက်အဖွဲ့အစည်းလိုလို ဘာလိုလို ပြောချင်ဟန်ပါ ပြတာအထိရှိပါတယ်။

မင်းတို့သာ အပစ်ရပ်လိုက်၊ မင်းတို့သာ အထဲဝင်သွားလိုက် ကျန်တာ ငါတို့ကြည့်ကြက်လုပ်ပေးမယ်ဆိုတဲ့ အပေါက်လေးကလည်းချိုးပြတယ်။ ပါးစပ်ပြောတင်မဟုတ်ဘူး ဥရောပသမဂ္ဂတွေရော နော်ဝေတွေရော စုံနေတာပဲ ငွေပေးပြီး သိမ်းသွင်းကြတာ အပစ်ရပ်မယ့်သူ၊ အထဲပြန်ဝင်မယ့်သူ၊ စစ်အုပ်စု(အစိုးရအပါအဝင်)ကိုရောပဲ။ ပေးလည်း တကယ်ပေးပါတယ်။ သိန်းစိန်တို့လည်း နံမည်ကောင်းလက်မှတ်တွေရ၊ အိမ်ဖြူတော်ခေါ်ပြီး ကျောလေးရင်လေး သပ်ပေးရတာအမော။

(ဆက်ပါဦးမယ်)
မျိုးမြင့်ချို(ဒီဇင်ဘာ ၇၊ ၂ဝ၁၈)

0 comments:

Post a Comment