Friday, December 7, 2018

(ငါတို့ရဲ့ နောက်ဆုံးနေ့များ)စံညိမ်းဦး

0 comments
(ငါတို့ရဲ့ နောက်ဆုံးနေ့များ)စံညိမ်းဦး
မသာကို တို့ပတ်ရိုက်နေမိတာလို့ မသိတော့
အရူးမြစ်ထဲ လှေလူးပြိုင်ဖြစ်ကြတယ်။


ကိုယ့်ကို 'ခဲ'မယ့် ဝံပုလွေကိုမှ
အစွယ်'သ'ပေးနေမိတာလို့ သိတော့
အလင်းအတုထဲမှာ သီချင်းအတုတွေနဲ့ နောက်ကျခဲ့ပြီလား။

ရွှေတိဂုံဘုရားကြီး ဆင်းလာပြီး ပါးရိုက်လည်း
ငါတို့ မဖြုံတော့ဘူး။
မဟာမြတ်မုနိကိုယ်တော်ကြီး ထွက်လာပြီး ပိတ်ကန်လည်း
ငါတို့ မချိသွားဖြဲ။
ငြိမ်းချမ်းရေးစေတီကြီး ဈာန်ထပြီး နားရင်းလာအုပ်လည်း
ငါတို့မှာ ဆေးမရှိဘူး။

(နေပြည်တော်ဆိုတာ ဒို့မန္တလေးမှာတော့ ရှေးက နာမည်ကြီး တည်းခိုခန်း)
ကူးတို့ဆိပ်မှာ မှို့အိတ်ပွင့်နေတယ်
ကြေညာချက်တွေ ပလူပျံ
ကတိကဝတ်ဆိုတာ စတိ ချစ်စရာတွေမျှ။

ခုတလော
ရွှေဖြစ်ငွေဖြစ် အနစ်နာခံလိုသူတွေ ပေါလာတယ်
ဒေါ်လာဖြစ် ယူရိုဖြစ် ပေးဆပ်လိုသူတွေ တန်းစီနေတယ်
မစင်တွင်းကလည်း လျှံ
(ဆရာမှိုင်းရေ) အရိုးထက် ခွေးကလည်း များလို့။

သမိုင်းပန်းသေ ပန်းညှိုးများအဖို့
ဘယ်လို 'ဇီဝက'ကမှ ဆေးမစွမ်းတော့သလို
ပေါ်လစ်တစ် ပါရာဇိက'ကျ' ဇက်ပြတ်များအဖို့လည်း
ဘယ်လို ဒေသနာကမှ ဇာတ်ပျက်အဖြစ်ကနေ ကယ်မရတော့။

အို
လူတွေရင်ဝကို ဥပဒေတူရွင်းနဲ့ဖေါက်
ကျနေတဲ့သွေးပေါက်တွေနဲ့ မြိန်ယှက်ကြ
လူတချို့ ရှင်သန်ရက်လိုက်ကြတာ။
'သစ်ခုတ်သမားအလိုမရှိ'တဲ့
ခုံဖိနပ်ခုတ်တတ်ရုံနဲ့ခြေဖျားထောက်
သမိုင်းမဲ့အတောင်ပေါက်သူတချို့ ငွါးငွါးစွင့်စွင့်
ရင်ကော့ တက်ရပ်နေတာ
သူရဲကောင်းသစ်ခုတ်သမားတို့ရဲ့အလောင်းပုံကြီးဆိုတာ
ဘယ်တော့မှ သိလာမယ်မဟုတ်တဲ့ သူတို့။

အလို
ပြည်သူ့ရိက္ခာနဲ့ ကိုယ့်သိက္ခာတက်ဖို့
ဟိုပုတ်ထဲက ဟိုလူ ရောက်လာပြန်ပြီ။

လောကထဲ
အများညီ 'ဤ'ဟာ ရင်ကော့လျှောက်နေတယ်
မီးဆိုတာ ရေခဲတမျှအေးမြ အများကပြောရင် ယုံလိုက်
အမှန်တရား
အမှန်တရားဆိုတဲ့စကားလုံးပြောရင်တောင်
ငပေါအဖြစ် ဟားတိုက်မခံရဲရင် မပြောခြင်းဟာသာ အကောင်းဆုံး။

သူငယ်ချင်းရေ
အောက်စလွတ်နေတဲ့တိုင်းပြည်စုတ်ကို စိတ်ပျက်နေတာထက်စာရင်
ဝစ်လစ်စလစ် မော်ဒယ်တွေကို စက္ခုရူပေန နေတာကမှ
ကာမဂုဏ်လေး ဖန့်ဖန့်ထည်ထည်
ကိုယ့်ဘဝတဏှာကိုယ် ချိုရှစေဦးလိမ့်မယ်ကွယ်။

လာလေ မိုးရေထဲမှာ ဒန့်ကြမယ်
ငါတို့ရဲ့ အပေါင်ဆုံး ရှစ်လေးလုံး နှစ်၃ဝ
'ခြေတပေါင်ကျိုး လူတွင်ကျယ်ပြဇာတ်'
ဖျာလက်မှတ်တွေလည်း ရောင်းလောက်မယ်မထင်ဘူး။

ဒီမှာ
ဘုံကြိုးပြတ် အသူရာနတ်တွေက ဘုံဆိုင်ထဲအရုပ်ကြိုးပြတ်
စားပွဲပေါ်က နိုင်ငံရေးဆာဒါးဟင်းရည်ကို ဟန်ပါပါခပ်သောက်
ဖေ့စ်ဘုတ်ကို အမြည်းလုပ်လို့
မမှောက်ခင် အွန်လိုင်းမှာ တော်လှန်ရေးလေး သွေးနွှေး
ပြီးတော့မှောက်သွားတယ်
မနက်ဖြန်လည်း အဖြေမရှိ။

ဗားတော့ဘရက်စကားနဲ့ပြောရင်
ဒီလိုနဲ့ပဲ အချိန်တွေကုန်ခဲ့တာကိုး
ဒို့တတ်နိုင်တာ ဒါပဲရှိတော့တာကိုး ငါတို့။

အခုပဲ
သောနုတ္တရတွေက သင်္ကန်းကို သင်္ကန်းဆိုင်ကဝယ်ပြီး ခြုံလာတယ်
သိကြားသာသနာကနေ ဖေ့စ်ဘုတ်သာသနာကြီး တောက်စား
မဆလ နအဖ သာသနာကနေ ဒီမိုသာသနာကြီး မောက်ကြွား
ဆရာတော်တွေခဗျာလည်း ငိုင်ငေးနေရတယ်
ပွင့်ခဲ့သမျှ ဂင်္ဂါဝါဠု သဲစုမကဟာ အားနာစရာတွေချည်း။

အခုပဲ
စာဟောဆရာက စင်ပေါ်ကနေ ဖင်ကွဲမတတ် အော်နေတယ်
ပြုပြင်ရေး အီလစ်ဆယ်လီတွေက စင်ဆောက်ပြီး ဟောက်ငမ်းနေတယ်
လောကကြီးက သာယာနေပြီ
မကောင်းတာက ခင်ဗျားတို့ ခင်ဗျားတို့
ဒါတွေ ဒါတွေပြင်ကြ လူထုကို လက်ညှိုးငေါက်ငေါက်
အကန်းဟာ မရှိတဲ့ပန်းတိုင်ကိုသွားဖို့
မဖောက်ရသေးတဲ့လမ်းတွေကို ရောင်းနေတယ်
ဘယ်မှမရောက်မယ့်လမ်းတွေဆိုတာကိုလည်း မသိဘူး။

ဒီမှာက
အမှန်တရားဟာ ဖာတန်းမှာတောင် တတိယတန်းရောက်နေပြီ
ဈေးပေါင်ကျိုးအမှန်တရားဟာ ဝဋ်အတိုင်း ကံခေကြရတုန်းပဲ
ဗိုလ်နေဝင်းမယားပါသားတွေကလည်း ငေါက်နေတယ်
နိုင်ငံရေးသီလကြောင်တွေကလည်း ဈေးကွက်ဖေါက်နေတယ်
နိုင်ငံရေးစာရိတ္တပျက်တွေကလည်း စစ်ဖိနပ်ကုန်းလျှက်နေတယ်
အမြီးပြတ်တွေကလည်း မင်းဆရာဖြစ်ဖို့ ဖင်တရမ်းရမ်းပြလုပ်နေတယ်
ပညာတတ်လှလှတွေ မှော်ထတဲ့ခေတ်ပျက်
ဒင်းတို့လက်ထဲက ဝီစကီကိုငှဲ့တော့
အကျိုးစီးပွားဟာ ရေပေါ်ဆီနဲ့ဝေ့လို့
ဒီမိုး ဒီလေထဲ ဒီလူတွေ ရေပန်းစားလှတယ်။

ကန်ချင်သလောက်ကန်
ဂိုးတော့ ရှူးခွင့်မရှိ
စစ်အုပ်စု မဟာဗျူဟာကျကျ ၂ဝဝ၈ ကွင်းထဲ
ဒီမိုကရေစီဖလား
ဘောလုံးကိုတော့ ပေးကစားထားပါတယ်။

ဥသြသံအူ
တနိုင်ငံလုံးက မီးသတ်ကားတွေ လာကူရင်တောင်
ငါတို့ဒဏ်ရာက မီးညွန့်ကျိုးပါဦးမတဲ့လား။
စမ်းသပ်ခန်းတွေထဲ
မျိုးဆက်အလိုက် ခေါင်းငိုက်စိုက်
အကောင်းအတိုင်းထွက်လာနိုင်တာ
တခေတ်မှမရှိခဲ့။

ဘဝအားလုံးကိုဓါတ်ပြု
ကျလာတဲ့မျက်ရည်ထုကိုသာ
မျက်ရည်အားလျှပ်စစ် အသွင်းပြောင်းထုတ်ဆစ်
အဲ့ဒီဂျင်နရေတာနဲ့
တတိုင်းပြည်လုံးကို လျှပ်စစ်မီးပေးနိုင်လိမ့်မယ်။

''ငါတို့ဒူးထောက်နေ၍သာ ကြီးကျယ်သူတွေ ကြီးကျယ်နေကြတာပါ။
ငါတို့ ထကြစို့''တဲ့
ပီ-ဂျေ ပရိုဒွန် ရဲ့ဖီလော်ဆိုဖီ
ငါတို့မှာ
ထပ်ထောက်စရာမရှိတော့တဲ့ ဒူးပြတ်တွေကို
ငုံ့ကြည့်ရင်း ငိုင်မိကြမလား။

အွန်လိုင်းထက်က တော်လှန်ရေးရယ်
နီစွေးစေးပျစ်လိုက်တာ
ဒါကိုပဲ ဒီလောက်ပဲ ပေး ကစားထားတာကိုး။

''ခင်ဗျားတို့ခွေးဆက်ဖြစ်နေရတာ အပြစ်မဟုတ်
ခင်ဗျားတို့သားမြေးတွေပါ ခွေးဆက်ဖြစ်နေစေခဲ့ပြီဆိုရင်တော့
ခင်ဗျားတို့မှာ အပြစ်ဖြစ်နေပြီ''လို့ အွန်လိုင်းဘာသာစကားနဲ့
'သမိုင်းကံတရား'အကောင့်ကနေ စတေးတဂ်တက်နေတယ်။

ထကြ
ခုပဲသွားကြစို့
ငါတို့ သက်ဆိုင်ရာ မြို့သင်းချိုင်းတွေရှိရာဆီ တန်းစီ
မီးသဂြိုလ်ဋ္ဌာနမှာ မှတ်ပုံတင်ထပ်
စားမြိန်ထုပ်လေးပိုက် ရပ်ရင်း စာရင်းပေးကြပါစို့။

ငိုပြီး သံပြိုင်ဆိုလိုက်
ဒို့ခေတ်ကိုဖြင့် ရောက်ရမည်မှာ မလွဲပါ။ (၃ကြိမ်)
ထပ်ဆို ထပ်ဆို ထပ်ဆို (အကြိမ် ၁သန်း)
ပျော်တယ်မဟုတ်လား
ငါတို့ရဲ့နောက်ဆုံးနေ့များ။
စံညိမ်းဦး
၁၆ ၆ ၁၈
https://www.facebook.com/sannyein.oo/posts/1319492531528111

0 comments:

Post a Comment