(လက်ဆွဲတာလား လက်မြှောက်တာလား)
နိုင်ငံရေးမှာ "ရန်သူနဲ့လက်ဆွဲနှုတ်ဆက်တယ်" ဆိုတဲ့အဆင့်တဆင့် ရှိပါတယ်။
မဖြစ်မနေ ဖြတ်သန်းရတဲ့အဆင့်တခုလို့ ကံသေကံမ ပြောလို့မရမှန်း
လူ့သမိုင်းရဲ့အလှည့်အပြောင်းတွေ အချိုးအကွေ့တွေ တော်လှန်ရေးလက္ခဏာပါတဲ့
အပြောင်းအလဲတွေကိုသေချာကြည့်ရင် မြင်ရမှာဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးနဲ့
ပန်းတိုင်ကိုချီတက်နေသူတွေတောင် ရန်သူနဲ့စကားပြောကြပါတယ်။ စေ့စပ်ရေးနည်းကို
ငြင်းပယ်လေ့မရှိပါဘူး။ တဘက်က မသမာတဲ့နည်း မရိုးသားတဲ့နိုင်ငံရေးအခံနဲ့
"စကားပြောရအောင်"လုပ်မှန်းသိသိနဲ့တောင် မိမိက လက်ခံ ဆွေးနွေးရပါတယ်။
ရန်ဘက်ကို မစေ့စပ်စတမ်း မဆွေးနွေးစတမ်း အသေအလဲတိုက်ရတဲ့အခါတွေရှိသလို
တိုက်နေတာခနရပ်ပြီး ဆွေးနွေးပွဲ စကားဝိုင်းကို အလှည့်ပေးရတာမျိုးလည်းရှိတယ်။
ဘယ်အခြေအနေမှာ၊ ဘယ်ပုံစံနဲ့၊
ဘယ်လောက်အပေးအယူ အလျှော့အတင်းနဲ့သွားမလဲ၊ အပြီးသတ်အောင်ပွဲကို ဘာနဲ့ယူမလဲက
"မူ" ဖြစ်ပါတယ်။ စွန့်လွှတ်စွန့်စားရမှာ မကြောက်ပေမယ့်
အောင်ပွဲယူရမှာကြောက်တဲ့အခါ လမ်းတဝက်ကဖြတ်ပြီး စေ့စပ်ဆွေးနွေးတယ်ဆိုတဲ့ စကားလုံးနဲ့အညံ့ခံပြီး
အဆုံးသတ်မှာ ဒူးထောက်သွားကြတာတွေလည်း မမြင့်ချင်အဆုံးမြင်ရမှာပါ။ စစ်စစ်မှန်မှန်
စေ့စပ်ဆွေးနွေးကြတယ် ဆိုတာ တဘက်နဲ့တဘက် အားခြေမျှလာတဲ့အခါ၊ လုပ်မှဖြစ်တော့မယ်လို့
၂ ဘက်လုံးက နက်နက်နဲနဲ သိမြင်လာတဲ့အခါ စကားပြောကြမယ် ဆိုတဲ့အသံ ထွက်လာကြပါတယ်။
တခါတလေမှာ ကြားလူ ပါရပါတယ်။ သမာသမတ်ကျတဲ့ကြားလူဖြစ်ရင် အေးအေးချမ်းချမ်းနဲ့
အောင်မြင် ပြီးမြောက်မသွားတောင် ပွဲဟာ မျက်နှာပန်းလှလှနဲ့ ရပ်တန့်သွားပါတယ်။
လစ်ဘရယ်လ်ဒီမိုကရေစီရေး လှုပ်ရှားမှုတွေ(တော်လှန်ရေးတွေ)ဟာ
ဆွေးနွေးညှိနှိုင်းခြင်း၊ အပေးအယူလုပ်ခြင်း၊ ကြေအေးတန်ကြေအေး ရင်းနဲ့ တဖြည်းဖြည်း
တရွေ့ရွေ့ခြင်း ရှေ့ကိုတိုးတက်သွားကြရတာမျိုး ဖြစ်ပါတယ်။ အတိတ်က
တိုင်းပြည်အပေါ်လူထုအပေါ် အပြစ်မျိုးစုံ ကျူးလွန်ခဲ့သူတွေကို ဥပဒေကြောင်းအရ အရေးယူအပြစ်ပေးတာမျိုးတွေ
မလုပ်နိုင်ဦးတောင် ဒီလိုလုပ်ခဲ့တာတွေကို လူသိရှင်ကြားတောင်းပန် တာ၊
ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို သမိုင်းဆိုင်ရာမှတ်တမ်းမှတ်ရာတွေအဖြစ် ပြုစုတာ၊
ထိန်းသိမ်းတာ၊ နှောင်းလူတွေအတွက် သင်ခန်းစာ ယူစရာတွေအဖြစ်
ကျန်ရစ်အောင်ဆောင်ရွက်ရပါတယ်။
လုပ်ခဲ့သူတွေဘက်ကလည်း တကယ့်ကို
ရိုးရိုးသားသား နောင်တရပြီး တောင်းပန်ရုံမက နောက်တဖန် ဘယ်တော့မှ ဒီလို စနစ်ဆိုးမျိုး
ပြန်ခေါင်းထောင်မလာရေးအတွက် အသစ်တက်လာတဲ့အင်အားစုနဲ့ပူးပေါင်းပြီး ကာကွယ်တာ
တားဆီးတာတွေလုပ်ရပါတယ်။ ဒါတောင် တကယ်စစ်မှန်တဲ့ လစ်ဘရယ်လ်ဒီမိုကရေစီ
အလှည့်အပြောင်းမှာတောင် ဒီလောက်ပဲဖြစ်ကြတာများပါတယ်။ အကြွင်းမဲ့အာဏာပြောပြော အာဏာ
၃ ရပ်ဆိုဆို အဲ့ဒါတွေကို အပြည့်အဝရလိမ့်မယ်လို့ နဂိုကတည်းကရည်မှန်းပြီး
လုပ်ရတာလည်း မဟုတ်ပါဘူး။ ရရင်တော့ ကောင်းတာပေါ့ဆိုတဲ့ အခြေခံအတွေးတော့ရှိကြပါတယ်။
အဲ့လိုဆိုလိုက်တော့ ပေးသလောက်ယူ
ကျွေးသလောက်စာ "အာဏာမသဓာရေစာနဲ့
နိုင်ငံရေးမှီခိုရာတစိတ်တပိုင်း"လောက်ရရင်ပဲ ကျေနပ်တယ်ဆိုပြီ ထ လုပ်ကြတယ်လို့
အဓိပ္ပါယ်မထွက်ပါဘူး။ လုပ်တုန်းက ဒီ့ထက်မကတဲ့ ရည်မှန်းချက်ရှိပေမယ့်
လုပ်ရင်းကိုင်ရင်း လူထုကိုမယုံ လူထုကိုအားမကိုး
လူထုလှုပ်ရှားမှုနည်းနာတွေကနေသွေဖည်ပြီး အတွေးအခေါ်ရေး ဝေဝါးလာတဲ့အခါ နိုင်ငံရေး
စည်းရုံးရေး ကျလာတဲ့အခါ လူထုတိုက်ပွဲကို လမ်းတဝက်ကဖြတ်ပြီး ရသလောက်ယူတော့မယ်ဆိုတဲ့
မူမဲ့တဲ့စေ့စပ်ကြေအေးရေးဘက် ရောက်သွားတာ ဖြစ်ပါတယ်။
လစ်ဘရယ်လ်ဒီမိုကရေစီရေးအတွက် တကယ့်
အင်နဲ့အားနဲ့လည်းလုပ်ခဲ့၊ နောက်မှာ ထု လည်းရှိတဲ့ လှုပ်ရှားမှုကြီးတွေတောင် အောင်ပွဲခံတဲ့
အခါ အာဏာ ၃ ရပ်လုံး ပြည်ပြည့်ဝဝ စိုးစိုးပိုင်ပိုင်မရကြပါဘူး။ အဲ့သလို
လှုပ်ရှားမှုတွေကို ပုံပျက်ပန်းပျက်အောင်လုပ်ဖြစ်လိုက်တဲ့အခါ တိုင်းပြည်
ဘာဆက်ဖြစ်လဲဆိုတာကို အဝေးကြီး သွားကြည့်နေစရာမလိုပါဘူး။ မျက်မှောက်
ဗမာ့နိုင်ငံရေးအခြေအနေဟာ အကောင်းဆုံး ပြယုဂ်ဖြစ်ပါတယ်။
အမြင်သာဆုံးသာဓကလည်းဖြစ်ပါတယ်။
လှုပ်ရှားမှုတိုင်းမှာ
ခေါင်းဆောင်နဲ့ခေါင်းဆောင်မှုကဏ္ဍဆိုတာရှိပါတယ်။ လူနဲ့မူလို့ပြောရင်
ပိုလွယ်မယ်ထင်ပါတယ်။ ပုဂ္ဂိုလ်ရေးသြဇာ ဆိုတာဟာ ခေါင်းဆောင်တိုင်းအတွက်
မရှိမဖြစ်မဖြစ်လိုအပ်ပါတယ်။ ပုဂ္ဂိုလ်ရေးသြဇာ အလွန်အကျွံမထူထောင်မိဖို့ ခေါင်းဆောင်က
သတိထားဖို့လိုသလို နောက်လိုက်ကလည်း အဲ့ဒါကို ခွင့်မပြုဖို့လိုပါတယ်။
ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဆိုတာ ၂ ဘက်စလုံးကြောင့်ဖြစ်ရတာပါ။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုအထိ
ရောက်သွားရင်တော့ မူဟာ အရေးနိမ့်သွားပါတော့တယ်။ မူ ဗုံးဗုံးလဲသွားပါတော့တယ်။
နောက်တော့ သိတ်မကြာဘူး အဲ့ဒီအဖွဲ့အစည်း၊/ပါတီလည်း စုပ်စမြုပ်စပျောက်သွားပါတယ်။
ဗမာ့သမိုင်းမှာ အဲ့ဒီနည်းနဲ့ ပျောက်ခြင်းမလှပျေက်သွားတဲ့ ပါတီတွေအဖွှဲစည်းတွေ
များလှပါတယ်။ အမြင်သာဆုံးကိုပြပါဆိုရင်တော့ ဖဆပလ ကိုပြရမှာပါ။ ဖဆပလဟာ
သာမညောင်ညပါတီလေးတခု မဟုတ်ပါဘူး။ အဖွဲ့ချုပ်ကြီးပါ။ တပ်ပေါင်းစုကြီးပါ။
ပါတီအဖွဲ့အစည်းတခုကို ပဲ့ကိုင်တာဟာ
မူဖြစ်ပါတယ်။ ဦးဆောင်မှုဖြစ်ပါတယ်။ သြဇာကိတ္တမကြီးတဲ့ခေါင်းဆောင်(လူ)ဆိုတာက အသွား ၂
ဘက်ပါတဲ့ဓားနဲ့ တူပါတယ်။ အဲ့ဒီဓားဟာ လူထု၊ ပါတီဝင်ထု၊ မဟာမိတ်အင်အားစုတွေကို
စုစည်းတဲ့နေရာမှာရော ပြန့်ကျဲပြိုကွဲသွားအောင် လုပ်တဲ့နေရာမှာရော အသုံးတည့်ပါတယ်။
ပုဂ္ဂိုလ်ရေးသြဇာအားကြီးရင်ကြီးသလောက် အဲ့ဒီဓားဟာ ပိုထက်မြက်သလို
ပိုလည်းစွမ်းပါတယ်။ အလားတူပဲ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကြီးရင် ကြီးသလောက် အန္တရာယ်လည်း
အလွန်များပါတယ်။ မူကိုဖျက်တဲ့နေရာ မူမဲ့သွားအောင်လုပ်တဲ့ နေရာမှာရော မူရှိအောင်
မူကိုကြံ့ခိုင်နေအောင် မူအတိုင်းမသွေဖည်ရအောင်လည်း အဲ့ဒီ သြဇာကိတ္တမကပဲ
ဆောင်နိုင်စွမ်းပါတယ်။ အဲ့ဒီ သြဇာကိတ္တမကပဲ အသံ ထွက်လာစေတာဖြစ်ပါတယ်။ ကျနော်တို့က
အဲ့ဒီ အသံဟာ "မရဏမောင်းလား အောင်စည်လား"ကို ဂဃနဏ
သိဖို့တော့လိုပါလိမ့်မယ်။
မူမဲ့သွားပြီးဆို
ရန်သူနဲ့လက်ဆွဲနှုတ်ဆက်ရေးဟာ ရန်သူ့ရှေ့ဒူးထောက်ရေး ဖြစ်သွားပါတယ်။
အောင်ပွဲရဖို့ဦးဆောင်မှုမပေးနိုင်တော့ပဲ
အကြိမ်ကြိမ်အရှူံးပေးလက်မြှောက်ရေးဆီဦးတည်တဲ့ခေါင်းဆောင်မှုမျိုးပဲ
ပေးနိုင်ပါတော့တယ်။
မျိုးမြင့်ချို (ဒီဇင်ဘာ ၂၉၊ ၂ဝ၁၈)
မျိုးမြင့်ချို (ဒီဇင်ဘာ ၂၉၊ ၂ဝ၁၈)
0 comments:
Post a Comment