Monday, December 24, 2018

NLD လှည်းကျိုးထမ်းမှာလား(ဇော်ဝင်း ၈၈ ကျောင်းသားဟောင်း)

0 comments
NLD လှည်းကျိုးထမ်းမှာလား(ဇော်ဝင်း ၈၈ ကျောင်းသားဟောင်း)

ထွေအုပ်ဆိုတာကတော့ မိတ်ဆွေတို့သိတဲ့အတိုင်း အထွေထွေအုပ်နေကြတာပဲ။ စားစရာဝါးစရာမှန်သမျှ အုပ်နေကြတာလည်း မြန်မာနိုင်ငံမှာ သူ့လောက်စား၊ သူ့လောက်အုပ်ခွင့်ရတာ ခပ်ရှားရှားပဲ။ ဆန္ဒပြသူမှန်သမျှကို ချထည့်လိုက်မယ် အုပ်ထည့်လိုက်မယ်ဆိုလည်း ရှေ့ဆုံးက မျက်နှာထွက်ပြတဲ့ ဗီလိန်ကြီးတွေက သူတို့ ထွေအုပ်တွေပဲ။ မြို့ထဲရပ်ကွက်ထဲ ဘာလေးဖြစ်ဖြစ် ဝင်ရှုပ်လိုက်မယ်၊ ဝင်အုပ်လိုက်မယ်ဆိုတာလည်း သူတို့ချည်းပါပဲ။ မြန်မာနိုင်ငံမှာ လူအမုန်းဆုံး ဇာတ်ရုပ်က ထွေအုပ်ပဲ။ မြန်မာနိုင်ငံမှာ လူတွေရှောင်မရ ကင်းမရဆုံးကလည်း ဒင်းတို့ ထွေအုပ်ပါပဲ။ မချစ်သော်လည်း အောင့်ကာနမ်းနေရတာ ဒင်းတို့ ထွေအုပ်တွေပါပဲ။ ပြောရမယ်ဆိုရင် မဆလခေတ်တုန်းက ပါတီကောင်စီကို ပြည်သူတွေမုန်းခဲ့တာထက် ထွေအုပ်ကိုမုန်းတဲ့အမုန်းက နည်းနည်းလေးမှ မလျော့တာ အင်မတန်သေချာလှပါတယ်။

အဲဒီထွေအုပ်ကို ပြည်ထဲရေးအောက်မှာထားပြီး NLD ကို အစိုးရလုပ်ခိုင်းထားတော့ NLD ဟာ လိပ်ကို ပက်လက်လှန်ထားသလို ယက်ကန်ယက်ကန် ဖြစ်နေတော့မှာပဲဆိုတာကို NLD အာဏာမရခင်ကတည်းက ဒီချုပ်အာဏာရခဲ့သော်ဆောင်းပါးမှာ ကျနော်ရေးခဲ့ပါတယ်။ ထွေအုပ်ကို မနိုင်၊ ရဲကို မနိုင်၊ တရားသူကြီးကို မပိုင်၊ စစ်တပ်ကို မပိုင်တဲ့ဘဝမှာ NLD ဟာ ဘယ်လောက်တောင် မြောက်ကားရားကြီးဖြစ်နေခဲ့သလဲဆိုတာ အခုတော့ အားလုံးသိပြီးကြပါပြီ။

ကဲ.... အခုထွေအုပ်ကို NLD ကရပြီ။ ဒါဆို .... ဝမ်းသာလိုက်ကြရတော့မလား။ အခြေအနေကတော့ ဝမ်းနည်းရမှာလား၊ ဝမ်းသာရမှာလား မိသိန်းကြည်လို့ပဲ မေးရတော့မှာပါပဲ။ အဲဒါကတော့ စံရွှေမြင့်ရဲ့ဖခင် ကာတွန်းမြင့်သိန်းရဲ့စကားပေါ့လေ။ ကျနော်တို့ခေတ်စကားနဲ့ ဒဲ့မေးရရင်တော့ ဝမ်းနည်းရမှာလား၊ ဝမ်းသာရ မှာလား ဒေါ်စုကြည်လို့ ဖြစ်ပါလိမ့်မယ်။

စောစောကပြောခဲ့သလိုပဲ ထွေအုပ်ဆိုတာ ဗမာပြည်မှာ ဗီလိန်ဇာတ်ရုပ်၊ ကုန်းဇာတ်ရုပ်၊ လူအမုန်းဆုံး ဇာတ်ရုပ်တရုပ်ပဲ။ အဲဒီဇာတ်ရုပ်တွေ ဇာတ်ကောင်တွေ ကို NLD လက်ထဲ လွှဲပေးလိုက်တာဟာ အာဏာလွှဲပေးလိုက်တာလား။ မီးခဲတွေ မြိုခိုင်းလိုက်တာလားဆိုတာ ခွဲခြားရခက်သလိုဖြစ်နေတယ်။ ဒင်းတို့ ကြမ်းချင်တိုင်းကြမ်းခဲ့ပြီ။ ရမ်းချင်တိုင်းရမ်းခဲ့ပြီ။ နာမည်ပျက်လိုက်တာ အဖတ်ဆယ်စရာ မရှိတော့ဘူး။ အဲသလို အခြေအနေရောက်မှ NLD လက် အထုပ်ကြီးထိုးအပ်ပြီး ရော့...အင့် ယူတော့ဆိုတာ စေတနာလား၊ ဝေဒနာလား နားလည်ရခက်တယ်။ NLD ကဇွတ်တောင်းယူလို့ပဲ ပေးပေး၊ စစ်အုပ်စုနဲ့ အပေးအယူလုပ်ပြီးတော့ပဲ ပေးပေး၊ အခုလို ထွေအုပ်ကို ပေးလိုက်တာဟာ NLD ကို လှည်းကျိုးထမ်းခိုင်းတာပါပဲ။ လှည်းကျိုးထမ်းမလား၊ မထမ်းဘူးလား ဆိုတာကတော့ NLD ရဲ့သဘောထားအပေါ် မူတည်ပါလိမ့်မယ်။

တကယ်တော့ ပြည်ထဲရေးကိုရ၊ စစ်တပ်ကိုပါရမှ အာဏာကို NLD တကယ်ရတယ်လို့ ခေါ်နိုင်ပါတယ်။ ထွေအုပ်လောက်ရတာက အောက်ခြေအဆင့် အနိမ့်ဆုံးအဆင့်ကို ရတာပါ။ ဒါပေမယ့် အောက်ဆုံးအဆင့်က အရေးမကြီးဘူးလားဆိုတော့ အရေးကြီးပါတယ်။ လူထုက တကယ်တမ်း ထိတွေ့ရတာက အဲဒီ အောက်ခြေအဆင့်နဲ့ပဲ တကယ်ထိတွေ့ရတာပါ။ ဟိုးထိပ်က ဝန်ကြီးတွေဆိုတာကို တကောင်တမြီးမှ ပြည်သူကသိတာ မဟုတ်ပါဘူး။ ဒီတော့ ထွေအုပ် အဆင့်ကို တကယ်ပြုပြင်ပြောင်းလဲနိုင်ရင် ပြည်သူအတွက် တော်တော် စိတ်ချမ်းသာစရာဖြစ်လာနိုင်တယ်။ ဒါပေမယ့် ထွေအုပ်အဆင့် အောက်ခြေအုပ်ချုပ် ရေးကို NLD ကတကယ်ပြောင်းလဲနိုင်မလား။ ဒါကအရေးကြီးဆုံးအချက်ပဲ။ ပြောင်းနိုင်ရင်တော့ နည်းနည်းပြောင်းရင် နည်းနည်းကောင်းတယ်လို့ ပြောလို့ ရတယ်။ မပြောင်းနိုင်ရင်တော့ လှည်းကျိုးထမ်းရသလိုဖြစ်မှာပဲ။

ဘယ်လိုပြောင်းမလဲ။ တနည်းပဲရှိတယ်။ အဲဒီထွေအုပ်တွေ အကုန်ဖြုတ်ပြီး လူသစ်လဲမှ ပြောင်းနိုင်မယ်။ ဒီထွေအုပ်တွေပဲထားပြီး NLD အစိုးရက အမိန့်ပေး ညွှန်ကြားပြီး ပြောင်းလဲလို့ရမယ်ထင်ရင်တော့ အမှားကြီးမှားပြီ။ အဲဒါဆိုရင်တော့ သေချာပေါက် လှည်းကျိုးထမ်းရပြီ။ ဦးသိန်းစိန်အစိုးရ ရာထူးကထွက်ရ တော့မယ်ဆိုတော့ တက်သုတ်ရိုက်ပြီး အစိုးရဌာနတွေအားလုံးမှာ မြဲတမ်းအတွင်းဝန်တွေကို စစ်တပ်လူတွေခန့်ပြီး အစောင့်ထားသွားခဲ့တယ်။ အဲဒီစစ်တပ်က လူတွေကို အစောင့်ထားခဲ့ရုံနဲ့တောင် NLD အစိုးရ ဘာမှလုပ်မရဘဲ ဒုက္ခအကြီးအကျယ် ရောက်ရတာကို NLD ကိုယ်တိုင် အသံထုတ်ငြီးတွားသံ ကျနော်တို့ ကြားခဲ့ဖူးပါပြီ။ ရုံးတရုံးမှာ စစ်ဗိုလ်နည်းနည်း ထိပ်ကအုပ်ပြီး အစောင့်ထားခဲ့တာနဲ့တောင် ယန္တရားတခုလုံးကို ပြင်မရပြောင်းမရ ဖြစ်ခဲ့တယ်ဆိုရင် တနိုင်ငံလုံး မှာ စစ်ထွက်တွေခန့်ထားပြီး ဖွဲ့စည်းထားတဲ့ ထွေအုပ်ယန္တရားကို ဒီလူတွေ အတိုင်းထားပြီး ကိုင်နိုင်မယ်ထင်ရင် စိတ်ကူးယဉ်တာပဲ။

အခုရက်ပိုင်းမှာ အရပ်သားအစိုးရလက်အောက် ပို့လိုက်လို့ ထွေအုပ် ၈၀၀ အလုပ်ထွက်မယ်ဆိုတဲ့ သတင်းထွက်လာတယ်။ ထွေအုပ်က တကယ် မထွက်ပါဘူး။ ဒီလောက် စားကောင်း ဝါးကောင်းနေတဲ့နေရာကနေ ဘယ်လွယ်လွယ်နဲ့ထွက်မလဲ။ ဒါပေမယ့် အရပ်သားအစိုးရလက်အောက် ပို့လိုက်တာကို သိပ်မကျေနပ်လို့ အသံ နည်းနည်းထုတ်ကြည့်တာပါ။ သူတို့ကို ခွေးကလေးကြောင်ကလေးတွေလို သခင်ပြောင်း လက်လွှဲပေးလိုက်တာကို မကျေနပ်ကြတာ ဖြစ်မှာပေါ့။ အဲဒီမှာ စိတ်ဝင်စားစရာကောင်းတာက ပြည်သူလူထုရဲ့ အသံပဲ။ သူတို့စိတ်ကောက်ပြီး ထွက်မယ်ပြောတော့ ပြည်သူလူထုက တော်တော် စိတ်ပူသွားကြသလား။ ဘယ်ဟုတ်မလဲ။ ဝမ်းသာလိုက်ကြတာများ မြင်မကောင်းဘူး။ အားလုံးထွက်ရင် အကောင်းဆုံးပဲလို့ တညီတညာတည်း သြဘာပေး ကြတယ်လေ။ အဲဒါပြည်သူ့သဘောထားပါပဲ။ ပြည်သူက ဒီလူတွေကို အကုန်ထုတ်ပစ်လိုက်စေချင်နေပြီ။ အဲဒါ ပြည်သူကပေးတဲ့ လမ်းညွှန်ချက်ပဲ။

NLD လုပ်ရမယ့်အလုပ်ဟာ ပြည်သူ့သဘောထားကို လိုက်နာလေးစားပြီး အဲဒီလူတွေ အကုန်ထုတ်ပစ်။ လူအသစ်တွေနဲ့ အုပ်ချုပ်ရေးအသစ်ကို အစားထိုး။ အဲဒါမှသာ ဒေသန္တရအုပ်ချုပ်ရေးအဆင့်ကို တကယ်ပြောင်းလဲနိုင်လိမ့်မယ်။ အဲဒါမှသာ လူထုအတွက် တကယ်ကောင်းရာကောင်းကြောင်း ဖြစ်လိမ့်မယ်။ အဲသလို မလုပ်ရင်တော့ NLD အစိုးရကို ခေါင်းမီးတောက်အောင် ထွေအုပ်က ခေါင်းပေါ်တက် မီးရှို့ပြလိမ့်မယ်။ ထွေအုပ်လာဘ်စားသမျှ NLD ခေါင်းပေါ်ကျ လိမ့်မယ်။ ဆန္ဒပြသမျှ ထွေအုပ်နဲ့ရဲပေါင်းပြီး ကောင်းကောင်း သမပြလိမ့်မယ်။ အပြစ်ဟူသမျှ NLD ခေါင်းပေါ်ကျလိမ့်မယ်။ ထွေအုပ်က ရပ်ထဲရွာထဲမှာ အာဏာအလွဲသုံးစားလုပ်သမျှ NLD ခေါင်းပေါ် ကျလိမ့်မယ်။ အဲသလိုဒုက္ခရောက်အောင် စစ်အာဏာရှင်တွေက ထွေအုပ်ကို ထိုးပေးလိုက်တာပဲ။ လှည်းကျိုးကြီး ထမ်းခိုင်းလိုက်တာပဲ။ တနိုင်ငံလုံးမှာ ထွေအုပ်တကာ ယိုတဲ့ချီး NLD ခေါင်းပေါ်ကျအောင် လုပ်လိုက်တာပဲ။ အဲဒီထောင်ချောက်ကနေ လွတ်အောင်ရုန်းတဲ့နည်းက တနည်းပဲရှိတယ်။ အဲဒါက ထွေအုပ်အားလုံးရာထူးဖြုတ်ပြီး လူသစ်တွေနဲ့အစားထိုး၊ ယန္တရားတခုလုံးအသစ်ပြုပြင်ပြောင်းလဲတဲ့ နည်းပဲ။

NLD က အဲသလိုလုပ်လိုက်ရင် စစ်အာဏာရှင်တွေ နှာခေါင်းကျည်ပွေ့ တကယ်တွေ့မှာပဲ။ အဲဒါကို စစ်အာဏာရှင်တွေက ဘာလို့များအတင့်ရဲပြီး ထွေအုပ်ကို NLD လက်လွှဲပေးလိုက်သလဲလို့ မေးစရာရှိတယ်။ NLD အဲသလို မလုပ်ရဲဘူးလို့ယုံကြည်လို့ လွှဲပေးလိုက်တာပဲ။ ဒီလူတွေကို NLD မဖြုတ်ရဲဘူး၊ အမှန်တကယ် ပြုပြင်ပြောင်းလဲရေးကို NLD ကပြတ်ပြတ်သားသားမလုပ်ရဲဘူးလို့ အခိုင်အမာယုံကြည်လို့ စစ်အာဏာရှင်တွေက ထွေအုပ်ကို NLD လက်ထဲ ထိုးထည့်လိုက်တာပဲ။ ထွေအုပ်ကို ထရိုဂျင်လိုသဘောထားပြီး NLD ထဲထိုးထည့်လိုက်တာပဲ။

NLD လက်ထဲကို ထွေအုပ်နဲ့ပတ်သက်တဲ့ လုပ်ပိုင်ခွင့်အာဏာ၊ စစ်အုပ်စုက အပ်လိုက်ပြီ။ NLD အနေနဲ့ ကိုင်တတ်ရင် ထီးဖြစ်မယ်။ မကိုင်တတ်ရင် မီးဖြစ်လိမ့်မယ်။ NLD လှည်းကျိုးထမ်းမလား၊ မထမ်းဘူးလားဆိုတာဟာ ဒီပြဿနာရဲ့ အဖြေဖြစ်လိမ့်မယ်။ NLD လှည်းကျိုးဝင်ထမ်းရင် ပြည်သူက ကျွန်ဝယ်ရာ အဆစ်ပါလိမ့်မယ်။ NLD လှည်းကျိုးထမ်းရင် NLD လည်း ဒုက္ခရောက်မယ်။ ပြည်သူလည်း ဒုက္ခရောက်မယ်။ စစ်အုပ်စုက NLD နဲ့ပြည်သူ ရန်တိုက်ပေးလိမ့်မယ်။ ထွေအုပ်ကို မကိုင်ရဲရင် NLD ဟာပြည်သူ့ရန်သူဖြစ်လာလိမ့်မယ်။
ဇော်ဝင်း
၈၈ ဗကသကျောင်းသားဟောင်း

0 comments:

Post a Comment