Saturday, December 8, 2018

(ပိုက်ဆံအတွက် မှတ်ပုံတင်ပါတဲ့လား)မျိုးမြင့်ချို

0 comments
(ပိုက်ဆံအတွက် မှတ်ပုံတင်ပါတဲ့လား)
စစ်ပြေးဒုက္ခသည်တွေကူညီရေးခေါင်းစဉ်နဲ့ ကချင်ဘက်ကို NGOs and INGOs တွေဝင်လာတာ၊ မြစ်ဆုံကို U.S သံအမတ်ကြီး သွားကြည့်တာတွေဟာ စစ်အုပ်စုအတွက်ရော တရုတ်အတွက်ရော NLD အတွက်ပါ ဖင်ကြားခဲခုသလိုဖြစ်နေတာ သိသာပါတယ်။  

NLD ကတော့ ကျန်တဲ့နေရာသာ ကျနော်တို့မှာ တကယ်အာဏာမရှိပါဘူး၊ ဘာမှလုပ်မရပါဘူး ဘာဘူးညာဘူးတွေသာပြောတာ သတင်း မီဒီယာတွေနဲ့ NGOs and INGOs တွေကိုင်ဖို့အတွက်တော့ အာဏာအပြည့်ရှိပုံရတယ်။ စစ်တပ်ပိုင်ဝါဒဖြန့်ချိရေး မြဝတီကျတော့ မျက်မွှေးထော် မော်မကြည့်ဝံ့တာလည်း သိသာပါတယ်။

ဟိုလူတွေ ဝင်လာတာကလည်း သူတို့အကျိုးစီးပွားရှိတာကြောင့်ဆိုတာ ငြင်းမရပေမယ့် တကယ်ဒုက္ခရောက်နေတဲ့ စစ်ဘေးဒုက္ခသည်တွေ အတွက် လက်ငင်းလက်တွေ့ အကျိုးရှိနေတာကိုလည်း မျက်ကွယ်ပြုလို့မရပါ။ လူတိုင်း နိုင်ငံတိုင်းဟာ အကျိုးလိုလို့ ညောင်ရေလောင်းကြတာ ချည်းပါ။ စေတနာသုံးတန်ပြဌာန်းပြီး ပြတ်လှချည်ရဲ့ဆိုတဲ့အလှူဒါနမှာတောင် နောက်ဘဝဆိုတဲ့မျှော်ကိုးချက်နဲ့ မက်လုံးတော့ ပါ ပါသေးတယ်။

အာဏာရှင်အစိုးရတွေကို လက်နက်မပါပဲတိုက်တဲ့နေရာမှာ CSOs လို့ ဗမာတွေပြောကြတဲ့ NGOs and INGOs တွေရဲ့ ကဏ္ဍက အလွန်ကြီး ပါတယ်။ သြဇာလည်းရှိပါတယ်။ ဂျော့ခ်ဆိုးရော့စ်တို့ ကမ္ဘာနဲ့ချီတွင်ကျယ်နေတာကို ထောက်ချင့်ကြည့်ပါ။

လူ့အခွင့်အရေးတို့၊ ကျန်းမာရေးတို့၊ အမျိုးသမီး၊ ကလေးသူငယ်၊ စစ်ပြေးနဲ့အခြားဒုက္ခသည်ကူညီရေးတို့၊ ပတ်ဝန်းကျင်သဘာဝ ထိန်းသိမ်းရေး တို့ စသည်ဖြင့် သဗ္ဗန နမ်ပေါင်း ခေါင်းစဉ်ခွဲတွေနဲ့ ဖွဲ့တည်လှုပ်ရှားကြရတာပါ။ အဲ့ဒါတွေဟာ ငွေကြေးနဲ့လည်ပတ်ရတာပါ။ အလှူရှင်နဲ့သွားရ တာပါ။ လူထုအခြေခံပြီး လူထုအထောက်အပံ့နဲ့လုပ်နေကြတာ မဟုတ်ပါဘူး။

အလှူရှင်ပုဂ္ဂိုလ် ဒါမှမဟုတ် နိုင်ငံကလည်း သူဖြစ်စေချင်တာကို လုပ်ပေးမယ့်လူမျိုးပဲ လိုချင်တာပါ။ တကယ်လိုအပ်နေတဲ့ဆီကို ဘယ်နှရာခိုင်နှုန်း ရောက်မရောက်ကို သူတို့နည်းသူတို့ဟန်နဲ့ Monitoring လုပ်တာရှိပါတယ်။ ပေးသူယူသူကြည်ဖြူနေရင် ဘာအသံမှ မထွက်ပါ။ လိုအပ်တဲ့လူတွေဆိုတာက Target Groups တကယ်ခံစားနေရတဲ့လူတွေဆိုတာထက် သက်ဆိုင်ရာအစိုးရ(နိုင်ငံ)တွေဖြစ်ကြတာ များပါတယ်။ ဒါ “အရပ်ဘက်အဖွဲ့အစည်းတွေကိုင်ပြီးလုပ်တဲ့နိုင်ငံရေး”ပါ။

ငွေကြေးသုံးစွဲမှုတွေမှာ အလှူရှင် Donors နဲ့ လုပ်တဲ့သူအဆင်ပြေတာများပါတယ်။ ကြားလူ ဘယ်သူကမှ ဘယ်အစိုးရကမှ ဝင်စွက်ဖက်လို့ မရပါဘူး။ အလှူငွေလက်ခံပြီး တဖွဲ့တည်းအတူတူလုပ်နေကြရင်းက ငွေကြေးအရှုပ်တော်ပုံတွေ ပေါ်လာလို့လည်း တယောက်နဲ့တယောက် တရားတဘောင်တွေအထိ ဖြစ်မလာပါဘူး။ အလှူရှင်က ဝင်ဆုံးဖြတ်ပေးလိုက်တာ။ သူ့အဆုံးအဖြတ်ဟာ နောက်ဆုံးနဲ့အတည်ဖြစ်ပါတယ်။ ဒါက ငွေကြေးပေါ်လစီနဲ့လုပ်ကြကိုင်ကြပုံအကျဉ်းပါ။

ဒါပေမဲ့ နိုင်ငံတခုခုရဲ့အချုပ်အခြာအာဏာနဲ့ အစိုးရ(လူထုအစိုးရဖြစ်ဖြစ် အာဏာသိမ်းအစိုးရဖြစ်ဖြစ်)ရဲ့တည်ရှိမှုကို တရားဝင်အသိအမှတ်ပြုတဲ့ အနေနဲ့ သူတို့ဝင်လုပ်မယ့်နိုင်ငံတွေက အစိုးရတွေဆီမှာ Registration မှတ်ပုံတင်ရပါတယ်။ အလှူရှင်ဘယ်သူဖြစ်ကြောင်း ပြောရပါတယ်။ လုပ်နေတဲ့ ဝန်ထမ်းတွေရဲ့အဆင့်အတန်း လုပ်ခ/လစာတွေကိုလည်း ဖော်ပြရပါတယ်။ ဒါမှ သက်ဆိုင်ရာနိုင်ငံတွေက မှတ်ပုံတင်ကြေး အပါအဝင် ဝန်ထမ်းတွေအပေါ် ဝင်ငွေခွန်စည်းကြပ်တာတို့ စတာတွေ လုပ်နိုင်ပါတယ်။

ဗမာပြည်လို နိုင်ငံမျိုးတွေမှာ ပိုတောင် တင်းတင်းကျပ်ကျပ်လုပ်တာတွေရှိပါတယ်။ လုပ်ရတဲ့အကြောင်းက နိုင်ငံရေးအရဖြစ်သလို ငွေကြေး အရလည်းပါပါတယ်။ နိုင်ငံရေးအရဆိုတာက တကယ်လည်းဖြစ်နေတဲ့ပြဿနာတခုခုကိုကိုင်ပြီး အစိုးရအာဏာကို ထိပါးခြိမ်းခြောက်လာမှာကို ကြောက်တာပါ။ ဒါကို “ပြည်တွင်းရေးစွက်ဖက်မှု“လို့ သုံးစွဲတတ်ကြပါတယ်။

ငွေကြေးအရဆိုတာ ဗမာပြည်လိုနိုင်ငံတွေမှာ ငွေမာ(ဒေါ်လာ၊ ယူရို စသည်ဖြင့်)လိုအပ်ချက်ကလည်းကြီးတဲ့အပြင် နိုင်ငံခြားငွေလက်ဝယ် ကိုင်သုံးခွင့်ကလည် အလွန့်ကို ကျပ်ကျပ်တည်းတည်း ပေါ်လစီတွေချထားကြပါတယ်။ လူတယောက်ချင်းဆီက နိုင်ငံခြားငွေကိုတောင် ချမ်းသာမပေးတဲ့အစိုးရတွေအဖို့ အလုံးအခဲလိုက်ကြီးဖြစ်နေတဲ့ NGOs and INGOs တွေဆီက ငွေတွေကို ပိုမက်မောမှာသေချာပါတယ်။

ဒါ့ကြောင့်အခု ဇော်ဌေးက စစ်အုပ်စုကိုယ်စား (NLD ကိုယ်စားလည်းဖြစ်ပါတယ်) အတိအလင်းထွက်ပြောတာပါ။ သူပြောတာက အဲ့ဒီ အဖွဲ့အစည်းတွေရဲ့ ငွေစာရှင်းရှင်းတမ်းတွေ၊ ငွေကြေးလည်ပတ်သုံးစွဲပုံတွေကို တင်ပြရမယ်လို့ပြောတာမဟုတ်ပါဘူး။ သူ့အထဲသွားပြီး ကိုယ်က “စာရင်းစစ်“လုပ်မရမှန်း သူတို့လည်းသိပါတယ်။ အဲဒီအဖွဲ့တွေရဲ့ငွေရေးကြေးရေးကိစ္စတွေကို ဝင်ပါလို့မရမှန်းလည်း သူတို့ သိပါတယ်။

သူပြောတာက တချို့အဖွဲ့တွေက ယိုးဒယား (Bangkok)မှာ ရီဂျစ္စတာလုပ်ထားတယ် လူတွေက ဒီမှာလာပြီး အလုပ်လုပ်နေတယ်။ ဆိုတော့ မှတ်ပုံတင်ကြေးက ယိုးဒယားကရနေတယ်၊ လုပ်နေတဲ့သူတွေရဲ့ လုပ်ခ/လစာတွေအပေါ်ကနေ ဝင်ငွေခွန်ကိုလည်း ယိုးဒယားအစိုးရက စည်းကြပ်နေတယ်။ လုပ်တာက ဒီမှာ။ ပိုက်ဆံရနေတာက တခြားနိုင်ငံဖြစ်နေတယ်။ ဒီတော့ အဲ့ဒီငွေတွေကို သူတို့ရထိုက်တယ်။ တရားဝင် သဘောအရ သူတို့ဆီမှာ မှတ်ပုံတင်ရမယ်။ ဒါမှ တရားဝင်ဖြစ်မယ်။ ဒါမှ သူတို့ အခွန်စည်းကြပ်နိုင်မယ်ဆိုပြီး ပြောတာဖြစ်ပါတယ်။

သူပြတဲ့အကြောင်းပြချက်က မမှားပါဘူး။ တကယ်လည်း အဲ့အတိုင်းဖြစ်ရမှာပါ။ အဲ့ဒီလိုဖြစ်မှလည်း ငွေရဦးတောင်(ငွေကြေးအမြတ်ထွက် ဦးတောင်) နိုင်ငံရေးထိပါးရင်(အာဏာပလ္လင်ကို လာနှဲ့ရင်) မှတ်ပုံစတင်ကတည်းက ဘယ်အဖွဲ့အစည်းကို လက်ခံမယ်မခံဘူး၊ ခွင့်ပြုမယ် မပြုဘူးကို တခါတည်း စိစစ်ဆုံးဖြတ်နိုင်မှာပါ။ အဓိက ကတော့ အဲ့ဒါလုပ်ချင်လို့ ဇော်ဌေးက ခုလိုထွက်ပြောလာပါ။ သူ့ကိုယ်စားပြုမှုက သမ္မတရုံး(အစိုးရ)ဆိုတာထက် စစ်တပ်(စစ်အုပ်စု)အပေါ် အမြဲပိုပါတယ်။ သူPoint out လုပ်ပြတာ ငွေကြေးကိစ္စကဆိုပေမယ့် ဒီလောက်ကြီးတော့ မဟုတ်ပါ။ နိုင်ငံရေးပါ။ စစ်အာဏာအထိအပါးမခံနိုင်တာပါ။
မျိုးမြင့်ချို (ဒီဇင်ဘာ ၈၊ ၂ဝ၁၈)

0 comments:

Post a Comment