Monday, December 10, 2018

ကုန်သွယ်ရေးစစ်စတင်ခြင်း(၃) Kyaw Zaaw Khine

0 comments
ကုန်သွယ်ရေးစစ်စတင်ခြင်း(၃)
Lander of last resort
ဗဟိုဘဏ်ရဲ့ရည်ရွယ်ချက် အလုပ်လုပ်ပုံနဲ့ ဖွဲ့စည်းပုံတွေအကြမ်းပြောခဲ့ပေမယ့် ဗဟိုဘဏ်ဆိုတာနဲ့ တခြားဘဏ်တွေက တန်းမြင်ထားတဲ့ အချက်တချက်ကိုလည်း ပြောဖို့လိုတယ်။ အဲဒါကတော့ ဘဏ်လောကတခုလုံးက သိထားတဲ့စကား “Lander of last resort” ပါ။ မြန်မာလို ပြောတော့ တခြားဘဏ်တွေ အကြောင်းကြောင်းကြောင့် ဒုက္ခရောက်ကြရရင် သူကနောက်ဆုံးမှာ ငွေထုတ်ပေးပြီး ကယ်ရတာကိုဆိုလိုတာပါ။ နိုင်ငံတနိုင်ငံ ငွေကြေးအရ ဘဏ်တွေပြိုကွဲတော့မယ်ဆိုရင် နောက်ဆုံးကယ်ပေးရမယ့်အချိန်မှာ ဗဟိုဘဏ်ကမကယ်ဘူးလို့ ဆုံးဖြတ်ချက်ချ လိုက်ရင် အဲသည်ဘဏ်ဒေဝါလီခံ (bankrupt) လိုက်ရတယ်။ အခြားနည်းလမ်းမရှိတော့ဘူး။ ဘယ်လောက်ကြီးတဲ့ ဘဏ်ဖြစ်ဖြစ်ဒီသဘောကို မရှောင်နိုင်ပါဘူး။ ဘာလို့ ဧရာမဘဏ်ကြီးတွေဖြစ်ပြီး ပြိုကွဲရတာလဲဆိုတာကြတော့ ဘဏ်တွေရဲ့ပင်ကိုယ်သဘောတရားကိုက အပ်နှံမှုပေါ် ရာနှုန်းအရ သိမ်းဆည်းထားရတဲ့ငွေ(Deposit) ဆိုတဲ့အချက်ပေါ်အခြေခံပြီး လည်ပတ်ကြရလို့ပါပဲ။ ဆိုလိုတာက ဘယ်ဘဏ်မဆို လူတွေ စုပြုံပြီးငွေလာထုတ်တဲ့ဒါဏ်ကို မခံနိုင်ကြဘူး။ အဲသည်လိုခံနိုင်အောင် တည်ဆောက်ထားရင်လည်း အကျိုးအမြတ်ရှိဖို့ မဖြစ်နိုင်တော့ဘူး။ ၂ဝဝ၈ ငွေကြေးပြဿနာတွေ ကမ္ဘာနဲ့အဝှမ်းတက်လာတော့ အဲသည်အချိန်မတိုင်မီက အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌဖြစ်ခဲ့တဲ့ ဂရင်းစပန်း(Alan Greenspan) ပြောတဲ့စကားရှိတယ်။ လူတွေရဲ့ အကြောက်တရားဆိုတာ သိပ်အင်အားကြီးတယ်။ ဘဏ်တွေက အဲဒါကို ခံနိုင်စွမ်းရည် မရှိပါဘူးတဲ့။ ဒါကဘဏ်တွေရဲ့ လည်ပတ်ပုံပိုင်းမှာရှိတဲ့ အခြေခံအားနည်းချက်ဖြစ်တယ်။ ဒါကို ဗဟိုဘဏ်က ပုံမှန်မှာတာဝန်ယူပေးရတယ်။ Lander of last resort ဆိုတာ ဒါကိုဆိုလိုတယ်။

(သန်း၂၅ဝ နဲ့စခဲ့တဲ့ အမေရိကန်ဗဟိုဘဏ်)
အမေရိကန်ဗဟိုဘဏ်သမိုင်းကြောင်းကို သမိုင်းနဲ့ငွေကြေး အဖြစ်အပျက်တွေပေါ်မူတည်ပြီး (၃)ပိုင်းခွဲမြင်နိုင် တယ်။ ပထမပိုင်းက ပထမ ကမ္ဘာစစ်ကနေ ရွှေပေါင်စနစ်ပျက်သွားတဲ့(၁၉၇၁)အထိ၊ ဒုတိယပိုင်းမှာ ရွှေပေါင်စနစ်ပျက်လို့ ဒေါ်လာစံစနစ်ဝင်လာတဲ့(၁၉၇၁)ကနေ ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက် အကျပ်အတည်းဖြစ်တဲ့(၂ဝဝ၈)အထိနဲ့ နောက်ဆုံးပိုင်းမှာ(၂ဝဝ၈)ကနေ ယနေ့အထိဖြစ်တယ်။ ပထမပိုင်းကို စကြည့်ရင် အပိုင်းခွဲအနေနဲ့ ၁၉၁၄ ကနေ ၁၉၂ဝ ဆိုပြီး ပထမကမ္ဘာစစ်ကာလနဲ့ စစ်ပြီးကာလကိုတွေ့ရမယ်။ ဗဟိုဘဏ်ကိုစထောင်ပြီး တနှစ် မပြည့်သေးဘူးစစ်ဖြစ်တယ်။ ကမ္ဘာနဲ့အဝှမ်း ကူးစက်တောက်လောင်တဲ့စစ်မီးကြောင့် ဗဟိုဘဏ်ဟာ စတင် ဖွဲ့စည်းတဲ့မူလရည်ရွယ် ချက်တွေကနေသွေဖီတဲ့ ရေတိုလုပ်ဆောင်ချက်တချို့ကို လုပ်ရတယ်။ အဲဒါက စစ်တိုက်ဖို့ငွေလွယ်အောင် ဘဏ်တိုးနှုန်းကိုချတာ ဖြစ်တယ်။ ဘဏ်လို့ပြောရင် လူတွေတွဲမြင်တာငွေပဲ။ ဘဏ်တွေမှာ ငွေလုပ်တဲ့စက်တွေမရှိပေမယ့် ငွေလုပ်နိုင်တဲ့ပါဝါတော့ရှိတယ်။ ဘဏ်တွေကို ဓမြတိုက်တယ်ဆိုတာ ပျော်လို့မဟုတ်ဘူး။ ငွေလိုချင်ကြလို့ ဖြစ်တယ်။ အမေရိကန်ဗဟိုဘဏ်ဟာ ကမ္ဘာမှာငွေလုပ်နိုင်တဲ့ ပါဝါအကြီးဆုံးရှိတဲ့ ဘဏ်ပါ။ သူ့ငွေကို တကမ္ဘာလုံး သုံးတယ်။ ငွေရှိမှစစ်တိုက်လို့ရတယ်။ ငွေရှိမှ စစ်ရေးလေ့ကျင့်ခန်းတွေလုပ်နိုင်တယ်။ ငွေရှိမှ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်နိုင်တယ်။ ငွေအတွက် တနိုင်ငံနဲ့တနိုင်ငံ ကူးလူးဆက်ဆံတယ်။ မဟာမိတ်ဖွဲ့တယ်။ တရုတ်တွေမှာ ကိုးကွယ်ရာ ဘာသာ မရှိဘူး။ အများစုကသူတို့ ကိုးကွယ်တာငွေပဲလို့ ပြောတယ်။ တချို့ကအဲသည်လိုပြောတာကို ဂုဏ်ယူနေပုံပေါက်တယ်။ ဆိုလိုတာကငွေဆိုတာ လူဖန်တီးထားတဲ့ဘုရားတမျိုးပဲလို့ ပြောရင် မငြင်းနိုင်တဲ့ သဘောရှိတယ်။

၁၉၁၄ မှာ အမေရိကန်ဗဟိုဘဏ်ရဲ့ အက်ဆက်ပိုင်ဆိုင်မှုဟာ သန်း(၂၅ဝ)ပဲရှိတယ်။ အခု ကမ္ဘာ့အချမ်းသာဆုံး ဂျက်ဘီဇော့ (အာမေဇုန် အွန်လိုင်း) စီးပွားရေးလုပ်ငန်းရှင်က ဒေါ်လာဘီလီယံနဲ့ချီ ချမ်းသာနေတာနဲ့ယှဉ်ကြည့်ရင် အဲဒီအချိန်က ဗဟိုဘဏ် ပိုင်ဆိုင်မှုဆိုတာ ဘာမှကို မပြောပလောက်ဖူး။ ဒါပေမယ့် အမေရိကန်ဗဟိုဘဏ်ရဲ့ ငွေရင်းဟာ (၁၉၂ဝ)စစ်ပြီးသွားတဲ့နောက်မှာ ဒေါ်လာ(၆)ဘီလီယံဖြစ်သွားတယ်။ သန်း၂၅ဝ ကနေ သန်း ၆ဝဝဝ ဖြစ်သွားတယ်။ ငွေရင်း အဆ(၂၄)ဆ တက်သွားတယ်။ ဘာဖြစ်လို့လဲ။ စစ်တိုက်ဖို့လိုတဲ့ငွေတွေကို ရိုက်ထုတ် ပေးလိုက်တာက အဓိကပဲ။ အမေရိကန်ဗဟိုဘဏ်က ငွေလုပ်တဲ့ပုံစံ(၂)မျိုးရှိတယ်။ ပထမတမျိုးကရှင်းတယ်။ လိုချင်တဲ့ငွေကို စက်နဲ့ရိုက်ထုတ် လိုက်တာ (အခုတော့ ပိုက်ဆံတောင်ရိုက်စရာမလိုရင် မရိုက်တော့။ ဘဏ်ထဲမှာ ငွေကို စာရင်းတိုးလိုက်တာပဲ။ ခုခေတ်ငွေဆိုတာ လက်ထဲ ကိုင်တွယ်ပြလို့ရတဲ့စက္ကူတွေ ဒင်္ဂါးပြားတွေထက် ဘဏ်မှာရှိနေတဲ့ကိန်းဂဏန်းစာရင်းတခုဖြစ်လာပြီမလား)။ ဒုတိယနည်းက ဗဟိုဘဏ်ရဲ့ အသင်းဝင်ဘဏ်တခုခုရဲ့စာရင်းမှာ Deposit ထဲ့ပေးပြီး ငွေသွင်းလိုက်တာမျိုးဖြစ်တယ်။ အမေရိကန်တနိုင်ငံလုံးမှာ ဗဟိုဘဏ်ပေါင်း ၁(၂)ခု ရှိတယ်။ အဲဒီဘဏ်တွေမှာ အသင်းဝင်အဖြစ်လာဝင်ထားတဲ့ဘဏ်တွေက ဗဟိုဘဏ်မှာ ငွေစာရင်းဖွင့်ရတယ်။ ရှေ့မှာဆက်ရှင်းပါ့မယ်။

၁၉၂ဝ နဲ့ ၁၉၃ဝ ကြားမှာကျတော့ အဲသည်ငွေ ၆()ဘီလီယံကနေ (၅.၃)ဘီလီယံကို ကျသွားတယ်။ (၁၉၂၁)မှာ စီးပွားရေးအကြီးအကျယ် ကျဆင်းလို့ဖြစ်တယ်။ ဒါပေမယ့် နောင်နှစ်တွေမှာ ပြည်တွင်းစားသုံးမှု ပြန်တက်လာလို့ ထိန်းနိုင်သွားတယ်။ ၁၉၃ဝ နဲ့ ၁၉၄၁ ကြားကတော့ အပြောင်းအလဲတခု စဖြစ်တယ်။ ကုန်သွယ်စစ်(၁)မှာပြောခဲ့သလို ၁၉၃၃ ရုစဗဲ့လက်ထက်မှာ ရွှေကိုအမေရိကန်မှာ ကိုင်ဆောင်ခွင့်ပိတ်လိုက် တယ်။ နိုင်ငံခြားသားနဲ့ အခြား ရွှေလိုတဲ့လုပ်ငန်းအနည်းငယ်လောက်မှာပဲ အတိုင်းအတာတခုအထိ တရားဝင်ကိုင်ခွင့်ရှိတော့တယ်။ ကိုင်ခွင့် မရှိတာမှာ ဗဟိုဘဏ်ကအစပဲ။ အစိုးရ(ဘဏ္ဍာရေးဋ္ဌာန- Treasury Department)က အားလုံးသိမ်းထားလိုက်ပြီး ဗဟိုဘဏ်ကို ရွှေစံစာရွက် (Gold certificate)ပဲ ပေးကိုင်တော့တယ်။ ဒါပေမယ့် ငွေလုပ်တိုင်း ရွှေနဲ့နောက်ခံပေးထားတာတော့ မဖျက်သေးဘူး။ ဗဟိုဘဏ်က ရွှေစံ စာရွက်တွေကို ရွှေလို့ပဲမြင်လို့ရသေးတာကိုး။ ၁၉၃၄ မှာဒေါ်လာကို ရွှေနဲ့ယှဉ်ရင် ၄ဝ% လောက် ဈေးချလိုက်တယ်။ အရင်းစနစ်နိဂုံးမှာ သည် အကြောင်းတွေပါခဲ့ပါတယ်။ ဒေါ်လာဈေးချတော့(၁၉၃ဝ)ပြည့်တွေမှာ အမေရိကန်ကို ရွှေတွေလှိမ့်ဝင်တယ်။ အကျိုးဆက်က ဗဟိုဘဏ်မှာ ရွှေရင်းတက်လာပြီး ငွေဖန်တီးဖို့ ပိုအခွင့်သာတယ်။ ၁၉၄၁ မှာ ဗဟိုဘဏ်ငွေက ဒေါ်လာ (၂၅)ဘီလီယံကို ရောက်လာတယ်။

ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၁ ကနေ ၁၉၄၅ ကို ကြည့်တော့ စစ်ကြောင့် ဗဟိုဘဏ်ကကိုင်ထားတဲ့ အစိုးရဘွန်းတွေ ဈေးကျတယ်။ လည်ပတ် နေတဲ့ငွေတွေ မြင့်တက်လာတယ်။ တဘက်မှာ ရှေ့မှာပြောခဲ့သလို စစ်တိုက်ဖို့ ငွေလိုလို့ ရွှေပေါင်နောက်က ခံပေးထားတဲ့နှုန်းကို ၄ဝ%ကနေ ၂၅% အထိ ချလိုက်တယ်။ ပထမကမ္ဘာစစ်အပြီးမှာ (၆)ဘီလီယံရှိတဲ့ ဗဟိုဘဏ်ရဲ့ငွေပမာဏဟာ ၁၉၄၅ မှာ (၄၅)ဘီလီယံအထိ ရောက်လာ တယ်။ ၇()ဆကျော် ဆက်တက်လာတယ်။ စတည်ခါစနဲ့ယှဉ်ရင် အဆ (၁၈ဝ)လောက် ငွေ ပိုများလာတယ်။ အဓိကပြောချင်တာက ငွေတွေ ကမ္ဘာပေါ်မှာ ပိုပွားလာတယ်ဆိုတာ သတိထားမိစေချင်တာ။ နောက်တခုက အဲလိုပွားလာတယ်ဆိုပေမယ့် ငွေလုပ်တဲ့အခါ ရွှေပေါင်ထားရ  တယ်ဆိုတဲ့အချက်က မပျက်သေးဘူး။

နောက်တပိုင်းက ၁၉၄၅ ကနေ ၁၉၇ဝ အထိ။ ၁၉၄၅ ကနေ ၁၉၆ဝ အထိ ဗဟိုဘဏ်မှာ ငွေရင်းသိပ်တက်မလာဘူး။ ၄၅ ဘီလီယံကနေ ၅၃ ဘီလီယံလောက်ပဲ။ ၁၉၆ဝ ကနေ ၁၉၇ဝ အတွင်းမှာတော့ တော်တော်တက်တယ်။ (၈၆)ဘီလီယံအထိ တက်လာတယ်။ အစိုးရဘတ်ဂျက် လိုငွေပြလို့ ဗဟိုဘဏ်က ဘွန်းတွေဝယ်ပေးရတော့ ငွေတွေ တက်လာတာဖြစ်တယ်။ ၁၉၇ဝ မှာ ရှိလာတဲ့ငွေ (၈၆)ဘီလီယံဆိုတာ မှတ်ထား စေချင်တယ်။ ၁၉၇ဝ ပြည့်နှစ်တွေကျော်တော့ ဘရိုက်တန်ဝုဒ်ပျက်ပြီး ငွေလုပ်တဲ့ရွှေစံစနစ် ပျက်သွားတာဖြစ်လို့ပဲ။ ဘဏ်တွေနဲ့ငွေတွေကို ခုလိုဖတ်ရတော့ ပျင်းစရာဖြစ်တယ်။ ဒါပေမယ့် နောက်အပိုင်းတွေမှာ ဒါကို အမေရိကန်နိုင်ငံရေးတို့ ကမ္ဘာ့နိုင်ငံရေးတို့နဲ့ ဆက်စပ်ပေး လိုက်ရင် တော့ ပိုဖတ်ပျော်လာဖို့ရှိတယ်။ ခုတော့ ကုန်သွယ်စစ်ဘက် တချက်လှည့်ကြည့်ရအောင်။

(ကုန်သွယ်ရေးစစ်နဲ့ ဆွန်ဇ)
ပြီးခဲ့တဲ့ရက်ပိုင်းက ထရမ့် ဖိအားပေးလာတာတွေထဲက တခုက နောက်ထပ်ဘီလီယံ(၂ဝဝ)ကို တရုတ်ဆီက ကုန်သွယ်ခွန်ကောက်ဖို့ပါပဲ။ ပထမတော့ တဖြည်းဖြည်းချင်း တရစ်ချင်းတင်မယ်လို့ဆိုပေမယ့် ခုနောက်ထပ် ဘီလီယံ(၂ဝဝ)ဆိုတာဟာ နည်းတဲ့ကိန်းဂဏန်းတော့ မဟုတ်ဘူး။ ရှေ့ကကောက်ခဲ့တာတွေနဲ့ပေါင်းရင် တရုတ်ကနေ အမေရိကန်ကို သွင်းတဲ့ကုန်သွယ်ငွေ စုစုပေါင်းရဲ့ တဝက်လောက် ရှိလာမှာ ဖြစ်တယ်။ စစ်နဲ့ငြိမ်းချမ်းရေးစာအုပ်မှာ တော်စတွိုင်းပြောထားတာတခု ရှိတယ်။ နိုင်ငံတနိုင်ငံမှာ နိုင်ငံအကြီးအကဲတွေက နိုင်ငံရေးမကောင်း တော့ဘူး ပြည်သူကအကြိုက်နည်းလာပြီဆိုရင် နယ်စပ်ဒေသတွေမှာ အစိုးရက စစ်မက်ရေးရာတွေ ဖန်တီးတတ်တယ်ဆိုတာပါ။

ဒီအယူအဆနဲ့ ထရမ့်ရဲ့နိုင်ငံရေး အကျပ်အတည်းနဲ့ ဆက်စပ်မှုရှိနေတယ်လို့ပြောမယ်ဆို ပြောနိုင်နေတယ်။ သူက ဖြည်းဖြည်းချင်း သွားနေတဲ့ စစ်ကို အရှိန်မြင့်ချင်တာကိုး။ အဲဒီ စစ်ရှိန်မြင့်တာဟာ အမေရိကန်နဲ့ တရုတ် (၂)နိုင်ငံ ပြည်သူတွေကို အနည်းနဲ့အများတော့ ထိခိုက်မှု ရှိလာမှာ ဖြစ်တယ်။ တကယ်သာ တရုတ်ပြည်သူတွေကိုထိလာခဲ့ရင် တရုတ်ကလည်း ထရမ့်သုံးတဲ့စစ်နဲ့ငြိမ်းချမ်းရေးထဲကဗျူဟာအတိုင်း အမေရိကန်နဲ့ စစ်အင်အား ချင်းထိပ်တိုက်တွေ့သယောင် မတင်မကျလုပ်ထားပြီး ကုန်သွယ်စစ် အကျပ်အတည်းကနေ ပြည်သူရဲ့ ကိုယ့်အပေါ် ရောက်လာ မယ့်ဒေါသကို အမျိုးသားရေး(စစ်ရေး)နဲ့ ပြန် ကာထားကောင်းထားနိုင်ပါတယ်။ ဆိုလိုတာ တရုတ်က အမေရိကန်ကို စစ်ငွေ့စစ်ရိပ်နည်းနည်းပြ ပေးရမယ့်သဘောပါ။ ကုန်သွယ်ရေးစစ်က ဖြစ်နေပြီဆိုတော့ တကယ့် စစ်အင်အားချင်း ခေါင်းချင်းတည်ကြည့်တာမျိုး ဖြစ်လာနိုင်တယ်။

အမေရိကန်စစ်အင်အားဟာ တကယ့်စူပါပါဝါပါ။ ဒါကို တရုတ်ဘယ်လောက်ထိ လိုက်ထားနိုင်ပြီလဲ ချိန်ဆကြည့်ရအောင်။ သေနင်္ဂဗျူဟာ စစ်ပညာနဲ့ပါတ်သက်လာရင် လွန်ခဲ့တဲ့ ထောင်စု ရာစု(၂)ခုကျော်လောက်ကတည်းက နာမည်ကျော်ခဲ့တဲ့ကျမ်းကို တရုတ်တွေကရေးခဲ့တာ ဖြစ်တယ်။ ဆွန်ဇ(Sun Tzu) ရဲ့ စစ်တိုက်ခြင်းအနုပညာ (The art of war)ဆိုတာပေါ့။ ဒီတော့ စစ်နဲ့ပါတ်သက်လို့ တရုတ်တွေကိုလည်း လျော့တွက်လို့မရဘူး။ ဆွန်ဇပြောခဲ့တဲ့စကားတခွန်း ရှိတယ်။ စစ်မတိုက်ခင် ဘယ်လောက်ကုန်မလဲ အရင်တွက်တဲ့။ ဒီတော့ ကုန်သွယ်ရေး စစ်လို ဟာမျိုးမှာ ဒီအဆိုအမိန့်ကို နှစ်ဘက်စလုံးက သေချာပေါက်နားလည်ပြီးသား ဖြစ်မယ်လို့ထင်တယ်။ ကုန်သွယ်စစ် ဘာလို့ဖြစ်လာ တာလည်းကြည့်တော့ နောက်ကွယ်က ရည်မှန်းချက်က နိုင်ငံရေးရည်မှန်းချက်လည်းပါတယ်။ ကမ္ဘာ့စူပါပါဝါနေရာကို လွှဲပြောင်း မပေးလို လို့ ဖြစ်တယ်။ ဒါကမငြင်းသာဘူး။ လက်ရှိနံပါတ်တစ် အမေရိကန်နေရာကို တရုတ်က လွှဲပြောင်းယူဖို့ဆိုတာ ဖြစ်နိုင်ခြေရှိသလားဆိုတော့ သေနင်္ဂဗျူဟာစစ်ပညာမှာ ဗိုလ်ချုပ်ရေးခဲ့တာ တခုရှိတယ်။ နေရာတနေရာကို တိုက်ခိုက်သိမ်းပိုက်လိုက်တာက လွယ်တယ်။ ရည်ရှည် တပ်စွဲထားနိုင်ဖို့သာ ခက်တာဆိုတာပဲ။ ကမ္ဘာ့အင်အားအကြီးဆုံး စူပါပါဝါနေရာဟာ အလကားမရဘူး။ သူ့မှာစရိတ်ရှိတယ်။ ထိပ်ဆုံးနေရာ မှာနေပြီး ပါဝါကိုဆက်လက် ဆွဲကိုင်ထားဖို့ဆိုတာ ကုန်ကျစရိတ်ကြီးတယ်။

တကမ္ဘာလုံးကို ဖြန့်ကျက်ထားတဲ့ စစ်အင်အားကို တည်ဆောက်ထားရတယ်။ တကမ္ဘာလုံး ဖြန့်ကျက်ထားရတဲ့ စစ်စရိတ်ရှိတယ်။ သံခင်း တမန်ခင်းအဖွဲ့တွေ၊ သင်တန်းတွေ၊ ထောက်ပံ့မှုတွေကို ကျခံထားရတယ်။ ဒါတွေအတွက် အဆင်သင့်ဖြစ်ပြီလားဆိုတော့ တရုတ်တွေက ပေသီးခေါက်ကြည့်တယ်။ ထွက်လာတဲ့အဖြေကတော့ အာရှအတွက်လောက်တော့ အဆင်သင့်ဖြစ်ပြီဆိုတာပဲ။ တရုတ်ရဲ့ အာရှပစ္စဖိတ် မဟာဗျူဟာက တမ္ဘာလုံးကိုလွှမ်းခြုံမယ့်အစီအစဉ် မတိုင်ခင် အရင်လာဖို့ရှိတယ်လို့ ကောက်ချက်ချကြတယ်။ တနည်း အမေရိကန်နဲ့ တရုတ်ဟာ စစ်ရေးတည်ဆောက်မှုကို အာရှမှာ အရင်အားစမ်းကြဖို့ရှိတယ်။ တရုတ်နဲ့အမေရိကန် တော်စတွိုင်းရဲ့ဗျူဟာကိုသုံးတာ မဟုတ်ဘူးဆိုတာတောင် ကုန်သွယ်စစ်က ပူးလိုက်ခွာလိုက် ဆွေးနွေးပွဲတွေနဲ့သွားမယ်ဆိုရင် သူနဲ့အပြိုင် စစ်အင်အားချင်းလည်း အားစမ်း ကြဖို့ဖြစ်လာနိုင်တယ်။ အာရှမှာ အရင်လာမယ်ဆိုတာ တရုတ်ရဲ့ တောင်တရုတ်ပင်လယ်တွင်းက ကျွန်းတွေပြဿနာနဲ့ ကုန်သွယ်စစ်ကြောင့် နဂါးပတ်လမ်း(Belt and Road) နှောင့်နှေးမှာတွေကို ချိန်ဆကြည့်ရင် ဖြစ်နိုင်ခြေများတဲ့အနေအထားပါပဲ။

(စစ်အသုံးစရိတ်နဲ့ စစ်အင်အား)
အမေရိကန်ကတော့ လက်ရှိကမ္ဘာပေါ်မှာ ဒေါ်လာ(၆၁ဝ)ဘီလီယံနီးပါး (ဂျီဒီပီရဲ့ ၃.၁%)နဲ့ စစ်အသုံးစရိတ်အများဆုံး ဖြစ်ဆဲပါ။ နောက်မှာ (၂၂၈)ဘီလီယံနဲ့တရုတ် (ဂျီဒီပီရဲ့ ၁.၉%)၊ ဆော်ဒီ (၆၉.၄ဘီလီယံ)၊ ရုရှား (၆၆.၃ ဘီ)၊ အိန္ဒိယ (၆၄ ဘီ)၊ ပြင်သစ် (၅၈ဘီ)၊ ဂျပန် (၄၅.၄ဘီ) နဲ့ ဂျာမနီ (၄၄.၃ဘီ)တို့ အစဉ်လိုက်ရှိတယ်။ စစ်အသုံးစရိတ်တွေဟာ BRIC လို့နာမည်ကြီးတွေထဲက ဘရာဇီးကလွဲလို့ အမေရိကန်နောက်မှာ အားလုံးလိုက်နေကြတယ်။ ဆော်ဒီက တပိုင်းပေါ့လေ။ တရုတ်ဟာ တိန့်အင်မင်အရေးအခင်းကိုရှင်းခဲ့တဲ့ ၁၉၈၉ မှာ စစ်အသုံးစရိတ် (၁၉) ဘီလီယံပဲရှိခဲ့တာကိုတွက်ခဲ့ရင် နှစ်(၃ဝ)အတွင်းမှာ စီးပွားရေး စစ်ရေး အပြိုင်တည်ဆောက်နိုင်ခဲ့တာ တွေ့ရမှာဖြစ်တယ်။ စစ်အင်အားကို ချိန်ကြည့်ရင်တော့ တရုတ်မှာ တပ်သားအင်အား(၃)သန်းနဲ့ အမေရိကန် မှာ (၁.၈)သန်း ရှိတယ်။ စစ်သားတွေ ကမ္ဘာနဲ့အဝှမ်းရွှေ့ပြောင်းဖို့ နောက်ကလိုက်ပါမယ့် လေယဉ်တွေ သဘောင်္တွေကလည်း အရေးကြီးမယ်။ သယ်ယူပို့ဆောင်တဲ့အင်အားခြင်း ယှဉ်ကြည့်လိုက်မယ်ဆိုရင် ခုလိုတွေ့ရမှာပါ။ ရှေ့ကကိန်းဂဏ္ဍန်းတွေက တရုတ်အတွက်ပါ။ သယ်ပို့ဟယ်လီကော်ပတာ (၃၈၃ နဲ့ ၂၆၉၄)၊ သယ်ပို့လေယဉ် (၈၄ နဲ့ ၆၅၈) နဲ့ လေယဉ်တင်သဘောင်္ (၁ နဲ့ ၁၁) တို့ဆိုတော့ အတ္တလန်တိတ်လိုပင်လယ်မှာ အမေရိကန်ကိုကျော်လွန်ပြီး အင်အားတည်ဆောက် အထိုင်ချ ထားဖို့ဆိုတာ တရုတ်အဖို့ နောင်၁ဝ နှစ်၁၅ နှစ် ဖြစ်ဖို့ တော်တော်ကျိုးစားရမှာဖြစ်တယ်။ ပြောရင် ခဲယဉ်းနိုင်တယ်။ ဒီတော့ အာရှပစ္စဖိတ်မှာ အမေရိကန်ကို တားထားနိုင်မယ့်စစ်အင်အားကို အရတည်ဆောက်ဖို့ဟာ တရုတ်လက်ရှိအစီအမံဖြစ်တယ်လို့ ခန့်မှန်းကြတာတွေ့ရတယ်။

အချိန်ကာလကိုမေးရင် ၂ဝ၃ဝ လို့ လေ့လာသူတွေက နီးနီးစပ်စပ်ပြောကြလေရဲ့။ တဘက်မှာ ဘေဂျင်းမှာရှိတဲ့ တရုတ်ရေတပ် သုတေသန အင်စတီကျူးရှင်းက လေ့လာသူတဦးက ခုလိုပြောတယ်။ ယှဉ်ပြိုင်မှုဆိုတာ အမေရိကန်တွေဘက်က အမြင်ပါ။ တရုတ်လုပ်နေတာ ရိုးရိုး လေးပါ။ ပစ္စဖိတ်မှာရှိတဲ့ ကျနော်တို့ရဲ့ရပိုင်ခွင့်နဲ့ အကျိုးစီးပွားကိုကာကွယ်ဖို့ပါပဲတဲ့။

ရှေ့က ယှဉ်ပြခဲ့တဲ့ စစ်အင်အားတွေကို ခနပြန်ကြည့်ပါ။ ဘာတွေ့ရမလဲဆိုတော့ တရုတ်အမှီလိုက်လိုတဲ့ စစ်အင်အားဆိုတာ စစ်အေးကာလ စစ်အင်အား အပြိုင်တည်ဆောက်နေတဲ့အချိန်တုန်းက လက်ကျန်ကျန်နေတဲ့ နျူကလီးယားစစ်လက်နက်တွေဆို မှီဖို့မလွယ်လှဘူး။ မော်စီတုန်းနဲ့အတူ ရှေ့သို့ခုန်ပျံကျော်လွှား (leap frog)လုပ်ခဲ့ဖူးတဲ့ တရုတ်တွေရဲ့ခေတ်မှီ စစ်အင်အားတည်ဆောက်မှုကို လေ့လာကြည့်ပါ။ အဓိက ဆိုက်ဘာ (Cyber)နဲ့ အေအိုင် (Artificial Intelligence)တွေမှာ ငွေအလုံးအရင်းနဲ့ပံ့ပိုးပြီး စစ်သုတေသနလုပ်ငန်းတွေကို လုပ်နေ ကြတယ်။ ဒါပေမယ့် ဒီနယ်ပယ်မှာလည်း ကနဦးစတင်မယ့်ကုမဏီလေးတွေကို အေအိုင်နယ်ပယ်မှာ ပံ့ပိုးနေတာကလွဲလို့ မိုဘိုင်းဖုန်း၊ ချစ်ပ်ပြား၊ ဆီမီးကွန်ဒတ်တာ ထုတ်လုပ်ရေး၊ အေအိုင်ကျွမ်းကျင်သူတွေနဲ့ အေအိုင်ကုမ္ပဏီတွေမှာ တရုတ်တွေဟာ အမေရိကန်တွေကိုယှဉ်ဖို့ ဆိုတာ တော်တော်လိုနေသေးတဲ့သဘောရှိပါတယ်။ (ပုံကိုကြည့်ပါ)

(အန်ကယ်ဆမ်တီရှပ်နဲ့ ကွန်ဖျူးရှပ်ခါးပါတ်)
မနှစ်က အာဖရိကဦးချိုဒေသက လူဦးရေကိုးသိန်းကျော် တသန်းနီးပါးသာရှိတဲ့ ဒီဂျီဘိုး (Djibouti) နိုင်ငံမှာ တရုတ်ရဲ့ ပထမဆုံးနိုင်ငံရပ်ခြား စစ်အခြေစိုက်စခန်းကို ဖွင့်ခဲ့တယ်။ နိုင်ငံပေါင်း(၄၁)နိုင်ငံမှာ အလတ်စားနဲ့အကြီးစား စစ်အခြေစိုက်စခန်း (၄၂)ခုရှိတဲ့အမေရိကန်နဲ့ယှဉ်ရင် ဒါဟာဘာမှ မဟုတ်သေးဘူးလို့ ပြောရမှာပါပဲ။ ဒီတော့ ပါဝါအပျော့(soft power)ဖြစ်တဲ့ ယဉ်ကျေးမှုကို ကြည့်ရအောင်။

အာရှနဲ့ကမ္ဘာတဝှမ်းမှာ ကွန်ဖျူးရှပ်အတွေးအခေါ်၊ ယဉ်ကျေးမှုနဲ့ ဘာသာစကားသင်တန်းတွေကို ပြီးခဲ့တဲ့ ဆယ်စုနှစ်လောက်ကစပြီး တရုတ် က တိုးဖွင့်လာတယ်။ သို့ပေမယ့် အန်ကယ်ဆမ်ရဲ့ ကြက်ကြော်၊ ပီဇာနဲ့မက်ဒေါ်နယ်ဆိုင်တွေ၊ အဲပဲလ်လက်တော့တွေဖွင့်ပြီး စတားဘတ် ကော်ဖီဆိုင်မှာထိုင်နေတဲ့ အာရှလူငယ်မျိုးဆက်သစ်တွေကိုကြည့်တော့ အမေရိကန်ယဉ်ကျေးမှုဟာ အာရှကို ဆက်လက်လွှမ်းမိုးနေဆဲ ဖြစ်တာကို တွေ့ရတယ်။ ဒါပေမယ့် နည်းပညာပိုင်းမှာတော့ တရုတ်တွေဟာ အမေရိကန်ကို အာခံထားနိုင်တဲ့နေရာတွေ ရှိတယ်။

အထင်ရှားဆုံးကတရုတ် WhatsApp (မက်ဆင်ဂျာတမျိုး) ဖြစ်တဲ့ ဝီချတ် (WeChat) ပါပဲ။ တရုတ်မှာ အာမေဇုံလိုမျိုး ဂျက်မားရဲ့အလီဘာဘာ ရှိနေတယ်။ တရုတ်ကိုယ်ပိုင် ဆိုရှယ်နက်ဝပ်တွေလည်း ကောင်းကောင်း အသုံးဝင်နေတယ်။ တကယ်တမ်းက တရုတ်အစိုးရက တရုတ်ပြည် တွင်းမှာ ဂိုဂဲတို့ အာမေဇုံတို့ ဖေ့စ်ဘွတ်ခ်တို့ကို အသုံးမခံပါဘူး။ ဒီလိုအသုံးမခံတာကို တရုတ်တွေကလည်း ဘာမှ မတောင်းဆိုဘူး။ တရုတ်တွေကိုယ်တိုင်က တရုတ်ကိုယ်ပိုင်နက်တွေ ဝက်ဘ်တွေကိုပဲသုံးပြီး ဂိုဂဲဂုဏော အနန္တတောဆိုတာမျိုးနဲ့ အသားကျနေတာမျိုးလည်း မရှိတာ တွေ့ရတယ်။ နောက်ထပ် သန်း(၁၃ဝဝ)လူဦးရေရှိတဲ့ အိန္ဒိယရဲ့စမတ်ဖုန်းဈေးကွက်ထဲကို ခု အမေရိကန်တွေ တိုးဖို့ပြင်တော့ အန္ဒိယတွေကလည်း တရုတ်တွေလောက်မဟုတ်တောင် တရုတ်လိုမျိုး နိုင်ငံပိုင်ဝက်ဆိုက်တွေနဲ့ အရံအတားလုပ်ဖို့ ပြင်နေပါတယ်။ မြန်မာလို နိင်ငံသေးမှာတောင်မှ စစ်အသိုင်းအဝန်းကို ဖေ့စ်ဘွတ်ခ်ပိတ်လို့ ရုရှားဆိုဒ်ဖြစ်တဲ့ VK ဘက်ကိုအရွှေ့အပြောင်းလုပ်နေကြသလို ပြည်တွင်း မှာလည်း ဆိုရှယ်နက်ဝပ်တွေကို ပြင်ဆင်လာကြပါပြီ။ သို့သော် အမေရိကန်လွှမ်းမိုးမှုနဲ့ အမေရိကန်ရဲ့အဓိကပို့ကုန်ဖြစ်တဲ့ ဈေးကွက် စီးပွားရေးနဲ့ဒီမိုကရေစီဟာ အခက်အခဲတွေနဲ့ တန်ပြန်လှိုင်းတွေကြားက အားကောင်းသန်မာနေဆဲပဲ ရှိနေတယ်။
၁၉၇၉ ဗီယက်နမ်-တရုတ်စစ်ပွဲနောက်မှာ တကယ့်စစ်ပွဲတွေ မတိုက်ဖူးသေးတဲ့ တရုတ်တွေအတွက် အမေရိကန်နဲ့ အပြိုင် လိုက်တည်ဆောက် နေတဲ့ စစ်အင်အားဟာ မိဘလက်ငုတ်လက်ရင်း စီးပွားရေးဆက်လုပ်ပြီး မှန်ဘောင်ထဲ ထဲ့ထားတဲ့ ဘွဲ့လက်မှတ်လိုဖြစ်နေမလားလို့ တရုတ်တွေကိုယ်တိုင်က ချိန်ဆနေတာကိုလည်းတွေ့ရတယ်။ ခုနှစ်အစောပိုင်းက တရုတ်အရှေ့တောင်ပိုင်းက ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဒါလီယံ(Dalian)မှာ တရုတ်ပြည်တွင်းဖြစ် လေယဉ်တင်သဘောင်္ကြီးကို ရေချခဲ့တယ်။ နောက်ထပ်တစင်းဟာ တည်ဆောက်နေဆဲဖြစ်ပြီး သတ်မှတ်ချိန်တွင်းမပြီးနိုင်လို့ တာဝန်ရှိတဲ့စစ်တပ်ခေါင်းဆောင်တွေနဲ့ အင်ဂျင်နီယာတွေကို ရှီကျင်းပင်က လာဘ်စားမှုနဲ့ စစ်ဆေးအရေးယူ နေတယ်ဆိုတဲ့ သတင်းတွေ တက်လာတယ်။

တရုတ်စီးပွားရေးဟာ ကမ္ဘာမှာဘယ်နိုင်ငံမှာမှ မကြုံဖူးတဲ့အနေအထားမျိုးနဲ့ အံ့မခန်း တိုးတက်လာခဲ့တာပါ။ တရုတ်အတက်မှာ တရုတ်နိုင်ငံ သားတွေကိုယ်တိုင်က အမျိုးသားရေးမာန်မာနနဲ့အတူ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုကြီးနေတဲ့အချိန်ပါ။ အင်ပါယာကိုပြန်သွားလိုတဲ့ တရုတ်ပြည်သူတွေအတွက် ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးတနိုင်ငံဖြစ်ဖို့ ဘာမဆိုပေးဆပ်ဖို့ အဆင်သင့်ဖြစ်နေကြပြီလား။ စီးပွားရေးပညာရှင်တွေ မျက်စေ့ဒေါက်ထောက်ကြည့်လာတဲ့ တရုတ်စီးပွားရေးပြန်ကျမယ့်ဘေးကို တရုတ်အစိုးရက ဘက်ပေါင်းစုံကနေပြန်လည် ခုခံမယ်ဆိုတာက သံသယရှိစရာ မရှိပါဘူး။ ဒီဖြစ်စဉ်ကို မြင့်မားလာတဲ့ အမျိုးသားရေးအမြင်တွေနဲ့ တရုတ်ပြည်သူတွေက တကယ်လိုက်ပါနိုင်မလား ဆိုတာက တော့ ကုန်သွယ်ရေးစစ်နဲ့အတူ မေးလို့ကောင်းတဲ့မေးခွန်း တခုဖြစ်လာပါတယ်။
Kyaw Zaaw Khine


(ဆက်လက်ဖော်ပြပါမည်)
https://www.facebook.com/2011-publishing-514608691929218/

0 comments:

Post a Comment