ကုန်သွယ်ရေးစစ်စတင်ခြင်း(၈) Kyaw Zaaw Khine
(လူနှင့်ငွေများ၊
နိုင်ငံအရံအတားများကို ဖြတ်ကျော်ကြခြင်း)
ဘရိုက်တန်ဝုဒ်
ပျက်သွားတဲ့နောက်ပိုင်း နိုင်ငံတကာငွေကြေးစနစ်မှာဖြစ်တဲ့ အဓိကပြဿနာကတော့
ကုန်သွယ်ရေး မညီမျှမှုတွေကို မထိန်း နိုင်တော့တာပါပဲ။ အရင်က ရွှေနဲ့နောက်ခံထား ထုတ်လာတဲ့ငွေဟာ
နိုင်ငံတနိုင်ငံက ကုန်သွယ်ရေးပိုငွေပြလို့ ကြာလာတဲ့အခါ အဲသည် ငွေတွေနဲ့ ရွှေကိုပြန်တောင်းခွင့်ရှိနေတယ်။
အဲသည်လို ရွှေကိုပြန်တောင်းတဲ့အခါ ရွှေပိုရလာတဲ့နိုင်ငံက ငွေပိုလုပ်နိုင်လာပြီး
ဒီငွေနဲ့တခါ အင်ပို့တွေပြန်လုပ် ကုန်သွယ်ရေးမှာ လိုငွေပြန်ပြနဲ့ တက်လိုက်ကျလိုက်ဖြစ်နေတယ်။
တနည်းပြောရင် ရွှေစံက နိုင်ငံတကာကုန်သွယ်ရေးမှာ တလှည့်စီ ပိုငွေပြလိုက် လိုငွေပြလိုက်နဲ့
ထိန်းညှိပေးနေတာက ပျက်သွားတယ်။ အမေရိကန် တရုတ်ကုန်သွယ်ရေးမှာ အမေရိကန်ကပြတဲ့ ကုန်သွယ်ရေးလိုငွေဟာ
အမေရိကန်နိုင်ငံမှာရှိတဲ့ ကုန်ထုတ်လုပ်တဲ့လုပ်ငန်းတွေကို အကြီးအကျယ် ထိခိုက်စေခဲ့တယ်။
ဈေးပေါတဲ့တရုတ်ကုန်တွေကို
ယှဉ်မရောင်းနိုင်တဲ့အတွက် အမေရိကန်လုပ်ငန်းတွေ ပိတ်ပစ်လိုက်ရတာကြောင့်ဖြစ်တယ်။
ဒါပေမယ့် ဒီ ကုန်သွယ်ရေးလိုငွေတွေအားလုံးကို အမေရိကန်က ပြန်ချေဖျက်ချင်လို့တော့
မလွယ်လှဘူး။ ဒီ အမေရိကန်ရဲ့ တရုတ်ကုန်သွယ်ရေးလိုငွေဟာ ပြီးခဲ့တဲ့ဆယ်စုနှစ် ၃ ခုကျော်
ကမ္ဘာ့စီးပွားရေးရဲ့ မောင်းနှင်အားဖြစ်ခဲ့လို့ပါပဲ။
သမိုင်းပညာရှင်
ဖာဂူဆန်က စကားလုံးတခု ထွင်ခဲ့တယ်။ Chimerica ဆိုတာပါ။ သူကတရုတ်နဲ့အမေရိကန်ကို
နိုင်ငံတခုအနေနဲ့ မြင်ကြည့်တာ။ နှစ်နိုင်ငံပေါင်းဟာ ကမ္ဘာ့မြေပြင်ရဲ့ ၁၃%၊ ကမ္ဘာ့လူဦးရေရဲ့
၎ ပုံတပုံ၊ ကမ္ဘာ့စီးပွားရေး ထုတ်လုပ်မှုရဲ့ ၃ပုံတပုံ၊ ကမ္ဘာကြီးတခုလုံး ဖွံဖြိုးမှုရဲ့
၆ဝ% ရှိတယ်။ ဖာဂူဆန်က တရုတ်ကို ချီမေရိကရဲ့အရှေ့ပိုင်းလို့သတ်မှတ်ပြီး
အမေရိကန်ကိုအနောက်ပိုင်းလို့ သတ်မှတ်တယ်။ အရှေ့ပိုင်းက ကုန်ထုတ်လုပ်ငန်းတွေလုပ်၊
အနောက်ပိုင်းကဝန်ဆောင်မှု လုပ်ငန်းတွေကိုလုပ်မယ်။ အနောက်က ကုန်သွယ်မှုမှာပြတဲ့ လိုငွေတွေ
အရှေ့ကိုဝင်သွားပြီး အရှေ့ကအနောက်ရဲ့ဒေါ်လာမှာ ပြန်ဝယ်ပြီး ရင်းနှီးမြုပ်နှံဖို့ပဲလို့ဆိုတယ်။
၁၉၈၉ မှာ စစ်အေးပြီးသွားတော့ အမေရိကန်ရဲ့တရုတ်ပေါ်ထားတဲ့ အမြင်ဟာ ပြောင်းလဲသွားတယ်။
တရုတ်ပို့ကုန်တွေကိုစပြီးလက်ခံလာတာပါပဲ။ နောက်တော့ အမေရိကန်ကုမဏီတွေ တရုတ်မှာ
အများကြီးသွားပြီး ရင်းနှီးမြုပ်နှံကြတယ်။ ဒီမှာ ဖာဂူဆန်ပြောတဲ့ ချီမေရိက က အသက်ဝင်လာတယ်။
တရုတ်ဟာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ အများကြီးရတယ်။ တိုင်းပြည်ထဲ လှိမ့်ဝင်လာတဲ့ဒေါ်လာတွေကို
တရုတ်အစိုးရက ယွမ်တွေ ရိုက်ထုတ်ပြီး လိုက်ဝယ်လိုက်တယ်။ ဒေါ်လာတွေ သိပ်ပေါသွားလို့ ယွမ်ဈေးတက်ရင်
ပို့ကုန်တွေထိခိုက်မှာစိုးလို့ပဲ။ ဒါတရုတ်ရဲ့ ရိုးစင်းတဲ့ ငွေကစားနည်းပဲဖြစ်တယ်။
ဒီနည်းနဲ့တရုတ်အစိုးရဟာ နိုင်ငံခြားငွေတွေ စုဆောင်းမိတယ်။ (၄)ထရီလီယံလောက်ရှိမယ်၊
အဲသည်အထဲက အနည်းဆုံး (၇၅%)ဟာဒေါ်လာငွေဖြစ်တယ်လို့ ခန့်မှန်းရတယ်။ တရုတ်ဝယ်ထားတာတွေက
အမေရိကန်အစိုးရရဲ့ဘွန်းတွေ၊ ဖန်ဒီမေနဲ့ ဖရက်ဒီမက်ရဲ့ချေးငွေတွေ၊
ကော်ပိုရိတ်ဘွန်းတွေနဲ့ စတော့တွေ အစုံဖြစ်ပါလိမ့်မယ်။
ဒီဖြစ်စဉ်ကနေ
အမြတ်အစွန်းရသူတွေကိုကြည့်တော့ တရုတ်အစိုးရ၊ လုပ်ငန်းရှင်နဲ့ အလုပ်သမားတွေနဲ့
ပြည်သူအားလုံးပဲ။ တရုတ်မှာထိခိုက် သွားတာက သဘာဝပတ်ဝန်းကျင်ပဲဖြစ်တယ်။
အမေရိကန်မှာကော။ လုပ်ငန်းရှင်သူဋ္ဌေးကြီးတွေ ဆက်ပြီးချမ်းသာကြတယ်။ အလုပ်တော် တော်များများကို
တရုတ်ကိုရွှေ့လာပြီး အမြတ်တွေပိုလုပ်နိုင်လာတယ်။ ဘဏ်တွေ၊ ဘဏ်လုပ်ငန်းတွေအားလုံး အဆင်ပြေကြတယ်။
လူထု လည်း သက်သက်သာသာနဲ့ ဝယ်ယူနိုင်တယ်။ နောက်ဆုံး အမေရိကန်အစိုးရသည်ပင် သူ့အစိုးရဘွန်းတွေကို
အတိုးနှုန်းသက်သက်သာသာ နဲ့ရောင်းချနိုင်တယ်။ တကယ်ခံလိုက်ရတာကတော့ အမေရိကန် ကော်လာပြာအလုပ်သမားတွေဖြစ်တယ်။
တရုတ်ကို
လုပ်ငန်းတွေရွှေ့လို့ အလုပ်တွေပျက် စက်ရုံတွေပိတ်တဲ့အခါ အလုပ်လက်မဲ့ဖြစ်ကြရတယ်။
စက်ရုံကနေ ဝန်ဆောင်မှုလုပ်ငန်းတွေ ကိုပြောင်းတဲ့အခါ လုပ်အားခတွေက
အရင်လိုမကောင်းကြတော့ဘူး။ ဒါပေမယ့် ဝယ်ယူသုံးစွဲရမယ့် တရုတ်ကုန်ပစ္စည်းတွေက ဈေးသက်သာ
နေတယ်။ တကယ်တော့ အမေရိကန်အလုပ်သမားတွေရဲ့လုပ်ငန်းတွေကို တရုတ်အလုပ်သမားတွေကို ခွဲဝေပေးလိုက်ရတဲ့ဖြစ်စဉ်ဟာ
ချီအမေရိကပါပဲ။
ရင်းနှီးမြုပ်နှံမှုတွေလှိမ့်ဝင်၊
နိုင်ငံခြားငွေတွေစုဆောင်းမိပြီး အရင်းကြွယ်ဝလာတဲ့တရုတ်ဟာ ဈေးပေါတဲ့ လုပ်အားနဲ့ကုန်ပစ္စည်းတွေ
အကြီး အကျယ်ထုတ်နိုင်လာတယ်။ ကမ္ဘာအနှံ့ သူ့ထုတ်ကုန်တွေကို တင်ပို့တယ်။
တရုတ်ချမ်းသာလာတဲ့မော်ဒယ်က ရင်နှီးမြုပ်နှံမှုနဲ့ပို့ကုန် (export-led and
investment-driven growth) ဖြစ်တယ်။ ၂ဝ၁၅ က စပြီး တရုတ်ဟာ ပို့ကုန်ကောသွင်းကုန်ပါ ကျလာတယ်။
စီးပွားရေးနှေးကွေး မှုစတယ်။ ဒါပေမယ့် အမေရိကန်လည်း ပြန်ကန်တက်လာဖို့ အရိပ်အရောင် သိပ်မတွေ့ရသေးဘူး။
အမေရိကန်ဗဟိုဘဏ်၊ ယူအင်စာရင်းအင်း အဖွဲ့ခွဲနဲ့ စီအီးအိုင်စီ (CEIC – world
database company)တို့ရဲ့ ၂ဝ၁၄ နဲ့ ၂ဝ၁၅ စာရင်းတွေအရ ချီမေရိကရဲ့ စုစုပေါင်းကြွေးမြီဟာ
ဒေါ်လာ (၈၅)ထရီလီယံနီးပါး (အမေရိကန်၆၄+တရုတ်၂၁)၊ နှစ်နိုင်ငံပေါင်း ဗဟိုဘဏ်တွေက
ရိုက်ထုတ်ထားတဲ့ငွေဟာ ၂ဝဝဝ ကနေ၂ဝ၁၄ အထိ ဒေါ်လာ(၉)ထရီလီယံ ရှိတယ်။ ကမ္ဘာ့ဂျီဒီပီရဲ့
၃၆% ရှိတယ်။ ဒီလို အင်နဲ့အားနဲ့ချီတက်လာကြတဲ့ တရုတ်အမေရိကန်စီးပွားရေးခရီးကြားကို ဝင်လာတဲ့ကြောင့်ကြမှုက
တရုတ်စစ်အင်အား ကြီးထွားလာမှုပါပဲ။ တဘက်မှာ ၂ဝဝ၈ ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းကြီးမှာ
တရုတ်ဟာ အမေရိကန်ချိနဲ့နေချိန် တဦးတည်းရုန်းကန်လိုက်ရတယ်။
အမေရိကန်အခက်ဟာ
တရုတ်စီးပွားရေးကို မတည်မငြိမ်တွေဖြစ်စေတယ်။ ၂ဝဝ၈ အကျပ်အတည်းကို ၆ နှစ်လောက်ဖြတ်သန်းအပြီးမှာ
တရုတ်ဟာ သူ့ရဲ့ပို့ကုန်အခြေပြုစီးပွားရေး လေပေါင်ကျလာပြီဆိုတာ နားလည်လာတယ်။
တရုတ်အကျမှာ အမေရိကန်ပထမဆိုတဲ့ဆောင်ပုဒ်နဲ့ အိမ်ဖြူတော်ကို ထရမ့်ရောက်လာတယ်။
ထရမ့်ပေါ်လစီကို အဓိကနှစ်ပိုင်းခွဲပြီး နားလည်နိုင်တယ်။ ပထမတပိုင်းက အမေရိကန်ထဲလူအဝင်ကို
ထိန်းလိုတာဖြစ်တယ်။ လူဝင်မှုကြီးကြပ်ရေးကနေ အမေရိကန်ကို တောင်အမေရိကနဲ့
ကမ္ဘာအရပ်ရပ်က ဝင်ရောက်နေမှုကို ထိမ်းချုပ်လိုတာ။ လူဖြူအဓိကဝါဒလို့ပြောမယ်ဆို ပြောနိုင်တယ်။
နောက်တခုက တရုတ်ကုန်တွေကို ထိန်းလိုတာ။ အမေရိကန်အလုပ်သမားတွေရဲ့ အကျိုးစီးပွား ကို
ပြန်လည်ဖော်ဆောင်တာဖြစ်တယ်။ ပထမတခုက အောင်မြင်မှုရဖို့မလွယ်ဘူး။ ဘာလို့လည်းဆိုတော့
အမေရိကန်ဟာ သူ့နိုင်ငံကို ဖွင့်ထား ရင်း ကြွယ်ဝအောင်၊ တိုးတက်အောင်၊
ခေတ်မှီအောင်လုပ်လာခဲ့လို့ဖြစ်တယ်။ ဂလိုဘယ်လိုက်ဇေးရှင်း အခြေကျလာတော့
နိုင်ငံတိုင်းမှာ လူတွေ ကူးသန်းရွှေ့ပြောင်း နေထိုင်ကြတာနဲ့ပါတ်သက်ပြီးတမျိုးမဟုတ်တမျိုး
အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်။
ဒါက နိုင်ငံရေးအကျပ်အတည်းဖြစ်ပြီး
လူရဲ့မျိုးဂုဏ်မာန်မာနနဲ့ ဇာတိပုညနိုင်ငံရေး(Identity Politic)ဖြစ်လာပြီး တဘက်မှာ တကမ္ဘာလုံးကို
လှည့်ပါတ်စီးဆင်းနေတဲ့ ကုန်စည်နဲ့ငွေကြေးပြဿနာဖြစ်တယ်။ ဒီပြဿနာကို
ကုန်သွယ်ရေးစစ်အဖြစ် တွေ့ရတာပါပဲ။ တနည်းပြောရရင် နှစ်ပေါင်း (၃ဝ)လောက် အောင်မြင်ခဲ့တဲ့
ချီမေရိက မော်ဒယ် ကျဆုံးဖို့ဖြစ်လာတာပါပဲ။ အပေါ်မှာပြောခဲ့တဲ့ ကိန်းဂဏန်းတွေကို
ခနလေး ကြည့်ရုံနဲ့ ဒီရိုက်ခတ်မှုဟာ တကမ္ဘာလုံးစီးပွားရေးကို ကောင်းစွာသက်ရောက်မှုပေးမယ်ဆိုတာ
သံသယဖြစ်စရာမလိုပါဘူး။
(ဥရောပနဲ့ဂျပန်ကား၊
တရုတ်နောက်ကအသံများ)
နိုဝင်လာလကုန်
အာဂျင်တီးနားမှာတွေ့ကြမယ့် ထရမ့်နဲ့ရှီ ထိပ်သီးဆွေးနွေးပွဲမတိုင်မ ၂ ပတ်လောက်အလိုမှာပဲ
အမေရိကန်ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ပါတ်သက်တဲ့ ထရမ့်အကြံပေးတွေကြားမှာ အက်ကြောင်းတခု
ပိုလို့သိသာလာတယ်။ ထရမ့်သမ္မတဖြစ်လာရင် အမေရိကန် အမျိုးသားကုန်သွယ်ရေးကောင်စီရဲ့ အကြီးအကဲဖြစ်လာမယ်လို့
ကနဦးကတည်းက တစ်ပြေးခဲ့တဲ့ ပီတာနာဗားရိုး(Peter Navarro)နဲ့ အခြား အကြံပေးတွေကြားမှာ
ဖြစ်တယ်။ ပီတာနာဗားရိုးနဲ့ စီးပွားကူးသန်းဝန်ကြီး ဝီဘာရို့စ်(Wilbur Ross)တို့ဟာ ၂ဝ၁၆
နိုဝင်ဘာ ရွေးကောက်ပွဲ မစခင် စက်တင်ဘာမှာ ထရမ့်စီးပွားရေးအစီအစဉ်ကို
ကြေညာခဲ့သူတွေဖြစ်တယ်။ “Scoring Trump’s economic plan – Sept 2016” ကို ဂူဂဲမှာရှာဖတ်နိုင်ပါတယ်။
နာဗာရိုးရဲ့ Death by China (2011) နဲ့ Crouching tiger (2015)တွေကို အကြမ်းဖျင်းကြည့်လိုက်မယ်ဆိုရင်ပဲ
သူ့ရဲ့ တရုတ်နဲ့ကုန်သွယ်ရေးအပေါ်ထားတဲ့ အမြင်တင်းမာမှုကို လွယ်လွယ်နဲ့ ရိပ်စားမိပါလိမ့်မယ်။
death by china ကို ယူကျု့မှာ အလွယ် ကြည့်နိုင်ပါတယ်။ တနာရီကျော် ကြာမှာဖြစ်ပြီး
စာအုပ်တအုပ်လုံးဖတ်ရသလို ခြုံငုံမှုပေးနိုင်မယ်လို့ ယူဆရတယ်။
ကုန်သွယ်စစ်(၄)
မှာ မေလက ဘီဂျင်းဆွေးနွေးပွဲအတွင်း နာဗာရိုးနဲ့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးကြားက
အက်ကြောင်းကိုရေးခဲ့ပြီး ဖြစ်တယ်။ ခုတခါ အမျိုးသားစီးပွားရေးကောင်စီဒါရိုက်တာ
လာရီကုဒ်လိုး (Larry Kudlow)နဲ့ ကြားမှာဖြစ်တယ်။ အမေရိကန်မှာ အမျိုးသား
စီးပွားရေးကောင်စီ(National Economic Council)နဲ့ အမျိုးသားကုန်သွယ်ရေးကောင်စီ
(National Trade Council) (၂)ခုဟာ လက်ရှိ ကုန်သွယ်စစ်မှာ အရေးပါတဲ့ကောင်စီတွေဖြစ်ပြီး
ကုဒ်လိုး က စီးပွားရေးကောင်စီဒါရိုက်တာ၊ နာဗာရိုးက ထရမ့်လက်ထက်၂ဝ၁၇ ကျမှ အသစ် ဖွင့်တဲ့ကုန်သွယ်ရေးကောင်စီ
ဒါရိုက်တာဖြစ်တယ်။ အရှင်မွေးလို့ နေ့ချင်းကြီးလာတယ်ဆိုပေမယ့် နာဗာရိုးဟာ
ဟားဗတ်ထွက်ဒေါက်တာ တဦးဖြစ်ပြီး အရင်က ကယ်လီဖိုးနီးယားတက္ကသိုလ်က ပရော်ဖက်ဆာတယောက်ပါ။
(မှတ်ချက်။ Coursera မှာ မက်ခရိုအီကော်နော်မီသီအိုရီ နဲ့ပေါ်လစီကို အွန်လိုင်းဘာသာရပ်က
နာဗားရိုးသင်တာဖြစ်တယ်။ စာသင်ကောင်းတယ်။ စီးပွားရေးပေါ်လစီတွေကို
ရှင်းလင်းတဲ့အခါတွေမှာ ပြတ်သားတယ်။ နိုင်ငံရေးအမြင် စူးရှသူဖြစ်တယ်ဆိုတာ သူ့လက်ချာတွေမှာ
တွေ့ရနိုင်တယ်) နာဗာရိုးဟာ လက်ရှိ တရုတ်ကုန်သွယ်စစ်မှာ သာမဟုတ်
အမေရိကန်ကုန်သွယ်ရေးမူ အားလုံးရဲ့ အားနည်းချက်တွေကို ပြုပြင်လိုသူတဦး ဖြစ်တယ်။
တရုတ်နဲ့ထိပ်သီးဆွေးနွေးပွဲမတိုင်မီ နာဗာရိုးပြောတဲ့မိန့်ခွန်းတခုမှာ တရုတ်ဘက်ကို
ပြင်းထန်တဲ့ဝေဖန်မှုနဲ့ ဖိအားပေးတာဖြစ်လို့ ကုဒ်လိုးက ဒါဟာ အစိုးရရဲ့သဘောထား မဟုတ်ဘူးလို့
ငြင်းထားတယ်။
တရုတ်နဲ့
ကုန်သွယ်ရေးဆွေးနွေးပွဲပြီးတာနဲ့ နာဗာရိုးနောက်ထပ် ချိန်ရွယ်နေတဲ့စစ်မျက်နှာကတော့
ဥရောပနဲ့ဂျပန်ဖြစ်တယ်။ အမေရိကန်ကို သွင်းတဲ့ကားတွေကို ကုန်သွယ်ခွန်ကောက်မယ့်ကိစ္စပါ။
သမ္မတနားပေါက်သူလို့ နာမည်ကြီးတဲ့ နာဗာရိုးရဲ့သဘောထားကို ထရမ့်က ဘာမှ ဝေဖန်ချက်မပေးပေမယ့်
ဥရောပဟာ ဆွေးနွေးပွဲတွေမှာကြန့်ကြာလေ့ရှိတာမို့ ကုန်သွယ်ရေးဆွေးနွေးပွဲတွေ မြန်မြန်ဆန်ဆန်
တိုးတက်လာ မယ်ဆိုရင် ကားကုန်သွယ်ခွန်တွေကို သူစဉ်းစားမှာမဟုတ်ဘူးလို့ ဝေါစရိဂျာနယ်နဲ့
ပြီးခဲ့တဲ့အောက်တိုဘာမှာလုပ်တဲ့ အင်တာဗျူးမှာ ထရမ့်က ဆိုတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့
(နိုဝင်ဘာ ၁၃)မှာ ဝါရှင်တန်မှာလုပ်တဲ့ ဂျာမန်မာရှယ်ဖန် (German Marshall Fund
ကအမေရိကန်ဥရောပ ဆက်ဆံရေးအတွေးအခေါ်အဖွဲ့ think tank ။ စစ်ပြီးဥရောပကို
အမေရိကအကူအညီပေးခဲ့တဲ့ မာရှယ်စီမံကိန်း၂၅ နှစ်ပြည့်အပြီးဖွဲ့ခဲ့တာ) နဲ့ဆွေးနွေးပွဲမှာ
ထရမ့်နဲ့ဥရောပကော်မရှင်ဥက္ကဋ္ဌ ယန်းကလော့ဂျန်ကာတို့ကြားမှာ ရှိခဲ့တဲ့ သဘောတူညီချက်အရ
ဥရောပနဲ့ကုန်သွယ်ရေး ဆွေးနွေးပွဲတွေမှာ နောက်ထပ် ကုန်သွယ်ခွန်တွေမကောက်ဖို့ သဘောတူထားပြီးသားလို့
မာရှယ်ဖန်ဘက်က ထောက်ပြထားတယ်။
ဒါပေမယ့်
ထရမ့်က တွစ်တာကနေ ပြင်သစ်ကို ဝိုင်ဈေးကွက်ကိုကိုင်ထားလို့ ပြစ်တင်ထားတယ်။ ဒါဟာ
နေတိုးမပါပဲ အမေရိကန် တကိုယ်တော်တိုက်ခဲ့တဲ့ အီရတ်စစ်နောက်ပိုင်း နောက်ထပ် အငြင်းပွားမှုတွေပါပဲ။
(မှတ်ချက်။ အီရတ်စစ်ကို အင်္ဂလန်ကလွဲလို့ နေတိုးက မထောက်ခံခဲ့ဘူး။
ဒုတိယကမ္ဘာစစ်တုန်းက ဂျာမန်သိမ်းထားတဲ့ပြင်သစ်ကို အမေရိကန်တွေက အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ပြီး
တိုက်ပေး ခဲ့တယ်။ ဒါကြောင့် အီရတ်စစ်ကို မထောက်ခံတာဟာ နော်မန်ဒီတိုက်ပွဲအတွက်
ပြင်သစ်တွေရဲ့သစ္စာမဲ့မှုအဖြစ် အမေရိကန်တွေကစွပ်စွဲခဲ့ပြီး အမေရိကန်လမ်းမတွေပေါ်မှာ ပြင်သစ်ဝိုင်တွေသွန်ချပြီး
ဆန့်ကျင်ခဲ့ကြဖူးတယ်)။ ဂျာမန်ဖန်အဖွဲ့ကတော့ ကုန်သွယ်ရေးဆွေးနွေးပွဲတွေမှာ စိုက်ပျိုးရေးအခြေခံကုန်တွေ
ထဲ့သွင်းဆွေးနွေးမှာမဟုတ်ဘူးလို့ ဆိုတယ်။ မက္ကစီကို၊ ကနေဒါနဲ့ အမေရိကတိုက်သားချင်း
အိမ်ကွင်းမှာ နက်ဖ်တာပုံစံသစ် သဘောတူညီမှုရခဲ့တဲ့အနေအထားကို ဥရောပက မျှော်လင့်ထားတယ်။
ဘာပဲဖြစ်ဖြစ် နိုဝင်ဘာလကုန် အာဂျင်းတီးနားမှာ တွေ့မယ့် တရုတ်အမေရိကန်
ထိပ်သီးဆွေးနွေးပွဲရလဒ်ဟာ ဥရောပနဲ့ဂျပန်အပေါ်ကို သက်ရောက်စေမှာပဲဖြစ်တယ်။
(စင်္ကာပူ၊
ပါပူဝါနယူးဂီနီ၊ အာရှပစ္စဖိတ်ခြေစမ်းပွဲများ)
နိုင်ငံတကာနိုင်ငံခြားရေးမူဝါဒနဲ့
သံတမာန်ရေးရာထောင်ချောက်တွေထဲက ဒေါ်အောင်ဆန်းစုကြည် အလွတ်ထွက်နိုင်ခဲ့တဲ့
စင်္ကာပူအာစီယံ ဆွေးနွေးပွဲ နိုဝင်ဘာ ၁၅ ရက်နေ့မှာပြီးတော့ အဲသည်က ခေါင်းဆောင်တော်တော်များများဟာ
နိုဝင်ဘာ၁၇ နဲ့၁၈၊ ပါပူဝါနယူးဂီနီမှာလုပ်တဲ့ အာရှပစ္စဖိတ် ၂ဝ၁၈ (APEC 2018) ကို
ဆက်လက် ထွက်ခွာသွားကြတယ်။ နာမည်ကြီးတွေထဲက ပူတင်နဲ့ထရမ့်က ဒီပွဲကိုကိုယ်တိုင်မတက်ပဲ
ကိုယ်စားစေလွှတ်ခဲ့ကြတယ်။ ဖွင့်ပွဲစနေနေ့ညမှာပြောတဲ့ ရှီကျင်းပင်နဲ့ မိုက်ပင့်စ်တို့ရဲ့မိန့်ခွန်းတွေအရတော့
ထရမ့်နဲ့ရှီကျင်းပင် ဗြူနိုအေရီ ဆွေးနွေးပွဲဟာ အခက်အခဲတွေရှိဦးမယ့်ပုံပေါ်ပါတယ်။
ရှီက အမေရိကန်တွေ ထောက်ပြထားတဲ့ နည်းပညာလွှဲပြောင်းမှုတွေရပ်ဖို့၊ အစိုးရ အထောက်အပံ့နဲ့သွားနေတဲ့
လုပ်ငန်းတွေမလုပ်ဖို့၊ မူပိုင်ခွင့်ဥပဒေတွေကို လေးစားလိုက်နာဖို့ဆိုတာတွေကို
အလျှော့ပေးမယ့် အရိပ်အရောင် မတွေ့ရဘူးလို့ဆိုတယ်။ သူက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို ပြန်ပြီး
စည်းမျဉ်းစည်းကမ်းအသစ်တွေနဲ့ ဖွဲ့စည်းဖို့လိုတယ်လို့ အဆိုပြုခဲ့ပြီး၊ ယူအက်စ်၊
ဂျပန်၊ အိန္ဒိယနဲ့ သြစတေလျှတို့ရဲ့ ခုရက်ပိုင်းအတွင်း မဟာမိတ်ပုံစံဆက်ဆံရေးထူထောင်မှုကို
မလိုလားအပ်တဲ့ပုံစံတခုအဖြစ် ဝေဖန်ခဲတယ်။ တရုတ်အပေါ်မှာ သဘောထား တောက်လျှောက်တင်းမာသူလို့နာမည်ကြီးတဲ့
အမေရိကန်ဒုသမ္မတ မိုက်ပင့်စ်ကတော့ ကုန်သွယ်ရေးမှာ တရုတ်ဘက်က အပြောင်းအလဲတခုမပြသရွေ့
သူတို့ဘက်က ဒီလမ်းကြောင်းကိုပဲ ဆက်လျှောက်မှာဖြစ်တယ်၊ အမေရိကန် တွေက အပေါ်စီးကဖြစ်ပြီး
အမေရိကန်ပြည်သူတွေဟာ ကုန်သွယ်ရေး ပြန်လည်တည့်မတ်မှုအတွက် ကုန်သွယ်စစ်ရဲ့လိုအပ်ချက်ကို
နားလည် ပြီးသားဖြစ်တယ်လို့ဆိုတယ်။
တဘက်မှာတော့
တရုတ်အလံ ဒါဇင်နဲ့ချီပြီးလွှင့်တင်ထားတဲ့ ပါပူဝါနယူးဂီနီရဲ့ တရုတ်ကဆောက်လုပ်ခဲ့တဲ့
၆လမ်းသွား ဟိုင်းဝေးလမ်းမကြီးမှာ ရှီကျင်းပင်နဲ့ ပါပူဝါနယူဂီနီဝန်ကြီးချုပ်
ပီတာအိုနီးတို့လက်ချင်းဆွဲနှုတ်ဆက်နေတဲ့ ဘီလ်ဘုတ်ကြီးတခုကို တွေ့ရမှာဖြစ်တယ်။ တပြိုင်နက်
တည်းမှာ အေပက်အိမ်ရှင်ဟာ သြစတေးလျှနဲ့ပေါင်းပြီး ယူအက်စ်ရဲ့ ရေတပ်အခြေစိုက်စခန်းတခုကို
သူ့နိုင်ငံမြောက်ဘက်က မင်းနပ်စ်ကျွန်း (Manus island)မှာ လုပ်ဖို့ သဘောတူထားပြီးဖြစ်တယ်။
ဒါပေမယ့် အေပက်ဆွေးနွေးပွဲကို ငွေကြေးနဲ့လုံခြုံရေးအထောက်အပံ့ပေးတဲ့ သြစတေးလျနိုင်ငံရဲ့ဝန်ကြီးချုပ်က
ကုန်သွယ်စစ်ကို ပြစ်တင်ဝေဖန်လိုက်ပြီး ထရမ့်ဖျက်ပစ်ခဲ့တဲ့ အမေရိကအာရှကုန်သွယ်ရေး
(TPP – Tran- Pacific Partnership)ကို ပုံစံတမျိုးနဲ့ ပြန်အသက်သွင်းဖို့
တွန်းအားပေးခဲ့တယ်။ မိန့်ခွန်းတွေမှာတင်းမာခဲ့ကြတဲ့ မိုက်ပင့်စ်နဲ့ရှီကျင်းပင်ဟာ
ဆွေးနွေးပွဲကာလအတွင်း အချိန်တို (၂)ခါ ရင်းရင်းနှီးနှီး စကားပြောတာတွေ့ရပြီး
မိုက်ပင့်စ်က ရှီကို ထရမ့်က အာဂျင်တီးနားဆွေးနွေးပွဲကို မျှော်လင့်နေတယ်။ G20
နိုင်ငံအားလုံးကလည်း လမ်းကြောင်းတွေ ပြန်ပွင့်လာဖို့ကို လိုလားနေတယ်။
ဖြစ်နိုင်ခြေတွေ ရှိပါတယ်လို့ပြောခဲ့တယ် ဆိုတယ်။ ကုန်သွယ်စစ်ဟာ နိုင်ငံတကာဆက်ဆံရေး
နည်းပရိယာယ်တွေနဲ့ သံခင်းတမာန်ခင်း လမ်းကြောင်းတွေထဲကို နက်ရှိုင်းစွာ တိုးဝင်လာပြီလည်းဖြစ်တယ်။ https://www.facebook.com/2011-publishing-514608691929218/
0 comments:
Post a Comment