Friday, December 7, 2018

(ဖွဲ့စည်းပုံဖုတ်သွင်းရထား) မျိုးမြင့်ချို

0 comments

(ဖွဲ့စည်းပုံဖုတ်သွင်းရထား)
၂ဝ၂ဝ နောက်ပိုင်း၌ ၂ဝဝ၈ ဖွဲ့စည်းပုံအား စစ်အုပ်စုအနေဖြင့် ပြန်ပြင်စရာရှိလျှင်(သို့) ပြန်ပြင်ချင်တာရှိလျှင် အတော်ပင် ခဲယဉ်းသွားတော့မည် ဖြစ်၏။ ၂ဝ၂ဝ ပွဲမှာ NLD အနေနှင့် မိုးပြိုသလိုနိုင်စရာအကြောင်း သိတ်မတွေ့ရတော့။ အထူးသဖြင့် လူမျိုးစုဒေသများတွင် ပို၍ပင် အခြေလှဖို့ မမြင်ရတော့။ လူမကြည့်ဘဲ ပါတီကြည့်ခဲ့ကြသဖြင့် တွေ့ခဲ့ရသည့်ဒုက္ခကို ခုထိ ခါးစည်းခံရင်း နောင်ကျဉ်သွားကြသည်ကိုလည်း လူတိုင်း တွေ့မြင်အကဲခတ်နိုင်ကြ၏။

စစ်အုပ်စုအနေဖြင့် ခုနေခါ ပြင်ပေးလိုစိတ်ရှိလျှင် လွှတ်တော်တွင်း အများစုအမတ်နေရာရထားသည့် NLD နှင့်ညှိပြီး စခန်းသွားလို့ ရနိုင်သေး၏။ ကြံ့ဖွံ့အမတ်တို့မဲက စစ်အုပ်စု၏သပိတ်ဝင်အိပ်ဝင် ဖြစ်ပြီးသား။ လူမျိုးစုပါတီမှာ အမတ်များကလည်း NLD ၊ စစ်တပ်နှင့် ကြံ့ဖွံ့တို့ကသာပြင်မည်ဆိုလျှင် ဆိုင်းနှင့်ဗုံနှင့်ကြိုဆိုကြမည်ဖြစ်၏။ ရှောရှောရှူရှူဖြစ်မှာ ရာနှုန်းပြည့်သေချာ၏။ အဘယ့်ကြောင့်ဆိုသော် လက်ရှိအနေအထားအရ ထိုဖွဲ့စည်းပုံပြင်ရေးသည် စစ်အုပ်စုမှတပါး ကျန်ပါတီတိုင်း၊ လူမျိုးစုတိုင်းအပါအဝင် တိုင်းပြည်လူထု အများတကာ့ အများစုကြီး၏ ဆန္ဒဖြစ်နေသောကြောင့်ပင်။ စစ်တပ်ကပါ ပြင်လိုစိတ်ဖြစ်သည်ဆိုတော့ ထီးရော မင်းရော လိုရုံမက ပြည်ရော ကမ္ဘာပါ လိုမည့်ကိစ္စဖြစ်တာလည်း ပြောစရာပင်မလိုတော့။

ပုဒ်မ(၄၃၆) ကို အရင်ပြင်လိုက်လျှင် ကိစ္စတဝက်ချောသွား၏။ ဘာတွေပြင်မည်နည်းကျ အထစ်အငေါ့ အထိုက်အလျှောက်ရှိနိုင်၏။ အချီအချ အခြေအတင်ပြောရမှာတွေ ရှိနိုင်၏။ အာဏာ၊ ဘဏ္ဏာနှင့်သယံဇာတကို ဘယ်လိုခွဲဝေကြမည်နည်းတို့၊ စစ်တပ်ကိုဘယ်လို ထားမည်နည်းတို့၊ လူမျိုးစုတို့၏ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဘယ်လို အာမခံမည်နည်းတို့ စတာတွေကိုသံခိပ်ပြုရလျှင် တိုင်းပြည်ကို ဘယ်လို "ဖွဲ့စည်း" ၍ ဘယ်လို "အုပ်ချုပ်"ကြမည်နည်းဆိုသည့် နိသယျကို၊ ဥပဒေကို၊ ပဋိဉာဉ်ကို ပြုကြပြင်ကြခြင်းပင်ဖြစ်၏။ ထိုအခါ ပုဒ်မ ၅၉(စ)တို့ ဘာတို့ဆိုသည်မှာ ကျွဲကူးရေပါ ပါသွားနိုင်သဖြင့် စပားလုပ်ပြောရလောက်သည့် အရေးတကြီးကိစ္စ မဖြစ်နိုင်တော့။ ဒါက နိုင်ငံရေးကို အကယ်၍သာ (အင်္ဂလိပ်လို IF)ခံ၍ သောင်စဉ်ရေမရ စဉ်းစားဖြင်းဖြစ်၏။

လက်တွေ့ကား စစ်အုပ်စုဘက်က ဖွဲ့စည်းပုံပြင်လိုစိတ် အလျဉ်းမရှိ။ သူ့အတွက် ရေးကြီးသုတ်ပြာပြင်စရာ ဘာအကြောင်းမှလည်း မရှိသေး။ ဤဖွဲ့စည်းပုံဖြင့် ဟန်ကျနေတာလည်း သူသိ၏။ အလုပ်လည်း ဖြစ်နေသေး၏။ သိတ်မဝေးသည့်အနာဂတ်လောက် ကြည့်ပြီးပြောမည်ဆိုလျှင် ဤဖွဲ့စည်းပုံနှင့် သူ အထိုင်ကျသထက် ကျသွားရန်နှင့်၊ နိုင်ငံရေးသမားများလည်း ဤဖွဲ့စည်းပုံနှင့် နေသား ကျသထက် ကျသွားရေးသာဖြစ်၏။ ဤဖွဲ့စည်းပုံအောက်မှ ဘယ်ပါတီနှိင်နှိုင် ဘယ်သူအစိုးရဖွဲ့ဖွဲ့ ဘယ်သူသမ္မတဖြစ်ဖြစ် စစ်အုပ်စုက "ကိုင်"ထားလို့ရ၏။ ထို့ကြောင့် မည်သူမဆို ပြင်ချင်စိတ်ကြောင့် သေငယ်ဇောနှင့်မြောနေသည့်တိုင် စစ်အုပ်စုက တုတ်တုတ်မှမလှုပ်။ ပကတိအနေအထားကို အပေါ်ယံကြည့်ကြည့် အတွင်းဝင်ကြည်ကြည့် ဖွဲ့စည်းပုံက စစ်အုပ်စုအတွက် ဘာပြဿနာမှ ကြီးကြီးမားမား မရှိ။ အကျပ်အတည်း မရှိ။ သို့သော် ထိုသို့သော်က အရေးကြီး၏။

အခြေအနေဆိုသည့်က ဘယ်တော့မှ တသမတ်တည်းသွားရိုး မရှိ။ သမိုင်းဆိုသည်မှာ ရပ်တန့်နေတတ်သည့်အရာ မဟုတ်။ လူထု၏ လိုလားချက်နှင့်မကျေနပ်ချက်ဆိုသည်မှာ မဖြည့်ဆည်းပေးလျှင် အပြန်ပြန်ကြီးထွားလာတတ်၏။ ထိုအခါ အပြောင်းအလဲလုပ်ရေးသို့ လူထုဘက်က ဦးတည်လာတော့၏။ အုပ်စိုးသူတို့ဘက်ကလည်း မိမိကြိုက်ကြိုက် မကြိုက်ကြိုက် အခြေအနေအချိန်အခါပေါ်တည်၍ လိုက်ပြောင်းလဲရ၏။ လူထုဘက်ရော အုပ်စိုးသူတို့ဘက်ကပါ ပြောင်းမှရတော့မည်ဟု အသီးသီးမြင်လာကြသည့်အချိန်ကြမှ အပြောင်း အလဲကို စလို့ရ၏။ တဘက်တည်းက ပြောင်းလိုသဖြင့် သို့မဟုတ် ပြောင်းလဲရန်လိုသဖြင့် အပြောင်းအလဲသည် မဖြစ်။

အုပ်စိုးသူဘက်ကတော့ လူထုဘက်က အပြောင်းအလဲ မွတ်သိပ်လာသည့်အခါတိုင်း အလှည့်အပြောင်းလုပ်ကာ ဖာကြထေးကြ၏။ သို့သော် အလှည့်အပြောင်းဆိုသည်က ပြဿနာကို အရင်းအမြစ်ကလိုက်၍ ဖြေရှင်းခြင်းမဟုတ်။ တပွဲထိုး လက်ပူတိုက်ခြင်းသာဖြစ်၍ ရေရှည်တွင် အလုပ်မဖြစ်။ တခါတရံ၌ အလုပ်မဖြစ်သည့်အပြင် ပြဿနာအသစ်တွေပါ ဖန်တီးမိရက်သားဖြစ်တတ်၏။ ဒါက သမိုင်းဘက်မှ လူထုဘက်မှ လိုလားသည့် လိုအပ်သည့်အပြောင်းအလဲဖြစ်၏။

စစ်အုပ်စုဘက်မှလည်း ဤ ၂ဝဝ၈ ဖွဲ့စည်းပုံနှင့် အလုပ်မဖြစ်တော့သည့်၊ ဟန်မကျတော့သည့်၊ အထိုင်ပျက်လာသည့်အခါကျမှသာ အပြောင်းအလဲလုပ်ဖို့ ခြေလှမ်းပြင်မည်ဖြစ်၏။ ဗမာ့နိုင်ငံရေးတွင် စစ်တပ်သည်အရာရာဖြစ်နေ၏။ ထို့ကြောင့် ထိုကိစ္စကို စစ်တပ်တွင်း ကိစ္စဟုပြောရမည်ဖြစ်၏။ စစ်တပ်တွင်းကိစ္စသည် တပ်တွင်းမကျေနပ်မှု တပ်တွင်းပုန်ကန် ဖီဆန်မှုတို့နှင့် အစပျိုးလာတတ်၏။ ထိုသို့ ပုန်ကန်ဖီဆန်မှုမျိုးမှာ ထိပ်သီးစစ်ဗိုလ်ကြီးများဆီကလာသည်ထက် အလယ်အလတ်တန်းနှင့် အောက်ခြေထု အရာရှိစစ်သည်များထံမှ လာတာများ၏။ တပ်ရင်းတပ်ဖွဲ့များထံက စဖေါက်ခွဲလိုက်တာမျိုးဖြင့် ကူးစက်သွားတတ်၏။

လက်ရှိ စစ်အုပ်စုမှာ အာဏာနှင့်ဓနကိုကိုင်ထားပြီး ကြီးစိုးနေသည်မှန်သော်လည်း သူတို့လှည့်ပြောင်းယူခဲ့သည့် ဒီမိုကရေစီကြောင့်ပင် အစပိုင်း၌ အုပ်စုတွင်း သူတလူငါတမင်း ဖြစ်ခဲ့တာရှိ၏။ မင်းအောင်လှိုင် ကာချုပ်နေရာရဖို့ သူ့ရှေ့က စီနီယာတွေကို ဗိုလ်သန်းရွှေက ရှင်းထုတ်ခဲ့၏။ နိုင်ငံရေး(ကြံ့ဖွံ့ပါတီ)၊ အုပ်ချုပ်ရေး(သမ္မတ)၊ တရားဥပဒေပြုရေး(လွှတ်တော်)၊ တရားစီရင်ရေးနှင့်ဥပဒေရေးရာ(တရား သူကြီးနှင့်ရှေ့နေချုပ်)တို့တွင် အသီးသီးနေရာချထား၏။ ထိုအချိန်က ဗိုလ်သန်းရွှေ နံပတ်ဝမ်းဖြစ်နေချိန်မို့ မီးသေ၏။ တခါ မင်းအောင်လှိုင် လက်ထဲ တပ်ရောက်လာတော့ သူကလည်း ခွာတိုင်းလာမည့်သူ၊ ပခုံးချင်းယှဉ်လာမည့်သူတွေကို ရှင်းထုတ်၏။ “စင်”ထွက်သွားကြသူတွေက ဗိုလ်သန်းရွှေ အရှိန်အဝါရှိသေးသဖြင့်သာ ငြိမ်နေကြသော်လည်း ချိုသွေးတမြမြတွေဖြစ်နေ၏။ သူတို့သာ “အကိုင်”ခံလိုက်ရသော်လည်း တပ်ထဲတွင် သူတို့ငယ်မွေးခြံပေါက်တွေ ကျန်သေး၏။ ဆရာသမားထိသဖြင့် မချိအောင်နာသော်လည်း လက်ရှိရထားသည့်ရာထူးစည်းစိမ်နှင့် ယစ်မူးနေတာကတကြောင်း၊ ထ လုပ်ကြံလို့ ရှင်လျှင် ကိစ္စမရှိ။ နိမ့်ပါးသွားလျှင် မြေကြီးဖြစ်မည့်အရေးကြောင့် ခတ်လျှိုလျှိုနေကြ၏။

စည်းပြင် ထုတ်ခံလိုက်ရသည့်အနက်တချို့က သွေးတိုးစမ်းသည့်အနေနှင် လူလုံးထွက်ထွက်ပြ၏။ ခတ်ကွင်းပြင်၏။ တစင်ထောင်ရန် ခြေလှမ်း ပြင်ပုံရ၏။ ထိုအထဲတွင် ဗိုလ်ခင်ညွန့်ဂိုဏ်းက ရှေ့ဆုံးက။ သူက သေနတ်ခါးကြားထိုးပြီး နိုင်ငံရေးလုပ်ခဲ့သူ။ ဗြောင်ရော ပဉ္စမံအဖြစ်နှင့်ပါ ဒီမိုကရေစီအင်အားစုတွေနှင့် လက်နက်ကိုင်အဖွဲ့အစည်းတွေကို သပ်လျှိုဖြိုခွဲခဲ့သူ။ အာဏာလည်း ပြင်းခဲ့၏။ လက်စောင်းလည်း ထက်ခဲ့၏။ သူက နဂိုကတည်းက တပ်ကိုင်လာသူမဟုတ်။ တပ်မရှိ သေနတ်မရှိ။ ခုက ဘာမှမရှိဆိုတော့ ထင်သလောက် မလွယ်လှ။ မင်းအောင်လှိုင် အတွက် သိတ်မှုစရာမလိုသည့်သူဖြစ်၏။ အသုံးချရန် ပူးပေါင်းကြံစည်ရန်လိုလာလျှင်မူ အကိုကြီးညီလေးတွေလုပ်ပြီး ပြန် ပလူးပလဲလုပ်ကြမှာ တော့သေချာ၏။ ခုတော့ အကပ်မခံ။

စစ်တပ်တွင် အသက်အရွယ် ဖြတ်သန်းမှုထက် စီနီယာဂျူနီယာသာစကားပြော၏။ မင်းအောင်လှိုင် အထိုင်ချရေးအတွက် အကိုင်ခံလိုက်ရ သူများမှာ စီနီယာတွေချည်း။ ထို စီနီယာတွေက တချိန်ကျ ခုထက်ပို ထောင်လွှားလာမှာလည်း သေချာ၏။ ထိုသူတို့လက်ထဲတွင် ဓနတွေ ပုံနေ၏။ ဓနရှင်နိုင်ငံရေးသည် အဿပြာမရှိက လုပ်မရ။ ထိုလူတွေက ကိုယ့်စင်ကိုယ်ဆောက်ကာ အဿပြာကိုင်ပြီး အာဏာထဲဝင်လာ နိုင်သည်။ ထိုသို့မဖြစ်ရန် “ကြိုကာ”သည့်အနေနှင့် ကြံ့ဖွံ့ထဲက စီနီယာလူဟောင်းတွေကို ဖဲ့ထုတ်တန်ထုတ်(သိန်းစိန်) ပထုတ်တန်ထုတ် (ရွှေမန်း)တွေ လုပ်ပစ်လိုက်၏။ ပြီးတော့ စီနီယာထဲကပဲ သူ မီးသေသည့်လူတွေကို ရဋ္ဌပါလတို့၊ အမျိုးသားရေးပါတီတို့ဆိုပြီး စုခိုင်းကာ မျက်စေ့အောက်ထားရန်နှင့် အချင်းချင်းတည်ပေးထားရန် ဗိုလ်သန်းရွှေကြံစည်သည်ကိုလည်း ခန့်မှန်းလို့ရ၏။ ထိုစီနီယာတွေ ဗိုလ်သန်းရွှေ မသေမီ အာဏာထဲရောက်လာလျှင် လက်ရှိနှင့်နောက်ပေါက် ကာချုပ်တွေအတွက် သိတ်ပြဿနာမရှိ။ နံပတ်ဝမ်း မျက်စေ့မှိတ်သွားပြီဆိုလျှင် တဗိုလ်တမင်းတွေလုပ်ကာ ထောင်ထားမလာကြဟု မည်သူမှ အာမခံမရ။ ထိုအချိန်၌ ထိုသူတို့နှုတ်မှ ဖွဲ့စည်းပုံပြင်ရေးကို ထုတ်ကိုပြောရ တော့မည်။ စစ်ဗိုလ်နှင့်အရပ်ဝတ် ဝတ်ထားသူကြားတွင် အာဏာခွဲဝေရေး(ဝေစားမျှစားလုပ်ရေး)လိုင်း တင်လာတော့မည်။

ထိုအခါ သူတို့ထောက်ကွက်က ပြည်တွင်းစစ် ပြန်ဖြစ်လာလိမ့်မည်။ ကာကွယ်ရေးအသုံးစရိတ် မတန်တဆယူထားတာဖြစ်လိမ့်မည်။ ကာချုပ်ခန့် အစိုးရဝန်ကြီးတွေနှင့် ကာ/လုံကို ခြယ်လှယ်ထားတာ ဖြစ်လိမ့်မည်။ ပြည်တွင်းစစ်ကို တကယ်ငြိမ်းစေလိုသည့်၊ ဘတ်ဂျက်ခွဲဝေမှု မျှတစွာဖြစ်စေလိုသည့်၊ အစိုးရကို အစိုးရလိုဖြစ်စေလိုသည့်၊ ကာ/လုံကို နိုင်ငံတော်လက်အပ်စေလိုသည့် တကယ့် စိတ်ကောင်းစေတနာ ကောင်းနှင့် သဘောရိုးတွေတော့မဟုတ်တန်ရာ။ သူတို့ကိုယ်စီနှင့် တယောက်ချင်း တစုချင်းစီ၏အကျိုးစီးပွားများရှေးရှုချက်အပေါ် အခြေခံမည်မှာ မြေကြီးလက်ခတ်မလွဲ။ သို့သော် ဘာပဲဖြစ်ဖြစ် ထိုအကျိုးစီးပွားတွေလုပ်ချင်လျှင် “၂ဝဝ၈ ဖွဲ့စည်းပုံ”သည် အဟန့်အတား ဖြစ်လာပြီ။ ယင်းကို ဖြည်ထုတ်မှ (ပြင်မှ)ရတော့မည်။ သူတို့ပြောသည့် စည်းကမ်းပြည့်ဝသောဒီမိုကရေစီသည် အကျပ်အတည်းဖြစ်လာပြီ။ ထိုအခါ စစ်တပ်ကိုယ်တိုင်က ဖွဲ့စည်းပုံပြင်ရေး မျက်နှာမူရတော့မည်။

တဘက်ကလည်း မီးမငြိမ်းသေးသည့် လက်နက်ကိုင်အင်အားစုများ၊ နိုင်ငံရေးပါတီများ၊ လူမျိုးစုအဖွဲ့အစည်းများ၊ လူထုလူတန်းစားပေါင်းစုံ၏ လိုလားချက်များ၊ မကျေနပ်ချက်များ၊ ပြည်တွင်းပြည်ပနှင့်နိုင်ငံတကာမှ ဖိအားပေးတောင်းဆိုမှုများကလည်း ဘယ်လိုမှ ဘရိတ်အုပ်ဖို့ မလွယ်။
နိုင်ငံတကာဆိုသည်က သူတို့ကိုယ်ကျိုးစီးပွားလိုက်ပြီး အဆုတ်အတက်လုပ်တာဖြစ်၍ ပုံအပ်လို့မရ ယုံစားလို့မရ။ အရန်အင်အားသဘော စိတ်ဓာတ်ခွန်အားသဖွယ်သာဖြစ်၏။

တကယ့်အားက လူထုအား၊ ပြည်တွင်းအားသာဖြစ်၏။ ထိုအားဖြင့် ဖွဲ့စည်းပုံဆန့်ကျင်ရေးကို တစိုက်မတ်မတ်လုပ်နေချိန်တွင် စစ်အုပ်စုဘက်မှလည်း အပေါ်ကပြောခဲ့သည့်အခြေအနေမျိုးကျပြီဆိုလျှင် “ဖွဲ့စည်းပုံပြင်ရေးဖုတ်သွင်းရထား” ဆိုက်သည်ဟု ဆိုရမည်ထင်၏။ ထို အခါသမယသည် ရောက်ကိုလာလိမ့်မည်က ဧကန်။ သို့သော် ထိုင်စောင့်နေရုံမှဖြင့် မရ။
မျိုးမြင့်ချို(ဒီဇင်ဘာ ၇၊ ၂ဝ၁၈)

0 comments:

Post a Comment