Wednesday, December 12, 2018

(ရှူးမားထောက်ကွက်မှာ ကိုယ့်ရှူးကိုယ်ပတ်သွားတဲ့ ထရမ့်ပ်) မျိုးမြင့်ချို

0 comments
(ရှူးမားထောက်ကွက်မှာ ကိုယ့်ရှူးကိုယ်ပတ်သွားတဲ့ ထရမ့်ပ်)
Government Shutdown ဆိုတာ ဒီမှာ ဘာမှမဆန်းတဲ့ကိစ္စပါ။ နိုင်ငံရေးသမားတွေ ကိုယ့်ကိစ္စကိုယ်ရှင်းမရတဲ့အခါ ညစ်လုံး လုံးကြတာပါ၊ သူတို့ ညစ်လုံး လုံးကြလို့ အဆင်မပြေရင် အစိုးရအလုပ်တွေ Government Function တွေ ခနရပ်သွားတယ်၊ စစ်သားတွေအပါအဝင် အစိုးရ အမှုထမ်းတွေ အလုပ်က ခနား နားရတယ်။ အဲ့ဒီကလအတွက် လုပ်ခ လခမရပါဘူး။ ဒါပေမယ့် အလုပ်လက်မဲ့ကြေးတို့၊ ကိုယ်ရေးကိုယ်တာ အတွက် အသုံးပြုချိန်တို့၊ အားလပ်ရက်အပန်းဖြေထွက်ချိန်တို့ စတာတွေနဲ့ ပြန်ခုပေးတာ ပြန်လျှော်ပေးတာတွေတော့ရှိပါတယ်။ ဒါကလည်း ဒီက လည်ပတ်နေတဲ့စနစ်ကို တီးမိခေါက်မိမှ ဆဝါးနိင်မှာမို့ ဒီနေရာမှာမပြောသေးဘဲ ထားခဲ့ပါ့မယ်။

ရှပ်ဒေါင်းဖြစ်သွားရင် ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကျောင်းတွေမှန်သမျှအပါအဝင် ဌာနပေါင်း ၃၈ ခုလောက်အပေါ် သက်ရောက်ပါတယ်။ ဆိုလိုတာက အဲ့ဒီကာလအတွင်း အဲ့ဒီဌာနတွေမှာ လုပ်နေကြသူတွေအတွက် လခမရဘူးဆိုတဲ့သဘောပါ။ ကျန်တာတွေကတော့ ပုံမှန် လည်ပတ်နေတာပါ။ ဘယ်သူမှ အနေအစား မပျက်ပါဘူး။ နိုင်ငံရေးသမားတွေ သူတို့ကိစ္စ သူတို့ဘာသာရှင်းလို့ အပေးအယူတဲ့သွားရင် ပြန်ပွင့်သွားတာပါ။

ကိုယ့်ပါတီကိစ္စ ကိုယ့်နေရာကိစ္စ(တနည်းပြောရရင် အုပ်ချုပ်ရေးကိုင်ထားတဲ့သမ္မတနဲ့ ဥပဒေပြုရေးကိုင်ထားတဲ့လွှတ်တော်ကြားက အာဏာ လွန်ဆွဲပွဲပါ။ သမ္မတက ဒါလုပ်ချင်တယ် ဒီလိုလုပ်ချင်တယ် ငွေဒီလောက်လိုချင်တယ်၊ လွှတ်တော်က ဒါလုပ်လို့ မရဘူး၊ ဒီလို လုပ်လို့မရဘူး၊ ပိုက်ဆံဒီလောက်ပေးဖို့ ခွင့်မပြုနိုင်ဘူး)စတာမျိုးနဲ့ ငြိကြတာပါ။ အချိန်တန်တော့လည်း ပြီးသွားတာပါ။ လွှတ်တော်နဲ့သမ္မတညှိမရလို့ ရှပ်ဒေါင်း ဖြစ်တဲ့အထိရောက်သွားတယ်ဆို အစိုးရ(သမ္မတ)အထိနာတာပါ။ သမ္မတအရှက်ကွဲရတာပါ။ အုပ်ချုပ်ရေးပိုင်းက မျက်နှာပျက်ရတာပါ။ လွှတ်တော်ဘက်ကို သိတ်အထိမနာပါ။ ဒါက အရင့်အရင်သမ္မတွေနဲ့ လွှတ်တော်ကြားကပြဿနာကို အမေရိကန်ပြည်သူတွေက ခံစားသိမြင် ကြတာဖြစ်ပါတယ်။ သမ္မတတွေကလည်း ရှပ်ဒေါင်းအဖြစ်ခံရမှာ အလွန်ရှက်ကြပါတယ်။ တတ်နိုင်သမျှ ဒါမဖြစ်ရေး အပေးအယူအလျှော့ အတင်း လုပ်ကြပါတယ်။ ဒါအရင် အမေရိကန်နိုင်ငံရေးနှုန်းစံတန်ဖိုးတခုဖြစ်ပါတယ်။

ဒေါ်နယ်လ်ထရမ့်က အမေရိကန်နှုန်းစံတန်ဖိုး၊ အမေရိကန်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေကို ထိပါးရုံမက ဖျက်လိုဖျက်ဆီးပါလုပ်နေသူ ဆိုတော့ Government Shutdown ကိုလည်း သူမြင်တာက အရင့်အရင်သမ္မတွေနဲ့ ပြောင်းပြန်ပါ။ သူက ရှပ်ဒေါင်းကို ရှက်စရာထက် နိုင်ငံရေး ကစားကွက်အဖြစ် အသုံးချချင်တာပါ။ ထစ်ကနဲရှိ ရှပ်ဒေါင်းဖြစ်သွားလည်း သူဂရုမစိုက်ဘူး။ သူက ဂုဏ်တောင်ယူသေး၊ ရှပ်ဒေါင်းဖြစ်ခဲ့ရင် ဒီမိုကရက်တွေကြောင့်ဆိုပြီး ဆီမန်း မန်းသလို နှုတ်တက်ရွရွပြောနေသူပါ။ သူ့သက်တမ်းအတွင့် ရှပ်ဒေါင်းကိုင်ပြီး လွှတ်တော်ကိုခြိမ်းခြောက် ရင်း စစ်စရိတ်တွေ အတင်းကာရော တောင်းပစ်တာရှိခဲ့ပါတယ်။ သူတွေးတာက သူဟာ စစ်တပ်ကိုင်ထားနိုင်တယ်၊ သူ့နောက်မှာ စစ်တပ် ရှိတယ်လို့တွေးတာပါ။ စစ်တပ်နဲ့နိုင်ငံရေးသမားကို ရန်လှည့်တိုက်ပေးနိုင်ရင် ဘာမဆို သူလုပ်လို့ရတယ်လို့၊ သူ့လက်သူ့ခြေဖြစ်မယ်လို့ ထင်နေတဲ့ပြဿနာပါ။

အမေရိကန်မှာ ခရစ္စမတ်စ်မတိုင်ခင်ဆို ဘတ်ဂျက်ကိစ္စ အစိုးရနဲ့လွှတ်တော်ကြားမှာ အကြေအလည်ညှိရပါတယ်။ ခုလည်း ညှိနေပါတယ်။ ညှိရင်းတက်တဲ့ပြဿနာက ထရမ့်ပ်က မက္ကဆီကို အမေရိကန်နယ်စပ်မှာ တံတိုင်းခတ်မယ်။ အဲ့ဒါအတွက် ဒေါ်လာ ၅ ဘီလီယံ လိုချင်တယ်။ အောက်လွှတ်တော်က ခွင့်ပြုနိုင် မပြုနိုင်က လိပ်ခဲတည်းလည်းဖြစ်နေတာပါ။ ဗမာပြည်က ကာလပေါ် နိုင်ငံရေးဗန်းစကားနဲ့ဆို “တစ်ဆို့“မှု ပေါ့လေ။

တနေ့က နန်စီပလိုစီ (ဒီမိုကရက်တစ်၊ အောက်လွှတ်တော်သဘာပတိနဲ့ အထက်လွှတ်တော် ဆီးနိတ်လူနည်းစုခေါင်းဆောင် ရှူးမား (ဒီမိုကရက်)တို့နဲ့ ဘတ်ဂျက်ကိစ္စတွေ့တဲ့ပွဲမှာ ထပ်ပွင့်ကျသွားပါတယ်။ ရှူးမားက “ရှပ်ဒေါင်းကိစ္စက ကျုပ်တို့မပြောဘူးနော်၊ ခင်ဗျားပဲ ပြောနေ တာ“ဆိုပြီး သူ့အမြီးနဲ့သူ့ပြန်ချည်တော့ “ရှပ်ဒေါင်းဖြစ်သွားရင် သူကျေနပ်တယ်တို့၊ ရှပ်ဒေါင်းဖြစ်သွားမှာ သူ ဂုဏ်ယူတို့ဆိုတာတွေ သူမပြော ပါဘူး“ဆိုတဲ့သဘော ဗြောင်လိမ်ဖို့လုပ်သေးတာပါ။ ရှူးမားက “ခင်ဗျားဘဲတလျှောက်လုံး ဒီ ဂါးဗမင်န့်ရှပ်ဒေါင်းလုပ်မယ်ဆိုပြီး ပြောနေတာလေ“ လို့ ထောက်လည်း ထောက်လိုက်ရော ကြက်လည်လိမ်ခံရသလိုဖြစ်ပြီး “ဟုတ်တယ်ဘာဖြစ်လဲ“ဆိုတဲ့အချိုးနဲ့ ခေါင်းခါခါလည်ခါခါ ရမ်းရမ်း ကားကားတွေ ပြောတော့တာဘဲ။ စစ်တပ်ပါ သူ့ဘက်ကရှိနေသယောင် ဆွဲထဲ့တော့တာဘဲ။ ပြောပုံဆိုဟန်လေသံနဲ့ စကားလုံးတွေကလည်း သမ္မတ တယောက်၊ နိုင်ငံရေးသမားတယောက်၊ လူကြီးလူကောင်းတယောက်ရဲ့ အိနြေ္ဒမျိုး ကိုယ်နှုတ်အမူအယာမျိုးမဟုတ်တော့ဘဲ ဖဲသုံးချပ် ဝိုင်းကလူမိုက် လူရမ်းကားပုံထွက်သွားတာ အမေရိကန်တိုင်း မြင်လိုက်ကြရတယ်။ ကမ္ဘာကို မျက်နှာလည်းပူကြတယ် “ဒီလိုသမ္မတမျိုး အောက်မှာ နေရတဲ့ဘဝ”လို့ ကိုယ့်ကိုယ်ကိုယ်လည်း မချိတင်ကဲတွေဖြစ်ကြ ရှက်ရွံ့ကြရတယ်။


ဒီ Government Shutdown ကိစ္စ သမ္မတအိုဘားမားလက်ထက်မှာ ဖြစ်ခဲ့တုန်းက ကျနော် ခတ်ဖြည်ဖြည်ဖြန့်ဖြန့်လေး ရေးဖူးပါတယ်။ ခုပြန်ရှာ တာ အလွယ်မတွေ့တာကလည်းတကြောင်း၊ ရှပ်ဒေါင်းကိစ္စမှာ အရင့်အရင်သမ္မတွေခံယူသိမြင်ပုံနဲ့ ထရမ့်ပ်နဲ့ကြားမှာ ပြောင်းပြန်ဖြစ်နေတယ် ဆိုတာလေးလည်း ပြောချင်တာနဲ့ အသစ်ထပ်ပြောဖြစ်သွားတာပါ။

နောက်တချက်ကလည်း ကိုယ်တိုင်အားထုတ်လေ့လာမှု ဘာမှ မယ်မယ်ရရမလုပ်ပဲ ဝါဒဖြန့်သမားတွေ ပြော ပြောတဲ့အတိုင်း အဟုတ်မှတ်ပြီး အမေရိကန်ဆို စွက်စက်အထင်ကြီး စွက်စက်အထင်သေး၊ စွက်စက်အားကိုး စွက်စက်ပစ်ပယ်၊ စွက်စက်ဇန်းတင် စွတ်စက်ရှုတ်ချ၊ စွက်စက် အားကိုး စွက်စက်ထီမထင်လုပ်၊ စွက်စက်စိုးရိမ် စွက်စက်ဝမ်းအသာကြီး သာပြနေကြသူတွေလည်း Government Shutdown အကြောင်း နည်းနည်းပါးပါး ရိပ်မိရုံလေးပြောချင်တာလည်းပါပါတယ်။
(အဆက်)
မနက်က အမေရိကန် Government Shutdown ကိစ္စလေး တို့တိပြတော့ တယောက်က “အကိုပြောတဲ့အထဲမှာ ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင်ဆိုတာပါ ပါတယ်၊ ရှပ်ဒေါင်းဖြစ်နေချိန်မှာ အစိုးရအလုပ်တွေ ခန ရပ်သွားတယ်လို့လည်းပါတယ်။ အဲ့ဒီတော့ စစ်တိုက်တာတွေရော ရပ်ထားလား“တဲ့။

ဟုတ်ပါရဲ့ သူမေးမှ အရေးကြီးတာပြောဖို့ကျန်သွားတယ်။ ရှပ်ဒေါင်းဖြစ်နေချိန်မှာ စစ်တပ်ကြီးတတပ်လုံးနဲ့ ဗဟိုအစိုးရခန့်ဝန်ထမ်းတွေအားလုံး လခမရပါဘူး။ စစ်သားသစ်စုဆောင်းတာအတွက်၊ စစ်သင်တန်းတွေအတွက်ပေးနေတာတွေ ရပ်ထားပါတယ်။ တန်းပြည့်စစ်မှုထမ်းနေရတဲ့ (စစ်မြေပြင်ရောက်)တပ်ဖွဲ့တွေကတော့ တာဝန်ထမ်းဆောင်ဖို့ ပုံမှန်သတင်းပို့နေရပါတယ်။ သူတို့အတွက် ထိန်းသိမ်းရေးငွေ(စစ်စကားနဲ့ဆို ကြံ့ခိုင်ရေးစရိတ်)၊ ထောက်လှမ်းရေးယန္တရားအတွက်ငွေ စတာတွေကို ပေးနေပါတယ်။ အဲ့ဒါတွေတော့ မဖြတ်ပါဘူး။

နောက်တချက်က ရှပ်ဒေါင်းဖြစ်ချိန်မှာ တန်းပြည့်စစ်မှုထမ်း Active-Duty ဝင်နေရတဲ့စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေအားလုံးဟာ Normal Duty Status ကို ပြန်ဝင်သွားပါတယ်။ ကွန်ဂရက်ကနေ ဒီပုဂ္ဂိုလ်တွေအားလုံးအတွက် အသုံးစရိတ်ငွေ ပြန်ချမပေးမချင်း ဒီလူတွေဟာ သာမန်စစ်မှု တာဝန် ထမ်းဆောင်သူများ အဆင့်အတန်းမှာပဲ ရှိနေပါတယ်။ အိုဘားမားလက်ထက် ၂ဝ၁၃ မှာ ရှပ်ဒေါင်းဖြစ်ခဲ့တာ ၁၆ ရက်ကြာခဲ့ပါတယ်။ ဒါပေမဲ့ ပြန်မပွင့်ခင်မှာပဲ ကွန်ဂရက်စ်ကနေ စစ်တပ်အသုံးစရိတ်အတွက် အထူးထုတ်ယူသုံးစွဲခွင့်ဥပဒေ ပြဌာန်းပေးလိုက်ပါတယ်။

ဆိုတော့ Government Shutdown ဖြစ်နေချိန်မှာ အမေရိကန်ပြင်ပရောက်ပြီး စစ်တိုက်နေကြတဲ့စစ်သားတွေကတော့ စစ်တိုက်ကြေး (လခ)မရလည်း တိုက်ပေးနေရ၊ သတ်ပေးနေရ၊ သေပေးနေရ၊ ဒုက္ခိတဖြစ်ပေးနေရတာပါဘဲ။ စစ်တိုက်ကြေးမရလို့ စစ်မတိုက်ဘူးကွာဆို အမိန့်မနာခံမှု စစ်စည်းကမ်းဖေါက်ဖျက်မှုနဲ့ အရေးယူခံရမှာပါ။
မျိုးမြင့်ချို(ဒီဇင်ဘာ ၁၂၊ ၂ဝ၁၈)

0 comments:

Post a Comment