Sunday, December 9, 2018

ကုန်သွယ်ရေးစစ်စတင်ခြင်း (၂) Kyaw Zaaw Khine

0 comments
ကုန်သွယ်ရေးစစ်စတင်ခြင်း (၂)
ကုန်သွယ်စစ် ဆွေးနွေးပွဲ
ကုန်သွယ်စစ်နဲ့ပါတ်သက်ပြီး အမေရိကန်နဲ့တရုတ်ကြားမှာ ပြီးခဲ့တဲ့အပါတ်က (၂)ရက်ကြာဆွေးနွေးပွဲတခု လုပ်ခဲ့ကြတယ်။ သိသာထင်ရှားတဲ့ သဘောတူညီချက် ဘာမှမရခဲ့ကြ။ နှစ်ဘက်စလုံးက မျှော်လင့်ချက်သိပ်မထားတဲ့ပုံစံနဲ့ အစည်းအဝေးကို ရောက်လာကြတယ်လို့ သုံးသပ်သူ တဦးကဆိုတယ်။ ဆိုတော့ တဘက်နဲ့တဘက် အပြန်အလှန် အကဲခတ်ဖို့ဆိုတဲ့အဆင့်လောက်မှာပဲ ရှိပုံပါပဲ။ နောက်ထပ် ဘယ်တော့ဆက်ပြီး ဆွေးနွေးမယ်ဆိုတဲ့အစီအစဉ်လည်း မလုပ်ဖြစ်ဘူးဆိုတယ်။ ခန့်မှန်းချက်တွေအရတော့ နိုဝင်ဘာမှာရှိတဲ့ အမေရိကန်ရဲ့အောက်လွှတ်တော် (House of Representatives) ၄၃၅ နေရာနဲ့ အထက်လွှတ်တော် (Senate) အမတ် ၃၃ နေရာမှာ ရွေးကောက်ပွဲ ပြန်လုပ်ဖို့ရှိတယ်။ ဆီးနိတ်က ပြည်နယ်၅ဝကနေ (၂)ဦးစီ ယူထားတာမို့ ဆီနိတ်တာ (၁ဝဝ)မှာ ရီပတ်ပလီကန်(၄၃)ဦးနဲ့ ဒီမိုကရက် (၂၄)ဦးက ဒီအတိုင်းပဲ ဆက်သွားပါမယ်။ အဲသည် နိုဝင်ဘာ (၆)ရက် မတိုင်မီအထိ ဘာဆွေးနွေးပွဲမှ ထပ်ဖြစ်မယ်မဟုတ်ဘူးလို့ဆိုတယ်။ ဆွေးနွေးပွဲတွေ မရေမရာနဲ့ပြီးသွားတဲ့ ကြာသာပတေးနေ့ (သြဂတ် ၂၃) မှာပဲ ယူအက်စ်က နဂိုရည်မှန်းထားတဲ့အတိုင်း နောက်ထပ် (၁၆)ဘီလီယံဖိုး တရုတ်ကုန်တွေအပေါ် အခွန်တိုး လိုက်ပါပြီ။

ထရမ့်အတွက်နိုင်ငံရေးဖိအားများ
နိုင်ငံရေးဘက်ကကြည့်ရင်တော့ ထရမ့်အပေါ်မှာ ဖိအားတွေတိုးလာတာတွေ့ရတယ်။ အဓိကမှာတော့ အရင် သူ့ရှေ့နေလုပ်ခဲ့သူ ကိုဟင် (Michael Cohen)ဆီက ပြန်ထွက်လာတဲ့ပြဿနာပါ။ ပြီးခဲ့တဲ့ရွေးကောက်ပွဲကာလ အတွင်းထရမ့်ကို သူတို့နဲ့ပါတ်သက်ခဲ့ပါတယ်လို့ ထုတ်ဖော် ပြောခဲ့တဲ့ အမျိုးသမီး၂ဦး (ပွန်းစတားနဲ့ပလေးဘွိုင်း မဂ္ဂဇင်းဖက်ရှင်မယ်)ကို ထရမ့်ညွှန်ကြားချက်အရ ကိုဟင် က သူငွေပေးခဲ့ရတယ်။ အဲဒါဟာ ရွေးကောက်ပွဲကမ်ပိန်းရဲ့ ဘဏ္ဍာရေးဆိုင်ရာဥပဒေနဲ့ငြိစွန်းတာမို့ သူ့ကိုအရေးယူဖို့ သူကိုယ်တိုင်ဖွင့်ချလိုက်တဲ့အမှု။

အခုရှုပ်ထွေးနေတာတခုကတော့ ဒီလိုအမှုမျိုးမှာ လက်ရှိသမ္မတတဦးကို တရားခံအဖြစ်စွဲယူလို့ရမရ (သမ္မတမဖြစ်တဲ့အချိန်မှာသာ အမှုကို စွဲဆိုနိုင်တဲ့သဘော)ဆိုတာပါပဲ။ ဒါပေမယ့် ထရမ့်ဟာ တပြိုင်နက်ထဲမှာ စစ်မျက်နှာတွေအများကြီး ဖွင့်တိုက်ခဲ့တဲ့ ဗျူဟာပိုင်းဆိုင်ရာချို့တဲ့မှု အကျိုးဆက်ကိုခံစားရဖို့ ရှိနေတယ်။ လတ်တလောမှာကိုပဲ အရင် အိုဘားမားလက်ထက် စီအိုင်အေအကြီးအကဲဟောင်း(Ex CIA chief) ဖြစ်တဲ့ ဘရင်နန်(John O. Brennan) ကို နိုင်ငံတော်လုံခြုံမှုနဲ့ပါတ်သက်တဲ့ ထိပ်တန်းသတင်းတွေ၊ အချက်အချာကျတဲ့နေရာတွေကို အစစ် အဆေးမရှိသွားလာခွင့်(security clearance) ကနေ ရုပ်သိမ်းလိုက်တာပဲဖြစ်တယ်။

သိကြတဲ့အတိုင်း ပြီးခဲ့တဲ့အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားအင်တာနက်ဟက်ကာတွေက ဒေါ်နယ်ထရမ့်အနိုင်ရဖို့ အမေရိကန်ဝက်ဘ်ဆိုက် တွေကိုဝင်ပြီး လူထုကိုထရမ့်ဘက် တိမ်းညွှတ်အားသာစေမယ့် သတင်းတွေဖန်တီးနိုင်ခဲ့တယ် ဆိုတယ်။ ရုရှားဝင်ရောက် လှုံ့ဆော်မှုကို စစ်ဆေးဖော်ထုတ်ဖို့ အားထုတ်တဲ့သူတွေထဲမှာ ဘရင်နန်ကလည်း ထိပ်တန်းကပါဝင်ခဲ့တယ်။ တလောက ဖင်လန်မှာလုပ်တဲ့ ရုရှားသမ္မတ ပူတင်နဲ့ဆွေးနွေးပွဲအပြီး ထရမ့်ကို ပူတင်ရဲ့အိပ်ကပ်ထဲရောက်သွားပြီလို့ ဝေဖန်ခဲ့သူလည်းဖြစ်တယ်။ ရုရှားပြဿနာမှာ ပါဝင်ပတ်သက် သူတိုင်းကို ထရမ့်က အညှိုးနဲ့ပြန်ပြီး တန်ပြန်ဖို့ကျိုးစားနေတဲ့ အခြေအနေတရပ်ဟာ ထင်ရှားလာတယ်။ ဒါ့အပြင် ထရမ့်ရဲ့ ရွေးကောက်ပွဲ ကမ်ပိန်းဥက္ကလုပ်ခဲ့တဲ့ မာနာဖော့ (Paul Manafort) ဟာ အမှု(၈)ခုနဲ့ တရားစွဲဆိုခံထားရတာကလည်း ထရမ့်အတွက် မြွေပူရာကင်းမှောင့် စေတဲ့ အချက်တချက်ပါ။ အခြေအနေအားလုံးကို ခြုံကြည့်လိုက်တော့ လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အောက်လွှတ်တော်မှာ အယုံအကြည်မရှိအဆို တင်သွင်းခံရပြီး ဆီးနိတ်မှာ မဲခွဲဆုံးဖြတ်ခံရမယ့် အန္တရယ်အငွေ့အသက်တွေရလာပါတယ်။ (မှတ်ချက်။ impeachment လုပ် မလုပ်ကို House ဖြစ်တဲ့ အောက်လွှတ်တော်မှာ မဲခွဲအတည်ပြုတယ်။ အဲသည်မှာလုပ်ဖို့ဆုံးဖြတ်ခံရရင်ဆီးနိတ်လို့ခေါ်တဲ့ အထက် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တယ်)။

အမေရိကန်သမ္မတအပေါ်အယုံအကြည်မရှိအဆိုတင်ခဲ့ဖူးသလား
အမေရိကန်သမိုင်းမှာ ပထမဆုံး အယုံအကြည်မရှိအဆို အောက်လွှတ်တော်မှာ ဆုံးဖြတ်ခံရတာကတော့ လင်ကွန်း လုပ်ကြံခံရပြီးလို့ ဒုသမ္မတကနေ သမ္မတတက်ဖြစ်တဲ့ အမေရိကန်(၁၇)ယောက်မြောက်သမ္မတ ဂျွန်ဆင် (Andrew Johnson 1865 – 69) ပါပဲ။ ဆီးနိတ်မှာ တမဲထဲနဲ့နိုင်ပြီး သမ္မတဆက်ဖြစ်တယ်။ ဒုတိယသမ္မတကတော့ ထရမ့်ကို ရှူံးနိမ့်ခဲ့ရတဲ့ ဟီလာရီကလင်တန်ရဲ့ ယောက်ျား (၄၂) ယောက် မြောက်သမ္မတ ဘီလ်ကလင်တန်(Bill Clinton ၁၉၉၃ - ၂ဝဝ၁) ပါပဲ။ သူ့အယုံအကြည်မရှိအဆိုမှာ စွဲချက်(၂)ခုရှိခဲ့တယ်။ တခုက အောက်လွှတ်တော်မှာတင်အရေးနိမ့်ခဲ့ပြီး နောက်တခုက အထက်လွှတ်တော်မှာရှူံးတဲ့အတွက် ကလင်တန်ဟာ သက်တမ်း(၂)ဆက်စလုံး ဂ
(၈)နှစ်ပြည့် တာဝန်ထမ်းဆောင်နိုင်ခဲ့တယ်။ ဝါးတာဂိတ်အမှုနဲ့နာမည်ကြီးတဲ့ သမ္မတနစ်ဆင်ကတော့ နှုတ်ထွက်ခဲ့တာဖြစ်လို့မို့ အယုံအကြည် မရှိ အဆိုတင်ခံရတဲ့အထိ မရောက်ခဲ့ဘူး။

သြဂတ်စ် (၂၄)ရက်နေ့မှာတော့ ဘလွန်းဘတ်ကတက်လာတဲ့ တွစ်တာမင်းသားကြီး ထရမ့်သတင်းက အမေရိကန်စီးပွားရေးလောကကို ခြောက်လှန့်မှုတခုလုပ်ခဲ့တယ်။ သူ့ကိုလွှတ်တော်မှာ အယုံအကြည်မရှိအဆိုတင်မယ်ဆိုရင် အမေရိကန်စတော့ဈေးကွက် ပျက်သွားနိုင်တယ် ဆိုတာပါပဲ။ ထရမ့်လိုလူဆီက ဒီလိုသတင်းတွေကို အမေရိကန်မှာမက ကမ္ဘာကတောင် ကြားပေါင်းများလို့ ရိုးနေပြီပြောနိုင်တယ်။ အမေရိကန် ဈေးကွက်ကျွမ်းကျင်သူတွေက အိုဘားမားလက်ထက် စီးပွားရေးပြန်လည်ဦးမော့လာပြီးတဲ့နောက် ထရမ့်သက်တမ်းအတွင်း ကြီးမားတဲ့ ပြောင်းလဲတိုးတက်မှုမျိုး မရှိသေးတာကိုထောက်ပြပြီး ဈေးကွက်ရဲ့ ဒိုင်းနမစ်အပေါ်မှာ ယုံကြည်မှုရှိပုံရတာတွေ့ရတယ်။ သို့သော် ဒီခြိမ်းခြောက်မှုကို သင်္ကြန်အမြောက်ပါလို့တော့ သိပ်လျော့တွက်ထားပုံလည်း မပေါ်ပါဘူး။

ရှီကျင်းပင်ဘက်ကအသံများ
ခုလို နိုင်ငံရေးအရ ထရမ့်အကျပ်အတည်းတွေရှိလာချိန်မှာ အမေရိကန်တွေရဲ့ ခေတ်မီတရုတ်အပေါ် နားလည်ပုံလွဲနေတယ်ဆိုတဲ့အချက်ဟာ တရုတ်အမေရိကန် ဆွေးနွေးပွဲမှာ ပေါ်လွင်လာတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ထောက်ပြလာပါတယ်။ ဒီတော့ တရုတ်ဘက်ကို ကြည့်ဖို့ လိုအပ်လာတယ်။ ရှီကျင်းပင်ဟာ မော်စီတုန်းနောက်ပိုင်း တရုတ်ကွန်မြူနစ်ပါတီမှာ သြဇာအကြီးမားဆုံးလူတယောက် ဖြစ်လာတယ် ဆိုတဲ့အချက်ကိုသိထား ကြပြီးဖြစ်မှာပါ။ ပါတီရဲ့ မရှိမဖြစ် ထိပ်တန်း ဗဟိုခေါင်းဆောင်ကြီး(core leader) အဖြစ် သတ်မှတ်ခံရပြီး သူ့ အယူအဆတွေကို ဖွဲ့စည်းပုံဥပဒေထဲ ထဲ့သွင်းဖော်ပြခံရလာတယ်။ ဒီ့နောက် ရှီဟာ တိန့်ရှောင်ဖိန်သတ်မှတ်ခဲ့တဲ့ သက်တမ်း(၂)ဆက် (၁ဝနှစ်) စုပေါင်း လက်ဆင့်ကမ်းခေါင်းဆောင်မှုကိုပယ်ဖျက်ပြီး ရာသက်ပန်သမ္မတနဲ့ ပါတီခေါင်းဆောင်နေရာကိုဖန်တီး တည်ဆောက်ခဲ့သူဖြစ်တယ်။ ၂ဝ၁၃မှာ တရုတ်နဂါးပတ်လမ်း (OBOR) ပရောဂျက်ကိုတင်ပြပြီး နိုင်ငံတကာ နိုင်ငံခြားရေးပေါ်လစီမှာ တရုတ်ဦးဆောင်မှုပေးမယ့် ပထဝီ နိုင်ငံရေးပုံစံတရပ်ကို ဖန်တီးခဲ့တာဖြစ်တယ်လို့ ထင်ရှားလာခဲ့တယ်။ သူ့ခေါင်းဆောင်မှုအခန်းဂဏ္ဍမှာ ပိုအောင်မြင်မှုရလာတဲ့ အမြင်(၂)ရပ် (နိုင်ငံတကာနိုင်ငံခြားရေးမူဝါဒနဲ့ ပြည်တွင်းခေါင်းဆောင်မှု)ဟာ ရှီကျင်းပင်ကို ကုန်သွယ်ရေးစစ်မှာ အခက်အခဲ (၂)ခုကိုဖန်တီးပေးခဲ့တယ်။

ကုန်သွယ်ရေးစစ်မှာ အမေရိကန်အဓိကထိုးနှက်လိုတဲ့ သဘောတရားတရပ်ကိုပြောပါဆို တရုတ်ပြည်မှာထုတ်လုပ်သည်(၂ဝ၂၅)ဆိုတဲ့ (Made in China 2025) ဆောင်ပုဒ်ဖြစ်တယ်။ ဒါဟာ တရုတ်ကိုအမေရိကန်နဲ့သာမက နိုင်ငံတကာမှာပါ မမျှတတဲ့ကုန်သွယ်ရေး အားသာချက်တွေကို ပေးတော့မယ်ဆိုတဲ့အချက်လို့ ယူဆထားလို့ဖြစ်တယ်။ တကယ်တော့ ဒီထုတ်လုပ်ရေးလုပ်ငန်း (Manufacturing jobs) တွေကို အမေရိကန် က ပြန်လိုချင်နေတယ်။ ရာသက်ပန်ဦးဆောင်မှုကိုယူလိုတဲ့ ရှီကျင်းပင်အတွက် တရုတ်(၂ဝ၂၅) ဒါမှမဟုတ် တရုတ်အိပ်မက် (China Dream) ကို ဆက်လက်ကိုင်ဆောင်သွားဖို့ ပြည်တွင်းအလုပ်အကိုင်တွေတည်ငြိမ်ဖို့နဲ့ လုပ်အားခတွေမြင့်ဖို့ တရုတ်ပြည်ကြီး ပိုကြွယ်ဝလာဖို့ဆိုတဲ့ အနာဂတ်တွေနဲ့ တရုတ်ပြည်သူတွေက သူ့ကို တွဲမြင်ထားတယ်။ နိုင်ငံတကာမှာလည်း တရုတ်နဂါးပတ်လမ်းနဲ့ နိုင်ငံတကာကုန်သွယ်ရေး ပုံစံသစ်ကို ကုန်သွယ်စစ်အကျပ်အတည်းနဲ့အတူ ရှီကျင်းပင် ဘယ်လို ဆက်လက်ဖော်ဆောင်မလဲဆိုတဲ့ စောင့်ကြည့်ခံရမှုတခု ရှိနေချိန် ဖြစ်တယ်။ ဒီလို ပြည်တွင်းပြည်ပက စောင့်ကြည့်နေတဲ့အကျပ်အတည်း (၂)ခုအတွက် လက်ရှိကုန်သွယ်ရေးစစ်မှာ စေ့စပ်ညှိနှိုင်းပွဲတွေဟာ ရှီကျင်းပင်ကို အလွယ်နောက်မဆုတ်ရေးမူကို တွန်းပို့ထားပုံရတယ်။

ရီပတ်ပလီကန်တွေဘက်က အသံထွက်လာခြင်း
တဘက်မှာ ကိုယ့်ပါတီဖြစ်တဲ့ရီပတ်ပလီကင် ကိုယ်တိုင်သည်ပင်လျှင် ထရမ့်အပေါ် စွဲဆိုချက်တွေအပေါ် နှုတ်ဆိတ်နေရာက ဝေဖန်မှုတွေကို ဆန်းစစ်တဲ့အမြင်တွေနဲ့ ကြည့်ရှုအသံထုတ်လာတဲ့အချိန် စတင်လာတာကို တွေ့ရတယ်။ ဒီတော့ ထရမ့်ရဲ့နိုင်ငံရေးအကျပ်အတည်းနဲ့ နိုဝင်ဘာ လွှတ်တော်ရွေးကောက်ပွဲတွေဟာ တရုတ်တွေကို လက်ရှိအကျပ်အတည်းတွေမှာ စောင့်ကြည့်ရေးဆိုတဲ့အဖြေကို ထုတ်ပေးထားတယ်။ ဒေါ်လာ(၁၂)ထရီလီယံကျော်ပမာဏရှိတဲ့ တရုတ်စီးပွားရေးမှာ ကုန်သွယ်ရေးအခွန် ဘီလီယံ(၆ဝ)လောက်ဆိုတာ တဘက်ကပြောရင် ငွေကျပ် တသောင်းနှစ်ထောင်ရှိတဲ့လူတယောက်မှာ (၆ဝ)လောက်ရှိတဲ့ စီးပွားရေးအတွက် အခွန်ဆောင်ရတဲ့သဘောပဲ။ ဒါပေမယ့် တကယ့် ပြဿနာထက်ပိုကြီးတတ်တဲ့ ပြဿနာတခုက ကုန်သွယ်ရေးစစ်ဖြစ်နေပြီ၊ အနေအစား ကျပ်တည်းလာတော့မယ်ဆိုတဲ့ တရုတ်လူထုပေါ် ထိုးလာတဲ့အရိပ်မည်းကြီးပါပဲ။ သြဂတ်(၂၆)ရက်ထုတ် နယူးယော့တိုင်းသတင်းစာက ဆောင်းပါးတခုကတော့ တရုတ်တွေခါးပတ်ကိုဆွဲကျပ် လိုက်ပါပြီတဲ့။ ထောပတ်သီးလည်းမစားတော့၊ ကော့တေးလ်လည်း မသောက်ဖြစ်၊ ကလေးတွေကို ကားပေါ်ချီတင်ပြီး အားလပ်ရက်
ခရီးသွားမယ့်အစီအစဉ်တွေဖျက်လိုက်ပြီဆိုတယ်။

ဒီတော့ ရှီကျင်းပင်အတွက် တရစ်ချင်းတင်းလာတဲ့ ကုန်သွယ်ခွန်ကို ဒါလေးများလို့ပြောရမယ့်အစား ပန်းနဲ့ပေါက်တာလည်းနာချင်တယ် ဆိုတာမျိုး ဖြစ်လာဖို့ရှိနေတယ်။ နိုင်ငံတနိုင်ငံမှာ လူထုအမြင်ဆိုတာဟာ လက်ရှိတကယ့်အဖြစ်အပျက်တွေနဲ့ မတူဘူးဆိုရင်တောင်မှ ပစ်ပယ် ထားလို့ မရတာမျိုးဖြစ်တယ်။ ဒီတော့ တရုတ်ဘက်က အမေရိကန်တွေ(၂ဝဝ၈)မှာလုပ်ခဲ့တဲ့ ငွေသွင်းကုတဲ့နည်း (Stimulus Package) ကို စောင်းငဲ့ကြည့်လာတယ်။ ချေးငွေအကျပ်အတည်းတွေရှိနေတဲ့ တရုတ်အတွက် နောက်ထပ်ငွေသွင်း(ငွေရိုက်ထုတ်ပြီးဖြေရှင်းတာဆိုပေမယ့် ဒီသဘောကို လူထုအတွက်ချေးငွေ Public Debt ထဲကိုသွင်းလို့ ရတယ်)ဖို့ ကျိုးစားတာဟာ ဆပ်ကပ်ထဲမှာ စက်ဝိုင်းပေါ်က အမျိုးသမီးကို ဒါးနဲ့ မထိအောင်ပေါက်ပြနေတဲ့လူက ရိုးရိုးပစ်နေရာကနေ မျက်နှာဖုံးစွပ်ပြလိုက်တာမျိုးဖြစ်တယ်။ ဒီတော့ ဘာလဲဟဲ့ချေးငွေ ဆိုတာမျိုး ရှင်းမယ်ဆိုရင် နိုင်ငံတကာမှာ၊ အဓိက အမေရိကန်၊ တရုတ်နဲ့အတူ ကမ္ဘာ့အကြီးဆုံး ဗဟိုဘဏ်ကြီးတွေဖြစ်တဲ့ ဂျပန်၊ အီးယူနဲ့ အင်္ဂလန်တို့ အကြောင်းကိုပါ မလွဲမသွေ စောင်းငဲ့ကြည့်ရှူဖို့လိုလာပါတယ်။

အမေရိကန်ဗဟိုဘဏ်
အမေရိကန်ဗဟိုဘဏ်ကို အထက်နဲ့အောက် လွှတ်တော်နှစ်ရပ်ပေါင်းဖြစ်တဲ့ အမေရိကန်ကွန်ဂယက်ရဲ့(၁၉၁၃)ဥပဒေနဲ့ စတင်ဖွဲ့စည်းခဲ့တယ်။ ပထမကမ္ဘာစစ် မဖြစ်ခင်ကလေးမှာ စတဲ့သဘော။ အရင်းစနစ်နိဂုံးမှာ ငွေစစ်ပွဲတွေအတွက် ကျနော်အားပြုကိုးကားခဲ့တဲ့ စီးပွားရေးပညာရှင်က ရီကတ်(James Rickards)ဖြစ်ပြီး အခုစီးရီးအတွက် အဓိကအားပြုမယ့် စီးပွားရေးပညာရှင်က ဒန်ကန် (Richard Duncan) ဖြစ်တယ်။ ဒန်ကန် က အမေရိကန်ဗဟိုဘဏ်သမိုင်းကြောင်းနဲ့ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံတွေအသုံးပြုကြတဲ့ ငွေကြေးပေါ်လစီတွေကို သူ့ စာအုပ်တွေဖြစ်တဲ့ ဒေါ်လာအကျပ်အတည်း(The Dollar Crisis – 2003)၊ အရင်းစနစ်ရဲ့ ခြစားမှု(The Corruption of Capitalism) နဲ့ စီးပွား ပျက်ကပ်သစ်(The New Depression)တွေမှာ ဘယ်လိုရှင်းပြထားသလဲ ကြည့်ကြရအောင်။
ငွေကြေးပေါ်လစီဆိုတာ ခုတော့ နိုင်ငံတိုင်းမှာ အစိုးရရဲ့ အဓိကအရေးကြီးတဲ့ပေါ်လစီလက်နက်တခု ဖြစ်နေပါပြီ။ ဒီလက်နက်ကို ဗဟိုဘဏ် ကနေ ကိုင်တွယ်အသုံးပြုတယ်။ ထရမ့်က အိုဘားမားလက်ထက်ကအားကိုးရတဲ့ အမေရိကန်ကို ငွေဖောင်းပွနှုန်းကော အလုပ်လက်မဲ့ နှုန်းကော (၂)ခုစလုံးကို လက်ခံနိုင်တဲ့နေရာအထိ လျော့ချနိုင်တဲ့ ဗဟိုဘဏ် အမျိုးသမီးဥက္ကဋ္ဌ ယဲ့လင်(Janet Yellen) သက်တမ်းကုန်တော့ ဆက်မခန့်ပဲ ပိုဝဲ(Jerome Powell) ကို အဆိုပြုတယ်။ ဆီးနိတ်က (၂ဝ၁၈) ဖေဖော်ဝါရီက အတည်ပြုပေးလိုက်တယ်။ ခု ဗဟိုဘဏ်က ဘဏ်တိုးနှုန်းတွေဆက်တင်နေတာကို ထရမ့်ကမကြိုက်ပေမယ့် ပိုဝဲက ဆက်တင်ဦးမယ်လို့ လတ်တလောပြောထားတာကိုကြည့်ရင် ဗဟိုဘဏ်ဥက္ကဋ္ဌဟာ သမ္မတကတင်ပေမယ့် သမ္မတသြဇာကို ငြင်းနိုင်တဲ့ပါဝါရှိတယ် ဆိုတာပါပဲ။ ဗဟိုဘဏ်မှာ ဘုတ်အဖွဲ့ဝင်(Board of Govenors) ၇ ဦး ရှိပြီး သက်တမ်းက ၁၄နှစ် ရှိတယ်။ (၂)နှစ်သက်တမ်း (၇)ခုလုပ်ပေးထားပြီး (၂)နှစ်တိုင်းမှာတယောက် ပြောင်းနိုင်အောင် စီစဉ်ထားတယ်။ အဲသည်လို တပြိုင်တည်းအပြောင်းအလဲ မလုပ်နိုင်အောင်ရော၊ သက်တမ်းရှည်ကြာကြီး ထားတာကောဟာ စီးပွားရေး ပေါ်လစီတွေကို နိုင်ငံရေးသြဇာအောက် မရောက်သွားအောင် အကာအကွယ်ပေးထားတာလိုလို့ ဖြစ်တယ်။ ဘုတ်အဖွဲ့က ဘဏ်တိုးနှုန်းနဲ့ ဘဏ်တွေမှာ အပ်ငွေလက်ကျန်(Deposit) ဘယ်လောက်ထားရမလဲဆိုတာတွေကို ဆုံးဖြတ်တယ်။

Fed ဥက္ကဋ္ဌဟာ ဘုတ်မှာဥက္ကဋ္ဌဖြစ်သလို FMOC (Federal Open Market Operations Committee)လို့ခေါ်တဲ့ ဈေးကွက်ထဲ ဝင်ရောက် ကစားတဲ့အော်ပရေးရှင်းကော်မတီရဲ့ဥက္ကဋ္ဌလည်းဖြစ်တယ်။ ဥပမာ ဒေါ်လာဈေးအတက်အကျဖြစ်ချင်လို့ ဈေးကွက်ထဲ ဗဟိုဘဏ်ကဒေါ်လာ အရောင်းအဝယ် ဝင်လုပ်တာတွေ၊ အစိုးရဘတ်ဂျက်ငွေရဖို့ အစိုးဘွန်းတွေကို ဗဟိုဘဏ်ကဝယ်ပေးရတာမျိုးတွေကို ဒီအဖွဲ့ကလုပ်တယ်။ ပြီးခဲ့တဲ့အပတ်ကပြောတဲ့ QE နဲ့ QT ပေါ်လစီမျိုးကို ဒီအဖွဲ့က အကောင်အထည်ဖော်ရတာဖြစ်တယ်။ ဒီအဖွဲ့က(၁၂)ယောက်ရှိပြီး ဘုတ်အဖွဲ့ (၇)ယောက်စလုံးပြန်ပါလာတယ်။ ကျန်တဲ့ငါးယောက်ကို တနိုင်ငံလုံးမှာရှိတဲ့ Fed ဘဏ် ၁၂ ခုထဲက နယူယော့ခ်ဘဏ်ဥက္ကဋ္ဌ(president) နဲ့ ကျန်လေးဦးက အလှည့်ကျပါဝင်ကြတယ်။

ကောင်းပြီ။ ဗဟိုဘဏ်ဖွဲ့စည်းပုံနဲ့ ဗဟိုဘဏ်က ဘာတွေလုပ်တာလည်းဆိုတာ အကြမ်းသိပြီဆိုတော့ ဗဟိုဘဏ်သမိုင်းကြောင်းနဲ့ ပြောင်းလဲ လာတဲ့ မက်ခရိုသီအိုရီငွေကြေးပေါ်လစီ စတာတွေကို ကမ္ဘာ့သမိုင်းနောက်ခံတွေနဲ့ ယှဉ်ကြည့်လိုက်ရင် ၂ဝ ရာစု နိုင်ငံရေးစီးပွားရေးကို ထင်ထင်ရှားရှားကြီး မြင်တွေ့လာကြရဖို့ ရှိပါလိမ့်မယ်။
(ဆက်လက်ဖော်ပြပါမည်)
(ဆက်လက်ဖော်ပြပါမည်)
https://www.facebook.com/2011-publishing-514608691929218/

0 comments:

Post a Comment