ကုန်သွယ်ရေးစစ်စတင်ခြင်း(၅)
(ဗဟိုဘဏ်နဲ့
ဘဏ်စနစ်ကလုပ်တဲ့ငွေ)
၁၉၇ဝ နဲ့
၂ဝဝ၇ အပိုင်းအခြားကိုရောက်တော့ ဗဟိုဘဏ်ကဖန်တီးတဲ့ ငွေပမာဏက တော်တော်ကိုမြင့်တက်လာတယ်။
၁၉၇ဝ မှာ ၈၆ ဘီလီယံရှိရာကနေ ၂ဝဝ၇ မှာ ၉၅ဝ ဘီလီယံကိုရောက်လာတယ်။ ဒီငွေပမာဏဟာ ဒေါ်လာထုတ်တိုင်းမှာရွှေပေါင်ခံ
ထားရမယ်ဆိုတဲ့ စည်းမျဉ်းသာ ဆက်ရှိနေသေးရင် ခုလောက်ထိဖြစ်လာဖို့မရှိဘူး။ တကယ်က ၁၉၇ဝ
နောက်ပိုင်း ဗဟိုဘဏ်ရဲ့ငွေလုပ်တဲ့ပုံစံက အစိုးရဘွန်း (Treasury Securities)တွေ ဝယ်စုတာပါ။
ဒီမှာရှင်းစရာတခုက ဘွန်းဝယ်ပြီး ဗဟိုဘဏ် ငွေဘယ်လိုလုပ်သလဲဆိုတာပါ။
ဗဟိုဘဏ်က
အစိုးရဘွန်းတွေကိုဝယ်တဲ့အခါ တိုက်ရိုက်လည်းဝယ်နိုင်သလို ဘဏ်တွေဆီကတဆင့်လည်း ဝယ်နိုင်တယ်။
ဘဏ်တွေဆီက ဝယ်တဲ့အခါ ဗဟိုဘဏ်မှာ အဲသည်ဘဏ်ရဲ့အပေါင်အပ်နှံငွေ(reserve)
စာရင်းထဲကိုထဲ့ပေးလိုက်တယ်။ အဲသည်မှာ reserve ပိုလာတဲ့ ဘဏ်က သူ့အချိုးအဆအတိုင်း ငွေလုပ်ခွင့်ရသွားတယ်။
ဆိုလိုတာ ဗဟိုဘဏ်က ဘဏ်အေကို ဘွန်းဝယ်ပြီးပေးရမယ့်ငွေ။ ဆိုပါစို့ ဒေါ်လာ ၁ သန်းကို
အပေါင်အပ်နှံငွေထဲ ထဲ့ပေးလိုက်တယ်။ ဒါပေမဲ့ ဘဏ်အေက (၁)သန်းထက် ပိုသုံးခွင့်ရသွားတယ်။
အပေါင်အပ်ငွေကို ၂ဝ% လို့ သတ်မှတ်ထားရင် သူ့ဘဏ်ကနေ (၄)သန်း သုံးခွင့်ရသွားတယ်။
ဒီဘဏ်ကြီးကနေ အခြားဘဏ်တွေကို ငွေပေးတဲ့အခါမှာလည်း ခုလို ငွေကို ပြန်ပွားလို့ရတယ်။
ဗဟိုဘဏ်ကလုပ်တဲ့ငွေနဲ့ ဘဏ်စံနစ်ကလုပ်တဲ့ငွေဆိုပြီးဖြစ်လာတယ်။ တကယ်လို့ ဗဟိုဘဏ်မှာထားရမယ့်
အပေါင်အပ်နှံ ငွေအချိုး (RRR – Required Reserve Ratio)ကို ၁ဝ% အထိလျော့ချထားလိုက်ရင်
ဘဏ်အေမှာ ၉ သန်း အထိထပ်ပြီး ငွေတွေ လည်ပတ်ခွင့်ရသွားမယ်။ ဒါဟာ reserve နဲ့ RRR
ကိုသုံးပြီး ငွေလုပ်တာဖြစ်တယ်။
၁၉၇ဝ ကနေ
၂ဝဝ၇ အတွင်း ဒေါ်လာငွေရင်း များပြားမြင့်တက်လာမှုဟာ ၁၉၇၁ ရွှေပေါင်ဖျက်တဲ့အကျိုးဆက်
ဖြစ်တယ်ဆိုရင် ၂ဝဝ၇ ကနေ၂ဝ၁၆ အထိ ငွေပမာဏများပြားလာမှုကတော့ ၂ဝဝ၈ ဘဏ္ဍာရေးအကျပ်အတည်းကို
ဝင်ကူပေးရတဲ့ ငွေလုံးငွေရင်းထုတ်ပေးမှု (Stimulus Package)ကြောင့်လို့ ပြောရမယ်။ ၂ဝဝ၇
မှာ ၉၅ဝ ဘီလီယံ (၁ ထရီလီယံနီးပါး) ရှိရာကနေ ၂ဝ၁၆ မှာ ၄.၅ ထရီလီယံ ဖြစ်လာတယ်။
အကျပ်အတည်းကာလအတွင်းမှာ အမေရိကန်ဗဟိုဘဏ်က အစိုးရဘွန်းတွေကို ၁.၇ ထရီလီယံလောက်ဝယ်ပေးတယ်။
အစိုးရ ထောက်ပံ့တဲ့ကော်ပိုးရေးရှင်းတွေ (Government-Sponsored Enterprise–GSE)တွေဆီကလည်း
၁.၇ ထရီလီယံ လောက်ဝယ်တယ်။ GSE ဆိုတာပုဂ္ဂလိကပေမယ့်
အစိုးရစပွန်ဆာပေးထားတဲ့လုပ်ငန်းတွေပါ။ ၂ဝဝ၈ မှာနာမည်ကြီင်္းခဲ့တဲ့ ဖန်ဒီမေနဲ့
ဖရက်ဒီမက်(Fannie May and Freddie Mac)တို့ဟာ အစိုးရစပွန်ဆာလုပ်ထားတဲ့ ဘဏ္ဍာရေးကော်ပိုရေးရှင်းကြီးတွေပေါ့။
အိမ်ခြံမြေချေးငွေတွေမှာ အဓိကထား လုပ်ကြတယ်။
ဒီလောက်ဆိုရင်
အမေရိကန်ဒေါ်လာငွေမြင့်တက်လာတဲ့ပမာဏကို အဆင့်ဆင့် အကြမ်း မြင်ကြည့်လို့ရသွားပြီ
ထင်ပါတယ်။
နောက်တချက်
ထူးခြားလာတာက ၁၉၄၄ မှာ ရထားတဲ့ ဘရိုက်တန်ဝုဒ်သဘောတူညီချက် ၁၉၇၁ မှာပျက်ပြီးတဲ့နောက်မှာ
နိုင်ငံခြား ဗဟိုဘဏ်တွေကလည်း ရွှေပေါင်ခံထားစရာမလိုပဲ ငွေတွေရိုက်ထုတ်လာနိုင်တယ်။
အခြား ဗဟိုဘဏ်တွေက ငွေတွေရိုက်ပြီး အမေရိကန် ဒေါ်လာကို ဝယ်တယ်။ အဲဒီဒေါ်လာနဲ့ပဲ
အမေရိကန်အစိုးရဘွန်းတွေမှာ ရင်းနှီးမြုပ်နှံမှုတွေလုပ်ကြတယ်။ တရုတ်လုပ်တာ
ဒီပုံစံပါ။ နိုင်ငံခြား ဗဟိုဘဏ်တွေက အမေရိကန်အစိုးရဘွန်းတွေမှာရှိတဲ့
ရင်းနှီးမြုပ်နှံမှုဟာ ၂ဝဝ၈ နောက်ပိုင်းမှာ ၄၄% လောက် အထိရှိလာတယ်။ တဝက် နီးပါး ပေါ့။
ဆိုလိုတာက အမေရိကန်အစိုးရရဲ့ဘတ်ဂျက်ငွေကို အမေရိကန် ဗဟိုဘဏ်အပြင်
အခြားဗဟိုဘဏ်တွေကပါ ပေးနေတယ်ဆိုတဲ့ သဘော။ တနည်း ဒါဟာအမေရိကန်အစိုးရအပေါ်မှာတင်တဲ့ကြွေးလို့
သတ်မှတ်လို့ရလာတယ်။ ဒီနေရာမှာ အမေရိကအစိုးရက ထုတ်ရောင်းတဲ့ဘွန်းတွေအကြောင်း
နည်းနည်းပြောဖို့လိုမယ်ထင်တယ်။
(တီဘေလ်၊
တီနုတ်၊ တီဘွန်းနဲ့တစ်ပ်)
အမေရိကန်မှာအစိုးရ
(ဘဏ္ဍာရေးဋ္ဌာန - Treasury)က ထုတ်ရောင်းတဲ့ ဘွန်း (၄)မျိုးရှိတယ်။ ဘယ်လောက်ရင်းနှီး
မြုပ်နှံရမယ်ဆိုတဲ့ ကာလအပိုင်းအခြားပေါ်မှာမူတည်ပြီး အမျိုးအစား သတ်မှတ်ကြတာဖြစ်တယ်။
တနှစ်အတွင်း ရင်းနှီးမြုပ်နှံနိုင်တာကို တီဘေလ် (Treasury bill)လို့ခေါ်တယ်။ ၁လ၊
၃လ၊ ၆လ နဲ့ တနှစ်စသည်ဖြင့် သတ်မှတ်ထားတယ်။ ဥပမာ ၃လ (၁၃ ပတ်လို့ပြောတယ်)ဘေလ်တခုတန်ဖိုးက
ဒေါ်လာ ၁ဝဝ ဆိုရင်ဝယ်ခါစ မှာ ၉ဝ နဲ့လျော့ရောင်းထားမယ်။ ၃ လမှာ ၁ဝ
မြတ်မယ်ဆိုတဲ့သဘော။ ကြားထဲမှာ အစိုးရဆီမှာငွေပြန်ဖေါ်လို့ မရဘူး။ အတိုးမရှိဘူး။
အပြင်မှာ အရောင်းအဝယ်တော့လုပ်နိုင်မယ်။ တီဘေလ်တိုင်း ဒီသဘောတရားပဲ။ နောက်တခုက
တီနုတ် (Treasury notes)။ သူကအမေရိကန်မှာ အရမ်းပေါ်ပြူလာဖြစ်တယ်။ ၁ဝ နှစ်ကနေ နှစ်၃ဝ
အထိ မြုပ်ထားရတယ်။ သူ့မှာ ပုံသေသတ်မှတ်ထားတဲ့ အတိုးရှိတယ်။ ၆ လ တခါ ထုတ်ယူနိုင်တယ်။
အဲသည်လို ၆ လ တခါ အတိုးပေးတာကို ကူပွန်ပေးထားတယ်ခေါ်တယ်။ ပထမပြောတဲ့
တီဘေလ်တွေမှာတော့ ကူပွန်မရဘူးပေါ့။ အချိန်ကြာတဲ့ တီနုတ်က အတိုးပိုရမယ်။ တီဘေလ်နဲ့တီနုတ်နောက်မှာ
တီဘွန်း (Treasury Bond) ရှိတယ်။ တီနုတ်နဲ့ဆင်တူတယ်။ ဒါပေမယ့် အနည်းဆုံး ယူအက်စ်တထောင်ရင်းရတယ်။
အပြိုင်မရှိရင် ဒေါ်လာငါးသန်းဖိုးအထိပဲ အများဆုံး ဝယ်နိုင်မယ်။
အပြိုင်မရှိရင်လို့ပြောရတာက
လေလံနဲ့ဝယ်ရတာမျိုး ရှိနိုင်တယ်။ လေလံဈေးဆိုရင်တော့ ဈေးကပုံမှန်မရှိဘူး။ ဝယ်သူများတဲ့အခါ
ပြိုင်ဆွဲရရင် တက်ဈေးကျဈေးရှိမယ်။ နောက်ဆုံးတခုကတော့ တစ်ပ် (TIPS – Treasury
Inflation Protected Securities) ပါပဲ။ နာမည်ကို ကြည့်က တည်းက ရှင်းပါလိမ့်မယ်။
သူကငွေဖောင်းပွနှုန်းကနေ အကာအကွယ်ပေးထားတယ်။ ဒါကြောင့် လုံခြုံတယ်လို့ သုံးတာပေါ့။
ငွေဖောင်းပွနှုန်းကို ဘာနဲ့တိုင်းမလဲဆိုတော့ ဈေးနှုန်းတွေကိုကြည့်တယ်။ ဈေးနှုန်းညွှန်ကိန်း
(CPI – Consumer Price Index)ကိုကြည့်ပြီး ရောင်းပေးထားတဲ့ တစ်ပ်တွေကို
ဈေးအတက်အကျ လုပ်ပေးတယ်။ ငါးနှစ်ကနေ နှစ်သုံးဆယ်ကြားကာလ ရှိတယ်။ များသောအားဖြင့်
တစ်ပ်တခုကို ဒေါ်လာ(၁ဝဝ)ထုတ်တယ်။
အခုလို
အစိုးရက ဘွန်းတွေထုတ်ရောင်းတယ်ဆိုတာ အစိုးရက ဝယ်ယူသူတွေဆီက ငွေချေးယူလိုက်တဲ့သဘောပါပဲ။
အဲသည်ငွေတွေဟာ အစိုးရဘတ်ဂျက်ငွေထဲကို ရောက်လာတယ်။ ပုံမှန်မှာတော့ ဗဟိုဘဏ်က အစိုးရကထုတ်တဲ့
ဒီဘွန်းတွေကို ချိန်ဆပြီး ဒိုင်ခံဝယ်ပေးပါတယ်။ ဒါက အစိုးရရဲ့ဘတ်ဂျက်ငွေ (fiscal
policy)ကို ဗဟိုဘဏ်ရဲ့ငွေကြေးပေါ်လစီ(monetary policy) ကဘယ်လို ချိတ်ဆက်ပံ့ပိုးတယ်
ဆိုတာ ပါပဲ။ ထူးခြားတာက ရှေ့မှာပြောခဲ့သလို အမေရိကန်ဗဟိုဘဏ်ကသာမက နိုင်ငံခြားဗဟိုဘဏ်တွေကပါ
အမေရိကန်ဘွန်းတွေကိုဝယ်ပြီး ရင်းနှီးမြုပ်နှံတယ်။ ဒါဟာအမေရိကန်အစိုးရအတွက်
ငွေလုပ်ပေးသလိုဖြစ်လာတာမို့ ဒေါ်လာစံပြုလာတဲ့ စက္ကူငွေခေတ်ရဲ့ထူးခြားမှုတခု ဖြစ်လာတယ်။
နောက်တချက်က
၁၉၄၃ ဒုတိယကမ္ဘာစစ် အရှိန်မြင့်နေတဲ့အချိန်မှာတုန်းက ငွေတွေအများကြီးရိုက်ထုတ်ခဲ့တယ်။
ဒါပေမဲ့ ဗဟိုဘဏ်ရဲ့ အရင်မူလအခြေခံငွေထက် ၂၇% လောက်ပဲ မြင့်တက်ခဲ့တယ်။ ခု ၂ဝဝ၈
ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ပြီး ၂ဝဝ၉ မှာ မူလငွေထက် ၁ဝဝ% ကျော်၊ ၂ဝ၁၁မှာ ၃၄%ကျော်နဲ့ ၂ဝ၁၃
မှာ ၃၉% ကျော် ဗဟိုဘဏ်ငွေတွေ ထပ်တိုးထုတ်ရတယ်။ ၂ဝ၁၆ မှာ အမေရိကန်အစိုးရရဲ့ကြွေးမြီဟာ
(အစိုးရကထုတ်ရောင်းတဲ့ဘွန်းတွေကို ဆိုလိုတယ်) ၁၉ ထရီလီယံကို ရောက်လာတယ်။
အဲသည်အထဲမှာ ဗဟိုဘဏ်ကဝယ်ပေးတာက ၂.၅ ထရီလီယံ၊ နိုင်ငံရပ်ခြားက ဗဟိုဘဏ်တွေကဝယ်တာက (၆)ထရီလီယံဖြစ်တယ်။
ဒီတော့ အမေရိကန်အစိုးရကြွေးမြီရဲ့ တဝက်လောက်ဟာ ဗဟိုဘဏ်တွေကလုပ်ပေးထားတဲ့သဘောပေါ့။
ရွှေပေါင်မရှိတဲ့နောက်
ဒီလောက်ငွေတွေ တိုးထုတ်နေတာ ဘာပြဿနာမှ မရှိဘူးလားဆိုတော့ ရှိပါတယ်။ မဟုတ်ရင်
မြန်မာပြည်မှာလည်း ငွေတွေရိုက်ထုတ်ပြီး ပစ္စည်းတွေဝယ် အိမ်တွေဆောက်၊ လမ်းတွေဖောက်
စီမံကိန်းတွေအများကြီး လုပ်လို့ရမှာပေါ့။ ငွေတွေရိုက်ပါတော့လား ဆိုတော့ မဖြစ်ပါဘူး။
ငွေတွေကို ကိုယ်ရိုက်ချင်သလောက် မရိုက်နိုင်အောင် တားထားတဲ့စည်းတခုရှိနေတယ်၊
အဲဒါငွေဖောင်းပွမှုပါ။ အမေရိကန်မှာ ဒီလောက် ငွေတွေရိုက်ထုတ်နေတာတောင်
ငွေဖောင်းပွမှု မဖြစ်တာကို နောက်ပိုင်းမှာ ပညာရှင်တွေက ရိပ်စားမိလာတယ်။ အဲဒါ သူ့ငွေကို
တကမ္ဘာလုံးက သုံးနေကြလို့ပါ။ ကမ္ဘာကလက်ခံတဲ့ ငွေကြေးတခုဖြစ်နေတယ်ဆိုတာ နည်းတဲ့အားသာချက်မဟုတ်ပါဘူး။
ငွေကို တကမ္ဘာလုံးဈေးကွက်ကိုကြည့်ပြီးလုပ်နိုင်တဲ့ အခွင့်အရေးတခုရသွားတယ်။
(ငွေမဖောင်းပွပေမယ့်အတိုးတက်)
ဒါပေမယ့်
ငွေကိုချေးငွေအဖြစ်နဲ့ လုပ်ထားတာဖြစ်လို့မို့ အတိုးပေးရတဲ့ပြဿနာတော့ ရှိလာတယ်။
အတိုးငွေတွေ ဘယ်လောက် များသလဲ ဆိုတော့ ရှေ့နှစ်မှာဖြစ်မယ့်အတိုးငွေဟာ ၃၉ဝ
ဘီလီယံဖြစ်လာမယ်။ အဲဒါဟာ ၂ဝ၁၇ ကပေးတဲ့ အတိုးထက် (၁)ဆခွဲဖြစ်လာမယ်ဆိုတာပါပဲ။ ဒီနှုန်းဟာ
၂ဝ၂ဝ ရောက်လာရင် အမေရိကန်အစိုးရက ပေးရမယ့်အတိုးငွေဟာ ပညာရေး၊ ကလေးတွေနဲ့မိသားစုတွေကို
ထောက်ပံ့စရိတ် တွေနဲ့ အစားအသောက်ထောက်ပံ့ပေးရတာတွေထက် ပိုများလာမယ်လို့ဆိုတယ်။
ဒီတော့ ရှေ့မှာပြောခဲ့တဲ့ QT (Quantitative Tightening) ဆိုတဲ့
ငွေပင်ငွေရင်းတွေကို ကျပ်တဲ့ဘက်ကို ပြန်လှည့်လာနေတယ်။ ၂ဝ၁၇ အောက်တိုဘာမှာ သက်တမ်းပြည့်သွားတဲ့
ဘွန်းတွေနေရာမှာ အသစ်ပြန် မဖန်တီးတော့ပဲ စရပ်လိုက်တယ်။ ခန့်မှန်းချက်တွေအရ
ငွေရင်းပြန်ကျပ်တာဟာ၂ဝ၁၉ နှစ်ကုန်အထိ ၁ ထရီလီယံ လျာထားတယ်။ စက်တင်ဘာ၂၇ က အမေရိကန်ဗဟိုဘဏ်ဟာ
၂ဝ၁၈ ခုနှစ်အတွင်းမှာ တတိယအကြိမ်မြောက် ဘဏ်တိုးနှုန်းကို တင်လိုက်ပြီဖြစ်တယ်။
ချေးငွေတွေကို ပြန်ဖျက်ဖို့ လုပ်နေတာဖြစ်တယ်။ ငွေတန်ဖိုးရှိလာအောင်လုပ်နေတာဟာ တကယ်တော့
အက်ဆက်(စတော့)ဈေးတွေ တက်နေတာကို ထိန်းညှိနေတာလည်းဖြစ်တယ်။
ဒီငွေရင်း
တင်းကျပ်တဲ့ပေါ်လစီဟာ လက်ရှိ ထရမ့်က အခွန်ငွေလျော့ချထား (tax cut က ၂ဝ၂၅
အထိသွားမယ်)တာနဲ့ပေါင်းလိုက်တော့ ရှေ့နှစ်မှာ အမေရိကန်အစိုးရရဲ့ ဘတ်ဂျက်လိုငွေဟာ (၁)ထရီလီယံနီးပါးကိုရောက်သွားမယ်လို့ခန့်မှန်းထားကြတယ်။
၂ဝ၁၂ ကနေပြန် ကြည့်ရင်အစိုးရရဲ့ အကြီးမားဆုံးဘတ်ဂျက်လိုငွေဖြစ်လာမှာ ဖြစ်တယ်။
ဒါပေမဲ့ အမေရိကန်ဗဟိုဘဏ်သမိုင်းကို ပြန်လှန်လိုက်တော့ ဂျီဒီပီရဲ့ ၂% ကျော်ပြီး
ငွေလုပ်တာကိုလျော့ချလိုက်မယ်ဆိုရင် ယူအက်စ်အနေနဲ့ စီးပွားရေးကျဆင်းမှုနဲ့ကြုံတွေ့ရမယ်လို့
စာရင်းအချက်အလက် တွေက ပြနေတယ်။ ဒါဟာ ငွေရင်းတင်းကျပ်တာကို လုပ်ချင်တိုင်းလုပ်လို့မရဘူး
ဆိုတဲ့သဘောပါပဲ။ ရွှေပေါင်ဖျက်တဲ့နောက်ပိုင်း ဗဟိုဘဏ် ဟာ ပိုက်ဆံကို လိုသလို တိုးလို့လျော့လို့ရလာတယ်။
နိုင်ငံတွေမှာငွေကြေးပေါ်လစီဟာ တကယ် ထိရောက်တဲ့လက်နက်တခု ဖြစ်လာတယ်။
ဒါပေမယ့်
ရှေ့မှာပြောခဲ့သလို ရှေ့တိုးတော့တံပိုး နောက်ဆုတ်တော့ လှည်းတုတ်ဖြစ်နိုင်တဲ့အနေအထားတွေလည်း
ကြုံနေရတယ်။ အခွန်ငွေ လျော့ကောက်တာက အစိုးရဆုံးဖြတ်ချက်၊ ပြည်သူတွေလက်ထဲ ငွေများလာအောင်လုပ်တာ။
ငွေများမှ သုံးနိုင်မယ်။ ဘဏ်တိုးနှုန်းတင်တာက ဗဟိုဘဏ်ပေါ်လစီ။ အတိုးများတော့
အပ်ငွေများမယ်။ လုပ်ငန်းရှင်တွေ ငွေချေးရခက်မယ်။ ငွေတွေဘဏ်ထဲ ပြန်သွင်းတာ။
အတက်အဆုတ် ပဲ။ ဒီအနေအထားမှာ ကုန်သွယ်စစ်ကြောင့် သွင်းကုန်တွေမှာ အခွန်ရှိလာတော့
ဈေးတက်လာမယ်။ အဲသည်ကုန်တွေနဲ့ ပြည်တွင်း ကုန်တွေ ယှဉ်ရောင်းလာနိုင်မယ်။ ပြည်တွင်းလုပ်ငန်းတွေကို
ပြန်ဖွင့်တာ။ ဒါကြောင့်ထရမ့်က ဘဏ်တိုးနှုန်းချချင်တာ။ ဗဟိုဘဏ်က သူ့ပေါ်လစီနဲ့သူ
သွားနေတယ်။
(တင့်ကားပေါ်က
ပဲနို့ဗူးများ)
ကုန်သွယ်စစ်က
ဂျူလိုင်လဆန်းမှာစပြီး စက်တင်ဘာလကုန်လောက်မှာ တရုတ်ကုန်သွယ်မှုတန်ဖိုးရဲ့တဝက်လောက်အထိ
အခွန်နှုန်းထားတွေ သတ်မှတ်ခဲ့တာဆိုတော့ တိုက်ပွဲအရှိန်က မှန်းထားတာထက် တင်ထားတယ်လို့ပြောနိုင်တယ်။
စခါစမှာ ဘာမှန်းမသိရပေမယ့် (၃)လကျော် ကြာလာတဲ့အချိန်မှာ အမေရိကန်ရဲ့ဗျူဟာက
ထင်ရှားလာတယ်။ ပထမမှာ ထရမ့်ကအားလုံးကို ပတ်ရမ်းလိုက်တယ်။ ဥရောပ၊ ဂျပန်၊
တောင်ကိုရီးယား အားလုံးကိုခြိမ်းခြောက်တယ်။ စစ်စခန်းတွေအစဉ်အလာရှိနေတဲ့ ဂျပန်နဲ့ကိုရီးယားကိုတောင်
တပ်ချထားတဲ့ အတွက် လုံခြုံရေးစရိတ်သဘောမျိုး ပေးရမယ်ဆိုတယ်။ ခု သူရမ်းထားတဲ့
ကနေဒါ၊ မက္ကဆီကိုနဲ့ ကုန်သွယ်ရေးစာချုပ် ပြန်ချုပ်တယ်။ နက်ဖ်တာ (NAFTA) ဗားရှင်းအသစ်ပဲပြောရမယ်။
ပြီးခဲ့တဲ့လက အီးယူနဲ့ကုန်သွယ်ရေးသဘောတူညီချက် ယူတယ်။ ရှေ့မှာ ဂျပန်နဲ့
တောင်ကိုရီးယားကို တနိုင်ငံချင်းဆီ ညှိဖို့ရှိတယ်။ ဒီကြားထဲမှာ မြောက်ကိုရီးယားက
ကင်ဂျုံအန်ကိုတွေ့မယ်။ ချုပ်တော့ တရုတ်ကို ပတ်ပြီးပိတ်ဖို့လုပ်တာပဲ။
ဒါပြီးရင်
အိုဘားမားလက်ထက်က (၁၂)နိုင်ငံပါဝင်တဲ့ အာရှအမေရိကကုန်သွယ်ရေး(TPP) စာချုပ်ကို
တနိုင်ငံချင်းစီနဲ့လိုက်ပြီး စာချုပ်ဖို့ လုပ်လာနိုင်တယ်။ အဲဒီတော့ တပ်က
တိုင်းရင်းသားအားလုံးနဲ့မဆွေးနွေးပဲ တဖွဲ့ချင်းစီဆွေးနွေးတဲ့သဘောမျိုးနဲ့
မတူဘူးလား။ ဒီလိုဆိုရင် စစ်တိုက်တာနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတာနဲ့ ကုန်သွယ်ရေးစာချုပ်တွေချုပ်တာဟာ
နောက်ခံသဘောက မကွာဘူးပြောနိုင်မယ်။ ကျည်ဆံ နေရာမှာ အလူမီနီယမ်ဝင်လာတဲ့သဘောမျိုးဖြစ်တယ်။
တိုက်လေယဉ်နဲ့တင့်ကား အရောင်းအဝယ်အစား ပဲနို့အကြောင်း ပြောင်းပြောကြ တာပါပဲ။
ခုအမေရိကန် မဟာမိတ်ဖွဲ့တဲ့အတွက် နောက်ပိုင်းမှာ အမေရိကန်အုပ်စုနဲ့ကုန်သွယ်ရေးနဲ့
တရုတ်အုပ်စုနဲ့ကုန်သွယ်ရေးဆိုတာမျိုး ပြောင်းသွားနိုင်တယ်။ နိုင်ငံတချို့က
ကြားနေမယ်။ စီးပွားအေး(Cold Trade) ခေတ်ပေါ့။ စီးပွားအေးက လွတ်လပ်တဲ့ကုန်သွယ်ရေး
အမူအကျင့်ကို တရုတ်ကမကျင့်သုံးတာကြောင့်လို့ အမေရိကန်တွေက အကြောင်းပြတယ်။
ချုပ်ပြောတော့ ဈေးကွက်ပေါ့။ အရင်က အိုင်ဒီယော်လော်ဂျီ ခုတော့ မားကက်ပေါ့။
အမေရိကန်သာ
TPP ကို ပုံစံတမျိုးနဲ့ပြန်အသက်သွင်းရင် အရှေ့တောင်အာရှမှာ TPP ထဲပါကြတာက
ဘရူနိုင်း၊ မလေး၊ ထိုင်းနဲ့ စင်္ကာပူ။ ကျန်နေတဲ့ထဲက မြန်မာနဲ့အင်ဒိုကို အမေရိကန်က
ပုံစံတမျိုးစီနဲ့သုံးသပ်မယ်လို့ယူဆရတယ်။ ထရမ့်ပစ်နေတဲ့ ရောထွေးဗျူဟာက မြန်မာတပ်ကို
လမ်းကြောင်းတခု ဖွင့်ပေးဖို့လို့ ယူဆရတယ်။ စစ်တိုက်တဲ့ခေတ် မဟုတ်တော့ပါဘူး။
https://www.facebook.com/2011-publishing-514608691929218/
https://www.facebook.com/2011-publishing-514608691929218/
0 comments:
Post a Comment