Wednesday, December 26, 2018

(လူအတုနဲ့ငွေအတုအကြောင်းပြောခြင်း) မျိုးမြင့်ချို

0 comments
(လူအတုနဲ့ငွေအတုအကြောင်းပြောခြင်း)
ငွေစက္ကူအတုကို counterfeit money လို့ခေါ်တယ်ဟ အရူးအမတ်ရ၊ အဲ့ဒီ နာမဝိသေသနကိုမသုံးချင်ရင် Fraud တို့ Forgery တို့သုံးလည်းရတယ် သိတ်ကိစ္စမရှိဘူး၊ လူတွေနားလည်တယ်။ Fake money လို့တော့ မင်းတယောက်ကလွဲလို့ ဘယ်သကောင့်သားမှ မသုံးဘူးဟ။

မတတ် မတတ်ဘူးပြောကွာ။ မရှက်နဲ့။ အမတ်မို့လို့ အင်္ဂလိပ်စာ တတ်ရမယ်လို့လည်း မရှိဘူး။ အင်္ဂလိပ်စာမတတ်ဘဲ လူ့အဖွဲ့အစည်းကို ဦးဆောင်ခဲ့ကြ ဦးဆောင်နေကြတဲ့ ခေါင်းဆောင်တွေအများကြီး၊ အဝေးကြီး မကြည့်နဲ့ တရုတ်ကိုပဲကြည့်။

ဘာသာစကားတွင်ကျယ်မှုဆိုတာ ယဉ်ကျေးမှုတွင်ကျယ်မှုပဲဟ။ ယဉ်ကျေးမှုတခုခု ဘာသာစကားတခုခု တွင်ကျယ်တာဟာ လူအနည်းအများနဲ့ ဒီလောက် ဆိုင်လှတာမဟုတ်ဘူး။ တရုတ်လူမျိုးတွေ ဒီလောက်များနေတာပဲ တရုတ်စကား ဘာလို့ ကမ္ဘာချီပြီး မတွင်ကျယ်သလဲ။ လူမျိုးတမျိုးမှာ ပညာတတ်များခြင်းမများခြင်းနဲ့လည်း သိတ်မအပ်စပ်ဘူး။ အမေရိကနဲ့ဥရောပမှာတင်မကဘူး အိန္ဒိယမှာပါ ဟိန္ဒူလူမျိုးတွေ ပညာတတ်တွေမှ တပုံကြီး။ ဘာလို့ ဟိန္ဒူစကားက အိန္ဒိယတိုက်ငယ်ထဲကနေ အပြင်ထွက်မလာသလဲ။ အိန္ဒိယတိုက်ငယ်ထဲမှာတောင် ဘာသာစကားကွဲတွေမှ သောင်းခြောက်ထောင်ရှိနေသေးတာပဲ။ ဘာသာစကားဟာ သုံးရပြောရ အဆင်ပြေခြင်းမပြေခြင်း အသံထွက်ရလွယ်ခြင်း ခက်ခြင်းတွေနဲ့ ပိုတောင်မဆိုင်ဘူး။ ကိုယ့်မိခင်ဘာသာစကားမဟုတ်တဲ့ အခြားဘာသာစကားတခုခုကို ကြီးမှသင်ရင် ခက်တာချည်းပဲ။ ဘယ်လို အသံထွက်ထွက် သူ့လူအရင်းတွေပြောသလောက်ကို မပီဘူး။ သူတို့လောက် စကားလည်း မကြွယ်ဘူး။ သူတို့လောက်ကို မတတ်ဘူး။ ဗမာစကားတတ်လှချည်ရဲ့ဆိုတဲ့ နိုင်ငံခြားသား ဗမာစကားပါရဂူကြီးကို မင်းအိမ်ခေါ်ပြီး တနေ့လောက် စကားပြောကြည့် မင်းသိသွားလိမ့်မယ်။ ဘာသာစကားတိုင်းမှာ သူ့အရည်အချင်းတွေနဲ့သူ ပြည့်စုံတယ်။ သူ့စံတွေနဲ့ သူမီတယ်။ ဘယ် ဘာသာစကားကမှ ဘယ်ဘာသာစကားထက် ပိုအဆင့်မမြင့်ဘူး အဆင့်မနိမ့်ဘူး။ အရူးချီးပန်းတွေ မပြောနဲ့ကွာ။

ဘာသာစကားတခု တွင်ကျယ်လာတာဟာ အဲ့ဒီတိုင်းပြည် အဲ့ဒီလူ့အဖွဲ့အစည်းရဲ့ စီးပွားရေးအင်အား၊ ဓနအင်အားနဲ့ တိုက်ရိုက်ဆိုင်တယ်ကွာ။ ချမ်းသာတောင့်တင်းဖို့မပြောနဲ့ ဗမာပြည်လို ချွတ်ခြုံကျနေတဲ့လူ့အဖွဲ့အစည်းတခု တိုင်းပြည်တခုရဲ့(ယဉ်ကျေးမှု)ဘာသာစကား ကမ္ဘာတောတိုးဖို့ ဘယ့်နှယ်လို့ မျက်နှာပန်းလှမလဲကွ။

ကိုယ့်စကား ကမ္ဘာတန်းဝင်ချင်ရင် တိုင်းပြည်ချမ်းသာအောင်အရင်လုပ် လို့တော့ မပြောချင်ဘူး။ ဒါပေမယ့် မချမ်းသာတဲ့တိုင်းပြည်ရဲ့စကားကို ဘယ်အမျိုးကောင်းသားမှ ဖင်ကြားမညှပ်ဘူးကွ။ အဲ့ဒါ ဘဝင်ကျထားဖို့တော့ လိုတယ်။ အမေရိကန်တွေ ကမ္ဘာ့ထိပ်တက်လာတော့ အင်္ဂလိပ်စကားခြင်း အတူတူတောင် အမေရိကန်ပြောအင်္ဂလိပ်စကားဆိုပြီး ထပ်ဖြစ်ရသေးတယ် မဟုတ်လား။ ဘာသာစကား လှေကြီးပေါ် လှေငယ်တင်သေးတယ် မဟုတ်လား။ ခု တရုတ်စကားကို လေ့လာသူတွေ၊ တရုတ်စာသင်တဲ့ကျောင်းတွေ တက္ကသိုလ်တွေ ဒီဘက်မှာ အပြိုင်းအရိုင်းဖြစ်လာနေတယ်။ အဲ့ဒါ တရုတ်ရဲ့ ဓနအင်အားကြောင့်ပဲဆိုတာ ထင်ရှားသိသာတဲ့အချက်ပဲ။

ကိုယ့်သာစကား ဒီ့ထက်ပိုတွင်ကျယ်ချင်ရင် ကိုယ့်ယဉ်ကျေးမှု ဒီ့ထက်ပြန့်နှံ့စေချင်ရင် ကိုယ်ကိုယ်တိုင် ကိုယ့်စာကိုယ်လေ့လာရုံ မြှင့်တင်ရုံ ထိန်းသိမ်းရုံနဲ့မရဘူး။ အဲ့ဒါလောက်က စကားမပျောက် စာမပျောက်အောင်လောက်ပဲ တတ်နိုင်တယ်။ ပြန့်ပွားအောင် လုပ်ချင်တယ်ဆို အဲ့လောက်နဲ့မရဘူး။ အဲ့လောက်က ဝါးလုံးခေါင်းထဲပြန့်ပွားရုံပဲ။ မြန်စာပြန့်အဖွဲ့လည်း လုပ်တတ်တာပဲ။ လုပ်ခဲ့တာပဲ။ လုပ်နေတာပဲ။ ငါပြောတဲ့ပြန့်ပွားရေးက မင်းပြောတဲ့ "ဗမာစကားလည်း ဘာလို့ ကမ္ဘာသုံးစကား မဖြစ်နိုင်ရမှာလဲ"လို မဟုတ်ဘူး။ တူလည်း မတူဘူး။ မင်းပြောတာက ခု ခေတ်ပေါ် Popular Politics ဆိုတဲ့ ကြိုက်လုံးပစ်နိုင်ငံရေးပေါ် အခြေခံတာပါ။

အဲ့ဒါတွေက မင်းတို့မေမေကအစ အာဂုံဆောင်နေရတဲ့ အလုံးတွေပါကွာ။ သူက ပိုတောင် ဆောင်ရသေးတယ်။ သူ့အိမ်ထောင်ဘက်က မင်းတို့ပြောတဲ့ "လူမျိုးခြား"။ ငါက အဲ့ဒီ "လူမျိုးခြားတို့ ဘာသာခြားတို့"ဆိုတဲ့အသုံးကို မစင်ထက်ရွံတယ်။ လူလူချင်း အဲ့သလိုခွဲခြားတတ်တဲ့ ဉာဉ် ဗီဇရှိသူဆို "အဟိတ်တိရိစ္ဆာန်ထက်ပိုသည့်အသိ" မရှိသူလို့ပဲ သဘောထားတာကွ။ မင်းက လူမတူ ဘာသာအယူမတူမတူတဲ့ ကျန်တဲ့လူတွေသာ တိတ်တိတ်ပုန်းတမျိုး ဗြောင်တမျိုးဆန့်ကျင်နေတာ မင်း "မေမေ့လင်" ကျတော့ မေမေ့ရှေ့မှာ ပါးစပ်တောင် မဟဝံ့ဘူးမဟုတ်လား။ ဟရမယ်လို့ပြောတာ မဟုတ်ဘူး။ "ငါတို့မေမေမေလည်း လူပဲ၊ သူ့အိမ်ထောင်ဘက်ကို သူ့စိတ်ကြိုက်ရွေးချယ် လက်ထပ်ခွင့် လူတိုင်းမှာရှိသလို သူ့မှာလည်းရှိတာပဲ၊ ချစ်ခြင်းမေတ္တာမှာ လူမျိုး ဘာသာ အသားအရောင်ခွဲခြားတာဟာ မကောင်းမှုပဲ" စတာမျိုးလေးလောက် အခြေခံကစမှန်မှန်ကန်ကန်တွေးလို့ သိလို့ မဟတာမျိုးဆိုကောင်းတယ်။ ခု မင်း မဟဝံ့တာက ဘယာဂတိတွေကြောင့်။


ငါက ကိုယ့်ကိုယ်ကိုယ်တောင် ဘာလူမျိုးမှန်းမသိ။ ညားတဲ့မယားကလည်း ဘာလူမျိုးမှန်းမသိ။ နေတဲ့တိုင်းပြည်ကလည်း အမျိုးသားနေ့ မရှိတဲ့ပြည်။ ဘာသာကလည်း ခုထိ ကိုးကွယ်လောက်တာ မတွေ့မိသေးဘူး။ ဒါပေမယ့် ငါတို့ လူဖြစ်နေတယ်။ ငါတို့ ချစ်ချစ်ခင်ခင်နေတယ်။ ငါတို့ ကိုယ့်အပြင်ကို ထွက်ထွက်ကြည့်တယ်။ ကိုယ့်အဇ္ဈတ္တဥခွံလေးကို ကမ္ဘာထင်မနေဘူး။ စာဖတ်တယ်။ လူတွေကြားထဲနေတယ်။ ငါတို့ ဘာလူမျိုးလို့ ပြောမရပေမယ့် "လူ"လူမျိုးအစစ်တွေဖြစ်တယ်။ လူလိုကျင့်တယ် လူလိုနေတယ် လူလောက်ပဲ စံမီတယ်။ လူကျင့်တရားပဲ ကျင့်တယ်။ အဲ့ "လူဘာသာ" ပဲ။ လူ လူမျိုးကကိုးကွယ်တဲ့ လူဘာသာပေါ့ပွာ။

မင်းပြောသလိုဆို ငါ့မယားလည်း မင်းနဲ့ လူမျိုးခြား ဘာသာခြား။ ငါနဲ့လည်း လူမျိုးခြား ဘာသာခြားပဲ။ ဒါပေမယ့် ငါတို့ လူ လူမျိုးတွေဖြစ်တယ်။ လူဆန်တဲ့စိတ်မွေးတယ်။ တတ်နိုင်သမျှ လူသားစိတ်ထားတယ်။ မင်းကိုလည်း ငါ့လိုပဲ လူလို့ပဲမြင်တယ်။ ကျန်တာကတော့ မင်းဘာသာ ယုံချင်ရာယုံ။ မယုံချင်လည်းနေ ဘာမှမဖြစ်ဘူး။ အယူသည်း တဇောက်ကန်း အမြင်ကျဉ်းတဲ့ "မျိုးချစ်စိတ်"ဆိုတဲ့အစွဲအလမ်း တတ်နိုင်သမျှ ကင်းအောင်နေကွာ။ ဒါဆို မင်းလည်း လူ လူမျိုးဖြစ်။ လူဘာသာကိုးကွယ်ပြီ။ လူအစစ်ဖြစ်ပြီ။

ခုလည်း ငါ့ဘက်ကတော့ မင်းနဲ့ငါနဲ့ကြားမှာ ဘာမှ ခြားမနေဘူး။ လူတွေဘဲ။ မတူတဲ့လူမျိုး၊ ဘာသာတွေပဲ မတူတဲ့ကိုးကွယ်မှုမျိုး။ မတူမှုလေး လောက်ပဲ။ ဘာမှ မခြားဘူး။ မင်းစိတ်ထဲက မင်းအသွေးအသားထဲကနေ အခြောက်တိုက် ဘဝင်မြင့် အဆံချောင် အမျိုးဘာသာ သာသနာ ဝံသာနုရက္ခိတဆိုတဲ့ ဖားခြေရာခွက်ထဲကနေမြင်ရတဲ့ ကောင်းကင်ကို စကြ်ာဝဠာထင်နေတဲ့စိတ်ကိုပြန်ကြည့်ပါ သူငယ်ချင်း။

ငါတို့ကို အထဲလာပြီးလုပ်ကြည့်ဖို့ပြောတာထက် မင်း အပြင်ကို ထွက်ကြည့်ပါ။ လူအကောင်လိုက်ကြီး မထွက်နိုင်ရင်တောင် စိတ်ကိုကျယ်ကျယ်ဖွင့်ထားပါ။ ဦးနှောက်နဲ့ထွက်ပါ။ တလ ကိုးသီတင်းလာလည်ပြီး အမေရိကန်ကြီးကောင်းလှချည့်လုပ်တဲ့ လူစားတွေထဲတော့ ပါမသွားစေနဲ့။ စာများများဖတ်ပါ။ တွေးခေါ်မြော်မြင်မှုကို အခြေခံကစ ပြင်ကြည့်ပါ။ အယူသည်းမှု အစွန်းရောက်မှု အမုန်းတရား အာဃာတတရားတွေနဲ့ လောင်မီးကျနေတဲ့ပြည်ကို လေ ထပ်မပင့်ပါနဲ့ နစ်နေတဲ့ပြည်ကို ဝါးကူမထိုးပါနဲ့တော့။ လူထုကို အတွေးအခေါ်အရ၊ နိုင်ငံရေးအရ ကောင်းရာမွန်ရာဆီရောက်အောင် ဦးဆောင်ပါ။ ပြောရင်းနဲ့ ဘေးချော်ထွက်ပြီး ရှည်ကုန်ပြီ။

ငါလည်း အင်္ဂလိပ်လို ဘယ်လောက်မှတတ်တာ မဟုတ်ဘူး။ တတ်သလောက်နဲ့ ဒီလိုပဲ ပြောနေရတာ။ ဗမာစာရေးရင် လိုအပ်တဲ့နေရာတိုင်း အင်္ဂလိပ်စကားလုံးတွေ ညှပ်ရေးတာပဲ။ တခါတလေ ဘာသာလည်းမပြန်ဘူး၊ အင်္ဂလိပ်လို့လည်း စာလုံးမပေါင်းဘူး။ ဗမာအသံထွက်အတိုင်း ရေးချလိုက်တာက ပို လူကြားထဲကျတယ် ပေါက်ပြီးသားစကားမို့ ပိုထိရောက်တယ်။ ဂလိုဘယ်လိုက်ဇေးရှင်န်းလိုဟာမျိုး၊ ကာလဘ်ချားရှော့ခ်လိုဟာမျိုး။

အဲ့ဒီတော့ အပြီးသတ် တခွန်းတည်းပြန်ချုပ်ရရင် ငွေစက္ကူအတုဆိုတာကို Fake Money လို့ ခေါ်ရင် မမှန်ဘူးကွာ။
မျိုးမြင့်ချို(ဒီဇင်ဘာ ၂၆၊ ၂ဝ၁၈)

0 comments:

Post a Comment