(လိုအပ်ရင်ဘိုလိုညှပ်ပါ)
ဘာသာစကားဆိုတာ ရှင်သန်နေရုံနဲ့မရဘူး တိုးပါ တိုးပွားနေရတာ။ သိပ္ဗံ၊ နည်းပညာ၊ စက်မှု၊ နိုင်ငံရေး၊ ဒဿန။ သတင်းမီဒီယာ၊ ဘာဗေဒ ညာဗေဒစတဲ့နယ်ပယ်စုံ နိုင်ငံစုံကနေ နိစ္စဓူဝ အသစ်အသစ် ဖြစ်ထွန်းပေါ်ပေါက်လာနေတဲ့စကားလုံးတွေ ဝေါဟာရတွေကို ကိုယ့်ဘာသာစကားထဲ သူ့အတိုင်းထဲ့တန်တာထဲ့၊ ကိုယ့်စကားနဲ့ ဖလှယ်တန်တာ ဖလှယ်၊ ခနယူမွေးစာပြီး မြဲသွားပြီဆို အပိုင်သိမ်းတန်တာသိမ်း လုပ်ရတယ်။
ဒါမှ ဘာသာစကားဆိုတာ ရှင်သန်တိုးပွားနေတာဖြစ်တယ်။ အဲ့ဒါ မလုပ်ပဲ ကိုယ့်ရှိပြီးသားဟာလေးနဲ့တိုက်ကြည့်ပြီး၊ အတင်းမကိုက် ကိုက်အောင်လုပ်ယူပြီး တိုက်ရင်ယူ ကိုက်ရင်ယူ၊ မတိုက်ရင် မကိုက်ရင်မယူနဲ့။ မပြောနဲ့။ စကားပြောတဲ့အထဲ အဲ့ဒါတွေ ညှပ်မပြောနဲ့ ဘာနဲ့ဆိုပြီး လျှာအရိုးမရှိလျှောက်ပြောနေလို့မရဘူး။
အဲ့လို ငါ့စကားနွားရပြောရင် နွား ရမရတော့မသိဘူး ကိုယ် ငတုံးမှန်း အယူသည်းမှန်း တဘက်ပိတ်မှန်း တဇောက်ကန်းမှန်းပဲ လူသိတာအဖတ်တင်မယ်။ အနောက်ဘက်က အဘိဓာန်တွေဆို ဘန်းစကားတွေ လမ်းစကားတွေ ဒေသိယစကားတွေ သတင်းသမားတွေ ထွင်သုံးတဲ့အသုံးတွေ စတာတွေကို ကာလတခုအထိစောင့်ကြည့်။ ပြီးတော့ ဒီအသုံး ဒီဝေါဟာရ ဒီစကားလုံးကို ဘယ်လောက်ကြာကြာအထိ လူဘယ်လောက်များများ ဘယ်နှရာခိုင်နှုန်းလောက်သုံးနေလဲ ဘယ်လောက်အထိတွင်နေပြီလဲ စတာတွေချိန်ဆပြီး အဘိဓာန်တွေထဲ အမြဲတမ်းထပ်ထပ်ဖြည့်နေရတယ်။ ဒါ့ကြောင့် အင်္ဂလိပ်စကားဟာ ခုထိ ဒီလောက်ဝေါဟာရကြွယ်ပြီး ကမ္ဘာသုံးစကားလိုဖြစ်နေတာ။
ဝံသာလည်း နုကြပါ။ ရက္ခိလည်း တကြပါ။ အမြင်ကျဉ်းတဲ့အမျိုးသားရေး အယူသည်း တဇောက်ကန်း အတွေးအခေါ်တွေလည်း စွန့်ကြပါ။ ခေတ်က ဗမာစာသည်တို့စာ...ဗမာစကားသည် တို့စကား ကုန်းအော်နေရုံသက်သက်ဆို လူရယ်စရာသက်သက်ပဲဖြစ်လိမ့်မယ်။ ဘယ်သူ့အတွက်မှ ဘာအကျိုးမှများစရာမမြင်ဘူး။ ယုတ်ဖို့ပဲရှိတယ်။
မျိုးမြင့်ချို(ဒီဇင်ဘာ ၂၁၊ ၂ဝ၁၈)
0 comments:
Post a Comment