(ဘုံကို မတိုက်နိုင်သရွေ့ ဘာမှမဖြစ်)
အတွေးအခေါ်ကို အတွေးအခေါ်နဲ့တိုက်ရပါတယ်။ ယန္တယားဆိုတာက တိုက်ဖို့သုံးတဲ့
လက်နက်ကိရိယာဖြစ်ပါတယ်။ အတွေးအခေါ်ကို တတ်နိုင်သမျှကုန်စင်အောင်မသုတ်သင်ဘဲနဲ့
သူ့ယန္တယားကြီးတခုလုံး ဖြိုချနိုင်ဦးတောင် အတွေးအခေါ်က ပြန်ခေါင်းထောင်ထပါတယ်။
တနည်းပြောရရင်
အစိုးရတွေတော့ပြောင်းသွားတယ်
အခြေခံအိုင်ဒီယောလော်ဂျီ(တွေးခေါ်မှုအခြေခံစနစ်)မပြောင်းဘဲ ဆက်တည်ရှိနေတာမျိုး ပါ။
နောက်တနည်းပြောရရင် အစိုးရအပြောင်းအလဲလုပ်ရတာက အတွေးအခေါ်အပြောင်းအလဲ လုပ်ရတာလောက်
မခက်ခဲတတ်တာမျိုးပါ။ နောက်ထပ်တနည်းပြောရရင် တွေးခေါ်သူ(လူ)ကိုသတ်လို့ရတယ်
သူ့အတွေးအခေါ်ကို သတ်လို့မသေတာမျိုးဖြစ်ပါတယ်။
အတွေးအခေါ်ဆိုတာမျိုးကလည်း
အငွေ့အသက်ကလေးတောင် မကျန်အောင် လုပ်ပစ်လိုက်ဖို့ လက်တွေ့မှာ
တကယ်မဖြစ်နိုင်တာမျိုးလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ ကောင်းတဲ့အတွေးအခေါ်
ဆိုးတဲ့အတွေးအခေါ်ရယ်လို့ သီးခြားခွဲပြောလို့ မရနိုင်ဘူးလို့မြင်ပါတယ်။ ဖက်ဆစ်စနစ် ဘယ်လောက်ဆိုးရွားမှန်း
လူတိုင်းသိပါတယ်။ ဒါပေမယ့် ခု ဥရောပ၊ အရှေ့ဥရောပနဲ့ အမေရိကတို့မှာ နီယိုနာဇီဆိုတဲ့
လက်သစ်ဖက်ဆစ်ဝါဒီ တွေ ကြောက်ခမန်းလိလိ ကြီးထွားလာတာကို ကြည့်မြင်နိုင်ပါတယ်။
အလားတူပဲ အဲ့ဒီဒေသတွေမှာ မာ့က်စ်ဝါဒ၊ လီနင်ဝါဒ၊ မော်စီတုန်း အတွေးအခေါ်တွေကို
အာရုံစိုက်လာကြတာတွေလည်း မြင့်သထက်မြင့်တက်နေပါတယ်။ အလားတူပဲ တဆင့်ခံဒီမိုကရေစီ
(Liberal Democracy) ကို ပိုအားကောင်း ပိုခိုင်မာလာအောင်
ကြံဆောင်လှုပ်ရှားသူတွေလည်း ဒုနဲ့ဒေးတွေ့ရနိုင်ပါတယ်။ ဒါက အတွေးအခေါ်ကို ကျူပင်ခုတ်
ကျူငုတ်မကျန်အောင် လုပ်မရဘူးဆိုတဲ့သာဓကပါ။
ဖက်ဆစ်ဝါဒအတွေးအခေါ်၊
ကွန်မြူနစ်ဝါဒအတွေးအခေါ်နဲ့ လစ်ဘရယ်လ်ဒီမိုကရေစီစနစ်တို့ရဲ့ အတွေးအခေါ်တွေ
အပြိုင်ဖြစ်ထွန်းနေကြတာ မှန်ပေမယ့် လစ်ဘရယ်လ်ဒီမိုကရေစီက အားအကောင်းဆုံး
အလွှမ်းမိုးနိုင်ဆုံး လူထုတိမ်းညွှတ်မှုအရဆုံး အနေအထားမှာရှိနေတာ ငြင်းမရပါဘူး။
ကျန်တဲ့ ၂ ခုကတော့ နိုင်ငံရေးအရခေတ်မစားနဲ့ လူတွေအကြား အတွေးအခေါ်အရ ရေပန်းမစားလည်း
လက်တွေ့ဖြစ်ပါတယ်။
ဒါပေမယ့် ပြောစရာရှိတာက
လစ်ဘရယ်လ်ဒီမိုကရေစီကျင့်သုံးကြတဲ့တိုင်းပြည်တွေရဲ့
“အမျိုးသားအကျိုးစီးပွားပြောပြော ကိုယ်ကျိုးစီးပွား ကာကွယ်ရေးမူဝါဒဆိုဆို“
အဲ့ဒီအယူအဆဟာ ဖုံးမနိုင်ဖိမရပြန်ပေါ်လာတာဖြစ်ပါတယ်။
သူ့ပင်ကိုယ်စနစ်ရဲ့အရင်းခံအတွေးအခေါ်ကိုက ကိုယ်ကျိုးစီးပွားအခြေခံဖြစ်လေတော့
ကာလတခုမှာ ကမ္ဘာမှုပြုတယ်တို့၊ လွတ်လပ်စွာကုန်သွယ်ခွင့်တို့၊ Free Trade တို့၊
အထူးကုန်သွယ်ခွင့် အခွင့်အရေးတို့ဆိုတာတွေကို မလွှဲမရှောင်သာ “အလုပ်ပြ“ရပေမယ့်
အဲ့ဒီကာလလွန်တော့ နဂိုနေပြန်သွားရတာမျိုးဖြစ်လာတာပါ။
ကာလတခုဆိုတာက အိုင်ဒီယော်လော်ဂျီတိုက်ပွဲ
ပြင်းပြင်းထန်ထန် သည်းသည်းသန်သန်ရှိနေခဲ့တဲ့ကာလပါ။ ဆိုဗီယက်ယူနီယံရှိတုန်းကာလ၊
အရှေ့ဥရောပ “နီ“နေတုန်းကာလ၊ အာရှ အာဖရိက လက်တင်အမေရိကတွေမှာ
အမျိုးသားလွတ်မြောက်ရေး ဆိုရှယ်လစ်ရေးတွေ အုန်းအုန်း ကျက်ကျက်ဖြစ်နေတဲ့ကာလများကို
ဆိုလိုတာဖြစ်ပါတယ်။ စစ်အေးမှာ ဆိုဗီယက်ကိုတိုက်ဖို့ တရုတ်ကို “ဖေးမ“ရပါတယ်။
အရှေ့ဥရောပကိုဖြိုဖို့ အနောက်ဥရောပကို ငွေအလုံးအရင်းနဲ့ “ဖို့“ရပါတယ်။
ဗီယက်နမ်ကိုကိုင်ဖို့ “အာရှကျား“တွေ မွေးယူရပါတယ်။
ခု လစ်ဘရယ်လ်ဒီမိုကရေစီဟာ
နဂိုနေဘက်ပြန်ဦးတည်နေပါပြီ။ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဘက် ပြန် “လှည့်“ရပါပြီ။ အလှည့်မြန်
အလှည့်များတော့ အချင်းချင်းတွေပါ မထိခလုပ် ထိခလုပ်တွေဖြစ်ကြပါတယ်။ ခု လှည့်တဲ့
“အလှည့်“ကလည်း အရင်လိုပါပဲ။ အမျိုးသားရေး ဝါဒ Nationalism အခြေခံပါပဲ။
အမျိုးသားရေးဝါဒကို လစ်ဘရယ်လ်ဒီမိုကရေစီ “အုပ်“ရတာမျိုးပါ။ ဒီတော့
အမျိုးသားရေးဝါဒရဲ့ ဖွားဘက်တော် တွေဖြစ်တဲ့ လူဖြူကြီးစိုးရေးသမားတွေ၊
နာဇီလက်သစ်တွေ၊ လူမျိုးရေးဘာသာရေး အယူသည်းအစွန်းရောက်တွေကိုပါ ကျွဲကူးရေပါ ပါလာရ
အသုံးတော်ခံလာရပါတယ်။ တချို့နေရာတွေမှာ သိသိသာသာ၊ တချို့နေရာတွေ မသိမသာလောက်ပဲ
ကွဲပါတယ်။
ဒါဟာ ဘာကိုပြသလဲဆိုတော့ အချိန်တန်တော့လည်း
အရင်းရှင်ဒီမိုကရေစီစနစ်လို့ပြောပြော လစ်ဘရယ်လ်ဒီမိုကရေစီဝါဒလို့ဆိုဆို အဲ့ဒီစနစ်
အဲ့ဒီဝါဒဟာ သူ့ရဲ့ အရင်းခံအကျဆုံးအတွေးအခေါ် Thought ဆီ
ပြန်ဆိုက်ရတယ်ဆိုတာကိုပြတာပါ။ မဆိုက်လို့မရပါဘူး။ ဆိုက်ပုံဆိုက်နည်း
ပြန်သယ်ယူပုံသယ်ယူနည်းမှာတော့ အရင်နဲ့မတူတော့တာမြင်ရမှာပါ။ ဒါကလည်း အရင်နဲ့ မတူတော့တဲ့
“ခေတ်“ဖြစ်သွားလို့ နည်းနာသစ်နဲ့ ခရီးဆက်ရတာပါ။
ကျနော်တို့ဗမာပြည်ကိုကြည့်မယ်ဆိုလည်း
အလားတူ မြင်ထောင့်ကနေ ကြည့်ရမှာတွေ ရှိပါတယ်။ လွတ်လပ်ရေးရကတည်းက ခုချိန်ထိ
ဗမာ့လူ့အဖွဲ့အစည်းမှာ အာဏာရခဲ့တဲ့အစိုးရအဆက်ဆက်ဟာ
မဟာဗမာလူမျိုးကြီးဝါဒကိုကိုင်ပြီး လူမျိုးရေးဘာသာရေးအခြေခံနဲ့ အာဏာကို စုစည်းခဲ့တာပါ။
စုစည်းလို့ရခဲ့တာကလည်း ဗမာလူမျိုးစု လူများစုဖြစ်ပြီး
ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်သူကြသူတွေ ဖြစ်နေတာကြောင့်ပါ။ အစိုးရတွေ(အရပ်သား၊ စစ်သား၊
စစ်တပိုင်းစိုးရ၊ အရပ်တပိုင်းအစိုးရ)နံမည်အမျိုးမျိုးပြောင်း၊ စီးပွားရေးစနစ်တွေ
(အရင်းရှင်စနစ်၊ ဆိုရှယ်လစ် စနစ်) စသည်ဖြင့် သဏ္ဍန်ပိုင်းအရ
အထွေထွေပြောင်းခဲ့ကြပေမယ့် ဘုံအဖြစ်စုထားတဲ့အတွေးအခေါ်က လူမျိုးရေးဘာသာရေးအခြေပြု
ဗမာလူမျိုးကြီးဝါဒအတွေးအခေါ်ပဲဖြစ်ပါတယ်။ ကုန်ကုန်ပြောရရင်
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အတွေးအခေါ်ဆိုတဲ့ အညမညသည်ပင်လျှင် ဒွန်တဝါဒ (စိတ်နဲ့ရုပ်
ရောသမမွှေဝါဒ)ဖြစ်ပါတယ်။ စစ်သား၊ အရပ်သားကွဲကြတာ မတူကြတာ၊
စီးပွားရေးလက်ဝါးကြီးအုပ်ချင်ပုံအုပ်ချင်နည်း ကွာကြတာတွေသာရှိပေမယ့် ဒီ
ဘုံအတွေးအခေါ်မှာ တထပ်တည်းမဟုတ်တောင် တူကြပါတယ်။ ဒီအခြေခံအတွေးအခေါ်ကို
ချသုံးတဲ့နေရာမှာ အပျော့အပြင်း အကြမ်းအနုလောက်ပဲကွာကြတာပါ။ စစ်အုပ်စုကတော့
တပ်နဲ့သေနတ်ကိုအမိန့်ပေးနိုင်တာကြောင့် အကြမ်းနည်းကို လက်ကိုင်ပြုပါတယ်။
လက်ရှိလည်း အစိုးရရှိတယ်လို့
ဘယ်လိုပြောပြော အဲ့ဒီအစိုးရဟာ စစ်အုပ်စု “အကိုင်“ခံရတဲ့အစိုးရပါ။ (ဒီနေရာမှာ
ကျနော်က အစိုးရဆိုတဲ့ ဝေါဟာရကို မဖြစ်လို့သာသုံးရတာပါ။ တကယ်က NLD ရဲ့
အာဏာထဲကအနေအထားဟာ ဘာ ဆိုတာ ပြောဖို့သတ်မှတ်ဖို့ အလွန်ခက်ပါ တယ်။ တခြား
ဝေါဟာရရှာမတွေ့သေးတော့ “အစိုးရ“လို့ပဲ သုံးပါရစေ)။ တကယ်က တိုင်းပြည့်အာဏာနဲ့ဓနကို
ကိုင်ထားတာက စစ်အုပ်စုပါ။ သူတို့ လက်တွေ့ကိုင်ထားတာက စစ်အာဏာပါ။ သူတို့ စစ်အုပ်စုအကျိုးစီးပွားမှန်သမျှကိုကာကွယ်ဖို့ထောက်ကူဖို့က
စစ်တပ်၊ အကျဉ်းထောင်၊ ရဲ၊ စစ်ဗျူရိုကရေစီယန္တယားနဲ့ NLD အစိုးရဖြစ်ပါတယ်။ ဒါက
သူတို့အကျိုးစီးပွားကြီးတစုံလုံးရဲ့ ယန္တယားကြီးပါ။ သူတို့ လက်တွေ့ကျင့်သုံးနေတဲ့ အတွေးအခေါ်က
“ဘာသာရေး လူမျိုးရေးအခြေပြု ဗမာလူမျိုးကြီးဝါဒ“ဖြစ်ပါတယ်။
အဲ့ဒီအခြေခံအတွေးအခေါ်ဟာ လက်တွေ့အရ ဗမာ့လူ့အဖွဲ့အစည်းမှာ
သိသိသာသာကြီးကို “စူး“ဝင်နေတ ငြင်းမရပါဘူး။ ဒီမိုကရေစီလို့ ငယ်သံပါအောင်
လျှာထွက်မတတ် အာခေါင်ခြစ်အော်နေသူခေါင်းဆောင်တချို့မှာတောင် အဲ့ဒီ
အခြေခံအတွေးအခေါ်က လွှမ်းမိုးပြီးသားဖြစ်နေတာ တွေ့ရမှာပါ။
ကျနော်တို့ဆန့်ကျင်တိုက်ခိုက်ရမှာက အဲ့ဒီ
အခြေခံအတွေးအခေါ်ကိုဖြစ်ပါတယ်။ စစ်အာရှင်ဘဲဖြစ်ဖြစ်
အရပ်သားဒီမိုကရေစီအစိုးရဘဲဖြစ်ဖြစ် ဒီအခြေခံဝါဒကိုစွဲကိုင်နေရွေ့ ဗမာပြည်
ဘယ်တော့မှ ငြိမ်းချမ်းရေးမရ၊ ပြည်တွင်းစစ်မရပ်၊
လွတ်လပ်ခွင့်(ကိုးကွယ်ယုံကြည်ခွင့်နဲ့လူတမျိုးအဖြစ် ဖြစ်တည်မှု)တွေမရှိနိုင်ပါဘူး။
ဒီနေ့ကျနော်တို့ တိုက်နေကြရတာက အဲ့ဒီအတွေးအခေါ်ကိုပါ။ တိုက်ကြရမှာက
အတွေးအခေါ်ကိုဖြစ်ပါတယ်။ အကောင်အထည်ပြစရာ စစ်အာရှင်လူအကောင်လိုက်ကြီးတွေထက်၊
စစ်အာရှင်စနစ်ဆိုတာထက်၊ စစ်ဗျူရိုကရေစီယန္တယားကြီးဆိုတာထက် အခြေခံအတွေးအခေါ်ဖြစ်တဲ့
“ဘာသာရေးလူမျိုးရေးအခြေပြု ဗမာလူမျိုးကြီးဝါဒ“ကို ဖြစ်ပါတယ်။ ဒီဝါဒကို ဘယ်သူက ကိုယ်စားပြုပြု
ဘယ်သူက ကိုင်စွဲကိုင်စွဲ ထူးမခြားနားအခြေအနေဆိုးတွေကြားက တိုင်းပြည်ဟာ
ရုန်းထွက်လို့မရနိုင်ပါဘူး။ (တကယ်က စစ်အာဏာရှင်စနစ် ဆိုတာလည်း
အခြားပိုသင့်တော်မယ့် ဝေါဟာရရှာမရသေးလို့ သုံးရတာပါ။ တကယ်က စစ်အာဏာရှင်စနစ်ဆိုတာ
ဝါဒ ISM မဟုတ်သလို၊ အတွေးအခေါ် Thought လည်းမဟုတ်ပါဘူး။ ဒီနေရာမှာ
ကိုယ်ကျိုးစီးပွားအတွက် Political Power Control System နိုင်ငံရေးအာဏာ
ထိန်းချုပ်တဲ့နည်း လောက်ပဲဖြစ်တယ်လို့ ယူဆချင်ပါတယ်)၊
ကျနော်တို့တိုက်ရမှာက အဲ့ဒါဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ်ကြီး ပျက်စီးသွားပါစေ၊ စစ်အုပ်စု ကျဆုံးသွားပါစေ၊ စစ်ဗျူရိုကရေစီယန္တားကြီး
မလည်ပတ်နိုင်တော့ပါစေ၊ အရပ်သားအစိုးရတွေ ကြိုက်သလောက် တက်လာပါစေ၊ ဆင်းသွားပါစေ
“ဘာသာရေးလူမျိုးရေးအခြေပြု ဗမာလူမျိုးကြီးဝါဒ“ ကျင့်သုံးနေသရွေ့
ကုလားကြီးနဲ့အရာကြီးပဲ ကွာမှာပါ။ စစ်အာဏာရှင်စနစ်ကို၊ စစ်အစိုးရကို၊
စစ်ဗျူရိုကရေစီယန္တယားကို ဖြိုလှဲနိုင်ရုံနဲ့ ပွင့်လင်းတဲ့ လွတ်လပ်တဲ့
ငြိမ်းချမ်းတဲ့ လူမျိုးစုံဘာသာစုံ တန်းတူရည်တူအခွင့်အရေးရှိတဲ့ပြည်ထောင်စုမျိုး
မျှော်မှန်းနိုင်မယ်လို့ ဆိုတဲ့ အကောက်အယူအမှားနေရာမှာ
ဘုံသဘောအခြေခံအတွေးအခေါ်ဖြစ်တဲ့ “ဘာသာရေး လူမျိုးရေးအခြေပြု ဗမာလူမျိုးကြီးဝါဒကို
အခြေခံကနေစပြီး ဆန့်ကျင်တိုက်ဖျက်ရေး“နဲ့အစားထိုးရမယ်လို့ ယုံကြည်ပါတယ်။
မျိုးမြင့်ချို(ဒီဇင်ဘာ ၁၀၊ ၂ဝ၁၈)
မျိုးမြင့်ချို(ဒီဇင်ဘာ ၁၀၊ ၂ဝ၁၈)
0 comments:
Post a Comment