Saturday, December 8, 2018

ကုန်သွယ်ရေးစစ် စတင်ခြင်း(အပိုင်း ၁) Kyaw Zaaw Khine

0 comments
ကုန်သွယ်ရေးစစ် စတင်ခြင်း(အပိုင်း ၁)
စစ်ဖြစ်ပြီဆိုတိုင်းမှာ သမိုင်းမှာသင်သလို လတ်တလောအကြောင်းတရားနဲ့ အရင်ထဲကပျိုးလာတဲ့ အခြေခံအချက်တွေဆိုပြီး ရှိတယ်။ အမေရိကန်တရုတ် ကုန်သွယ်ရေးစစ်အတွက် အမေရိကန်ဘက်က ကုန်သွယ်ရေးလိုငွေပြတာကို အကြောင်းပြတယ်။ ကုန်သွယ်ရေးလိုငွေ (trade deficit) ဆိုတာ နိုင်ငံ ၂ နိုင်ငံကုန်သွယ်ရာမှာ နိုင်ငံ A က နိုင်ငံ B ကို ရောင်းတဲ့ငွေပမာဏ(export) က ပြန်ဝယ်တဲ့ပမာဏ(import) ထက်ပိုများနေရင် A က ကုန်သွယ်ရေး ပိုငွေရတယ်ပြောပြီး B က လိုငွေပြနေတယ်လို့ပြောပါတယ်။ အဲသည် ကွာခြားချက်ကို အမေရိကန်က လျော့ချချင်တာ။ အဲဒါတွေအပြင် တရုတ်က အမေရိကန်အပေါ် ကုန်သွယ်ရေးအသာစီးရတာမှာ တရုတ်ဘက်က လူလည်ကျတဲ့ အချက်တွေကို မကျေနပ်တာလည်း ပါပါတယ်။ အဓိကမှာတော့ တရုတ်က အမေရိကန်နဲ့ ငွေလဲနှုန်းကို ဖြစ်သင့်တာထက်အမြဲချထားတာ။ လုပ်အားခဈေးပေါအောင် လုပ်ထားတာ။ တရုတ်ကုမဏီတွေကို တရုတ်အစိုးရက နောက်ကွယ်က အထောက်အပံ့ပေးတာ။ အဲဒါတွေအပြင် အမေရိကန်ကုမဏီတွေဆီက နည်းပညာခိုးယူတာစသည်ဖြင့် မကျေနပ်တာတွေ များပါတယ်။ တကယ်အကြောင်းပြတာကတော့ ကုန်သွယ်ရေး လိုငွေပါပဲ။

ကုန်သွယ်ရေးလိုငွေ ဘယ်လောက်တောင်များသလဲဆိုရင် တနှစ်ကို ၃၈ဝ ဘီလျံနားမှာရှိတယ်။ ဆိုလိုတာ တရက်ကို တဘီလီယံလောက် လိုငွေပြနေတယ်ဆိုတဲ့သဘောပေါ့။ အမေရိကန်ရဲ့တောင်းဆိုချက်က အဲသည်ကွာဟချက်ကို တဝက်လောက်ချပေးဖို့ဖြစ်တယ်။ ကုန်သွယ်ရေး လိုငွေ ဘီလျံ ၂ဝဝ ချပေးရမယ် ဆိုတယ်။ တရုတ်ဘက်က မချပေးတော့ အမေရိကန်က တရုတ်ကုန်တွေကို အခွန်ကောက်မယ်။ ဒါဆို တရုတ် ပစ္စည်းတွေဈေးတက်မယ်၊ အရောင်းထိုင်းမယ်။ အမေရိကန်ပြည်တွင်းက လုပ်ငန်းတွေ ပြန်လည်ပတ်လာနိုင်မယ်ပေါ့။

လတ်တလောအနေအထားက တရုတ်ဘက်က နည်းပညာနဲ့ဆိုင်တဲ့ပစ္စည်းတွေကို ၃၄ ဘီလီယံ၊ စတီးနဲ့အလူမီနီယံ ပစ္စည်းတွေကို ၃ဘီလီယံ ကုန်သွယ်ခွန် ကောက်တယ်။ နောက်ထပ် ၁၆ ဘီလီယံ သြဂတ်စ် ၂၃ ရက်မှာ ဆက်လာပါမယ်။ တရုတ်ဘက်ကလည်း အလားတူပြန်တုန့်ပြန် ထားတယ်။ ဂိမ်းသီအိုရီမှာ ဒီသဘောကို ပါးကိုက်လို့နားပြန်ကိုက်တယ် (tit for tat) လို့သုံးတယ်။

အစောပိုင်းမှာ တရုတ်က အမေရိကန်အစိုးရထုတ်ဘွန်း(Treasury Bond) တွေကို ထုတ်ရောင်းလိုက်ရင် အမေရိကန်တွေ ပြဿနာတက် ကုန်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေရှိခဲ့တယ်။ ဖြစ်နိုင်တာထဲက တခုပါ။ ရောင်းမယ်ဆို များများရောင်းဖို့လိုပါတယ်။ ဒါဆို အမေရိကန်ဘွန်းတွေ ဈေးကျမယ်။ တဆက်တည်း ဒေါ်လာလည်း ဈေးလိုက်ကျမယ်။ အမေရိကန်တွေ အကျပ်အတည်းတွေ့မယ်ဆိုပေမယ့် တဘက်မှာ အမေရိကန်ဘွန်း အများကြီးကိုင်ထားတဲ့တရုတ်လည်း ရင်းနှီးမြုပ်နှံမှုတွေရှူံးမယ်။ နောက်ထပ်ပြသနာက အမေရိကန်ငွေတန်ဖိုး ကျပြီဆိုတာ တရုတ်နဲ့ ငွေလဲလှယ်နှုန်းမှာ တရုတ်ငွေလဲနှုန်းက မြင့်လာတာဖြစ်တယ်။ ဒီသဘောက တရုတ်ကုန်တွေ အမေရိကန်မှာ ဈေးတက်မယ်။ ဒါဆို အခွန်လည်းကောက်ခံရတဲ့အပြင် ငွေလဲနှုန်းနဲ့ပါ ဈေးလိုက်တယ်မယ်ဆိုရင် တရုတ်ကုန်တွေ အမေရိကန်မှာ အရောင်းထိုင်းဖို့ပါပဲ။ တဘက်မှာ အမေရိကန်ဘက်က ကုန်သွယ်စစ်ကို စကြေညာသူဖြစ်တဲ့အတွက် သူ့ဘွန်းတွေကို ဘယ်လောက်အထိ တရုတ်ကထုတ်ရောင်းရင် အခြေအနေပျက်မသွားအောင် ဘာပြန်လုပ်ရမယ်ဆိုတဲ့အစီအမံ ရှိဖို့များပါတယ်။

ဒီတော့ တရုတ်က အပူစာမစားပါဖူး။ သူပုံမှန်လုပ်နေကြဖြစ်တဲ့ သူ့ငွေကိုပဲ ဈေးကျအောင်လုပ်တယ်။ ငွေဈေးကျတာဟာ အခွန်ကောက်လို့ ဈေးတက်တဲ့နှုန်းကို ထေနိုင်ရင် အမေရိကန်ကို ကုန်တွေပုံမှန်ပို့နေဖို့ပါပဲ။ တရုတ်မှာ လူဦးရေ သန်း ၁၄ဝဝ နီးပါးမှာ သန်း(၃ဝဝ)လောက်က ဆင်းရဲနေတုန်းပါ။ ကုန်တွေအရင်လို ဆက်မထုတ်နိုင်ရင် စက်ရုံတွေပိတ်ရရင် အလုပ်သမားပြဿနာတွေ နိုင်ငံရေးစီးပွားရေး မတည်ငြိမ်မှု တွေ ရှိလာနိုင်တယ်။ ပြည်တွင်းတည်ငြိမ်ရေးဟာ အင်ပါယာအိပ်မက်မက်နေတဲ့တရုတ်တွေအတွက် အိပ်မက်ဆိုးဖြစ်သွားနိုင်တာကို တရုတ် အာဏာပိုင်တွေက သိတယ်။ ဟုတ်ပြီ။ အမေရိကန် တရုတ် ကုန်သွယ်စစ်ကြောင့် တရုတ်ငွေထက်စာရင် ဒေါ်လာဈေးတက်လာတယ်။ သည်မှာ တချို့နိုင်ငံတွေ၊ ငွေ လက်ကြီးကစားသူတွေက ဒေါ်လာဈေး ထပ်တက်ရိပ်ရှိတယ်ဆိုပြီး ဝယ်တာတွေရှိတယ်။ ဒါက ဒေါ်လာဈေးကို မီးလောင်ရာလေပင့်သလို ဖြစ်တယ်။ အမေရိကန်တွေကို ဘယ်သူက ဘာဖြစ်တယ်ပဲပြောပြော ဒေါ်လာဟာ နိုင်ငံတကာမှာ နိုင်ငံခြားအရံငွေ အဖြစ် အများဆုံးဝယ်ယူစုဆောင်းခံရတဲ့ငွေ ဖြစ်နေတုန်းပါပဲ။ စာရင်းနည်းနည်း ပြဖို့ လိုမယ်ထင်တယ်။

ကမ္ဘာ့နိုင်ငံတွေက နိုင်ငံခြားငွေအဖြစ် ဝယ်တဲ့အထဲမှာ ဒေါ်လာ ၆၃.၅% နဲ့ ထိပ်ဆုံးမှာပါ။ နောက်က ယူရိုက အတော်လှမ်းလှမ်းမှာ ၂ဝ% နဲ့ ရှိပြီး၊ နောက်မှာ ဂျပန်ယန်းနဲ့ အင်္ဂလန်စတာလင်ပေါင် ဟာ ၃ နဲ့ ၄ အဆင့်မှာ ၄.၅% နဲ့ အတူရှိတယ်။ ငါး နဲ့ ခြောက်က ကနေဒါဒေါ်လာ ၂% နဲ့ အော်ဇီဒေါ်လာ ၁.၈%။ နံပါတ် ၇ မှာ တရုတ်ယွမ်က ၁.၁% ပါ။ ဒီစာရင်းကိုကြည့်ရင် ငွေချင်းယှဉ်တိုက်ရင် မန်ယူနဲ့ ရန်ကုန်ယူနိုက်တက် ကန်သလို ဖြစ်သွားဖို့ရှိတယ်။ ဒါပေမယ့် တဘက်ကကြည့်ရင် ကမ္ဘာပေါ်မှာ နိုင်ငံခြားအရံငွေအများဆုံးရှိတဲ့နိုင်ငံဟာ တရုတ်ပါ။ ဒါလည်း စာရင်းနဲ့တကွ ကြည့်ဖို့လိုမယ်။ ၁ နဲ့ ၂ က ကမ္ဘာ့စီးပွားအင်အား ဒုတိယအကြီးဆုံးနဲ့ တတိယအကြီးဆုံးဖြစ်တဲ့ တရုတ်နဲ့ဂျပန်ပါ။ တရုတ်က ဒေါ်လာနဲ့တွက်ရင် ဘီလီယံ သန်း(၃၁ဝဝ)ကျော်ရှိပြီး ဂျပန်က သန်း(၁၂ဝဝ)ကျော်ရှိတယ်။ နောက်မှာ ဆွစ်ဇာလန်၊ ဆော်ဒီနဲ့ဟောင်ကောင် စသည်ဖြင့် ရှိတယ်။ ဒါနဲ့ အမေရိကန်ကကောလို့ မမေးပါနဲ့။ အမေရိကန်က ဒေါ်လာကိုစက်နဲ့ရိုက်ထုတ်တဲ့နိုင်ငံပါ။ ဘယ်သူ့ပိုက်ဆံကိုမှ နိုင်ငံခြားအရံငွေအနေနဲ့ ဝယ်မထားပါဘူး။

လောလောဆယ်မှာ ထရမ့်နဲ့ ရှီကျင်းပင် လက်ရည်ယှဉ်နေတယ်ပြောကြပေမယ့် တကယ်တမ်းက နောက်မှာရှိတဲ့ စီးပွားရေး ပညာရှင်တွေ ပြိုင်နေကြတဲ့သဘောပါ။ အတိအကျ အတည်ယူလို့မရပေမယ့် သတင်းတွေအရ အမေရိကန်စီးပွားရေးအဖွဲ့က တရုတ်ကို အပြတ်ဖြတ်ရမယ် ဆိုတဲ့ အိုဘားမား အာဏာရကတည်းက မမျှတတဲ့ကုန်သွယ်ရေးကို အမြဲထောက်ပြနေတဲ့အဖွဲ့ဖြစ်ပြီး တရုတ်ဘက်က အလယ်အလတ် သဘောထားရှိတဲ့ စီးပွားရေးပညာရှင်အဖွဲ့ကို ရှီကျင်းပင်က တာဝန်ပေးထားတယ်ဆိုတယ်။ ဆိုတော့ စစ်ကြာလို့ တရုတ်ဘက်က ဆက်တိုက် အရေးနိမ့်တာကို ပြန်မထူမတ်နိုင်ရင် ရှီကျင်းပင်က လူလဲကစားနိုင်ခြေရှိတယ်ဆိုတဲ့ ခန့်မှန်းချက်လည်းရှိနေတယ်။ ဒါပေမယ့် တကယ်တမ်း ဒေါ်လာဈေးတက်တာက ဒီစစ်ပွဲကြောင့်ရယ်လို့ အပြတ်ပြောလို့မရပါဘူး။ အမေရိကန်စီးပွားရေးပေါ်လစီနဲ့လည်း ဆိုင်တယ်။

၂ဝဝ၈မှာ အမေရိကန်ကစတဲ့ တကမ္ဘာလုံးဘဏ္ဍာရေးအကျပ်အတည်းဖြစ်တော့ အမေရိကန်ကငွေတွေ ဈေးကွက်ထဲကို အလုံးအရင်းနဲ့သွင်း တဲ့နည်း(Stimulus Package) နဲ့ ကုစားတယ်။ ၁၉၃ဝ ကမ္ဘာ့စီးပွားပျက်ကပ်မှာ အမေရိကန်သုံးတဲ့ ငွေကြေးပေါ်လစီမှားတယ်ဆိုတဲ့ အယူအဆကို အခြေခံထားတာကြောင့်လည်း ပါတယ်။ မကြိုက်တဲ့ပညာရှင်တွေ ငြင်းကြတဲ့ကြားကပဲ ငွေသွင်းကုတဲ့နည်းကအောင်မြင်မှု ရခဲ့တယ်။ ငွေကြေးပေါ်လစီဆိုတာက နိုင်ငံတွေမှာ ဗဟိုဘဏ်က လုပ်ကြတာပါ။ အမေရိကန်မှာ သမ္မတပြီးရင် ဒုတိယပါဝါအကြီးဆုံးလို့ ကမ္ဘာ့စီးပွားရေးလောကက တင်စားခေါ်ခံရတဲ့သူက ဗဟိုဘဏ်ဥက္ကဋ္ဌပါ။ ငွေကြေးပေါ်လစီကို ဗဟိုဘဏ်ဥက္ကဋ္ဌနဲ့ သူ့ဘုတ်အဖွဲ့က စီမံခန့်ခွဲ တယ်။ ဗဟိုဘဏ်ဥက္ကဋ္ဌကို သမ္မတက တင်မြောက်ရတာဖြစ်ပေမယ့်လို့ သမ္မတသြဇာပြင်ပကနေ သီးခြားစီမံခန့်ခွဲလို့ရတဲ့ပါဝါရှိတယ်။ စီးပွားရေးပေါ်လစီဆိုတော့ အသေးစိတ်တွေမှာ တော်တော် ပညာပါတာတွေရှိမယ်ဆိုပေမယ့် ကျနော်တို့လို လူပြိန်းတွေနားလည်နိုင်တဲ့ စကားနဲ့ပြောပါဆိုရင် ဈေးကွက်ထဲလည်ပတ်နေတဲ့ငွေကို များအောင်လုပ်မလား နည်းအောင်လုပ်မလားလို့စဉ်းစားတာက အခြေခံအကျဆုံး ဖြစ်တယ်။

၂ဝဝ၈ ဖြစ်လို့ ငွေတွေထိုးသွင်းတဲ့နည်းကို အပေါ်မှာ Stimulus Package လို့ပြောတာက ပြသနာဖြစ်တုန်း ပက်ကေ့ခ်ျတခုအနေနဲ့လုပ်လို့ ခေါ်တာဖြစ်ပြီး အဲသလိုငွေတွေ ပေါအောင်လုပ်တာကို လက်ရှိခေါ်တဲ့စကားလုံးက ငွေပင်ငွေရင်း ချောင်လည်အောင်လုပ်ခြင်း QE (Quantitative Easing) ပါ။ ၂ဝဝ၈ ကနေ အမေရိကန်ဟာ ဈေးကွက်ထဲကိုသွင်းခဲ့တဲ့ငွေဟာ ဒေါ်လာသန်း ၃.၅ ထရီလီယံရှိတယ်။ သန်းပေါင်း (၃.၅)သန်းပါ။ ဒါပေမယ့် ခုလက်ရှိမှာ ဒီ QE ပေါ်လစီကို ပြန်ပြောင်းထားတယ်။ ၂ဝ၁၅ ကနေစပြီးခုထိ အမေရိကန်ဗဟိုဘဏ် (Federal Reserve ကို Fed လို့အတိုခေါ်ကြတယ်)က အတိုးနှုန်း ၅ ကြိမ်ဆက်တိုက် တင်ထားတယ်။ ဆိုလိုတာက ဈေးကွက်ထဲကို သွင်းထားတဲ့ငွေတွေကို ပြန်ယူနေတာဖြစ်တယ်။ အဲဒါကို ငွေပင်ငွေရင်းတင်းကျပ်ခြင်း QT (Quantitative Tightening) လို့ခေါ်တယ်။ မက်ခရိုစီးပွားရေးမှာတော့ ငွေထိုးသွင်းရင် (Expansionary Policy)၊ ငွေပြန်ကျပ်ရင် (Contractionary Policy)လို့ ခေါ်တယ်။ QE တို့ QT တို့နဲ့ သဘောချင်းအတူတူပါပဲ။ ထားတော့။

အမေရိကန်ငွေကြေးပေါ်လစီ ဟာ ၂ဝ၁၅ ကနေ စပြီးတော့ ပြန်ကျပ်နေတယ်လို့ ပြောလို့ရတယ်။ ၂ဝ၁၅ က အလှည့်အပြောင်းနှစ်တခု ဖြစ်တယ်။ တရုတ်စီးပွားရေးဆက်တက်ဖို့ လက်ရှိပုံစံတခုတည်းနဲ့သွားဖို့ မဖြစ်နိုင်တော့ဘူးဆိုတာရဲ့ အစ နှစ်ပါ။ တနည်း တရုတ်စီးပွားရေး စကျဖို့ဖြစ်တဲ့နှစ်မို့ပါ။ ဒီအကြောင်းက အသေးစိတ်ထပ်ပြောရမယ့်သဘောရှိတာမို့ လောလောဆယ် ခနကျော်သွားပါမယ်။ အဓိကမေးခွန်းက အမေရိကန် ဒီ စီးပွားရေးပေါ်လစီကြောင့် ငွေတန်ဖိုးမာလာတာဆိုရင် ဒီပေါ်လစီကို ဘယ်လောက်ထိသွားဖို့ရှိမလဲလို့ မေးရပါမယ်။ ၂ဝ၂ဝ အထိလို့ ခန့်မှန်းချက်တွေရှိတယ်။ အနည်းဆုံး ၂ဝ၁၉ နှစ်ကုန်အထိ တနှစ်ကို ဈေးကွက်ထဲကငွေတွေ ဘယ်လောက် ပြန်သိမ်းမလဲဆိုတဲ့ ကိန်းဂဏ္ဍန်းနဲ့တကွ ခန့်မှန်းချက်တွေရှိတယ်။

ဒီတော့ ဒေါ်လာဈေးအတက်က ဆက်မသွားဘူးဆိုရင်တောင် ပြန်ကျတဲ့အခါ တရှိန်ထိုးကျသွားဖို့မရှိဘူး။ လိုရင်းပြောရရင် ကျပ်ငွေနဲ့ ဒေါ်လာ လဲနှုန်း ဈေးပြန်ကျမယ်ဆိုရင်တောင် တက်သလောက်မြန်ဖို့နဲ့ များဖို့မလွယ်ဘူး။ မြန်မာပြည်စီးပွားရေးကလည်း ချက်ခြင်းတက်လာဖို့က မရှိဆိုတော့ ဒေါ်လာဈေးကိုထိန်းနိုင်ဖို့ အကောင်းဆုံးမျှော်လင့်ချက်ဟာ ခံစစ်အရပြောရင် ဒေါ်လာထွက်နိုင်တာတွေကို စိစစ်ဖို့ပါ။ သို့သော် ဒီတခုတည်းက မလုံလောက်ပါဘူး။ တိုက်စစ်ကိုပါ တွဲစဉ်းစားရပါမယ်။ ဒါတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုမှာပဲ အဖြေရှိလာတယ်။ အပြင်က ငွေတွေ အထဲဝင်လာအောင်လုပ်ရမယ်။ ဘယ်သူတွေ လာမလည်း။ ကုန်သွယ်စစ် ဆက်အရှိန်မြင့်ရင် တရုတ်မှာရှိတဲ့ နိုင်ငံခြားကုမဏီတွေက တရုတ်အပြင်ကို ထွက်ပါလိမ့်မယ်။ အရင်းတွေ အပြင်ထွက်မယ်။ Capital Flight လို့ခေါ်တယ်။ တရုတ်ငွေ ဈေးချလို့နဲ့ အခြားစီးပွားရေး အနေအထားတွေကြောင့် တရုတ်ကနေ နိုင်ငံခြားကိုထွက်သွားတဲ့အရင်းတွေ ၂ဝ၁၆ မှာ စပြီး ထင်ရှားလာတယ်။
စာရင်းတွေကိုကြည့်ပြောရရင် တရုတ်လူဦးရေဟာ ၁၉၈ဝ ကနေ ၂ဝ၁၅ အထိ ၃၈၆ သန်းတိုးတယ်။ အဲသည်အချိန်အတွင်း တရုတ်မှာ အလုပ်သန်း (၃၅ဝ)ဖန်တီးပေးနိုင်ခဲ့တယ်။ ၂ဝဝ၈ အမေရိကန် လေးမင်းဘရားသား က စတဲ့ စီးပွားရေးဆုတ်ယုတ်မှုမှာ ကမ္ဘာ့စီးပွားရေးကို အဓိကမောင်းနှင်ခဲ့တာဟာ တရုတ်ဖြစ်တယ်။ အဲသည်မောင်းနှင်အားဟာ အဓိက တရုတ်ရဲ့ အမေရိကန်ကုန်သွယ်ရေးအသာရမှုဆီကနေ ဖြစ်တယ်။ ခု တရုတ်အင်ဂျင်ကျတယ်ဆိုပေမယ့် မောင်းလို့ကတော့ ကောင်းတုန်းပဲ။ ဒါပေမယ့် သူ့အချိန် လာဖို့ ရှိနေတယ်။ ဒီတော့ ဇိနတိုင်းက လွင့်လာမယ့်အရင်းကို မြန်မာလို ဘဏ်စနစ်တောင် ကောင်းကောင်းမရှိတဲ့နိုင်ငံလေးက ဖမ်းစားဖို့ကြိုးစားမယ်ဆိုတာ မိုးမိုးအင်းလျားဝထ္ထုတပုဒ်နာမည်ကို သတိရစရာဖြစ်တယ်။ ညီမလေးက အချစ်ကို ကိုးကွယ်မယ်တဲ့လား ပေါ့။ ဒါပေမယ့် နည်းလမ်းရှိရမယ်။ ငွေလဲနှုန်းဆက်ကျသွားရင် ပြည်တွင်းမှာ ဘာမှမထုတ်နိုင်တဲ့နိုင်ငံ တနိုင်ငံအတွက် ကောင်းတဲ့အလားအလာတော့ မဟုတ်ဘူး။

ဒါပေမယ့် တရုတ်စီးပွားရေးပြောင်းလဲမှု စလုပ်တော့ တိန့်ရှောင်ဖိန်ရဲ့လမ်းညွှန်ချက်တခု ရှိတယ်။ ခဲလုံးတွေကိုစမ်းနင်းရင်း မြစ်ကိုဖြတ်ကူး ကြရမယ်ဆိုတာ။ အားလုံးအခြေကျအောင်စောင့်ပြီး စီးပွားရေးလုပ်မယ်ဆို နောက်ကျသွားနိုင်တယ်။ သို့သော် တရုတ်အောင်မြင်ခဲ့တာ သူတို့တော်လွန်းလို့တော့ မဟုတ်ဘူး။ အမေရိကန်စီးပွားရေးပေါ်လစီနဲ့ နိုင်ငံတကာမှာ ငွေကိုလုပ်တဲ့ ပုံစံပြောင်းလဲသွားလို့ဖြစ်တယ်။ ၁၉၃၃ မှာ စီးပွားပျက်ကပ်ရဲ့အကျိုးဆက်ကိုကုစားဖို့ ရုစဗဲ့က အမေရိကန်မှာရှိတဲ့ရွှေအားလုံးကို အစိုးရဆီပြန်အပ်ဖို့ အမိန့်ထုတ်တယ်။ ဒါပေမယ့် ဒေါ်လာရိုက်ထုတ်တိုင်း ရွှေနဲ့နောက်ခံထားရမယ့်စနစ် မဖျက်သေးဘူး။ ၁၉၄၅ မှာ စစ်တိုက်ဖို့ငွေလိုတော့ အမေရိကန်မှာ ဒေါ်လာကို ရွှေနဲ့ နောက်ခံထားဖို့ရာနှုန်းကို လျော့တယ်။ ပထမ ၄ဝ% ကနေ ၃၅% နောက် ၂၅% ထိကျသွားတယ်။ ၁၉၆၈ မှာ ကွန်ဂယက်က တခါ ဥပဒေ ပြင်တယ်။ ဒေါ်လာထုတ်ဖို့ ရွှေနောက်ခံထားဖို့ မလိုတော့ဘူးဆိုတာ။ အဲဒါကပြည်တွင်း ဗဟိုဘဏ်အတွက်ထုတ်တာဖြစ်ပြီး နိုင်ငံတကာမှာ ဒေါ်လာကို ကြိုက်ရင်ကိုင် မကြိုက်ရင်မကိုင်နဲ့တော့လို့ ပြောတာကတော့ ၁၉၇၁ နစ်ဆင်ရဲ့ကြေညာချက် ဖြစ်တယ်။ ဒီမှာ Fed က ငွေလုပ်ဖို့ ပိုလွတ်လပ်သွားသလို ဒီအပြောင်းအလဲကို နိုင်ငံတကာကအဆင်ပြေအောင် ထိန်းညှိကြရာမှာ ငွေရဲ့အခန်းကဏ္ဍဟာ သီအိုရီတွေကို ကျော်လွန်လာခဲ့တယ်။

ဒီအခွင့်အရေးကို တရုတ်ဘယ်လိုစီးနင်းခဲ့သလဲနဲ့ လက်ရှိသူတို့ ကြုံတွေ့ရတဲ့ ချေးငွေအကျပ်အတည်းနဲ့ OBOR စတာတွေဟာ တဆက်တည်းလို့ ပြောရမှာပါ။
(ဆက်လက်ဖော်ပြပါမည်)
https://www.facebook.com/2011-publishing-514608691929218/

0 comments:

Post a Comment