(ယုန်ထင်ကြောင်ထင်လို့တော့
မထင်လိုက်လေနဲ့)
Public Opinion ဆိုတာက လူထုစိတ်ထဲဖြစ်နေတဲ့ ထင်မြင်နေတဲ့ ထင်မြင်ချက်ဖြစ်ပါတယ်။ ယုန်ထင်ကြောင်ထင် ထင်တာမျိုးနဲ့မတူပါဘူး။ ဘယ်အခါမှာ လူထုထင်မြင်ချက် ထွက်တတ်သလဲဆိုတာတော့ အခြေအနေတိုင်းမှာလို့ပဲပြောရမယ် ထင်ပါတယ်။ အပေါ်ထပ်အဆောက်အဦ (အစိုးရ) စီမံခန့်ခွဲမှုတွေနဲ့ပတ်သက်တဲ့ Information တွေကို လူထုက အခါခပ်သိမ်းမရနိုင်သလို အချိန်နဲ့တပြေးညီလည်းမရနိုင်ပါဘူး၊ တချို့အခြေအနေတွေမှာဆို ကာလတခုအထိ လူထုကိုချပြလို့မရလို့ 'ထိမ်'ထားပြီး နောက်မှထုတ်ပြန်ရတာတွေလည်းရှိပါတယ်။ အစိုးရဆီ ကနေ နေရာတကာတိုင်းမှာ ပွင့်လင်းမြင်သာမှုရလိမ့်မယ်လို့ မျှော်လင့်မိရင် မျှော်လင့်မိသူဟာ သူရူးလို့ပဲပြောရမှာပါ။ ဆိုတော့ အစိုးရထဲမှာ တကယ် လက်တွေ့မျက်တွေ့ဖြစ်နေတာတွေကို လူထုက အချိန်မီ အကုန်အစင် မသိနိုင်ဘူး။ သိလို့မရဘူး ဒီအခါမယ် လူထုထင်မြင်ချက် Public Opinion တွေထွက်လာတယ်။

ဒီတော့ ဘာဖြစ်လာလဲ။ လူတွေစိတ်ထဲမှာ
တိုင်းပြည်မှာ တခုခုတော့ဖြစ်နေပြီ၊ အစိုးရလည်း တခုခုတော့ဖြစ်နေပြီ၊ ဘာဖြစ်နေတယ်သာ
တို့အနေနဲ့ မသိရတာ၊ ဟိုနိုင်ငံဒီနိုင်ငံတွေကရော ဟိုမီဒီယာဒီမီယာတွေကပါ
ဟိုလိုဒီလိုတွေ ပြောနေကြတာကြားတယ်၊ အခြေအနေတွေ ဆိုးကုန်ရင်တော့ ဒုက္ခပဲ။ လူတွေကျပ်တည်းလာရင်တော့ပြဿနာပဲ
စသည်ဖြင့် စိုးရိမ်စိတ်နဲ့ယှဉ်တဲ့ သောကမျိုးတွေဖြစ်လာတတ်ပါတယ်။ ဒါ ဆိုးတဲ့ဘက်ကပါ။
ကောင်းတဲ့ဘက်မှာလည်း အလားတူပါပဲ။ တကယ် အပေါ်ထပ်အဆောက်အဦ(အစိုးရ) တကယ်လုပ်နေ
ဖြစ်နေတာထက် လူထုက ပိုအကောင်းတွေးတာ။ မနက်ဖြန်ပဲ မြေကြီးက ပဒေသပင် ထပေါက်မယ့်အတိုင်း၊
ရွှေမိုးငွေမိုးတွေရွာတော့မယ့်အတိုင်း၊ ဘိုးဘိုးအောင် နဲ့ ရှင်အဇ္ဇဂေါဏတို့က
မတော့မယ့်အတိုင်းတွေဖြစ်နေတာမျိုးပါ။
လူထုထင်မြင်ချက်ကတော့ အချိန်တိုင်း
အခြေအနေတိုင်းမှာ ရှိနေ ထွက်နေမှာပါပဲ။ ဒါကို ဘယ်အစိုးရမှ ရှောင်လွှဲလို့မရပါ။
လူထုထင်မြင်ချက် မှာလည်း အကောင်းထင်မြင်ချက် အဆိုးထင်မြင်ချက်တွေက
အခြေအနေတွေပေါ်တည်ပြီး ဖြစ်ပေါ်ပါတယ်။ တခါ အကောင်းအဆိုး ထင်မြင် ချက် ၂
ခုလုံးမှာလည်း နည်းနည်းထင်တာနဲ့များများထင်တယ်၊ လွန်လွန်ကျွံကျွံထင်မြင်တာနဲ့
ထိန်းထိန်းသိမ်းသိမ်းထင်မြင်တာတွေဟာ အခြေ အနေအလိုက် ရေချိန်အလိုက်
ကွာကွာခြားခြားရှိလေ့ဖြစ်ပါတယ်။
ဒီတော့ Public Opinion လို့ဆိုတဲ့
လူထုအမြင်ဟာ လက်ရှိ အစိုးရထဲမှာ တကယ်ဖြစ်ပျက်နေတာတွေနဲ့ မတူပဲလည်းရှိတတ်တယ်လို့
ချုပ်ပြီး ဆိုလို့ ရပါတယ်။ အဲ့သလို မတူပဲဖြစ်နေတဲ့လူထုထင်မြင်ချက်ကို
ဘာဆိုင်လို့လဲကွာ တကယ်ဖြစ်နေတာနဲ့ လူတွေထင်မြင်ယူဆနေကြတာနဲ့ တူမှမတူတာပဲဆိုပြီး
ပစ်ပယ်လိုက်လို့တော့ မရပါဘူး။ ပစ်ပယ်ဖို့မပြောနဲ့ တချို့အခြေအနေတွေမှာဆိုရင်
Public Opinion ကို ဖော့ရုံလေး ဖော့လိုက်တာမှာတင် ဂျွမ်းထိုးမှောက်ခုံတွေဖြစ်
ပလ္လင်ပေါ်ကပြုတ်ကျ တိုင်းပြည်ကသောင်းကနင်းတွေဖြစ်ခဲ့တဲ့ အစိုးရတွေနိုင်ငံတွေ
လူ့သမိုင်းမှာအများကြီးပါ။ အလားတူပဲ လူထုအမြင်ကို ပိုတွက်ပြီး ရလောက်ပြီဟဆိုကာ
"ကြိုက်လုံးပစ်နိုင်ငံရေး"နဲ့ "နင်းလိုက်"လိုက်လို့
ရေပွက်ပမာနဲ့ဇာတ်သိမ်းသွားရတဲ့ နိုင်ငံရေးသမားတွေ အစိုးရတွေလည်း
ဘုံးဘောလအောတွေ့ခဲ့ကြမှာပါ။ လူထုမှာ လက်ဝဲတိမ်းညွှတ်မှု ရှိနေတယ်ဆိုပြီး
ဆိုရှစ်လစ်အတုလုပ်တာမျိုး၊ လူထုက ဒီမိုကရေစီရေးတိမ်းညွှတ်မှုရှိနေလို့
စည်းကမ်းပြည့်ဝသော ဒီမိုကရေစီလုပ်တာမျိုး တွေပါ။ တကယ့်အနှစ်သာရက
လူမျိုးရေးဘာသာရေးအစွန်းရောက်အတွေးအခေါ်နဲ့ စစ်အာဏာရှင်စနစ်ပါ။ ဖုံးထားတာက သကာပါ၊
အထဲမှာက အဆိပ်ပါ။ လူထုက အယုံအကြည်မရှိမှန်းသိပေမယ့်
"ကြိုက်လုံးပစ်"ပြီးလုပ်သွားတဲ့ နိုင်ငံရေးတွေပါ။ (စကားချပ် အခု
အမျိုးသားနိုင်ငံရေးတို့၊ အမျိုးဘာသာ သာသနာတို့ဆိုတာတွေဟာ Identity Politics
ခေါင်းစဉ်အောက်က ကြိုက်လုံးပစ်နိုင်ငံရေး(Popular Politics) တွေပါပဲ)
ပြန်ဆက်ရရင် ကျနော်တို့ရောက်နေတဲ့
မျက်မှောက်ခေတ်ဟာ Public Opinion ကိုသိရဖို့ ပဒေသရာဇ်ခေတ်တုန်းကလို ရုပ်ဖျက်ပြီး
စနည်းနာစရာမလိုတော့တဲ့ ခေတ်ပါ။ အစိုးရဟာ သတင်းဆက်သွယ်ရေးနည်းပညာရော ကိရိယာတွေရော လက်ဝယ်ရှိထားသူပါ။
သိလိုတဲ့ဆန္ဒမရှိရင်သာ မသိတာပါ။ သိချင်ရင် အလွန်လွယ်ကူပါတယ်။ အစိုးရမှာ
သိချင်စိတ်ရှိဖို့ လိုပါတယ်။ သိအောင် အရင်လုပ်ရပါမယ်။
ဗမာပြည် အနီးသမိုင်းကိုပြန်ကြည့်ပါ။ ၈၈
လူထုဒီမိုကရေစီရေးအုံကြွမှုကြီး မဖြစ်ခင်အစောပိုင်းကာလ၊ ဖြစ်ရိပ်သန်းလာတဲ့ကာလ၊
ဖြစ်ကာနီးဆဲဆဲနဲ့ ထဖြစ်လိုက်တဲ့ကာလတွေမှာ လူထုအမြင်တွေ ဘယ်လိုရှိခဲ့ကြသလဲကို
ကျနော်တို့တွေ့ရမှာပါ။ အဲ့ဒီ Public Opinion တွေကို အစိုးရလို့ဆိုတဲ့ မဆလ
တပါတီစစ်အာဏာရှင်က ပစ်ပယ်ခဲ့ကြလို့၊ ဖော့တွက်၊ လျှော့တွက်ခဲ့ကြလို့ ၁၉၆၂
ကနေစခဲ့တဲ့ စစ်အုပ်စိုးမှု သဏ္ဍန်နေရာမှာ နောက်တခုနဲ့အစားထိုးပြီး ရုပ်ပျက်ဆင်းပျက် မျက်နှာပြောင်တိုက်ပြီး
ပြောင်းခဲ့ရတာပါ။
ပြန်ချုပ်ရရင် လူထုအမြင်လို့ဆိုတဲ့ Public
Opinion ဆိုတာရှိတယ်။ ကောင်းတဲ့ဘက်ကမြင်တဲ့အမြင်နဲ့ ဆိုးတဲ့ဘက်ကမြင်တဲ့အမြင်ရှိတယ်။
အကောင်းအဆိုး ၂ ခုလုံးကို နည်းနည်းမြင်တာနဲ့ များများများမြင်တာရှိတယ်။ အလွန်အကျွံမြင်တာနဲ့ထိန်းထိန်းသိမ်းသိမ်းမြင်တာရှိတယ်။ ဘယ်လိုပဲရှိရှိ ဘယ်လောက်ပဲရှိရှိ ရှိနေဖြစ်နေတဲ့ လူထုအမြင်ကို သိအောင်လုပ်ရမယ်။ သိရင် ပစ်ပယ်လို့မဖြစ်ဘူး။ ဖော့တွေးတာမျိုး လျှော့တွက်တာမျိုးတောင် မလုပ်အပ်ဘူး။ လုပ်ရင် ငါးပါးတင်မကဘူး သံဃာစင်ပါမှောက်မယ်။

ဒီလောက်ပါပဲ ခုလောလောဆယ် လူထုအမြင် Public
Opinion နဲ့ပတ်သက်လို့တွေးမိတာက။
မျိုးမြင့်ချို(ဒီဇင်ဘာ ၉၊ ၂ဝ၁၈)
မျိုးမြင့်ချို(ဒီဇင်ဘာ ၉၊ ၂ဝ၁၈)
0 comments:
Post a Comment