Wednesday, December 12, 2018

(မိန်းမယူမယ့်ကောင်)မျိုးမြင့်ချို

0 comments
(မိန်းမယူမယ့်ကောင်)မျိုးမြင့်ချို
မိတ်ဆွေ။ ဟေ့လူ ကြံ့ဖွံ့အာဏာရရင် ဗမာပြည်ပြန်ပြီး၊ နိုင်ငံသားပြန်လျှောက်၊ မိန်းမလေး ဘာလေးပြန်ယူ၊ ကလေး လေး ဘာလေးမွေးရရင် ကောင်းမယ်နော်။ ဒီမှာ တတ်ထားတာလေးနဲ့ ပြန်အလုပ် လုပ်ရင်း တခါတည်းအပြီးနေလိုက်ရင်တောင် အဆင်ပြေမလားမသိဘူးဗျ။ အဲ့ဒီမှာပဲ ခေါင်းချတာပေါ့ဗျာ။

ကျနော်။ ၂ဝ၂ဝ ရွေးကောက်ပွဲစောင့်ကြည့်ပါဦးဗျ။ အဲ့ဒါပြီးရင်တော့ ခင်ဗျား ပြန်မယ်မပြန်ဘူးနဲ့ ပြန်ဖြစ်ရင် မိန်းမယူမယ်မယူဘူး၊ ကလေးယူမယ် မယူဘူးတွေဆုံးဖြတ်ဖို့ ခန့်မှန်းနိုင်မယ်ထင်တယ်။ ခုနေခါတော့ တွေးလုံးလောက်ပဲထားပါဗျ။
မိတ်ဆွေ။ ပြောမရဘူးဗျ ဟေ့လူရဲ့။ ဒီကောင်တွေအခု နိုင်ငံရေးနည်းနည်းတော့ ပြန်တက်လာတယ်ဗျ။ သိန်းစိန်လက်ထက်ကထက်စာရင် လူနည်းနည်း ပြန်စိတ်ဝင်စားလာတယ်ဗျ။

ကျနော်။ ခင်ဗျားကလည်း နိုင်ငံရေးတက်တယ်ပြောရအောင် ခင်ဗျားမှာ ဘာအချက်အလက်များရှိလို့လဲ။
မိတ်ဆွေ။ အချက်အလက်က သတ်သတ် ရှာစရာလိုလို့လားဗျာ။ ပြည်တွင်းပြည်ပမီဒီယာတွေမှာ ဒီကောင်တွေကို ပွဲအတော်ပြန်ထုတ်လာတာ မတွေ့ဘူးလားဗျ။ အင်န်အယ်လ်ဒီအနိုင်ရစက ဒီကောင်တွေကို ဘယ်မီဒီယာက စောက်ဖက်လုပ်လို့တုန်း။ ဒီမှာလို လူထုစစ်တမ်း Public Survey တွေ ကောက်ကြည့်ရင်တော့ မပြောတတ်ဘူးပေါ့ဗျာ ဘယ်လိုဖြစ်မလဲတော့။

ကျနော်။ ဟာ ခင်ဗျားကလည်း မီဒီယာဆိုတာ သူ့အလုပ် သူလုပ်တာဘဲဗျ။ လူစိတ်ဝင်စားမယ်ထင်တာတင်ရင် လူသိများလူကြည့်များ ပွဲစည်တော့ နံမည်ရတာပဲလေဗျာ။ အဲ့ဒါ သူ့အလုပ်ပဲဟာ။ အဲ့ဒါကြည့်ပြီး ဒီကောင်တွေကို လူစိတ်ဝင်စားတယ်ပြောလို့ မရဘူးနဲ့တူတယ်။
မိတ်ဆွေ။ ခင်ဗျားဘဲ မီဒီယာဆိုတာ လူစိတ်ဝင်စားမယ်ထင်တာကိုတင်တယ်လို့ပြောတယ်လေဗျာ။ အဲ့ဒါ လူစိတ်ဝင်စားလို့ပေါ့ဗျ။ လူစိတ်မဝင်စားမှတော့ မီဒီယာက ဒီကောင်တွေကို ဘာ တင် နေစရာလိုမလဲဗျာ။

ကျနော်။ အဲ့လိုလည်း မဟုတ်သေးဘူးလေဗျာ။ တခါတလေမှာ မီဒီယာတွေက လူမကြိုက်တဲ့ကောင်တွေကို တမင်တင်ပြီး၊ လူကြိုက်တဲ့ကောင်တွေနဲ့ တည်ပေးပြီး ဟိုကောင်တွေသရုပ်ကို ပွင့်ကျသထက်ကျအောင်လုပ်တာမျိုးတွေလည်းရှိတယ်လေဗျာ။
မိတ်ဆွေ။ ဟာ..အဲ့ဒါက လူထုမီဒီယာတွေဗျာ။ လူထုဘက်ကလိုက်တဲ့မီဒီယာတွေဗျာ။ ခု ဘီဘီစီတို့၊ ဒီဗီဘီတို့၊ ဗီအိုအေတို့၊ အာအက်ဖ်အေတို့ တချိန်တုန်းက ဖြစ်ခဲ့သလိုပေါ့ဗျာ။ အဲ့တုန်းက ဒီကောင်တွေကို လူရာမသွင်းပါဘူး။ မေးစရာရှိလို့မေးတယ်ဆိုတောင် လူထုဘက်ကရပ်ခံတဲ့လေသံနဲ့မေးတာလေဗျာ။ အဲ့တုန်းက အဲ့ဒီမီဒီယာတွေလုပ်တဲ့အထဲမှာ ခု ခင်ဗျားပြောတဲ့ဟာမျိုးလည်း ပါတယ်လေ။ ဒီကောင်တွေကလည်း အမေးခံရမှာ လန့်တယ်လေဗျာ။ လန့်တာက အလုပ်ပြုတ်မှာ နေရာအဖယ်ခံရမှာကို လန့်တာဗျ။ မီဒီယာကိုလန့်တာ မဟုတ်ဘူးဗျ။ မီဒီယာကို ကြောက်တယ်ဆိုတာထက် ရွံကြောက်ကြောက်ပြီး အဆက်အဆံမလုပ်ဝံ့တဲ့ သဘောပေါ့ဗျာ။

ကျနော်။ အေးလေ ခုလည်း တချို့မီဒီယာတွေအဲ့လို လုပ်နေကြတာပဲဟာ။
မိတ်ဆွေ။ မလုပ်ပါဘူးဗျာ။ လုပ်ရင် ဒီကောင်တွေကို ဘာဒီဘိတ်ညာဒီဘိတ်တွေခေါ် လာပါ့မလားဗျ။ သူတို့နဲ့ တည်ပေးမယ့်ကောင် ဘာကောင်၊ ဘယ်ကကောင် လက်ရည်ဘယ်လောက်ရှိလဲ ကြိုသိတာပဲဟာ။ ခေါင်းစဉ်လည်း သိထားပြီးသားပဲ။ လန့်ရင် လာပါ့မလားဗျ။ မလန့်လို့လာတာ။ လာတာမှ ခေါင်တွေလာတာနော်။ ပါချီပါချက်ကောင်တောင် မလွှတ်ဘူး။ မီဒီယာတွေဘက်ကလည်း အရင်ကလို မေးလို့မရတော့ဘူးလေ။ လူထုဘက်က အပြတ်ရပ်လို့ မရတော့ဘူးလေဗျာ။ ဟိုကောင်တွေဘက်ကလည်း ပြုတ်မှာတို့ဘာတို့မရှိတော့ဘူး အေးဆေးပဲ။ သူတို့ မဖိတ်မှာတောင် ကြောက်ရင်ကြောက်နေမှာဗျ။ ကျနော်တို့လူတွေကမှ ဒီဘိတ်တွေပြောရင် ကိုယ်လွတ်ရုန်းဖို့ တာဝန်ကင်းအောင်လုပ်ဖို့ သူများထိုးချဖို့နဲ့ အချိန်ကုန်သွားတာဗျ။ ပေါ်လစီကိစ္စတို့ဘာတို့ ဘာမှ လောက်လောက်လားလား မပြောနိုင်ကြဘူး။ ဟိုကောင်တွေက အပီတွေချည်းပြောသွားတာဗျ။ ခင်ဗျား ရဲထွဋ်တို့ ဒေါက်တာနန္ဒာလှမြင့်တို့လိုကောင်တွေနဲ့လုပ်တဲ့ပွဲတွေ ကြည့်ကြည့်။ ကိုယ့်လူတွေက စစ်အစိုးရမကောင်းကြောင်းပဲ အပ်ကြောင်းထပ်ပြောနေတာဗျ။ ကိုယ်ဘာလုပ်မယ်ဆိုတဲ့ ပေါ်လစီချမပြနိုင်ကြဘူး။ ဟိုကောင်တွေကတော့ နောက်ကို ပြန်ကာတာက နည်းနည်း ရှေ့ဘာလုပ်မယ်ဆိုတာချည်းပဲပြောတာဗျ။ ကိုယ့်လူတွေပြောတာက လက်ခုပ်သံရပေမယ့် အသားမပါဘူးဗျ။ သူတို့ပြောတာက နှာခေါင်းရှူံ့စရာဆိုပေမယ့် တွေးစရာ ကျန်တယ်ဗျ။ ခုဒီကောင်တွေက မီဒီယာကို ကောင်းကောင်းအသုံးချတတ်နေပြီဗျ။ နောက်ဆို မီဒီယာတွေကတောင် သူတို့ကို ပြန်ကြောက်ရင် ကြောက်လာနိုင်တယ်။

ကျနော်။ ခင်ဗျားကလည်းဗျာ မီဒီယာနဲနိုင်ငံရေးသမားဆိုတာကတေ့ ဒီလိုပါပဲဗျာ။ တခုနဲ့တခု အပြန်အလှန် အသုံးချနေကြတာပဲဟာ။ ခုလည်း မီဒီယာက ဒီကောင်တွေကို အသုံးချနေတာရော မဖြစ်နိုင်ဘူးလား။
မိတ်ဆွေ။ အသုံးချတော့ ချကြတာပေါ့ဗျာ။ ဒါပေမယ့် ဒီကောင်တွေကိုအသုံးချတာထက် ဒီကောင်တွေအသုံးကို ပိုအချခံနေရတာဗျ။ နောက်တခုကလည်းဗျာ အပြန်အလှန်အသုံးချကြဦးတောင် မီဒီယာမျာ အာဏာမရှိဘူးလေဗျာ။ နိုင်ငံရေးဆိုတာက ကြွေတလှည့်ကြက်တခုန်သဘောရှိတာပဲမဟုတ်လား။ ခု ဘာကောင်မှ မဟုတ်ပေမယ့် မနက်ဖြန် ဘုရင်ခံဖြစ်ရင်လည်းဖြစ်မှာလေ နိုင်ငံရေးသဘောက။ ဒီတော့ အသုံးချကြတာချင်းတူတောင် နိုင်ငံရေးသမားက အာဏာရှိတော့ ပို စီးစီးပိုင်ပိုင်ရှိတာပေါ့။ တခါတလေ ကျနော့်စိတ်ထဲ သိတ်တောင် မင်္သကာချင်ဘူး ဒီကောင်တွေ မီဒီယာတွေကိုများ ဝယ်ထားလားဆိုပြီး။

ကျနော်။ ဟေ့လူ စကားက ပြောရင်းပြောရင်း ချော်ချော်ထွက်လာပြီ။ ကိစ္စတခုချင်းစီကို သတ်သတ် ပြန်ဖျဉ်ထုတ်ပြီး ကန့်ပြီးပြောကြမယ်ဗျာ။ ခု ခင်ဗျား ဒီကောင်တွေခေတ်ကျရင် ဗမာပြည်ပြန် မိန်းမယူ ခလေးတွေး ဟိုမှာနေ ဟိုမှာသေ အဲ့ကိစ္စပြန်သွားရအောင်။
မိတ်ဆွေ။ ဘယ်က ချော်ထွက်ရမှာလဲဗျ ဒီကောင်တွေအာဏာရရင် ကျနော်ပြန်မယ်ပြောတာလေဗျာ။ ခုလည်း ဒီကောင်တွေ အာဏာရနိုင်မရနိုင်ပြောနေကြတာပဲဟာ။

ကျနော်။ ဟုတ်ပါပြီ။ ခင်ဗျားက ဘာလို့ ပြန်ချင်တာတုန်း။
မိတ်ဆွေ။ ဟာ..ခင်ဗျားကလည်း ဒုံးဝေးလိုက်တာ။ ကြံ့ဖွံသိန်းဌေးပြောနေတယ်လေ။ အမျိုသမီးတွေလင်ယူကြဖို့ သားမွေးကြဖို့၊ ကလေးဘယ်နှယောက်ယူရင် ဘာပေးမယ်ညာပေးမယ်တွေ ပြောနေပြီလေဗျာ။ နောက်ဆို မိန်းမတယောက်ထက်ပိုယူရင် ဘာပေးမယ် ညာပေးမယ်တွေပါမလာဘူးပြောနိုင်မလားဗျ..တဲ့။
ဆက်ပြောဖြစ်တာတွေကတော့ ကျန်ပါသေးတယ်။ စ လိုက်တာက သူ ကြံ့ဖွံ့ခေတ်ရောက်ရင် ဗမာပြည်ပြန် မိန်းမယူ ခလေးမွေး ဟိုမှာနေ ဟိုမှာသေဖို့ကနေ ဆုံးတော့လည်း အဲ့ဒီဘူတာမှာ ပြန်ဆိုက်သွားတယ်။ ကြားထဲမှာပြောတာတွေကတော့ ရောက်တတ်ရာရာပြောပြော အလာပ သလာပပြောပြောပေါ့။
မျိုးမြင့်ချို(ဒီဇင်ဘာ ၁၂၊ ၂ဝ၁၈)

0 comments:

Post a Comment