Tuesday, December 11, 2018

ကုန်သွယ်ရေးစစ်စတင်ခြင်း(၄) Kyaw Zaaw Khine

0 comments
ကုန်သွယ်ရေးစစ်စတင်ခြင်း(၄) Kyaw Zaaw Khine
(ဗီယက်နမ်စစ်ကင်းဗတ်စပေါ်က ငွေကြေးစုတ်ချက်များ)
ကမ္ဘာမှာငွေကြေးစနစ်နဲ့ ငွေရဲ့အခန်းကဏ္ဍကို အပြောင်းအလဲဖြစ်စေခဲ့တဲ့ စစ်ပွဲတခုရှိခဲ့တယ်။ ဗီယက်နမ်စစ်ပါ။ ဗီယက်နမ်စစ်ကို ပြန်ကြည့်တော့ ကမ္ဘာ့အင်အားကြီးနိုင်ငံ (၂)နိုင်ငံ ဝင်တိုက်ပေးတဲ့စစ်ပွဲလည်းဖြစ်တယ်။ တောင်ဗီယက်နမ်ဘက်က အမေရိကန်ဝင်တိုက်ပြီး မြောက်ဗီယက်နမ်ဘက်က ဆိုဗီယက် (အရင် ရုရှားနိုင်ငံနဲ့အခြားနိုင်ငံ(၁၅)ခု စုစည်းထားတဲ့ပြည်ထောင်စု)က ဝင်တိုက်တယ်။ မြောက်ဗီယက်နမ်ကို တရုတ်ကလည်း စစ်ကူပေးတာမို့ အိုင်ဒီယော်လော်ဂျီခြင်း ယှဉ်တိုက်ကြတဲ့စစ်ပွဲလို့လည်း ပြောနိုင်တယ်။

တချိန်တည်းမှာ နောက်ခံခေတ်ကို ဆန်းစစ်ကြည့်တော့ စစ်အေးခေတ်ဆိုတာ တွေ့ရတယ်။ စစ်အေးအတွင်းမှာ အမေရိကန်နဲ့ဆိုဗီယက် ထိပ်တိုက်တွေ့တဲ့ စစ်ပွဲ(၂)ပွဲရှိတယ်။ ကိုရီးယားစစ်ပွဲနဲ့ဗီယက်နမ်စစ်ပွဲပါ။ ဗီယက်နမ်တွေက စစ်ပြီးတော့ ပေါင်းစည်းသွားနိုင်ပေမယ့် ကိုရီးယားတွေက ခုထိ တောင်မြောက်ကွဲနေဆဲဖြစ်ပြီး အိုင်ဒီယော်လော်ဂျီကိုကြားခံထားပြီး အားပြိုင်နေကြဆဲဖြစ်တယ်။ ကိုရီးယားစစ်က (၃)နှစ် စွန်းစွန်းပဲ။ ၁၉၅ဝ မှာစပြီး ၁၉၅၃ မှာပြီးတယ်။ စစ်အေး အစမှာပဲဖြစ်တဲ့စစ်ပွဲ။

ဇာတ်ကြောင်းနည်းနည်းပြန်ရရင် ဒုတိယကမ္ဘာစစ်က ၁၉၄၅ မှာပြီးတယ်။ အားလုံးသိတဲ့ ဟီရိုးရှီးမားနဲ့နဂါစကီ အနုမြူဗုံးကြဲခံရတဲ့ ၁၉၄၅ သြဂတ်စ်လမှာပဲ အမေရိကန်နဲ့ဆိုဗီယက်က ကိုရီးယားကို တောင်မြောက်ခွဲတဲ့ ၃၈ မျဉ်းပြိုင်ကို သဘောတူညီမှုရတယ်။ ၁၉၄၉ မှာ အမေရိကန်က တောင်ကိုရီးယားက ပြန်ဆုတ်တယ်။ ၁၉၅ဝ မှာ ကင်အီဆွန်း (ခုလက်ရှိကင်ဂျူံအန်ရဲ့အဖိုး)က တောင်ကိုရီးယားကို စတာလင် ထောက်ခံမှုနဲ့ဝင်တိုက်တယ်။ လုံခြုံရေးကောင်စီအစည်းအဝေးမှာ ဆီုဗီယက်မတက်ဘူး။ ကုလသမဂ္ဂနဲ့အမေရိကန်ပေါင်းပြီး ၁၉၅ဝ စက်တင်ဘာမှာ ကိုရီးယား (အင်ချွန်း)ကို ပြန်ဝင်တယ်။ အောက်တိုဘာမှာ ၃၈ မျဉ်းပြိုင်ကိုကျော်တိုက်ပြီး တရုတ်-မြောက်ကိုရီးယားနယ်စပ်က Yalu မြစ်ဘက် စစ်ဦးလှည့်တယ်။ တရုတ်ပြန်တိုက်တော့ အမေရိကန် ပြန်ဆုတ်ပေးတယ်။ တရုတ်က ၁၉၅၁ ဇန္နဝါရီမှာ ဆိုးလ်ကိုသိမ်းတယ်။ မတ်လမှာ အမေရိကန်တိုက်လို့ ပြန်ဆုတ်တယ်။ ၁၉၅၂ ဇူလိုင်မှာ ဆွေးနွေးပွဲစတယ်။ ၁၉၅၃ အေပယ်၊ မေ ဂျနီဗာဆွေးနွေးပွဲက ကိုရီးယား ပေါင်းစည်းရေးအတွက် အဖြေရှာမရခဲ့ဘူး။

ဗီယက်နမ်စစ်က ကနေဒီလက်ထက်မှာ အရှိန်ရတယ်။ ဂျွန်အက်ဖ်ကနေဒီဆိုတာ အမေရိကန်မှာ အလုပ်ကြံခံလိုက်ရတဲ့သမ္မတ။ ဗီယက်နမ်စစ်ရှိန်မြင့်လာတဲ့ ၁၉၆၃ မှာ ကနေဒီလုပ်ကြံခံလိုက်ရတော့ ဒုသမ္မတဂျွန်ဆင်တက် လာတယ်။ ဂျွန်ဆင်ကို အရင်းစနစ်နိဂုံးမှာ မိတ်ဆက်ပေးထားတာလည်း မှတ်မိကြဦးမယ်ထင်ပါတယ်။ သေနတ်နဲ့ထောပတ် (Guns and Butters) ကြွေးကြော်သံကိုထုတ်တဲ့သူ။ နိုင်ငံခြားရေးပေါ်လစီအားနည်းတယ်။ ဒုသမ္မတဘဝက တောင်ဗီယက်နမ်ကို လာခဲ့ဖူးပေမယ့် ဗီယက်နမ်စစ်ပွဲကို သိပ်သဘောမပေါက်သူလို့ နိုင်ငံတကာဆက်ဆံရေး လေ့လာသူတွေက သုံးသပ်ခဲ့ကြတယ်။ သေနတ်က ဗီယက်နမ်စစ်ကို ဆက်တိုက်မယ်။ အရှိန်မြင့်မယ်လို့ဆိုလိုပြီး ထောပတ်က ပြည်တွင်းမှာရှိတဲ့ လူမှုဖူလုံရေးကုန်ကျငွေတွေကို ဆက်ထောက်ပံ့ပေးနေတာ ဖြစ်တယ်။ ငွေအကုန်အကျ အတော်များတဲ့ပေါ်လစီပါ။ ဒါပေမယ့် ၁၉၆၄ နိုဝင်ဘာရွေးကောက်ပွဲမှာနိုင်ပြီး သမ္မတဆက်ဖြစ်တယ်။ ကနေဒီလက်ထက်က အမေရိကန်မှာ ခုလက်ရှိအထိ အရေးပါတဲ့နေရာတခုကို အရှိန်ကောင်းကောင်း မြင့်တင်ခဲ့တာရှိတယ်။ အဲဒါ အမျိုးသားလုံခြုံရေးအကြံပေး (National Security Advisor – NSA) နေရာပါ။ သမ္မတကပဲ ဒီရာထူးကု ရွေးချယ်တယ်။ ကွန်ဂယက်ရဲ့ထောက်ခံမှုကို ယူစရာမလိုတော့ဘူး။ ကနေဒီလက်ထက်ကစလို့ အမျိုးသားလုံခြုံရေးအကြံပေးရဲ့နေရာကအိမ်ဖြူတော်မှာအရေးပါခဲ့တယ်။ ဂျွန်ဆင်လက်ထက်အကြံပေးက မြောက်ဗီယက်နမ် တနိုင်ငံလုံးကို ဗုံးကြဲတဲ့စစ်ရေးပေါ်လစီကိုထောက်ခံတယ်။

ဗီယက်နမ်စစ်အစမှာ ရှိနေတဲ့ အမေရိကန်သမ္မတက အိုက်စင်ဟောင်ဝါ (Eisenhower 1953 – 1961)။ ပြီးတော့ ကနေဒီ၊ ဂျွန်ဆင်၊ နစ်ဆင်နဲ့ ဖို့ဒ် (Gerald Ford 1974 – 1977) တို့ဖြစ်တယ်။ သမ္မတငါးယောက်ကိုကြည့်ပြီး အမေရိကန်နိုင်ငံရေးကို အကြမ်းပြောလို့ရနိုင်တာရှိတယ်။ အိုက်စင်ဟောင်ဝါက သက်တမ်း(၂)ခု စလုံး ၈ နှစ်ပြည့်သမ္မတဖြစ်တယ်။ ကနေဒီက မြန်မာပြည်မှာ စစ်တပ်ကအာဏာသိမ်းတဲ့ ၁၉၆၂ မှာ တက်လာပြီး (၆၃)နိုဝင်ဘာမှာ လုပ်ကြံခံရတယ်။ ဒုသမ္မတကနေ အလိုလိုသမ္မတဖြစ်လာတဲ့ ဂျွန်ဆင်က သက်တမ်းတခုခွဲ (ကနေဒီလက်ကျန် သက်တမ်းတဝက်နဲ့ သူ့သက်တမ်း၁ခု)။ နစ်ဆင် (Richard Nixon 1968 – 1974)လည်း သက်တမ်း တခုခွဲပဲ။ ဒုတိယသက်တမ်းမှာ ဝါးတားဂိတ်ကြောင့် နှုတ်ထွက်ပေးလိုက်ရတာ။ အဲသည်မှာ ဖို့ဒ်က ဒုသမ္မတကနေ သမ္မတတက်ဖြစ်တယ်။ ကိုရီးယားစစ်က ၁၉၅၃ မှာ ပြီးတယ်ဆိုတော့ ကိုရီးယားစစ်အပြီးမှာ အိုက်စင်ဟောင်ဝါ တက်လာတယ်။

အမေရိကန်စစ်အင်အားအမြင့်ဆုံး ဗီယက်နမ်ကိုရောက်တဲ့အချိန် က ၁၉၆၈ ဂျွန်ဆင်လက်ထက်။ အမေရိကန်စစ်သား ငါးသိန်းခွဲလောက် ဗီယက်နမ်ကို ရောက်လာတယ်။ အင်အားငါးသိန်းလောက်ရှိတဲ့ မြန်မာတပ်နဲ့ယှဉ်ကြည့်ရင်ဘယ်လောက်များသလဲ ခန့်မှန်းနိုင်တယ်။ ၁၉၆၈ ဗီယက်နမ်စစ်မှာ အရေးကြီးတဲ့စစ်ဆင်ရေးတခုကို ဗီယက်နမ်တွေက လုပ်ခဲ့တယ်။ တက်စစ်ဆင်ရေး (Tet Offensive)လို့ နာမည်ရပြီး တရုတ် နှစ်ကူးကာလအတွင်းမှာ တောင်ဗီယက်နမ်မှာရှိတဲ့ အမေရိကန်စစ်သားတွေစခန်းချတဲ့မြို့ တော်တော်များများကို မြောက်ဗီယက်နမ်တွေက အပြင်းအထန်ဝင်တိုက်ခဲ့တဲ့ စစ်ဆင်ရေးဖြစ်တယ်။ တက်စစ်ဆင်ရေးရဲ့ အရေးအပါဆုံးထိုးနှက်ချက်က အမေရိကန်ပြည်သူတွေရဲ့ ဗီယက်နမ် စစ်ပေါ်အမြင်နဲ့ စစ်ဆန့်ကျင်ရေးသဘောထားကို ဖြစ်ပေါ်စေခဲ့တယ်။ ဂျွန်ဆင်ကို ဒုတိယသက်တမ်း ထပ်မပြိုင်စေဖို့ဖြစ်ခဲ့ပြီး နစ်ဆင်လက် ထက်မှာ ခြေတဘက်ကျွံနေတဲ့ ဗီယက်နမ်စစ်ကနေ ထွက်ပေါက်ရှာဖို့ ဖြစ်စေခဲ့တယ်။

စစ်အေးက ကိုရီးယားစစ်မတိုင်မီ တည်မိတာဖြစ်တယ်။ ၁၉၄၇ မှာ။ စစ်အေးအစမှာ ထင်ရှားတဲ့မဟာဗျူဟာတခု ရှိတယ်။ ကမ္ဘာမှာကြီးထွား လာနိုင်တဲ့ ဆိုဗီယက်ရဲ့သြဇာနဲ့ ကွန်မြူနစ်ဝါဒကို အမေရိကန်ကထိန်းချုပ်ထား (Containment)ဖို့ကျိုးစားတာ၊ အမေရိကန်သမ္မတ ထရူမင်း (၁၉၄၅ - ၁၉၅၃) လက်ထက်မှာမို့လို့ ထရူးမင်းဒေါ့ထရင်း (Truman Doctrine)လို့လည်း နာမည်ကြီးတယ်။ အဲသည် ထရူမင်းဒေါ့ထရင်းဟာ ဗီယက်နမ်စစ်အပြီးမှာ ပျက်သွားတယ်။ တနည်း ဗီယက်နမ်စစ်က အမေရိကန်နိုင်ငံခြားရေးပေါ်လစီကို အပြောင်းအလဲဖြစ်စေခဲ့တယ်။ နစ်ဆင် လက်ထက် ဗီယက်နမ်ကနေ အမေရိကန်တွေ ထွက်တော်မူနန်းကခွာတဲ့အချိန်ဟာ ထရူးမင်းဒေါ့ထရင်း ပြီးဆုံးချိန်လို့ပြောနိုင်မယ်ထင်တယ်။

အဲဒါနဲ့တပြိုင်နက်တည်းမှာပဲ ဗီယက်နမ်စစ်ကနေ တကမ္ဘာလုံးကို မသိမသာ အပြောင်းအလဲဖြစ်စေခဲ့တာကတော့ ငွေရဲ့အခန်းကဏ္ဍကို ပြောင်းလဲသွားစေခဲ့တာပဲဖြစ်တယ်။ ရှေ့အပတ်ကပြောခဲ့တဲ့ အမေရိကန်ဗဟိုဘဏ်ရဲ့ ငွေပင်ငွေရင်းကို ၁၉၄၅ ကနေ ၁၉၇ဝ ကာလကို ပြန်ကြည့်ဖို့လိုမယ်။ ၁၉၄၅ နဲ့ ၁၉၆ဝ မှာ တိုးလာတဲ့ငွေက ၄၅ ဘီလီယံကနေ ၅၃ ဘီလီယံ၊ ဘယ်လောက်မှမရှိဘူး။ အဲဒါ ကိုရီးယားစစ်ပွဲ ကာလ။ ဒါပေမယ့် ၁၉၆ဝ ကနေ ၁၉၇ဝ ကြားမှာတော့ ၅၃ ဘီလီယံကနေ ၈၆ ဘီလီယံဖြစ်လာတယ်။ ၃၃ ဘီလီယံတက်လာတယ်။ ရွှေပေါင် စနစ်ရှိနေသေးတဲ့အချိန် စစ်ကြောင့် အမေရိကန်သမိုင်းမှာ ငွေအများဆုံးဖန်တီးလိုက်တဲ့အချိန်ပါပဲ။ အကျိုးဆက်က နစ်ဆင်ရဲ့ ၁၉၇၁ ကြေညာချက်ဖြစ်တယ်။ အမေရိကန် ဒေါ်လာထုတ်တာရဲ့နောက်ကွယ်က ရွှေနဲ့ချိတ်ဆက်ထားမှုကို ဖျက်သိမ်းလိုက်ပြီဆိုတာပါပဲ။

(ကုန်သွယ်ရေးစစ်ရှိန်မြင့်တက်လာခြင်း)
ကုန်သွယ်ရေးစစ်ကို ထရမ့်က အရှိန်မြင့်ခဲ့တယ်။ ပြီးခဲ့တဲ့အပတ်ကပြောခဲ့တဲ့ တရုတ်ကုန်စည် ဘီလီယံ ၂ဝဝ ကို အခွန်တိုးကောက်ဖို့ ဆုံးဖြတ်ခဲ့ပြီးဖြစ်တယ်။ တချိန်တည်းမှာ မစ္စတာရှီ ကို သူပုဂ္ဂိုလ်ရေးအရ ယုံကြည်လေးစားပါတယ်၊ သူတို့နှစ်ယောက်တွေ့ရင်တော့ ဒီပြဿနာကို ပြေလည်အောင် ရှင်းနိုင်ပါလိမ့်မယ်လို့ နှပ်ကြောင်းပေးတယ်။ ဒါပေမယ့် ထရမ့်ရဲ့ မီးစတဖက်ရေမှုတ်တဖက်ဗျူဟာ ဟာ အောင်မြင်ဖို့မလွယ်ပါဘူး။ တရုတ်က အမေရိကန်သွင်းကုန် ဘီလီယံ ၆ဝ ကို လာမယ့်အပတ် စက်တင်ဘာ(၂၄) တနလာင်္နေ့မှာ အခွန် ပြန်ကောက်ပြီး တန်ပြန်ဖို့ဆုံးဖြတ်ပြီးလည်းဖြစ်တယ်။ အမေရိကန်ကမ်းလှမ်းတဲ့ ဝါရှင်တန်ဆွေးနွေးပွဲကို တရုတ်ဘက်က ငြင်းပယ်လိုက်ပြီလို့ ဝေါစထရိသတင်းစာက မနေ့က (စက်တင်ဘာ၂၂) ထုတ်သတင်းစာကနေ သတင်းရင်းမြစ်မပါတဲ့ သတင်းတပုဒ်တက်လာတယ်။ တရုတ် ဒုဝန်ကြီးချုပ်သွားမယ်ဆိုပြီးသတင်းထွက်နေတဲ့ ဝါရှင်တန်ဆွေးနွေးပွဲဟာ ဖြစ်ခဲ့တယ်ဆိုရင်တောင် တဘက်နဲ့တဘက် အကဲခတ်နေတဲ့ အလယ်အလတ်ပိုင်းခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲလောက်ပဲဖြစ်ဖို့ရှိပြီး ထူးခြားတဲ့သဘောတူညီချက်တွေရဖို့မရှိဘူးလို့ သုံးသပ်ကြတယ်။
ထရမ့်ကတော့ ရေရှည်မှာ အမေရိကန်က ကုန်သွယ်ရေးစစ်ကို အောင်မြင်မယ်လို့ ယုံကြည်ထားတယ်လို့ဆိုတယ်။ ဒါပေမယ့် ခုအချိန်ဟာ ပစ္စဖိတ်သမုဒ္ဒရာကြီးခြားနေတဲ့ နိုင်ငံ(၂)နိုင်ငံစလုံးမှာ ကုန်သွယ်ရေးစစ်ဟာ ထရမ့်သက်တမ်းကုန်သွားမှ ပြီးလိမ့်မယ်လို့သဘောထားတရပ် ထွက်ပေါ်လာနေတဲ့အချိန် ဖြစ်တယ်။ သည်အချိန်မှာပဲ အလီဘာဘာအွန်လိုင်းကုန်သွယ်ရေးနဲ့ တရုတ်အချမ်းသာဆုံးဖြစ်နေတဲ့ ဂျက်မားက တရုတ်အရှေ့ဘက်ခြမ်းက ဇီကျန်းပြည်နယ်မြို့တော် ဟန်ကျိုးက အစည်းအဝေးတခုမှာ ကုန်သွယ်ရေးစစ်နဲ့ပါတ်သက်ပြီး ထင်မြင်ချက်တခု ပေးလာတယ်။ ရေတိုမှာ ပြေလည်သွားနိုင်တဲ့အဖြေ မရှိဘူးဆိုတာပါပဲ။ တပြိုင်နက်တည်းမှာ သြစတေးလျှဝန်ကြီးချုပ်ဟောင်းနဲ့ တရုတ် ကျွမ်းကျင်သူလို့ဆိုနိုင်တဲ့ ကီဗင်ရုဒ်က ကုန်သွယ်ရေးစစ်ဟာ (၂၁)ရာစုစစ်ပွဲတခုရဲ့ အစဖြစ်တယ်။ တနည်း ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှုနဲ့ နည်းပညာပိုင်းမှာ ယှဉ်တိုက်ကြတဲ့ စစ်ပွဲသစ်တမျိုးဖြစ်ပြီး ဘယ်ကို ဦးတည်သွားနေတယ်ဆိုတာ မခန့်မှန်းနိုင်ပါဘူးလို့ဆိုတယ်။

ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အား(၂) ခုဟာ ၂ဝ၁၈ ခုနှစ်မှာ စီးပွားစစ်အေးသစ်အဖြစ် စတင်ခဲ့ပြီဖြစ်တယ်။ ကုန်သွယ်ရေးစစ် အရှိန်ရလာ ချိန်မှာပဲ နှစ်ဘက်စလုံးမှာ အကျပ်အတည်းအနည်းနဲ့အများတော့ ပေါ်လာကြတာတွေ့ရတယ်။ ထရမ့်ဘက်မှာ ကုန်သွယ်စစ်ကို အဓိက ဦးဆောင်ဆွေးနွေးသူတွေထဲမှာ အက်ကြောင်းထင်လာတယ်။ အမေရိကန်ဘက်က ကုန်သွယ်ရေးစစ်အတွက် ဦးဆောင်သူက ဘဏ္ဍာရေး ဝန်ကြီး စတီဗင်မန်ချင် (Steven Mnuchin)ဖြစ်ပြီး ထရမ့်ရဲ့ အဓိကကုန်သွယ်ရေးအကြံပေးက ပီတာနာဗာရိုး (Peter Navarro) ဖြစ်တယ်။ ဝန်ကြီးက သဘောထားပျော့ပြောင်းသူ၊ ကုန်သွယ်စစ်ကို အမြန်ညှိနှိုင်းပြေလည်လိုပြီး သမ္မတအကြံပေးက တင်းမာသူ၊ တက္ကသိုလ်မှာ စီးပွားရေးပါမောက္ခ လုပ်ခဲ့ဘူးသူဖြစ်ပြီး တရုတ်ကို ပြင်းပြင်းထန်ထန် ဖိအားပေးလိုသူ၊ ဒီလိုဖိအားပေးမှသာ တရုတ်ရဲ့ကုန်သွယ်ရေးဆိုင်ရာ သဘောထားမှားယွင်းမှုတွေကနေ ပြန်လည်ကောင်းမွန်လာဖို့ရှိတယ်လို့ ယူဆထားသူဖြစ်တယ်။ မန်ချင်နဲ့နာဗားရိုးဟာ မေလဘီဂျင်းခရီးစဉ် မှာ အတွင်းကြိတ်မပြေလည်မှုကအပြင်ကို ပွင့်ထွက်လာခဲ့ကြပြီး အစည်းအဝေးကို ဝန်ကြီးက သမ္မတအကြံပေးမပါပဲ တက်ရောက်ခဲ့တယ်လို့ သတင်းထွက်လာတယ်။ တချိန်တည်းမှာ ထရမ့်ရဲ့ ပုဂ္ဂိုလ်ရေးအမှုအခင်းတွေနဲ့အတူ ပြီးခဲ့တဲ့ရွေးကောက်ပွဲ အတွင်းမှာ ရုရှားဟက်ကာတွေ သူ့ဘက်က ဝင်ကူပေးတဲ့ပြဿနာက တစတစပုံပေါ်လာခဲ့ပြီလည်း ဖြစ်တယ်။

တဘက်မှာ ရှီကျင်းပင်အနေနဲ့လည်း အမေရိကန်ကို ညှိနှိုင်းပြီး ပြေလည်အောင်လုပ်မယ်ဆိုတာက ပျော့ညံ့မှု အသွင်မြင်ထားတဲ့ ပြည်တွင်း အင်အားစုတွေရှိနေပြီး၊ သူ့ရဲ့ပြည်တွင်းအာဏာတည်ဆောက်မှုနဲ့ စုပေါင်းဦးဆောင်မှုအပေါ် ပယ်ဖျက်ခဲ့တာတွေကို တန်ပြန်မယ့်အနေအထား တွေ၊ တနည်း သူ့ခေါင်းဆောင်မှုပိုင်းကို ခြိမ်းခြောက်မယ့် အရိပ်အရောင်တွေကို ကုန်သွယ်ရေးစစ်ပွဲအစမှာကို တွေ့လာကြရတယ်။ ဇူလိုင်လ က အာဖရိကကိုသွားပြီး နဂါးပတ်လမ်း (Belt and Road) ပရောဂျက်ကို ရှီကျင်းပင် ကြော်ညာဝင်နေချိန်မှာ တရုတ်မှာ ကလေးတွေအတွက် ထုတ်တဲ့ ကာကွယ်ဆေးနဲ့ ဖြည့်စွက်အစားအစာတွေ အဆင့်မမီလို့ ကုမဏီတချို့ကိုစစ်ဆေးပြီး အရေးပါသူတချို့ကို ဖမ်းဆီးထိမ်းသိမ်း ကြရ တယ်။ ဒါဟာ ပေါ်လစီပိုင်းဆိုင်ရာ မှားယွင်းမှုဖြစ်တယ်လို့ လူထုကထင်မြင်ချက်ပေးပြီး ရှီကျင်ပင်းအနေနဲ့ တာဝန်ယူမှုရှိရမယ်ဆိုတဲ့ သတင်းတွေ သြဂတ်လထဲမှာအသံ ထွက်လာတယ်။

တရုတ်မှာ အာဏာရအသိုင်းအဝန်းကို လာတဲ့နေရာ(၂)နေရာ ရှိတယ်။ တခုက ၁၉၄၉ ကွန်မြူနစ် ပါတီအာဏာရတဲ့ တော်လှန်ရေးအင်အားစု ထဲကဖြစ်ပြီး တပ်နီရဲ့အဆက်အနွယ်(Red Aristocrats) တွေဖြစ်တယ်။ ယဉ်ကျေးမှုတော်လှန်ရေး(Culture Revolution) ကာလအတွင်း အဖြိုခွဲ ခံခဲ့ရသူတွေပေါ့။ နောက်တဖွဲ့ကို Plebeians လို့ အနောက်ကလေ့လာသူတွေက နာမည်ပေးထားတယ်။ လက်တင်ကဆင်းသက် လာတဲ့စကား ဖြစ်ပုံရတယ်။ ရောမခေတ်ကောင်းစဉ်က သာမန်လူထုကို ခေါ်ဆိုတာ။ တနည်း ကွန်မြူနစ်တော်လှန်ရေးအခွင့်ထူးခံ လူဟောင်း ကြီးတွေဆီက ဆင်းသက်လာသူတွေမဟုတ်ပဲ သာမန်လူထုဆီက လာသူတွေလို့ ဆိုလိုချင်ပုံပါပဲ။ ဒီအင်အားစုက မော်စီတုန်းနောက်ပိုင်း တိန့်ရှောင်ဖိန် အာဏာပြန်ရလာတော့ လူဟောင်းကြီးတွေကို ပထုတ်တဲ့ဖြစ်စဉ်မှာ နေရာရလာကြသူတွေဖြစ်တယ်။ တိန့်ရှောင်ဖိန်နောက်ပိုင်း အာဏာရတဲ့ ကျန်ဇီမင်းဟာ ဒီအင်အားစုထဲကလာတဲ့ခေါင်းဆောင် ဖြစ်တယ်။

နှစ်ဘက်စလုံးကတော့ အာဏာလမ်းကြောင်းနဲ့ ငွေလမ်းကြောင်းကို လိုက်ကြသူတွေပါပဲ။ တခုကွာတာက ပေါ်လစီပိုင်းမှာ တပ်နီအင်အားစုက ကွန်မြူနစ်ပါတီကနေ ဈေးကွက်နဲ့ ကော်ပိုရေးရှင်းတွေကိုချုပ်ကိုင်ထားလိုသူတွေဖြစ်ပြီး နောက်ပိုင်းမျိုးဆက်က ဈေးကွက်လွတ်လပ်မှုကို အားပြုထားလိုသူတွေဖြစ်တယ်။ မော်လက်ထက်က ရှင်းထုတ်ခံထားရတဲ့ တော်လှန်ရေးမျိုးဆက်ဟာ တိန့်လက်ထက်မှာ တိန့်ရင်မင်အရေး အခင်းနဲ့ပတ်သက်ပြီး ဆက်လက် ပထုတ်ခံခဲ့ရတယ်။ နောင်တက်လာတဲ့မျိုးဆက်ဟာ ဟူဂျင်တောင်လက်ထက် ၂၁ ရာစုအစောပိုင်း ဆယ်စုနှစ်မှာပဲ ကွန်မြူနစ်ပါတီအတွင်း လူငယ်အင်အားစုကို အခြေချလာနိုင်ခဲ့ကြတယ်။ ဟူဝမ် (ဟူဂျင်တောင်-ဝမ်ကြားပေါင်) မျိုးဆက် နောက်က ခပ်သွက်သွက် နောက်ယောက်ခံလိုက်လာခဲ့တဲ့ ရှီကျင်ပင်းဟာ တပ်နီအဆင့်မြင့်ခေါင်းဆောင်ပိုင်းဖခင်က မွေးဖွားလာခဲ့သူဖြစ်လို့ အာဏာစရလာခါစမှာ ခြစားမှုတွေနဲ့ နောက်ပိုင်းမျိုးဆက်ကို အဓိက ကိုင်တွယ်အရေးယူလာခဲ့သူဖြစ်တယ်။ ၂ဝ၁၆ မှာ ပါတီလူငယ်အဖွဲ့ချုပ် ကို ရံပုံငွေဖြတ်တောက်ပြီး ပါတီဖွဲ့စည်းပုံထဲမှာပဲ ပြန်သွတ်သွင်းခဲ့တယ်။ သူ့ထိမ်းချုပ်မှုအောက်ကို ထဲ့လိုက်တဲ့သဘောပါပဲ။ ရှီကျင်းပင်ရဲ့ ပါဝါ ဆုပ်ကိုင်မှုဟာ ခုချိန်မှာတင်းကျပ်နေဆဲပါပဲ။

ဒါပေမယ့် တရုတ်တပ်နီမျိုးဆက်ဟာ အင်အား သိပ်ကြီးမားမှုမရှိဘူး။ ခန့်မှန်းချက်တွေအရ အင်အားလေးသောင်းလောက်ပဲ ကျန်တော့တယ် ဆိုတယ်။ သူ့လို အနီမျိုးဆက်ဖြစ်တဲ့ လူကြိုက်များတဲ့ပါတီခေါင်းဆောင်ပိုင်းရဖို့ နာမည်ကြီးနေတဲ့ ဘိုလျောက်လိုင် (Bo Xilai)ကို အရာချပြီး တက်လာခဲ့တဲ့ရှီဟာ အာဏာကို ဘယ်လို ဆက်လက်ထိမ်းချုပ်သွားရမယ်ဆိုတဲ့နေရာမှာ သတိကြီးစွာထားမယ်ဆိုတာတော့ ပြောစရာ မလို ပါဘူး။ ဆိုတော့ ရှီကျင်းပင်ဦးဆောင်မှုနဲ့ တရုတ်ပြည်ဆိုတာ မော်ဝါဒကိုပြန်သွားနေတဲ့သဘောပဲလို့ အနည်းနဲ့အများ ပြောနိုင်တယ်။ သူ့ရဲ့ သစ္စာရှိလူယုံ ဒုသမ္မတရာထူးနဲ့ ခြစားမှုတိုက်ဖျက်ရေးခေါင်းဆောင် ဝမ်ကီရှန်း (Wang Qishan)က ၂ဝ၁၂ ကတည်းက ပါတီခေါင်းဆောင်ပိုင်း ကို ၁၇၈၉ ပြင်သစ်ဘုရင်စံနစ်ကိုဖြုတ်ချခဲ့တဲ့ တော်လှန်ရေးအကြောင်းရေးထားတဲ့ အဲလစ်ဒါတော့က်ဗီး(Alexis de Tocqueville)ရဲ့ အစိုရစနစ် ဟောင်းနဲ့တော်လှန်ရေး(The old regime and the revolution) စာအုပ်ကိုလေ့လာဖို့ တိုက်တွန်းထားတယ်ဆိုတယ်။ ဒီတော့ တရုတ် ဦးဆောင်မှုပိုင်း ငြိမ်လှပြီလို့ မဆိုနိုင်သေးဘူး။ နိုဝင်ဘာရွေးကောက်ပွဲမှာ ဒီမိုကရက်တွေနိုင်လို့ လွှတ်တော်ကိုစီးမိသွားရင် အယုံအကြည်မရှိ အဆိုတင်သွင်းခံရနိုင်တဲ့ ထရမ့်အတွက် လာမယ့်အောက်တိုဘာလမှာ ကစားကွက်အသစ်တွေ ထွက်လာနိုင်စရာရှိသလို ရှီကျင်းပင်တို့ရဲ့ တရုတ် သူ့မနကျောမှာလည်း ဒါဏ်ရာတွေနဲ့ပါပဲ။
Kyaw Zaaw Khine https://www.facebook.com/2011-publishing-514608691929218/

0 comments:

Post a Comment